Breaking News

မောင်စွမ်းရည် - မောင်သစ်လွင်(လူထု)



မောင်စွမ်းရည် - မောင်သစ်လွင်(လူထု)

(မိုးမခ) ဇွန် ၁၁၊ ၂၀၁၉


ကျွန်တော်က သူ့ကို ကိုသစ်လွင်လို့ပဲ ခေါ်တယ်။ သူ့နာမည်ကို ခေါ်လိုက်တိုင်း သတိရလိုက်မိတာက တင်မိုး ခေါ် ဘဂျမ်း. ကိုဘဂျမ်းကလည်း သူ့ကို ကိုသစ်လွင်ပဲ ခေါ်တယ်။ ဒါပေမဲ့ သိတယ်မဟုတ်လား၊ သူက မြင်းခြံသား။ ကိုသစ်လွင်ကို ခေါ်တော့ မြင်းခြံ၊ ပခုက္ကူ အသံထွက်နဲ့ ‘ကိုသစ်လွန်’တဲ့။ ပြည်ပကို ရောက်ကြတော့ ဂျပန် သွားလိုက်၊ ထိုင်းကို သွားလိုက်။ နေတာကတော့ အမေရိကန်ပြည်ထောင်စုမှာပဲပေါ့။ ဘယ်မှာနေနေ အခွင့်သာတိုင်း ဗမာပြည်က လူထုဒေါ်ဒေါ်(အမေမာ)ကို ကျွန်တော်တို့ ဖုန်းဆက် စကားပြောဖြစ်ကြတယ်။ ရဲဘော်လေးတွေက အလိုက်တသိ ဆက်သွယ်လာပေးကြတာ။ ဒါကြောင့် လူထုနဲ့ ကျွန်တော်တို့ အဆက်မပြတ်ကြ။

ဖုန်းဆက်ပြီးရင်တော့ လွမ်းခန်းပေါ့။ စားမြုံ့ပြန်ကြတာပေါ့။ ဘယ်သူက၊ ဘယ်တုန်းက၊ ဘယ်လို စသဖြင့်ပေါ့။ တနေ့တော့ အမေရိကန်ပြည်ထောင်စုရဲ့ အနောက်ဘက် ပင်လယ်လမ်း လော့စ်အိန်ဂျလိစ်မြို့၊ တင်မိုး ရှိရာကို သွားလည်တယ်။ ကျွန်တော်က အရှေ့ဘက်ပင်လယ်လမ်း နယူးယောက်မှာ နေတာကိုး။ လော့စ်အိန်ဂျလိစ်မြို့မှာ သူငယ်ချင်းနှစ်ယောက် နေ့စဉ် လမ်းလျှောက်ရင်း ပန်းခြံကြီးတခုမှာ ဝင်နားလေ့ရှိတယ်။ တခါတရံတော့ သူ နောက်ဆုံး လဲကျ ကွယ်လွန်သွားခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးမှာ ဝင်နားကြတယ်။ 

အဲသလို နားနေရင်းက ဒေါ်ဒေါ်နဲ့ ဖုန်းဆက်ကြတဲ့ အကြောင်းတွေကိုပဲ စကားစပ်မိကြပါတယ်။ ဦးလေးတို့၊ ဒေါ်ဒေါ်တို့အကြောင်း၊ ဦးလေးတို့နဲ့ ဆရာကြီးရွှေဥဒေါင်း၊ ဦးလေးတို့နဲ့ ဆရာကြီးဦးဆန်းထွန်းအကြောင်း၊ ဦးလေးတို့နဲ့ ရွှေကိုင်းသားဆရာတော် ဦးသောဘိတအကြောင်း စကားတွေ ပြောဖြစ်ကြပါတယ်။ တခါတော့ ကိုသစ်လွင်အကြောင်းကို စကားစပ်မိကြပါတယ်။ ကိုသစ်လွင်ရဲ့ ပြောဟန် ဆိုဟန်၊ ရေးဟန် သားဟန်တွေက အစ ‘လူထုသံ’ပေါက်နေတဲ့ အကြောင်းကို ပြောကြတာပါ။ အထူးသဖြင့် သူ့ရဲ့ လက်ရင်းဆရာ ဦးလေးလှနဲ့ အမေမာရဲ့ သွားဟန် လာဟန်၊ ပြောဟန် ဆိုဟန်တွေ လွှမ်းမိုးနေတယ် ထင်ပါတယ်။ ကိုသစ်လွင်က လူထုမှာပဲ တသက်လုံး နေထိုင် လုပ်ကိုင်ခဲ့တာလေ။ ဒီတော့လည်း လူထုဟန် ပါနေတာ မဆန်းဘူးပေါ့။ ဒါပေမဲ့ ခု ကျွန်တော် ‌ပြောမှာက သူ့နာမည်အကြောင်းပါ။ သူ့နာမည်က မောင်သစ်လွင်(လူထု)တဲ့။ မောင်သစ်လွင် ဆိုတဲ့ ကလောင်နာမည်လေးက ကလောင်နာမည် ဆန်ပေမယ့် ဒီအမည်က နာမည်ရင်းတဲ့။

“ကိုဘဂျမ်းရယ်၊ ကိုသစ်လွင် နာမည်ကို မြင်တိုင်း လူထုကို လွမ်းတယ်၊ ကျွန်တော်တို့လည်း လူထုမှာ တလျှောက်လုံး စာရေးလာခဲ့ကြတာပဲ။ ခင်ဗျားဆိုရင် ကန်မြဲနန်းမြင့်နယ်၊ ကိုရင်ဂျမ်း စတဲ့ အမည်တွေနဲ့ ၁၉၅၀ လောက်ကတည်းက ရေးခဲ့တာ မဟုတ်လား။ ကျွန်တော်ကလည်း လူမှန်း သိစကတည်းက လူထု သတင်းစာနဲ့ လူထုတိုက်ထုတ် စာအုပ်တွေကို ဖတ်ခဲ့ရတဲ့အပြင် စာရေးဆရာ ဖြစ်လာတော့လည်း လူထုမှာပဲ အဓိကစင်မြင့်ထားပြီး ရေးသားလာခဲ့တာ။ ဒါကြောင့် ကျွန်တော့်နာမည်ရဲ့နောက်မှာ ကိုသစ်လွင်လိုပဲ (လူထု)ကို ထည့်ချင့်တယ်။ ဒါပေမဲ့ အဲဒါ သိပ်ခေါ်လို့ အဆင်ပြေတယ် မထင်လို့ လူထုကို ရှေ့ကထားပြီး လူထုမောင်စွမ်းရည်လို့ နာမည်ပြောင်းဖို့ စိတ်ကူးတယ်လို့ ပြောလိုက်မိပါတယ်။ တကယ်တော့ လူထုမောင်စွမ်းရည်လို့တောင် တပုဒ်၊ နှစ်ပုဒ် ရေးလိုက်မိခဲ့ပါပြီ။ ဒီးဒုတ်ဦးဘချို၊ ဒဂုန်ရွှေမျှား၊ ဒဂုန်တာရာ၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ကြီးပွားရေးမောင်လှ၊ ရှုမဝဦးကျော်… လူထုမောင်စွမ်းရည်… ပေါ့ဗျာ။ အစဉ်အလာလည်း ရှိတာပဲဆိုတော့ သူ့ပါးစပ်က ဆေးလိပ်ကို ဖြုတ်ပြီး ‘ဖွတ်’လို့ ရွတ်လိုက်ပါတယ်။ ‘ကြီးမှ ဝက်သက်ပေါက်’တဲ့။ ဒါနဲ့ ကျွန်တော်က ခင်ဗျားလည်း ‘လူထုတင်မိုး’ လို့ ပြောင်းပေါ့လို့တောင် ဆက်ပြေလိုက်မိပါသေးတယ်။ သူက ခေါင်းယမ်းတယ်။ ဒီလိုနဲ့ မောင်စွမ်းရည်ရှေ့မှာ မောင်သစ်လွင်လို ‘လူထု’ မပါခဲ့တော့ပါ။

ကိုသစ်လွင်နဲ့ လူထုမှာပဲ အတွေ့များလို့ ခင်မင်နေကြပေမယ့် သတင်းစာဆရာ ဆိုတာ အရပ်အနား မရှိဘဲကိုး။ လူတွေကလည်း အနားမနေဘဲ လှုပ်ရှားနေကြတော့ သတင်းတွေကလည်း မနေမနား ဖြစ်ပေါ်နေတာကိုး။ ဒါကြောင့် သူ့ကို အပြင်ခေါ်ထုတ်ပြီး လက်ဖက်ရည်ဆိုင် ထိုင်ကြတာမျိုး မလုပ်ဖြစ်ခဲ့ပါ။ အားလပ်ရပ်တွေမှာ ဈေးချိုတော် မွေ့ရာတန်းထဲက ကျော်လှိုင်ကဖေး ဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာ စာပေသမားတွေ၊ ဂီတသမားတွေ၊ ပန်းချီသမားတွေ ဆုံလေ့ရှိပါတယ်။ သတင်းစာဆရာမို့ အားလပ်ရပ် မရှိလို့ စနေ၊ တနင်္ဂနွေတောင် အပြင်ထွက်လေ့မရှိတာနဲ့ တူပါရဲ့။ ဒါကြောင့် သူ့အကြောင်း ရေးဖို့ မေ့တောင်နေပါတယ်။

ကိုသစ်လွင်က ဂီတဝါသနာပါသတဲ့။ သီချင်းရေးတာ၊ ပတ္တလားတီးတာ၊ ဂီတာခေါက်တာတွေလည်း လုပ်တတ်သတဲ့။ သတင်းစာ ပိတ်တော့ ရန်ကုန်ဆင်းလာပြီး တင်မိုးရဲ့ အင်းစိန်အုပ်စုနဲ့တောင် တရင်းတနှီး ဖြစ်သွားကြပြီး လက်ဖက်ရည်ဆိုင် ထိုင်ကြ၊ ဆိုကြ၊ တီးကြ၊ ဝိုင်းဖွဲ့ဖြစ်ကြသေးသတဲ့။ အဲဒါတွေ ကျွန်တော် မသိလိုက်။ အဲဒီကာလလောက်မှာ ကျွန်တော်က ဆီးကျောက်တည်လို့ ဆေးရုံ ခဏတက်နေရပါတယ်။ ကိုသစ်လွင်ကတော့ သူကိုယ်တိုင် ရေးတဲ့ သီချင်းကို သူကိုယ်တိုင် ဆိုသွားသေးသတဲ့။ တကယ့်လူပါလား။ တင်မိုးတို့၊ နေဝင်းမြင့်၊ မောင်ခိုင်မာတို့နဲ့ပေါ့။

တင်မိုးက ငယ်စဉ်ကတည်းက အတီးအမှုတ်နဲ့ နေလာတာ။ သူ့အဖေက သူတို့ရွာက ဂီတအဖွဲ့ ခေါင်းဆောင်လေ။ သူကိုယ်တိုင် ဆိုချင်၊ တီးချင်တော့ မကြခဏ ဂီတဝိုင်းတွေ ဖွဲ့ဖြစ်တာကိုး။ အနုပညာတွေက တခုနဲ့တခု ဆက်စပ်နေတာဆိုတော့ ကိုသစ်လွင်ကြီး ပန်းချီများ ဆွဲသေးသလား မသိ။ လူထုက ပန်းချီဆရာ၊ ကာတွန်းဆရာတွေ ဝင်ထွက်နေကြတာ မဟုတ်လား။ ဝင်းဖေတို့၊ ပေါ်ဦးသက်တို့ ဆိုတာ လူထုသားသမီးတွေ မဟုတ်လား။ ကာတွန်းမြေဇာ ဆိုတာများ အမေ လူထုဒေါ်အမာက လက်ကိုင်ပြီး သင်မပေးရုံတမည်ပါပဲ။ အဲ… တခါတရံ တင်မိုးနဲ့ ကိုသစ်လွင် အငြိမ့်အဖွဲ့ ကြည့်ဖူးတယ် ဆိုလား ကြားဖူးရဲ့။ ကိုသစ်လွင်ကလည်း အငြိမ့်ကြည့်ဖို့ ဝါသနာပါသတဲ့။

လူထုတိုက်မှာက တခြား သတင်းစာတိုက်တွေထက်တောင် စာအုပ်တွေက ပေါများပါတယ်။ အခုအခါ လူထု စာကြည့်တိုက် ဆိုပြီး စနစ်တကျ ထူထောင်ထားပြီ ဆိုတော့ ကိုသစ်လွင်တို့ သုံးပါလေ့။ လူထုတိုက်မှာ လုပ်ရင်း ကိုင်ရင်း စာအုပ်တွေနဲ့ နပန်းလုံးနေရတော့ ကဗျာတွေ၊ ဝတ္ထုတွေကလည်း မလွဲမသွေ ဖတ်ရမှာမို့ ဝတ္ထုတွေ၊ ကဗျာတွေ ရေးချင်လည်း ရေးဖြစ်မှာပေါ့။ သေချာတာက သတင်းစာတွေ မျိုးစုံ မဖတ်မနေ ဖတ်ရတာပါပဲ။ နေ့စဉ် သတင်းစာတွေအပြင် လူထုတိုက်မှာက ဦးလေးလှ ငယ်စဉ်ကတည်းက စုဆောင်းခဲ့တဲ့ ရှေးဟောင်းစာနယ်ဇင်းတွေကလည်း အမျိုးသားစာကြည့်တိုက်နဲ့ တက္ကသိုလ်စာကြည့်တိုက်တို့လို နာမည်ကြီး စာကြည့်တိုက်တွေမှာ မရှိတာတွေ လူထု ကြီးပွားရေးတိုက်မှာ ရှိတတ်ပါတယ်။ ဒါကြောင့် ကိုသစ်လွင်အဖို့ သတင်းစာသမိုင်းတွေ ရေးမကုန်၊ ဖတ်မနိုင် ရှိခဲ့ပါတယ်။

ကိုသစ်လွင် ပထမဆုံး ရေးဖြစ်တာက ‘ရှေးဦးမြန်မာသတင်းစာများ’ စာအုပ်ပါ။ နဂါးနီနိဒါန်းတို့၊ တိုက်ပွဲဝင် သတင်းစာများတို့ စတဲ့ စာနယ်ဇင်းသမိုင်းဆိုင်ရာ စာအုပ်တွေ တော်တော်များများ ပြုစုထုတ်ဝေနိုင်ခဲ့ပါတယ်။ ခုခေတ်မှာ သတင်းစာပညာရှင်၊ သတင်းစာဆရာကြီးများ ဖြစ်ကြတဲ့ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ကြေးမုံဦးသောင်း၊ ဟံသာဝတီဦးဝင်းတင် စတဲ့ ပုဂ္ဂိုလ်ကြီးများ မရှိတော့တဲ့ နောက်ပိုင်းမှာ စာနယ်ဇင်း အတွေ့အကြုံ ရင့်ကျက်ပြီး ဆရာတဆူ ဆန်ခါတင် သတင်းစာပညာရှင်များအဖြစ် မောင်သစ်လွင်(လူထု)တို့၊ နတ်မောက်ထွန်းရှိန်တို့လောက်ပဲ ရှိတော့တာ ထင်ပါတယ်။ လူထုသတင်းစာ သမိုင်းကို ပါရဂူဘွဲ့ယူ ကျမ်းပြုသူ မန်းတက္ကသိုလ်ကျောင်း တဦးကို ပါရဂူကျမ်း ကြီးကြပ် အကဲဖြတ်သူ စာစစ်မှူးများအဖွဲ့မှာ တဦးအဖြစ် တက္ကသိုလ်က တာဝန်ပေးခံရတယ်လို့ သိရပါတယ်။

ကျွန်တော် သိရသလောက် ကိုသစ်လွင်ဟာ တက္ကသိုလ်ဘွဲ့ရတဦး မဟုတ်တဲ့အပြင် တက္ကသိုလ်တောင် ရောက်ဖူးခဲ့သူ မဟုတ်ဘဲ တက္ကသိုလ်က အမြင့်ဆုံး ပါရဂူဘွဲ့ကျမ်း အကဲဖြတ်သူအဖြစ် တာဝန်ပေးခြင်း ခံရတာ ဖြစ်ပါတယ်။ မောင်စွမ်းရည်က ရိုးရိုးဘွဲ့အပြင် ဒီပလိုမာဘွဲ့နှစ်ခု အပိုပိုင်ဆိုင်သူ ဖြစ်ပေမယ့် တက္ကသိုလ်ဝင် စာမေးပွဲလောက်ပဲ စစ်ဆေး အကဲဖြတ်ရဖူးပါတယ်။ တကယ်တော့ ဆရာကြီး ရွှေဥဒေါင်း၊ လူထုဦးလှ၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဗမာ့ခေတ်အုန်းခင်၊ ကြေးမုံဦးသောင်း၊ သခင်အုန်းမြင့် စတဲ့ ဆရာကြီးများမှာ တက္ကသိုလ် တက်ခဲ့သူများ မဟုတ်ကြပါ။ ဦးလှ၊ ဦးသောင်း၊ ဦးအုန်းမြင့်တို့မှာ မိဘက တက္ကသိုလ်ပို့တာတောင် မတက်ကြဘဲ သူတို့ ဝါသနာ သတင်းစာအလုပ်ကို ဝင်လုပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့လည်း ဘွဲ့မရပေမယ့် သူတို့အကြောင်း၊ သူတို့ စာနယ်ဇင်းတွေက တက္ကသိုလ်မှာ လေ့လာဆည်းပူးစရာ ပညာရပ်တွေ ဖြစ်လာခဲ့ပါတယ်။ ကိုသစ်လွင်ရဲ့ စာအုပ်တွေလည်း ဒီလိုပဲ တက္ကသိုလ်လက်စွဲတွေ ဖြစ်လာရမှာပါပဲ။ ခုတော့ သူက တက္ကသိုလ်က ပါရဂူဘွဲ့တွေကိုတောင် ကြီးကြပ်စစ်ဆေးသူ လုပ်နေရပြီ မဟုတ်လား။

ခုခေတ် နိုင်ငံရေး အမြင်နဲ့ ပြောရရင် သူက ‘လူတန်းစားမှန်’သူလို့တောင် ပြောရမှာပါ။ သူက ဦးလှတို့၊ ကြေးမုံဦးသောင်း(အောင်ဗလ)တို့၊ သခင်အုန်းမြင့်တို့လို မိဘက တတ်နိုင်လို့ တက္ကသိုလ်တက်ဖို့ လွှတ်လိုက်သူ မဟုတ်ခဲ့ပါ။ ချောက်ရေနံမြေ အလုပ်သမားကြီးတဦးရဲ့သားပါ။ ချောက်ရေနံမြေ ဆိုတာ အများ သိကြတဲ့အတိုင်း အလုပ်သမားတို့ရဲ့ သဘာဝနဲ့အညီ နိုင်ငံရေး နိုးကြားမှုရေချိန် အလွန်မြင့်တဲ့ဒေသ မဟုတ်လား။ ကိုသစ်လွင်တို့နဲ့ ကွယ်လွန်သူ နာမည်ကျော် စာရေးဆရာ မင်းကျော်တို့ဟာ ကျောင်းနေဖက်တွေပေါ့။ သူတို့ဟာ ငယ်စဉ်ကတည်းက နံရံကပ်စာစောင်တွေ၊ လက်ရေးစာစောင်တွေ ထုတ်ခဲ့ကြတဲ့ ကျောင်းသားစာပေသမားတွေ ဖြစ်ခဲ့ကြပါတယ်။ တင်မိုးက သူ့ကို အားကျပါတယ်။ (ကျွန်တော်က သတင်းစာဆရာဘဝကို အားကျခဲ့ဖူးပါတယ်။)

ဦးဝင်းတင်ကတော့ မွေးကတည်းက သတင်းစာဆရာ ဖြစ်ဖို့ မွေးခဲ့သူမျိုးပါ။ ဦးဝင်းတင်က ဂျာနယ်ကျော်ဦးချစ်မောင်ကိုလည်း အားကျသတဲ့။ (ကျွန်တော်ကတော့ အားမကျပါ။ ပေပေတေတေနဲ့ အစားမေ့ အသောက်မေ့ နေတတ်သူမျိုးကို မကြိုက်ပါ။)

ဦးဝင်းတင်က သူနဲ့ ဘဝတူ သတင်းစာဆရာ မောင်သစ်လွင်ကို အထူးခင်မင်လေးစားပုံရပါတယ်။ သူ့ကို မန္တလေး လွှတ်တော့ လူထုတိုက်က လူတွေနဲ့ မပတ်သက်နဲ့ ဆိုတာကို အာဏာဖီဆန်ပြီး ကိုသစ်လွင်နဲ့ ပေါင်းခဲ့ပါတယ်။ ကိုသစ်လွင်ကို ‘အကြမ်းပညာရေးသမား’တဲ့။ သူ့ကိုယ်သူလည်း ‘အကြမ်းပညာရေးသမား’တဲ့။ ကဗျာတို့၊ ဝတ္ထုတို့ ရေးသူတွေ မဟုတ်လို့ပါ။ ဒါပေမဲ့ အလုပ်ကသာ သတင်းစာသမား(အကြမ်းပညာရှင်) ဆိုပေမယ့် သူတို့နှစ်ဦးလုံးဟာ ပန်းချီ၊ ဂီတတို့ကို မြတ်နိုးခုံမင်ကြသူတွေပါ။ ကိုသစ်လွင်က သီချင်းတွေတောင် ရေးလေ့ရှိသူ မဟုတ်လား။

ကိုသစ်လွင်ဟာ မန္တလေးမှာပဲ နေရင်းထိုင်ရင်း မန္တလေးမှာပဲ အိမ်ထောင်ကျခဲ့တာဆိုတော့ သူ့ဆရာ လူထုဦးလှလိုပဲ ‘မယားပါ မန္တလေးသား’ ဖြစ်နေပါပြီ။ ခုဆိုရင် မန္တလေးမှာ ကိုသစ်လွင်နဲ့ ကိုလေး(အင်းဝဂုဏ်ရည်)တို့ပဲ မြို့မျက်နှာဖုံး စာရေးဆရာကြီးများအဖြစ် စာပေကိစ္စတွေကို ဦးဆောင်နေကြပါတယ်။ သူတို့လို မသောက်မစား၊ မကြွားမဝါ တသက်တာ စာပေပညာရှင်တွေ ရှိနေတာဟာ မန်းရွှေမြို့တော်ကြီးအတွက် ဂုဏ်ယူစရာပါ။ ကိုယ့်ဆရာကြီးတို့ စာပေတွေ ဆက်လက်ရေးသားပြီး အသက် ရာကျော် ရှည်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မောင်စွမ်းရည်
ဖေဖော်ဝါရီ၊ ၂၀၁၉