Breaking News

မောင်ရစ် - ကျောင်းတွေပိတ်ရင် ဝေး ...

San Francisco State University - Library Lobby - Coffee Shop (Closed)



မောင်ရစ် - ကျောင်းတွေပိတ်ရင် ဝေး ...

(မိုးမခ) ဇူလိုင် ၉၊ ၂၀၂၀

ကိုဗစ်ဖြစ်တော့ မတ်လကတည်းကစပြီး ၁၂တန်းကျောင်း ကောလိပ်တက္ကသိုလ်တွေ အမေရိကားမှာ ပိတ်တော့တာပဲ။ အစိုးရအမိန့်နဲ့ ပိတ်တယ်ဆိုကြပါစို့။ ဇွန် ဇူလိုင် ဩဂုတ်လတွေက အမေရိကန်နွေရာသီ ကျောင်းချိန်။ ဒါတွေလည်း ပိတ်တာပဲ။ အွန်လိုင်းပဲ တက်လို့ရတယ်။ သည်လိုနဲ့ စက်တင်ဘာမှာ စမယ့် fall smemster ဆောင်းဦးကျောင်းချိန်တွေလည်း ပိတ်ဖို့များတယ်။ အွန်လိုင်းကပဲ တက်ကြဖို့များပါတယ်။ ၉၈% အတန်းချိန် အွန်လိုင်းလို့ ပြောတယ်။

ကျောင်းတွေပိတ်ရင် ဝေး ဆိုတာက ဟိုးအနှစ် ၃၀လောက်က တူးတူးဆိုတဲ့ သီချင်းဟောင်းတပုဒ်ပါ။ မြန်မာပြည်မှာ ဆိုတာပါ။ မြန်မာပြည်မှာကတော့ စစ်တပ်က သေနတ်နဲ့ ကျောင်းသားတွေ ခနခန ထွက်ပစ်တော့ ကျောင်းတွေလည်း ခနခန ပိတ်ရတာပေါ့။ ကိုဗစ်ဖြစ်လို့ မဟုတ်ပါ။

အမေရိကားလည်း ကျောင်းတွေပိတ်ရင် ဝေးကုန်ကြပါပြီ။ ကိုဗစ်ကြောင့်။ အမေရိကန်ပညာရေးကို အနာဂတ်တွက်ကြည့်ကြတော့ - အွန်လိုင်းချည်း သတ်သတ်က တနည်း။ အွန်လိုင်းနဲ့ အတန်းချိန်နဲ့ တွဲလျက် (hybrid) ကပြားနည်းက တနည်း။ အွန်လိုင်းတလှည့် အတန်းချိန် တလှည့် (toggle) ဖွင့်လိုက်ပိတ်လိုက်နည်းက တနည်း။ သည်လို ဟောကိန်းထုတ်ကြတယ်။ ဘယ်နည်းနဲ့ ဖွင့်ဖွင့် အရင်အတိုင်း မဟုတ်တော့ဘူး။ ပြင်ရ ဆင်ရမယ့် ပုံမှန်အသစ် new normal တွေ စဉ်းစားရမှာတွေ အများကြီးပါ။

ခုချိန်မှာ ကျောင်းတွေ မဖွင့်ချင်ကြသေးဘူး။ ကျောင်းသားတွေကနေ ကူးစက်မှု မထိန်းနိုင်မှာ စိုးတာက တခု။ ပြီးတော့ အကာအကွယ်တွေကို မလိုက်နာတာတွေ ပဋိပက္ခတွေ ဖြစ်လာမှာ စိုးရိမ်တာ။ ဝန်ထမ်းတွေ ဆရာတွေအတွက်လည်း အာမခံနိုင်မှုကိုလည်း စဉ်းစားရသေးတယ်လေ။ အရေးကြီးတာကတော့ ပြည်နယ်တွေက စီးပွားကျမှာကို စိုးရိမ်တော့ ဘတ်ဂျက်တွေ ဖြတ်တာ လျော့တာ လုပ်နေချိန် ပညာရေးဘတ်ဂျက်ကလည်း တင်းကြပ်ခံထားချိန် ကျောင်းပြန်ဖွင့်ရမယ်ဆို ဘယ်က ပိုက်ဆံအပိုကုန်ခံပြီး ဖွင့်လို့ရမလဲ။ ကိုဗစ်ရယ် စီးပွားကျတာရယ် ဘတ်ဂျက်ဖြတ်တာရယ် အိတ်စိုက်ကျောင်းဖွင့်ရတာရယ်က ကိုယ့်ဖာသာကိုယ် ဂျောင်ပိတ်မိတဲ့ အခင်းအကျင်းပေါ့။

နောက်တခုကတော့ အမေရိကန်လူဝင်မှုကြည့်ကြပ်ရေး ICE ထုတ်ပြန်ချက်။ တနင်္လာနေ့သတင်းအရ။ အွန်လိုင်းကျောင်းစာသင်မယ်ဆိုရင် နိုင်ငံတကာကကျောင်းသားတွေ အိမ်ပြန်ကြ ... တဲ့။ အမေရိကန်မှာ ဆက်နေပြီး စာသင်စရာ မလိုဘူးတဲ့။ ဆက်နေရင် ဖမ်းမယ် ပြန်ပို့မယ် ဆိုလားပဲ။ သမတကြီးက ကျောင်းတွေ ဖွင့်စေချင်တယ်။ ပြည်နယ်တွေက မဖွင့်ချင်သေးဘူး။ သည်တော့ အွန်လိုင်းကျောင်းတွေဆိုရင် ပြည်ပကျောင်းသားတွေ အိမ်ပြန်ကြဆိုပြီး တပူပေါ်နှစ်ပူ ဆင့် ဖိအားပေးတာလားလို့ တွေးကြပြတယ်။

ဒီနေ့မှာတော့ဖြင့် ထရန့်အစိုးရက အစိုးရကူးစက်ကာကွယ်ရေးဌာနCDC က ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေကို ဖြေလျော့ပေးပြီး ကျောင်းတွေ ဖွင့်နိုင်ဖို့ လုပ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ CDC က တင်းကြပ်လွန်းလို့ ကျောင်းမဖွင့်နိုင်ဘူး။ ဒါတွေ လျော့ပေါ့လိုက်ရင် ကျောင်းဖွင့်လို့ရမယ်။ ကျောင်းမဖွင့်ရင် အစိုးရကူငွေ ဖြတ်မယ်လို့ ဆိုပါတယ်။ နိုင်ငံရေးတွေ ပါလာပြန်ပြီ ပေါ့လေ။ ICE က ပြည်ပကျောင်းသားတွေ ပြန်ပို့မယ် ဆိုတာကိုလည်း ဟားဗတ်နဲ့ အမ်အိုင်တီတက္ကသိုလ်တွေက တရားရုံးမှာ ပြန်ပြီး တရားစွဲလိုက်ပါတယ်။ ကျောင်းကိစ္စကို အစိုးရက အလွန်စွက်ဖက်လို့ ဆိုလားပဲ။ ရှုပ်ကုန်ပါပြီ။ 

ကျောင်းတွေ ပိတ်ရင် ဝေးဆိုတာ ပြည်တွင်းကော ပြည်ပကောက လာကြတဲ့ ကျောင်းသားတွေ အားလုံးနဲ့ ဆိုင်သွားပြီပေါ့။ အိမ်ပြန်တာ အမိတိုင်းပြည်အထိ အိမ်ပြန်ကြရမယ်။ ဟိုကနေ ဘယ်လို အင်တာနက်တွေ အင်တာဖြူတွေနဲ့ အွန်လိုင်းစာသင်ကြရမလဲ။ ပဟေဠိ။ ဘယ်လိုမျိုး အွန်လိုင်းကနေ ကျောင်းစာတွေ အချက်အလက်တွေ ရှာမလဲ။ ဖတ်မလဲ။ စုဆောင်းမှာလဲ။ အမေရိကားဆိုတာ အွန်လိုင်းဖြစ်နေဦးတော့ အကုန်လုံး ရှိတယ်။ အခြားတိုင်းပြည်ကနေ အမေရိကန်ပညာရေးကို ရှာမှီးမယ်ဆိုရင် အင်တာနက်ကိုယ်တိုင် အကန့်အသတ်ရှိပါတယ်။ အို ... ပြသနာတွေက အများကြီး။ ဥပမာ ရိုးရိုးလေးဆိုရရင် အွန်လိုင်းကနေ ကိုယ့်ကျောင်းစာကြည့်တိုက်က အီးဘုတ်ကို ဖတ်ချင် ငှားချင်ရင် အမေရိကန်ပြည်တွင်းမှာဆိုရင် အိုကေတယ်။ အခြားတိုင်းပြည်ကဆိုရင် အိုကေချင်မှ အိုကေမယ်လေ။ ဟက်ကာတွေ လား ဆိုပြီး ဘလော့လုပ်ခံရမယ်။ ဂျီအိုလိုကေးရှင်း အကန့်အသတ်ဆိုတာ ပညာရေးမှာလည်း ရှိပါတယ်။

အွန်လိုင်းပညာရေးဆိုတာကို မြည်းစမ်းချင်ရင် youtube ကို သွားပါ။ အဲသည်မှာ အွန်လိုင်းကနေ စာသင်နေတဲ့ tutorial တွေ course တွေ အများကြီးပဲ။ တယောက်တည်း ထိုင်ပြီး စာသင်နေရတော့ ပျင်းတာပေါ့။ အတော်ကို ဈန်သွင်းပြီး ပညာသင်ယူမှ ဖြစ်တာ။ သည်တော့ ဆရာနဲ့ စာသင်ခန်းနဲ့ ကျောင်းနေဘက်တွေနဲ့ ဇွန်းအွန်လိုင်းကနေ အပြန်အလှန် စာသင်နိုင်မှ အလုပ်ဖြစ်တာပါ။

စာသင်ကျောင်းဆိုတာကလည်း ဆံပင်ညှပ်ဆိုင် အားကစားရုံ ပင်လယ်ကမ်းခြေနဲ့ စားသောက်ဆိုင်တွေလိုပဲ တူရာ သန်ရာ လူစုလူဝေးနဲ့မှ အလုပ်ဖြစ်တာ။ စိတ်ထက်သန်ကြမှ အလုပ်ဖြစ်တာ။ ကျောင်းတွေပိတ်ရင် ဝေး မဖြစ်စေချင်ရင် ကျောင်းသားတွေကိုယ်တိုင် လမ်းပေါ်ထွက်ပြီး ကျောင်းပြန်ဖွင့်ဖို့ သူများတွေလုပ်သလို ဆန္ဒထွက်ပြကြရင် ဖြစ်လာလိမ့်မယ် ထင်ပါတယ်။ ဆံပင်ညှပ်ဆိုင်သွားသလို ကျောင်းတက်တာလည်း ကိုယ့်ပိုက်ဆံကိုယ် အကုန်ခံရတာကိုး။