Breaking News

ဒေါက်တာသိန်းလွင် - ဂျာမဏီနိုင်ငံအတွေ့အကြုံ


ဒေါက်တာသိန်းလွင် - ဂျာမဏီနိုင်ငံအတွေ့အကြုံ

(မိုးမခ) ဩဂုတ် ၃၀၊ ၂၀၂၀

မိတ်ဆွေ သူငယ်ချင်းများအတွက် ရေးသောစာ အပိုင်း (၉ )

ဂျာမဏီနိုင်ငံအတွေ့အကြုံ

ခုတစ်ပတ်တော့ ၁၉၉၃ ခုနှစ် ဂျာမဏီနိုင်ငံကိုရောက်ခဲ့တုန်းက စိတ်ထဲစွဲကျန်ရစ်တဲ့ အတွေ့အကြုံတွေ ရေးပါမယ်။ ကျနော့်ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေကို ၈ နှစ်စာလောက် ကျော်လိုက်ချင်ပါတယ်။ ၁၉၈၄ ကနေ ၁၉၉၂ အထိ။ ဒီကာလအတွင်း ဖြတ်သန်းမှုတွေကတော့ ၁၉၈၄ မှာ ထောင်ကလွတ်။ တက္ကသိုလ် စာပေးစာယူတက်။ သိပ္ပံဘွဲ့ရ။ မဟာသိပ္ပံတက်ခွင့်ရ။ ရှစ်လေးလုံး အရေးတော်ပုံမှာပါဝင်။ NLD မှာ ပဲခူးတိုင်းစည်းရုံးရေး တာဝန်ထမ်းဆောင်။ 

NLD မှာ တာဝန်ယူခဲ့တုန်းက အတွေ့အကြုံတွေထဲက ပြောချင်တာတွေ ရှိပါတယ်။ မိတ်ဆွေတချို့ ကတော့ NLD ကို စတင်ဖွဲ့စည်း ထူထောင်ကြတုန်းက ဘယ်လိုတွေဆောင်ရွက်ခဲ့ကြတယ်ဆိုတာ ရေးစေချင်ကြပါတယ်။ နောက်မှပဲရေးပါရစေ။ ဘာကြောင့်လဲဆိုတော့ ကျနော်စာရေးရင် ကျနော့် အတွေ့အကြုံ၊ ကျနော့်ရှုထောင့်၊ ကျနော့်အမြင်၊ ကျနော့်အယူအဆတွေကိုရေးတာမို့ ပုဂ္ဂလဓိဋ္ဌာန်ဆန်ပါတယ်။ နိုင်ငံရေး အဖွဲ့အစည်းတွေမှာက အယူအဆ မတူတာတွေ၊ တူရာတူရာ စုကြတဲ့ အုပ်စုတွေ ရှိတာကြောင့် ကျနော့်စာကို ဘက်လိုက်ရေးတယ် ထင်ရင် အကျိုးမများဘူး ထင်ပါတယ်။ 

အကယ်၍ အကြောင်းတစ်ခုခုကြောင့် NLD အကြောင်းရေးသားခြင်း မပြုနိုင်ခဲ့သော် ကျနော်ရေးပြီးသား လက်ရေးမူ မှတ်တမ်းတစ်ခုရှိပါတယ်။ ၁၉၉၃ ခုနှစ်က ရေးခဲ့တာပါ။ “NLD ၏ နိုင်ငံရေး၊ စည်းရုံးရေးဆိုင်ရာဖြစ်စဉ် (၁၉၈၈-၁၉၉၃)” ကိုမှတ်တမ်းရေးထားပါတယ်။ နယ်သာလန်နိုင်ငံက မှတ်တမ်းဌာနတစ်ခုမှာ ပေးပို့သိမ်းဆည်းထားပါတယ်။ Burma Archives, International Institute for Social History (IISH), Cruquiusweg 31, 1019 AT Amsterdam, The Netherlands မှာရှိပါတယ်။ သုတေသနအတွက် အချက်အလက်များရယူလိုပါက တောင်းယူကြည့်ရှုနိုင်ပါတယ်။ 

အခုစာမှာ အဓိကရေးချင်တာကတော့ ကျနော့်ရဲ့ ဂျာမဏီနိုင်ငံအတွေ့အကြုံပါ။ အကြောင်းအရာ (၃) မျိုးစဉ်းစားထားပါတယ်။ ကလေးဘဝထဲက ခင်မင်ခဲ့တဲ့ ကျနော့်ရဲ့ငယ်သူငယ်ချင်း ကိုသိန်းဝင်း၊ စက်မှုတက္ကသိုလ်တက်တုန်းက သူငယ်ချင်း ကိုဋ္ဌေးဝင်းနဲ့ ကားလ်မတ်(စ်)ကို မွေးဖွားခဲ့တဲ့ အိမ်ကလေးအကြောင်းတွေဖြစ်ပါတယ်။ ပေါ့ပေ့ါပါးပါးအကြောင်းအရာလေးတွေပါ။ 

ဘန်ကောက်မှ ဖရန်ဖွတ် (Frankfurt) သို့

၁၉၉၁၊ ၉၂၊ ၉၃ ကာလတွေက နိုင်ငံရေးအဖွဲ့အစည်းတွေဟာ လှုပ်လို့မရအောင်ကို အဖိခံရပါတယ်။ NLD တွေလည်း တဖွဲဖွဲ အဖမ်းခံကြရပါတယ်။ ကျနော်လည်း အချိန်မရွေး အဖမ်းခံရနိုင်ပါတယ်။ အဲ့လိုအချိန်မှာ ကျနော့်ငယ်သူငယ်ချင်း ကိုသိန်းဝင်းက ဂျာမဏီကို လာဖို့ခေါ်ပါတယ်။ ဗီဇာအတွက် ဖိတ်ခေါ်စာပို့ပေးပါတယ်။ Passport ရပြီးတော့ ဘန်ကောက်ကို ကျနော်ထွက်လာပါတယ်။ ဘန်ကောက် AIT တက္ကသိုလ်မှာ ဘွဲ့လွန်သင်တန်းတက်နေတဲ့ ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနက ဆရာဦးတင်သန်းနဲ့ လိုက်လာခဲ့ပါတယ်။ ကိုသိန်းဝင်းဆီကိုလည်း ဘန်ကောက်ကိုရောက်နေပြီဖြစ်တဲ့အကြောင်း ဖုန်းဆက်ပြောလိုက်ပါတယ်။

ဘန်ကောက်ရောက်ပြီးတော့ အားနေသေးတဲ့အတွက် မိတ်ဆွေတွေနဲ့ တွေ့ဖို့ကြိုးစားပါတယ်။ ဘန်ကောက်က ခေတ်ပြိုင်သတင်းစာတိုက်မှာ အယ်ဒီတာလုပ်နေတဲ့ဦးဝင်းခက်နဲ့ တွေ့ပါတယ်။ ဦးဝင်းခက်က NLD ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ထိုင်းနယ်စပ်ကိုထွက်ခွာလာသူဖြစ်ပါတယ်။ NLD-LA မှာ ဥက္ကဋ္ဌတာဝန်ယူထားပါတယ်။ 

ကျနော် ဦးဝင်းခက်ဆီရောက်နေတဲ့အကြောင်းကို ကြားတော့ ကျနော်နဲ့ NLD ပဲခူးတိုင်းမှာ အတူတာဝန်ယူခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေဖြစ်ကြတဲ့ ကိုအောင်စောဦးနဲ့ ကိုသန်းထွဋ္ဋ်တို့ နယ်စပ်ကနေ ဘန်ကောက်ကိုလိုက်လာပါတယ်။ ချင်းမိုင်မှာ သူတို့ရုံးခွဲရှိကြောင်းနဲ့ ချင်းမိုင်ကို လိုက်ခဲ့ဖို့ခေါ်ပါတယ်။ လိုက်သွားပါတယ်။ သူတို့ရဲ့ NLD-LA ရုံးက မာနယ်ပလောမှာရှိပြီး ချင်းမိုင်မှာ သူတို့ရုံးခွဲရှိပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဖို့ ရုံးဖွင့်ထားတာပါ။ ချင်းမိုင်ရောက်ပြီး နှစ်ရက် သုံးရက် ညဉ့်နက်သန်းခေါင်အထိ စကားပြောကြပါတယ်။ ပြည်တွင်းက NLD အခြေအနေ၊ သူတို့ရဲ့ NLD-LA နဲ့ ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ NCGUB အဝေးရောက် အစိုးရအဖွဲ့အကြောင်းတွေ ပြောကြပါတယ်။ 

ကိုအောင်စောဦးက ကျနော့်ကို ချင်းမိုင် NLD-LA ရုံးမှာ တာဝန်ယူပေးဖို့ ပြောပါတယ်။ ကျနော်အဖြေမပေးသေးတော့ ကိုသန်းထွဋ္ဋ်က “ကိုသိန်းလွင်၊ ခင်ဗျားအရပ်အမောင်းနဲ့ဆို ယူနီဖောင်းဝတ်ပြီး ဗြောက်ချိတ်လိုက်ရင် စောက်ရမ်းမိုက်မယ်။ မာနယ်ပလောကိုလိုက်ခဲ့” လို့ခေါ်ပါတယ်။ သူတို့စည်းရုံးပုံက။ 

NLD- LA ရဲ့လှုပ်ရှားမှုတွေ ကျနော်သိချင်တာ မေးကြည့်တော့ NLD-LA က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်လုပ်ထားကြောင်း၊ ဦးစိန်မြ (ဗိုလ်မှုးကြီးဟောင်း စိန်မြ) ရဲ့တပ်ဟာ NLD-LA ရဲ့တပ်ဖြစ်ကြောင်း၊ ဦးစိန်မြကလည်း NLD-LA ရဲ့ဗဟိုကော်မတီဝင်ဖြစ်ကြောင်း သိရပါတယ်။ ကျနော့်အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဆန့်ကျင်သူ မဟုတ်ပေမယ့် NLD အနေနဲ့ လက်နက်ကိုင်တိုက်ပွဲဝင်တာကို ဘဝင်မကျဖြစ်ပါတယ်။ NLD ဟာ ဂန္ဓီရဲ့ အကြမ်းမဖက်ရေးလမ်းစဉ်ကို ကိုင်စွဲတယ်လို့ကျနော် နားလည်ထားပါတယ်။ ဒါကြောင့် NLD-LA မှာ တာဝန်ယူဖို့ ကျနော်အဖြေမပေးခဲ့တာဖြစ်ပါတယ်။ မကြာခင် ကိုသိန်းဝင်း ဂျာမဏီကနေပို့လိုက်တဲ့ လေယာဉ်လက်မှတ်ရောက်လာတာမို့ ကျနော် ဂျာမဏီကို ထွက်ခွာခဲ့ပါတယ်။ 

ငယ်သူငယ်ချင်း ကိုသိန်းဝင်း

Frankfurt လေဆိပ်မှာ ကိုသိန်းဝင်း လာကြိုပါတယ်။ မာဘွတ်မြို့မှာရှိတဲ့ သူ့အိမ်ကိုခေါ်သွားပါတယ်။ အဲ့ဒီအချိန်က ကိုသိန်းဝင်းက မာဘွတ်တက္ကသိုလ်မှာ PhD ကျမ်းပြုနေသူဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်၊ ရူပဗေဒဌာန လက်ထောက်ကထိက လုပ်နေရာက ပညာသင်ဆုရပြီး ဂျာမဏီကို ရောက်နေသူပါ။ 

သူဗမာပြည်က ထွက်လာတာ တော်တော်ကြာပြီမို့ ပြည်တွင်းကအကြောင်းတွေ မနားတမ်းပြောကြပါတယ်။ သိန်းဝင်းက ငယ်ငယ်က စာတော်သလောက် အနောက်အပြောင်လည်း အတော်သန်ပါတယ်။ ကျနော်တို့ရဲ့ ပဲခူး အမှတ်(၃) အထကကျောင်းအုပ်ဆရာကြီး ဦးသန်းက သိန်းဝင်းကို “လဘော်သားရေ” လို့ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ သေချာမသိပါဘူး။ သိန်းဝင်းကို ရွှတ်နောက်နောက်၊ ပြောင်ချော်ချော်မို့ ခေါ်တယ်ထင်ပါတယ်။

ဒီကောင်က ကျနော့်ကို ငယ်ငယ်က ရေလည်းနှစ်ဖူးတယ်။ ကျနော့်တင်ပါးက သွေးစုနာကိုလည်း ဆော်ဖူးတယ်။ သူကကျနော့်ထက် အရပ်မြင့်ပါတယ်။ ခြောက်လက်မလောက်မြင့်တယ်။ သူက အသားဖြူဖြူ၊ အရပ်မြင့်မြင့်။ ကျနော်က မဲခြောက်ခြောက်၊ ပိန်ကပ်ကပ်။ ငယ်ငယ်က ကျောင်းပိတ်ရက်တစ်ရက်မှာ ကျနော်တို့သူငယ်ချင်းတွေ ရေသွားကူးကြပါတယ်။ ဒီကောင်က ရေကူးတတ်တယ်။ ကျနော်က ရေကူးသင်နေတုန်း။ သူက ရေနက်တဲ့ဖက်ကိုသွားပြီး ကျနော့်ကို သူ့ဆီကူးလာဖို့ ခေါ်ပါတယ်။ ကျနော်လည်း သူ့အားကိုးနဲ့ ကူးသွားပါတယ်။ သူ့နားရောက်တော့ ဒီကောင်ကျနော့်ခေါင်းကိုဖိပြီး ရေနှစ်တယ်။ သူကတော့ စတာပါ။ ကျနော်ကတော့ အတော်ခံလိုက်ရတယ်။ ဗိုက်ထဲရေတွေဝင်၊ အသက်ရူလို့မရနဲ့ တော်တော်မောတော့မှ ကျနော့်ကို ကမ်းပေါ်ဆွဲခေါ်သွားပါတယ်။ ကျနော်တကယ် ရေနစ်ရင်လည်း သူကယ်နိုင်မှာပါ။ 

ကျနော်တို့ သုံးတန်းတုန်းက ကျနော့်တင်ပါးမှာ သွေးစုနာပေါက်ပါတယ်။ ကျနော်နာလို့ ခုံမှာ ကောင်းကောင်း မထိုင်နိုင်ပါဘူး။ သူက “ဘာဖြစ်တာလဲ”လို့မေးပါတယ်။ ကျနော်လည်း သွေးစုနာလို့ပြောလိုက်ပါတယ်။ “ဘယ်ဘက်လား၊ ညာဖက်လား” လို့မေးပါတယ်။ ဒီကောင် ဒီလိုမေးတော့ ကျနော့်ဖင်ကို ဆော်တော့မယ်ဆိုတာ ရိပ်မိပါတယ်။ ဒါနဲ့ ဘယ်ဖက်တင်ပါးမှာ သွေးစုနာပေါက်နေတာကို ညာဖက်လို့ ညာပြောလိုက်တယ်။ နေ့လည်မုန့်စားဆင်းတော့ ကျနော်က အခန်းပြင်ကို ရှေ့ကနေအထွက် ကျနော့် ဘယ်ဘက်တင်ပါးကို ဖုန်းကနဲ ရိုက်ပါတယ်။ သွေးစုနာကို တည့်တည့်ထိပြီး တအားနာလို့ ငိုတောင်ငိုရပါတယ်။ သူက ကျနော့်သွေးစုနာ မရှိတဲ့ဘက်ကို ရိုက်တာ ကျနော်ကညာပြောထားတော့ ခံလိုက်ရတာ။ 

သိန်းဝင်းက စွံလည်းစွံတယ်။ သုံးတန်းထဲက ရည်းစားထားတတ်တယ်။ ကျနော်တို့အတန်းက ခင်မြဝင်းကို ရည်းစားစကား သွားသွားပြောတယ်။ ညနေကျောင်းဆင်းရင် ကျနော်နဲ့ လိုက်လိုက်လာတယ်။ သူ့အိမ်က ကျောင်းရဲ့အနောက်ဖက်။ ခင်မြဝင်းနဲ့ ကျနော်က ကျောင်းရဲ့အရှေ့ဘက်မှာ နေကြတယ်။ ခင်မြဝင်းကို ငမ်းဖို့ ကျနော်နဲ့ လိုက်လာတာ။ ခင်မြဝင်းအိမ်ရှေ့ရောက်ရင်လှည့်ပြန်တယ်။ 

သုံးတန်းထဲက နောက်ပိုးတာ ဆယ်တန်းရောက်တဲ့အထိ အဖြေမရဘူး။ ဆယ်တန်းအောင်ပြီးတော့ သိန်းဝင်းက တခြားကောင်မလေးတစ်ယောက်နဲ့ ကြိုက်သွားတယ်။ ခင်မြဝင်းက မသိရှာဘူး။ တက္ကသိုလ်တက်တော့ ခင်မြဝင်းက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ပြည်လမ်းမပေါ် မြေနီကုန်းနားက ယုဝတီဆောင်မှာ နေရတယ်။ သိန်းဝင်းက သိပ္ပံချွန်ဆုရပြီး ရန်ကုန်တက္ကသိုလ်မှာ ရူပဗေဒတက်တယ်။ ကျနော်က RIT တက်တယ်။ ငယ်သူငယ်ချင်းတွေဖြစ်တဲ့ မင်းစိန်က ဥပဒေ၊ ကိုကိုထွေးနဲ့ ဝင်းမြင့်လည်း RIT။ 

တက္ကသိုလ်ရောက်ပြီး သိပ်မကြာခင် ခင်မြဝင်း နေမကောင်းလို့ တက္ကသိုလ်ဆေးရုံတက်ရတယ်။ သူငယ်ချင်းတွေ သွားကြတယ်။ ခင်မြဝင်းကို နေ့စဉ်ဆန်ပြုတ်ပို့ဖို့ သိန်းဝင်းကို မှာထားတယ်။ သိန်းဝင်းက တက္ကသိုလ်ဆေးရုံနဲ့ အနီးဆုံးအဆောင်မှာနေတယ်။ ဆေးရုံမှာ တစ်ပတ်လောက်ကြာတော့ ခင်မြဝင်းက သိန်းဝင်းကို အဖြေပေးတယ်။ ဒီကောင့်မှာ နောက်တစ်ယောက်ရှိတယ်ဆိုတာ တော်တော်ကြာတော့ ခင်မြဝင်းသိသွားတယ်။ သိန်းဝင်းကို အဆက်ဖြတ်တယ်။ ညညဆို ဒီကောင်ကျနော်တို့ကိုခေါ်ပြီး ယုဝတီဆောင်မှာ သီချင်းသွားဆိုတယ်။ “….. ဒီက စပြီး ရှေ့ကိုဆို မင်းကို ထာဝစဉ်ငဲ့ညာမယ် ....” ညသန်းကောင်လောက်မှာ ခင်မြဝင်းက သူ့အခန်းပြူတင်းပေါက်ဖွင့်ပြီး လက်ပြတော့မှ ကျနော်တို့ပြန်ကြတယ်။ 

သိန်းဝင်းဘွှဲ့ရပြီး တက္ကသိုလ်မှာ ဆရာဖြစ်တော့ ခင်မြဝင်းကို လက်ထပ်တယ်။ ဒီကောင် ဘယ်လောက်ဆိုးလဲဆိုရင် မင်္ဂလာပွဲမတိုင်ခင်ညမှာ ဟိုကောင်မလေးနဲ့သွားချိန်းတွေ့တယ်။ သတိုးသားပျောက်နေလို့ ဟိုမေး ဒီမေး မေးကြတော့မှ သူငယ်ချင်းတွေက သိန်းဝင်းကိုရှာပြီး မင်္ဂလာပွဲကို ခေါ်လာရတယ်။ ဒီကောင် ဘယ်လောက်ဆိုးဆိုး သူငယ်ချင်းတွေအပေါ်မှာ အတော်ကောင်းတယ်။ ကူညီတတ်တယ်။ 

ဂျာမဏီ၊ ကိုလုံးမြို့မှာ ဗမာပြည်သားတော်တော်များများရှိတယ်။ ပညာတော်သင်နဲ့ ရောက်နေကြတဲ့ ကျောင်းသားတွေလည်းရှိတယ်။ သူတို့ဆီကျနော် သွားလည်တယ်။ ကျနော် ကိုလုံးမြို့ကိုရောက်တဲ့အချိန်က ဒီဇင်ဘာ ၃၁ ရက်ည နှစ်သစ်ကူးပွဲကျင်းပတဲ့အချိန်။ ရိုင်းမြစ်ပေါ်က ဘုရားကျောင်းကြီးမှာ အတော်စည်တယ်။ 

အဲ့ဒီ အချွန်ကြီးနှစ်ခုပါတဲ့ ဘုရားကျောင်းကြီး (Cologne Cathedral) တည်နေပုံက အတော့်ကို ခန့်ညားတယ်။ ဥရောပမှာ အမြင့်ဆုံး ဘုရားကျောင်းလည်းဖြစ်တယ်။ သက်တမ်းကလည်း နှစ်ပေါင်း ၇၀၀ ကျော်ရှိပြီ။ အနယ်နယ် အရပ်ရပ်က ဘုရားကျောင်းကြီးကို လာကြသူ နေ့စဉ် သောင်းနဲ့ချီ ရှိတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်တုန်းက အမေရိကန်လေယာဉ်တွေ ဗုံးကျဲတော့ ကိုလုံးတမြို့လုံး ပြာကျသွားတယ်။ ဒါပေမယ့် ဘုရားကျောင်းကြီးက မပျက်မစီးဘဲ ခိုင်ခိုင်မြဲမြဲ ကျန်ရစ်တယ်။ စစ်ပြီးသွားတော့ ဒီဘုရားကျောင်းကို ဘာကြောင့်ဗုံးမကျဲသလဲလို့ အမေရိကန်တွေကို မေးတော့ အဲဒီတုန်းက ဗုံးကျဲဖို့ တာဝန်ယူရတဲ့ လေယာဉ်မှူးက “ကောင်းကင်က မြင်ရတဲ့ ထင်ရှားတဲ့အဆောက်အဦးဖြစ်လို့ လေယာဉ်လမ်းကြောင်းပြ အမှတ်အသားအဖြစ် ဗုံးမကျဲဘဲ ချန်ထားခဲ့တာ” လို့ပြောတယ်။ 
(ဘုရားကျောင်းကြီးရဲ့ဓါတ်ပုံကို အောက်မှာ ဖော်ပြထားပါတယ်။)

ဘုရားကျောင်း ပတ်ပတ်လည်နဲ့ ရိုင်းမြစ်ကမ်းတလျှောက်မှာ လူတွေစည်ကားနေတယ်။ မြို့သူမြို့သားတွေ၊ ကျနော်တို့လို နိုင်ငံခြားက ရောက်နေသူတွေ လာကြတယ်။ စားစရာဆိုင်တွေလည်းရှိတယ်။ အိုးကြီးတွေနဲ့ ကျိုထားတဲ့ အငွေ့တထောင်းထောင်းထနေတဲ့ ဝိုင်ပူပူတွေလည်း ရောင်းတယ်။ ချမ်းချမ်းစီးစီးမှာ အနွေးထည်ထူထူနဲ့ ဝိုင်ပူပူတွေ သောက်ကြပြီး ညသန်းကောင်မှာ နှစ်သစ်ကိုကြိုဖို့ စုုရုံးနေကြတယ်။ ဂျာမဏီကို ရောက်နှင့်နေတဲ့ ကိုချိုဝင်းက ကျနော့်ကို ပြောတယ်။ “ည ၁၂ နာရီထိုးရင် မီးပန်းတွေဖောက်လိမ့်မယ်။ Happy New Year လို့ အကျယ်ကြီးအော်မယ်။ ပြီးရင် တွေ့တဲ့မိန်းကလေးကို နမ်းလို့ရတယ်။ စိတ်မဆိုးဘူး”။ 

ကျနော်လည်း ရှေ့နားက ဂျာမန်မ ချောချောလေးကို ကြည့်ထားတယ်။ Happy New Year အော်ပြီးရင် သူတို့ပြောသလို နမ်းဖို့ပြင်ထားတယ်။ ည ၁၂ နာရီလည်းထိုး၊ မီးပန်းတွေ စဖောက်တော့ Happy New Year ဆိုတဲ့အသံ ညံထွက်သွားတယ်။ ကျနော်လည်း ဟိုမိန်းကလေးကို နမ်းဖို့ခြေလှမ်းလိုက်တဲ့အချိန်မှာ တစ်စုံတစ်ယောက်က ကျနော့်ကို အတင်းဖက်ပြီး ကျနော့်ပါးကို နမ်းတယ်။ ကြည့်လိုက်တော့၊ ဟာ… အဖွားကြီး။ ဟိုမိန်းကလေးကိုတော့ တခြားတစ်ယောက်က ဦးသွားပြီ။ 

စက်မှုတက္ကသိုလ်က သူငယ်ချင်း ကိုဌေးဝင်း

ကိုဌေးနဲ့ကျနော် စက်မှုတက္ကသိုလ်ကို တစ်နှစ်ထဲရောက်ကြတာပါ။ သူက ဗိသုကာ၊ ကျနော်က စက်မှုအင်ဂျင်နီယာဘာသာ။ ကျနော် မာဘွတ်မြို့က ကိုသိန်းဝင်းအိမ်ကိုရောက်ပြီးတော့ ကိုဌေးဆီဖုန်းဆက်ပါတယ်။ ကိုသိန်းဝင်းက ဖုန်းနံပါတ်ရှာပေးတယ်။ ကိုဌေးဂျာမဏီကို ရောက်နေတယ်ဆိုတာ ကျနော်သိပါတယ်။ ကိုဌေးက မှိုင်းရာပြည့်အရေးအခင်းမှာ ထောင်ကျတယ်။ ၈၈ အရေးအခင်းအပြီးမှာ ထိုင်းနယ်စပ်ကို ထွက်လာတယ်။ အဲဒီကနေ ဂျာမဏီကို ရောက်လာတာပါ။ သူ့ကို ရှေ့တင်တော့ “ကိုဌေး” လို့ခေါ်ပြီး သူ့နောက်ကွယ်မှာတော့ “ဘွန်း” လို့ခေါ်ပါတယ်။ 

ကိုဌေး ငယ်ငယ်က ကားမှောက်ပြီး ခြေထောက်ဒဏ်ရာရပြီး ခြေတစ်ဖက်နိမ့်သွားတယ်။ ကျောင်းလာရင် ဘောင်းဘီရှည်နဲ့ ဘွတ်ဖိနပ်တစ်ဖက်နိမ့်၊ တစ်ဖက်မြင့်နဲ့မို့ ခြေထောက်နိမ့်တာ မသိသာပါဘူး။ သူငယ်ချင်းတွေကတော့ သိပါတယ်။ ဒါ့ကြောင့် သူ့ကို နောက်ပြောင်ပြီး “ထောက်လှမ်းရေး” လို့ခေါ်ပါတယ်။ နောက်တော့ အားနာတာနဲ့ “ဂျိမ်း(စ်)ဘွန်း” လို့ခေါ်ပါတယ်။ ဇီးရိုးဇီးရိုးဆဲဗင်း ဂျိမ်း(စ်)ဘွန်းပါ။ ကြာလာတော့ ချစ်စနိုးနဲ့ “ဘွန်း” လို့ခေါ်ပါတယ်။ သူသိတယ်။ စိတ်မဆိုးပါဘူး။ 

ကျနော်ဖုန်းဆက်တော့ သူအရမ်းဝမ်းသာပြီး “ကိုသိန်းလွင် ကျနော့်ဆီလာခဲ့ဗျာ။ ရထားစီးလာခဲ့။ ရထားခ ကျနော်ပြန်ပေးမယ်။” ကိုသိန်းဝင်းကိုလည်း ကျနော့်ကို ရထားပေါ်တင်ပေးဖို့ မှာပါတယ်။ သူနေတဲ့နေရာက ဂျာမဏီ၊ သြစရီးယားနဲ့ ချက်နိုင်ငံ သုံးခုဆုံတဲ့နေရာမှာပါ။ ပါဆောင်း (Passau) မြို့ငယ်လေးပါ။ နိုင်ငံသုံးခုနယ်နိမိတ်မှာ ဒန်းညုမြစ် (Danau) ဖြတ်စီးသွားပါတယ်။ သူ့အိမ်က ဒန်းညုမြစ်ကမ်းပေါ်မှာ အလွန်သာယာပါတယ်။ မာဘွတ် (Marburg) မြို့နဲ့တော့ တော်တော်လှမ်းပါတယ်။ 

ရထားတစ်နေကုန် နီးပါးစီးရပါတယ်။ ညနေစောင်းတော့ ပါဆောင်းဘူတာကို ရထားဆိုက်ပါတယ်။ ရထားဆိုက်လို့ ကျနော့်ကိုလည်း မြင်ရော “ဘွန်း” ကျနော့်ဆီ ပြေးလာပါတယ်။ ခြေထောက်တစ်ဖက်နိမ့်၊ တစ်ဖက်မြင့်နဲ့မို့ သူပြေးရတာခက်ပါတယ်။ ကျနော်လည်း သူ့ဆီပြေးသွားပါတယ်။ ကျနော့်ကို ဖက်ပြီး နှုတ်ဆက်ပါတယ်။ သူ့နောက်ကနေ အမျိုးသမီးတစ်ဦးနဲ့ ၆ နှစ်အရွယ်လောက် ကလေးမလေးတစ်ဦးလိုက်လာပါတယ်။ “ဒါ ကျနော့် ဇနီး“ လို့ မိတ်ဆက်ပေးပါတယ်။ ဂျာမန်အမျိုးသမီးပါ။ “ဒါက ကျနော့် သမီး”။ ကျနော် အံ့သြပြီး ခလေးကို အကြာကြီး စိုက်ကြည့်မိတယ်။ ကိုဌေးတလှည့်၊ ကလေးတလှည့်ကြည့်ပါတယ်။ သူ့မိန်းမက ဂျာမန်၊ အသားဖြူဖြူ၊ ဆံပင်အညိုရောင်၊ မျက်လုံးလည်း အညိုရောင်။ ကလေးက အသားညိုညို၊ ဆံပင်နက်နက်၊ မျက်လုံးလည်းအနက်။ ကိုဌေး ဂျာမန်မနဲ့ အိမ်ထောင်ကျတာလည်း မကြာသေး၊ ဗမာပြည်မှာတုန်းကလည်း အိမ်ထောင်မရှိ။ ကလေးဘယ်လိုရလဲ တွေးနေတုန်း

“ကိုသိန်းလွင် ဘာစဉ်းစားနေတာလဲ”
“ကိုဌေး သမီးဆိုလို့ စဉ်းစားနေတာ”

သူ့အိမ်အသွားကားပေါ်မှာ ကလေးအကြောင်းရှင်းပြပါတယ်။ သူ့ဇနီးက ကျောင်းဆရာမ။ ဘာသာရေးကိုင်းရှိုင်းသူ။ ဘိုလီးဗီးယားနိုင်ငံကို သာသနာပြုသွားရင်း လမ်းဘေးမှာပစ်ထားခဲ့တဲ့ မွေးကင်းစကလေးလေးကို ကောက်ယူမွေးစားပြီး ဂျာမဏီကိုခေါ်လာခဲ့တာပါ။ ဘိုလီးဗီးယားတွေက ဗမာတွေနဲ့တူပါတယ်။ အသားအရောင်၊ ဆံပင်အရောင်၊ မျက်လုံးအရောင်တွေ တူပါတယ်။ ဘိုလီးဗီးယာကို ငယ်ငယ်ထဲက ကြားဖူးပါတယ်။ ချေဂွေဗားရားနဲ့တွဲပြီး မှတ်မိနေတာပါ။ အာဂျင်တီးနားမှာမွေး၊ ကျူးဘားတော်လှန်ရေးမှာပါဝင်၊ ဘိုလီးဗီးယားတောထဲမှာ ကျဆုံးခဲ့တဲ့တော်လှန်ရေးသမား ဆရာဝန် ချေဂွေဗားရားပါ။ 

ကိုဌေးနဲ့ ဂျာမန်ဆရာမနဲ့ ဖူးစာဆုံကြတာ ဒီကလေးမလေးကြောင့်ပါ။ ကိုဌေး ဂျာမဏီရောက်ပြီး နိုင်ငံရေးခိုလှုံခွင့်လျှောက်တော့ စစ်ဆေးဆဲကာလမှာ ပါဆောင်းမြို့ကို ပို့ပြီး ခိုလှုံခွင့်လျှောက်ထားသူတွေကို ထားတဲ့အဆောင်မှာ ထားပါတယ်။ ရောက်ခါစဆိုတော့ အသိမိတ်ဆွေလည်း မရှိတာနဲ့ မနက်၊ ညနေ ရွာထဲမှာ လမ်းလျှောက်ပါတယ်။ ကလေးတွေ ကျောင်းသွား၊ကျောင်းပြန်ကို သွားသွားပြီး ကြည့်ပါတယ်။ ဂျာမန်ကလေးအုပ်ထဲမှာ ထူးထူးခြားခြား ဗမာလေးနဲ့ တူတဲ့ ကလေးမလေးကို တွေ့ပါတယ်။ နေ့တိုင်း သွားသွားကြည့်တော့ မျက်မှန်းတန်းမိပြီး ကလေးမလေးကလည်း သူ့ကို ကြည့်ပါတယ်။ ကလေးရဲ့ စိတ်ထဲမှာ သူ့ကို ဘိုလီးဗီးယားလို့ ထင်ပါတယ်။ ကလေးရဲ့မွေးစားအမေက ကလေးကို ဘိုလီးဗီးယားနိုင်ငံအကြောင်း၊ ဘိုလီးဗီးယားကလူတွေအကြောင်း ရုပ်ပုံတွေပြပြီး ပြောပြလေ့ရှိတော့ သူ့ကိုယ်သူ ဘိုလီးဗီးယားမှန်း သိပါတယ်။ ကိုဌေးကိုလည်း ဘိုလီးဗီးယားလို့ပဲ ထင်ပါတယ်။ နည်းနည်းကြာလာတော့ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ကြပါတယ်။ ကိုဌေးနဲ့ ကလေးမလေး မိတ်ဆွေတွေဖြစ်လာကြပါတယ်။ ကလေးက အိမ်ရောက်ရင် သူ့အမေကို ကိုဌေးနဲ့ တွေ့တဲ့အကြောင်းပြောပြပါတယ်။ ခရစ်စမတ်ရက်ရောက်တော့ ကလေးရဲ့အမေ ဆရာမက ကိုဌေးကို သူတို့အိမ်ကို ဖိတ်ပါတယ်။ ကလေးမလေးက တဆင့်ဖိတ်ပါတယ်။ 

ကျနော်တို့ ဘူတာကနေ ကိုဌေးတို့အိမ်ရောက်တော့ ဆရာမပြင်ဆင်ထားတဲ့ညစာကို လေးယောက်အတူစားကြပါတယ်။ ဝိုင်အရက်နဲ့ ဂျာမန် အစားအစာကျွေးပါတယ်။ ထမင်းစားရင်း ကလေးမလေးနဲ့ ကိုဌေးနဲ့ တွေ့ဆုံပုံ၊ သူတို့အိမ်ကို ရောက်လာပုံတွေပြောပြပါတယ်။ ဆရာမက ရယ်ပြီး ကျနော့်ကိုပြောတာ “ရှင့်သူငယ်ချင်းက ခရစ်စမတ်ညက ရောက်လာပြီးကတည်းက မပြန်တော့တာ ခုထိပဲ” တဲ့။ 

ကျနော်အရင်က ချက်အရက်၊ ရွှေလိမ္မော်နဲ့ အာမီရမ်သောက်ဖူးပေမယ့် ဝိုင်မသောက်ဖူးပါဘူး။ ကိုဌေးက ကျနော့်ကို “ကိုသိန်းလွင် သောက်ဗျ၊ ဝိုင်က နှလုံးရောဂါ မဖြစ်အောင် ကာကွယ်တယ်” ဒါနဲ့ ကျနော် နှစ်ခွက်လောက်ချလိုက်ပါတယ်။ တစ်ရက်၊ နှစ်ရက်နေပြီး ကျနော် ကိုသိန်းဝင်းဆီပြန်ပါတယ်။ ညနေတိုင်းလိုလို ကိုဌေး ကျနော့်ဆီ ဖုန်းဆက်ပါတယ်။ နောက်တစ်ပါတ်လောက် ဖုံးမဆက်တော့ဘဲ ရပ်သွားပါတယ်။ ဒါနဲ့ကျနော်က ကိုသိန်းဝင်းကို “သိန်းဝင်းရေ ဘွန်းဆီက ဘာသံမှ မကြားတော့ဘူး။ ဖုန်းခေါ်စမ်းပါ” ဆိုပြီး ဖုန်းဆက်ပါတယ်။ ကျနော်က 

“ကိုဌေး ဘယ်ပျောက်နေတာလဲ”
”ကျနော် နှလုံးအောင့်လို့ ဆေးရုံတက်ရတယ်” ကိုဌေးက ဖြေတယ်။ 

ဝိုင်အရက်တန်ခိုးပြနေတာနေမယ်။ ကိုသိန်းဝင်းရော၊ ကိုဌေးဝင်းရော၊ ဂျာမဏီက မိတ်ဆွေများကိုရော၊ သတိရပါတယ်။ သူတို့ ဂျာမဏီမှာပဲ ရှိနေကြပါတယ်။ 


ကားလမတ်(စ်)ရဲ့ အိမ်ကလေး

ဂျာမဏီမှာရောက်နေတုန်း ဂျာမန် မိတ်ဆွေစုံတွဲက ကျနော့်ကို ကားလမတ်(စ်) Karl Marx မွေးဖွားရာ မြို့ငယ်လေးကို ခေါ်သွားပါတယ်။ ပြင်သစ်နယ်စပ်နားမှာ ရှိပါတယ်။ ထရီယာ (Trier) မြို့ကလေးပါ။ သူတို့က ကျနော့်ကို Karl Marx မွေးဖွားကြီးပြင်းခဲ့တဲ့အိမ်ကို လိုက်ပို့တယ်။ ပြတိုက်လုပ်ထားပါတယ်။ Karl Marx ရဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ စာအုပ်တွေ ပြထားပါတယ်။ (အောက်မှာ Karl Marx အိမ်ရဲ့ ဓါတ်ပုံ ပြထားပါတယ်။)

ကျနော်စိတ်ဝင်စားတာ Karl Marx ရဲ့ အရင်းကျမ်း လက်ရေးမူပါ။ စာအုပ်ကလည်း အထူကြီးမို့ လက်ရေးစာရွက်တွေ အများကြီးကို မှန်အိမ်ရှည်ကြီးထဲမှာ စီတန်းပြီး ပြထားပါတယ်။ ကျနော်က အရင်းကျမ်းထဲက စာတွေကို ဘောဂဗေဒဆိုင်ရာ သဘောတရားတွေမို့ နားမလည်ပါဘူး။ ကျနော် စိတ်ဝင်စားတာက Karl Marx ရဲ့ စာရေးနည်းပါ။ အကြောင်းအရာတစ်ခုရေးပြီးရင် သူ့မိတ်ဆွေ လန်ဒန်က အိန်ဂျယ် Engels ဆီပို့ပြီး အကြံဉာဏ်တောင်းပါတယ်။ အိန်ဂျယ်က ဝေဘန်အကြံပြုချက်ရေးပေးပါတယ်။ အိန်ဂျယ်ရဲ့ စာတွေလည်း ပြထားပါတယ်။ Karl Marx က သူရေးထားတဲ့ စာမူကို ပြန်ပြင်တာ၊ ထပ်ဖြည့်တာတွေ လုပ်ပါတယ်။ လက်ရေးစာမူတွေမှာ ဖျက်ရာတွေ၊ ပြင်ရာတွေ၊ ထပ်ဖြည့်ထားတာတွေ တွေ့ပါတယ်။ သြော် ... ကမ္ဘာကျော်စာအုပ်ကြီးကို ဒီလိုရေးခဲ့တာပါလားလို့ သိရတော့ ဝမ်းသာပီတီဖြစ်ရပါတယ်။ 

ကျနော် အရင်က ကွန်မြူနစ်ပါတီကို ရှာတာ မတွေ့ခဲ့ဘူး။ ခုတော့ ကွန်မြူနစ်ဝါဒရဲ့ ဖခင်ကြီး၊ အတွေးအခေါ်ပညာရှင်ကြီး Karl Marx ရဲ့အိမ်ကို ရောက်နေပါလားလို့ ကိုယ့်ကိုကိုယ်လည်း အံ့သြမိပါတယ်။ 

ဒေါက်တာသိန်းလွင်
၂၀၂၀ သြဂုတ်လ ၂၉ ရက်။