Breaking News

နေသွင်ညိဏ်း - ဒီမိုကရေစီကို ဆက်လက် ကာကွယ်ပါ

ဒီမိုကရေစီကို ဆက်လက် ကာကွယ်ပါ

နေသွင်ညိဏ်း

(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၂၀

အာဏာရှင်စနစ်က မာကျောပြီး ကျိုးလွယ်ပျက်လွယ်တယ်။ ဒီမိုကရေစီက ပြုလွယ်ပြောင်းလွယ်ပြီး အကြမ်းခံတယ်။ ဒီလို ဘာလို့ဖြစ်ရသလဲဆိုရင် ဂျာမန် တွေးခေါ်ပညာရှင်နဲ့ဝေဖန်ရေးဆရာ Friedrich Nietzsche ရဲ့ စကားအတိုင်း ငါတို့ကို သေအောင် မသတ်နိုင်တဲ့အရာတွေဟာ ငါတို့ရဲ့ ခံနိုင်ရည်ကို ပိုလို့မြင့်မားစေတယ်လို့ ပြောရပါမယ်။

တချို့ ရောဂါတွေဟာ တခါဖြစ်ပြီးရင် နောက်ထပ် မဖြစ်တော့သလိုမျိုး၊ လူရဲ့ ကိုယ်တွင်းခုခံအားစနစ်က ဗိုင်းရပ်စ်ကို အနိုင်ရသွားတဲ့ သဘောပါပဲ။ (ခြွင်းချက်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကတော့ဒီလို အမျိုးအစားထဲမှာ မပါပါဘူး) ဒါပေမယ့် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဆေးသုတေသနနဲ့ သိပ္ပံပညာ၊ ကူးစက်ရောဂါ ဗေဒဆိုင်ရာ နယ်ပယ်မှာ တွေ့ရှိချက်အသစ်တွေ မကြာခင်မှာထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။

လစ်ဘရယ် ဒီမိုကရေစီဟာလည်း ဒီသဘောပါပဲ။ အာဏာရှင်စနစ်လိုမျိုး လူတစ်ယောက်၊ စနစ်တစ်မျိုးတည်းနဲ့ နှစ်ပေါင်းများစွာ ဓားမိုး၊ သေနတ်မိုး အုပ်ချုပ်ရေး စနစ်မဟုတ်ပါဘူး။ လေးနှစ်တစ်ကြိမ်၊ ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲတွေ၊ အစိုးရ အပြောင်းအလဲတွေ လုပ်ရပါတယ်။ 

ဒါဟာ ဒီမိုကရေစီစနစ်ကို အမြဲတမ်း စိန်ခေါ်နေ၊ ဖိစီးနေ၊ အားစမ်းနေတာပါပဲ။ ဒီမိုကရေစီ စနစ်ထဲမှာ မှားနေရင်ပြုပြင်ဖို့၊ အခြေအနေသစ်နဲ့ လိုက်လျောညီထွေတဲ့ အတွေးခေါ်သစ်၊ ပြုပြင်ပြောင်းလဲမှု အသစ်တွေအတွက် တွန်းအားပေးနေတာ ဖြစ်ပါတယ်။

တနည်းအားဖြင့် ဒီမိုကရေစီ စနစ်ဟာ အမြဲတမ်း သွေးသစ်လောင်းနေတဲ့ စနစ်ဖြစ်ပါတယ်။ အာဏာရှင်စနစ်လိုမျိုး အိုမင်းကျုံလှီ သေဆုံးသွားမယ့် လှေနံဓားထစ်စနစ်မဟုတ်ပါဘူး။ အာဏာရှင်စနစ်ဆိုတာ  လှုပ်ရှားမှုမရှိ၊ ဝေဖန်မှုကို လက်မခံ၊ လျစ်လျူရူ့တဲ့အတွက် နောက်ဆုံးမှာတော့ အကြောသေတဲ့ အခြေအနေကို ရောက်သွားတတ်ပါတယ်။

တချို့က ဒီမိုကရေစီ စနစ်ဟာ ပူညံပူညံ၊ ဗရုသုက္ခ၊ အစီအစဉ်မကျ၊ ဖရိုဖရဲ ဆန်လွန်းတယ်လို့ ထင်ပါလိမ့်မယ်။ တကယ်ကျတော့ ဒါဟာပဲ ဒီမိုကရေစီစနစ်အတွက် အသက်ရှည်ဆေး ဖြစ်ပါတယ်။ အမြဲတမ်း နှိုးကြား၊ သစ်လွင်၊ ရှင်သန်နေစေပါတယ်။ ပြဿနာ ဖြေရှင်းနိုင်စွမ်း ပိုကောင်းလာပါတယ်။ ခံနိုင်ရည် အင်အားကို ပို တိုးစေပါတယ်။ အစိုးရကို ဝေဖန်တဲ့ မီဒီယာ၊ အတိုက်အခံ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ အောက်ခြေပါတီတွေရဲ့ ဖိအား၊ လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ စတဲ့ အိုးထိန်းသည်ရဲ့ လက်တွေဟာ ဒီမိုကရေစီဆိုတဲ့ မြေအိုးကို နာနာထုပါလိမ့်မယ်။ ဒီမိုကရေစီဆိုတဲ့ မြေအိုးကို မာစေဖို့၊ အကြမ်းခံနိုင်စေဖို့ဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။

အာဏာရှင်စနစ်ကျတော့ ဒီလို ပုံမှန် ဝေဖန်မှုတွေ၊ အားစမ်းမှုတွေကို လက်မခံပါဘူး။ ဝေဖန်သံတွေကို နားပိတ်ထား၊ မကြားချင်ယောင်ဆောင်နေ၊ ပိုဆိုးတဲ့ အာဏာရှင်က ဝေဖန်သူတွေကို အပြတ်ရှင်းပစ်လိုက်တဲ့အတွက် စစ်မှန်တဲ့ အတိုက်အခံ ဆိုတာ မရှိတော့ပါဘူး။ စနစ် အတွင်းမှာလည်း မှန်ပါ့ဘုရား လူတန်းစားလောက်ပဲ လူရာဝင်တဲ့အတွက် ထွက်ပြီးသား ဆင်ဆွယ် ပြန်ဝင်ရိုး ထုံးစံ မရှိသလိုပဲ၊ အာဏာရှင်ရဲ့ နှုတ်က ထွက်သမျှအမိန့်အားလုံးဟာ အတည်ဖြစ်သွားတော့တာပါပဲ။ ရေဘူး​ပေါက်တာ မလိုချင်ဘူး၊ ရေပါလာတာပဲ လိုချင်တယ်ဆိုတဲ့ တစ်ယူသန်၊ တစ်ဖက်ပိတ်၊ တစ်လမ်းမောင်းတွေ ဖြစ်လာပါတယ်။

တကယ်ကျတော့ ဒီမိုကရေစီစနစ်အတွင်းမှာလည်း အာဏာရှင်စနစ်ဟာ ဝင်ကစွပ် လုပ်ချင်လုပ်နိုင်ပါတယ်။ မိုဒီရဲ့ အိန္ဒိယ၊ ဟူဆန်ရဲ့ ကမ္ဘောဒီယား နိုင်ငံ၊ ဒူတာတေးရဲ့ ဖိလစ်ပိုင်နဲ့ အာဖရိက နိုင်ငံတချို့ဟာ နမူနာ ကောင်းတွေပါပဲ။ ဒီနိုင်ငံတွေမှာ အတိုက်အခံကို ဖိနှိပ်၊ မီဒီယာတွေရဲ့အသံကို နားမထောင်ပါဘူး။ စိတ်မလိုမကျရင် ထောင်ချပါတယ်။ စစ်အစိုးရခေတ်က မြန်မာပြည်လိုပဲ တရားရုံးတွေဟာ အစိုးရခိုင်းဖက် ဖြစ်လာပါတယ်။ အမေရိကန် ပြည်ထောင်စုမှာလည်း သမ္မတ ဒေါ်နယ်ထရမ့် တက်လာပြီးတဲ့နောက် ဒီမိုကရေစီ မေးခွန်းတွေ အများကြီး ရှိလာပါတယ်။

မြန်မာပြည်မှာ ရွေးကောက်ပွဲ ကာလ ပြဿနာတွေ များလှပါတယ်။ ကိုဗစ် ၁၉ နဲ့ တိုက်ဆိုင်နေလို့ စိတ်ပျက်စရာတွေများလှတယ်။ ဒီမိုကရေစီ ပြဿနာတွေနဲ့ အသားမကျသေးတဲ့အတွက် မတူတဲ့အမြင်ကို သည်းမခံချင်ဘဲ၊ ကက်ကက်လန်အောင် ရန်တွေ့ကြပါတယ်။ တနည်းအားဖြင့် ဒီမိုကရေစီဟာ စိတ်ပျက်စရာလိုမျိုး ဖြစ်လာပါတယ်။

ဒီမိုကရေစီစနစ်ဟာ ခြောက်ပြစ်ကင်း မဟုတ်ပေမယ့် ကိုယ့်ဒဏ်ရာတွေကို လျှာနဲ့ပြန်သပ် ကုစားနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါကြောင့် ဘယ်အခြေအနေမှာ ဖြစ်ဖြစ် ဒီမိုကရေစီ အင်စတီကျူးရှင်းတွေကို ဆက်လက်ကာကွယ်ထားဖို့ လိုပါတယ်။ ဆိုလိုတာက လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ၊ စစ်မှန်တဲ့ အတိုက်အခံ၊ လွတ်လပ်တဲ့ တရားရုံးတို့ကို ကာကွယ်ထားရပါမယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊  သဘောကွဲလွဲခွင့်၊ လွတ်လပ်တဲ့ မီဒီယာ တို့ ဆက်လက်ရှင်သန်နေဖို့ လိုပါတယ်။ 

ဆိုလိုရင်းကတော့ ဒီမိုကရေစီစနစ်ကို စိန်ခေါ်နေတဲ့ အရာတွေက ဒီမိုကရေစီကို အစဉ်မပြတ််စိန်ခေါ်နေဖို့ လိုအပ်ပါတယ်။ ဒီလို မပြတ် ဖိအားပေး၊ ပွတ်တိုက်လေလေ ဒီမိုကရေစီဟာ အရည်အသွေး ပိုမို တောက်ပြောင်လာလေလေပါပဲ။ အချိန်တန်ရင် ဒီမိုကရေစီဟာ သူ့ဝေဒနာကို သူပြန်ကုစားပြီး လက်ရှိ  စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီထက် ပိုပြီးကျန်းမာသန်းစွမ်း၊ ပြည်သူကို ပိုပြီး အကျိုးဖြစ်ထွန်းစေနိုင်တဲ့ ဒီမိုကရေစီစနစ်တရပ်ကို ဖန်တီးပေးပါလိမ့်မယ်။

https://www.facebook.com/photo?fbid=1127641984319555&set=a.199697357114027 - မှ ယူပါသည်။