Breaking News

လင်းထင် - ကျနော်စာရူးတုန်းကအကြောင်း

လင်းထင်
 ကျနော်စာရူးတုန်းကအကြောင်း  

လင်းထင်

(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၂၀

ကျနော်စာရူးတုန်းကအကြောင်း တဆိတ်ပြောချင်လို့ပါဗျ၊ ဆရာနတ်နွယ်က စာရေးဆရာလုပ်တော့မယ်လို့ရည်ရွယ်ပြီး ဘယ်နေရာဖြစ်ဖြစ် ကြုံရာနေရာမှာစာရေးမယ်လို့ဆုံးဖြတ်ပြီးတဲ့နောက် ဘူတာပလက်ဖောင်းမှာလည်း ရေးတာပဲတဲ့ဗျ၊ ဒါလောက်ရူးသွပ်မှလဲ စာရေးဆရာဖြစ်ဖို့က အနေတော်လောက် ကျသကိုးဗျ၊ ကိုယ့်ရှေ့က ကိုယ့်ထက်တဝါကြီးသူ တတန်းကြီး၊ သူတို့ကလည်း.. ကောင်လေး ရေးနိုင်တုန်းရေးရေးနိုင်မှ ကိုယ့်တွက်ကျန်တာ ရေး၊ အားပေးကြတာပြောပါတယ်၊ ဘယ်သူတော့ အရင်ကသိပ်ကောင်းတာပဲ၊ အခုသူဌေးဖြစ်သွားလို့လား မသိဘူး၊ မရေးဘူး၊ မရေးနိုင်တဲ့အကြောင်းတွေရှိရင်လည်း ရှိမှာပေါ့လေ။

ကျနော်စာရူးတုန်းက နေ့မအိပ်ညမအိပ်ရေးတာ ကြောင်တောင်တောင်ဖြစ်ဖူးတယ်၊ အတွေးကလည်းလွန်တော့ ဘာလုပ်လုပ် ထိခိုက်ဒဏ်ရာတခုခု အမြဲရတယ်၊ ဒါလည်းမဖြစ်ပါဘူး၊ အသုံးမကျတာတွေ ထင်းရှူးပုံး နှစ်ပုံးလောက်ရမှ ဝတ္ထုလေးတွေ စပါတာ၊ ရှုမဝလောက်မှာပါတော့ ဂျွန်းထိုးချင်အောင်ပျော်တာ တကယ်၊ ဝင်းဦးရှိတုန်းကတည်းက စန္ဒာမဂ္ဂဇင်းမှာသိပ်ရေးချင်တာ အဆင့်မမှီခဲ့ဘူး၊ အဲဒီနောက်တော့ တော်တော်လေးရေးဖြစ်တာရှိတယ်၊ ဗဖူးနှင်းဆီ(ပန်းအလင်္ကာ)' ဩရသ(ချယ်ရီ)'သီဟနောင်ရိုး (သောင်းပြောင်းထွေလာ)' သတင်းဆောင်းပါးတွေရော 'ထမင်းစားဖို့ရော အိမ်ငှားဖို့ရော ရေးခဲ့တာဆိုရင် တချို့ယုံမှာမဟုတ်ဘူး၊ နိုင်ငံရေးဘက်လည်း အားသန်တော့ကာ ဝေဖန်ချက်သုံးသပ်ချက်လေးတွေ ရေးဖြစ်ပြန်တယ်၊ အားပေးကြသူတွေ ကျေးဇူ းတင်တယ်။

သိတဲ့အတိုင်း မြန်မာစာရေးဆရာတွေ စိတ်ကလေးနဲ့မာန်ကလေးနဲ့ ရေးနေကြလို့သာရေးဖြစ်တာ စီးပွားဖြစ်တာမှတ်လို့၊ ကိုမြင့်ဦးဦးမြင့် ၈၀ ကာလတွေကတွဲဖြစ်တာ အကယ်ဒမီဇာတ်ညွှန်းရေးဆရာဖြစ်လို့ တင့်တယ်အောင်နေနိုင်တာ ဝမ်းသာတယ်၊ ကိုမောင်မောက် ခပ်စောစောပဲဆုံးသွားတယ်၊ ရွှေမြင်သာဂျာနယ်လေးနဲ့ စာအုပ်လေးတွေနဲ့ အရိုးထုတ်သွားရတယ်၊ အဲဒီတုန်းက အုပ်စုတုန်းကပဲ ရေးဖေါ်တယောက် ကဗျာလေးဝတ္ထုလေးရေးတယ်၊ အနေ အထိုင်ရှိုးကျတယ်၊ လည်ကတုံးနဲ့တိုက်ပုံနဲ့ အော်ဖစ်ဆာရှိုးနဲ့နေတာ။ အိမ်ထောင်ကျပြီးတော့ ကလေးက ပိုလီယို မသန်မစွမ်းရောဂါပေါင်းစုံနဲ့ သူ့တဘဝလုံးနစ်သွားတယ်၊ ကံကြမ္မာပဲ။ နောက်မန္တလေးပြောင်းသွားတယ်၊ ဆုံတုန်း အတူသောက်ဖြစ်ကြတော့ သူငယ်ချင်း၊ မင်းငါ့ကို ဂန္ဘီရဝတ္ထုအပ်မလား ငါရေးမယ်၊ စုံထောက်ဝတ္ထုအပ်မလား ငါရေးမယ်၊ ဘဝဆိုတာတွေ ပြောမနေနဲ့၊ ကျနော်ကလည်း မပြောပါဘူး၊ ခေတ်က အဲသလိုခေတ်ကိုး၊ နောက်တယောက်ပြောဦးမယ်၊ ဆရာမောင်ပြည့်လင်းတဲ့ ဆုံးသွားရှာပါပြီ၊ နာမည် ကြီးဟာသစာရေးဆရာကြီးတယောက်က သူထုတ်ပေးမယ်ဆိုပြီး လုံးချင်းတွေရေးခိုင်းတယ်၊ နောက်တော့ ဆရာ့နာမည်နဲ့ထုတ်ရင်ရှုံးမှာဆိုပြီး သူထုတ်ပစ်လိုက်တယ်၊ ရှဲဒိုးကို ဖြစ်သွားတယ်၊ ဒီမှာ ခံယူချက်ယုံကြည်ချက် အလေးအပေါ့ အများကြီးကွာတာတွေရှိတယ်ဆိုတာ အထူးပြောစရာတောင်လိုမယ်မထင်ဘူး၊၊

ယုံကြည်ချက် ခံယူချက်အလေးအပေါ့တွေပြောပြန်တော့ ကိုယ်ကဘာလဲ ကိုယ့်ဝန်းကျင်ကဘာလဲ ဆန်းစစ်ဖို့လိုပြန်တယ်၊ ခက်တာက ကိုယ်ကခေတ် ဆိုးကြီးကိုဖြတ်လာရသူပဲ၊ ကိုယ့်ဝန်းကျင်ကသူတွေ အဲသလိုလူတွေပဲ၊ ကိုယ်ကျိုးမရှာတတ် လိပ်ဥမတူးတတ်၊ မန္တလေးက အုန်းမြင့်လှိုင်တို့ ရန်ကုန်ကမြင့်ဦးသစ်တို့ထည့်ပြောရင် ရေးချင်တာပဲရေးတယ်၊ ကျူရှင်သင်တယ်၊ ပညာလည်းဖြန့်သလိုဖြစ်ချင်တိုင်းဖြစ်နေတဲ့နိုင်ငံအတွက် နိုင်ငံရေးအတွေးအခေါ်လည်းဖြန့်တယ်၊ မန္တလေးမှာ လေးစားရသူ တဝါကြီးသူ တတန်းကြီးသူတွေရှိတယ် လူကြီးတွေမပြောဘူး၊ ဆရာညီစေမင်းလောက်က စပြောရင် အုန်းမြင့်လှိုင်၊ ကိုမှိုင်းလွင်၊ နေဦးဝေ၊ မစိမ်းပင်လောက်ထိပြောမယ် ရလား၊ ဒီမှာ လားရာတွေ မှန်းလို့ရတယ်၊ ကလောင်ရာဇဝင်လို့ ပြောချင်လည်းပြော၊ဝတ္ထုကောင်းသူတွေအများကြီးရှိတယ်၊ အက်ဆေးကောင်းသူတွေအများကြီးရှိတယ်၊ ဝတ္ထုအက်ဆေးကလွဲရင် ဘာမှမကောင်းသူတွေလည်းရှိတယ်၊ သဘောပြောတာ။ အဲသလောက်ကောင်းရင်ကို ကျေနပ်ပါပြီ။

တချို့လည်း တခုကောင်း အဲဒီတခုကောင်းနဲ့ ရင်ဘတ်ကြီးကော့ပြတော့လည်း ကြည့်ရခက်တယ်၊ အဲဒါကလွဲရင်လည်း ဘာမှမကောင်းပြန်ဘူး၊ စာပေပေါ်မှာကော တကယ်ပြောရင် ရပ်တည်ချက်ရှိလား၊ ကြုံရာကျပန်းလောက်ပဲလား၊ ရန်ကုန်က ဘောက်သမားတွေထဲမှာ ခင်ဗျားကစာရေးဆရာလုပ်မှာလား နိုင်ငံရေးသမားလုပ်မှာလား ပေါ်တင်အမေးခံရဘူးတယ်၊ ကျနော်ကလည်း မင်းတို့လောက်ကို ငါကလည်း စာရေးဆရာမမှတ်ပါဘူးလို့ ပြောခဲ့တယ်၊ လာသေးတယ် စာရေးဆရာထဲမှာ နိုင်ငံရေးစကားပြောရင် သစ္စာဖေါက်တဲ့၊ ရီဖို့တောင် ဘယ်ကစရီရမှန်းမသိလို့ မှင်သက်မိသွားတယ်၊ ရပ်တည်ချက်ကို ပေါ့ပေါ့မထင်နဲ့ ခဗျားလုပ်ရပ်ထဲမှာ ရပ်တည်ချက်တချက်ကလေး ပျက်သွားလို့မရဘူး၊ ခေတ်က အယူအဆတွေက အထူးထူးအထွေထွေဖြစ်လွန်းတော့ ရပ် တည်ချက်ကိုပဲ အဓိကယူရတာ၊ နဝတကတော့မဆိုးပါဘူး၊ လမ်းတွေဖေါက်သားပဲ၊ အာဏာရှင်လို့ မမြင်တော့အောင် လုပ်ပေးလိုက်တာ သူ့ကိုယ်သူမသိဘူး၊ တရားစီရင်ရေးလည်း ကောင်းပါတယ်၊ အမိန့်တွေအပေါ်ကကျတာမဟုတ်ဘူးလို့ ကာကွယ်ပေးလိုက်တာ သူ့ကိုယ်သူမသိဘူး၊ ရသမြောက်ရင်ပြီးတာပါပဲဗျာ၊ ဖိနှိပ်တဲ့ယန္တယားကြီးဘက်ကနေ ကာကွယ်ပေးနေတာ သူ့ကိုယ်သူမသိဘူး၊ စာ‌ရေးဆရာလည်းဆို‌သေးရဲ့၊ လူထုကိုမျက်စိဖွင့်မပေးဘဲ မျက်စိပိတ်ပေးသူဖြစ်နေပါရောလား။

စာပေဆိုတာလည်း လူထုနဲ့မသက်ဆိုင်တဲ့အရာမဟုတ်သလို နိုင်ငံရေးဆိုတာလည်း လူထုနဲ့မသက်ဆိုင်တဲ့အရာမဟုတ်ဘူး၊ တခုတည်းလို့မမြင်နိုင်သေးရင် လူထုအမြင်နဲ့ကြည့်လိုက်၊ ထပ်ပြောရင် ရပ်တည်ချက်ဆိုတာ လက် တွေ့ဘယ်သူ့ဘက်က ရပ်တည်ဆောင်ရွက်ပေးသလဲကိုကြည့်တာ။ ဒီကိစ္စလေးမှာ ဗိုလ်ခင်ညွန့်မှန်လို့ ထောက်ခံလိုက်တာ၊ ခင်ဗျား ဗိုလ်ခင်ညွန်မှန်တယ်လို့ ရင်ထဲမှာလူမသိသူမသိထောက်ခံတာလောက်ဆို အရေးမကြီးဘူး၊ ထုတ်‌ဖေါ်ပြောဆိုတယ် ထုတ်ဖေါ်ရေးသားတယ် ကာယကံမြောက်လုပ်ကိုင်ရပ်တည်ပေးတယ်ဆိုရင် ခင်ဗျားရပ်တည်ချက်က သေအထိပါသွားပြီမှတ်ပေတော့ ဘယ်သူမှဘာမှမတတ်နိင်၊ ဟာ အစိုးရက ရွေး ကောက်ပွဲ လုပ်ပေးမယ်ပြောသားပဲ လူထုကမဟုတ်တာ၊ ၂၀၀၈ ခြေဥကမဆိုးပါဘူး၊ လူတွေကဆန္ဒစောနေတာ...၊ စကားတခွန်းစာတကြောင်းက ပက်လက်လန်သွားမှာ၊ ကလျာမဂ္ဂဇင်းမှာအယ်ဒီတာလုပ်စဉ်က ကဗျာဆရာတယောက်ကို မဂ္ဂဇင်းနှစ်ပတ်လည်အတွက် မှတ်ချက်လေးတောင်းတော့ 'ကဗျာမှာ ဘာတာဝန်မှမရှိ ကဗျာဆရာက ဘာမှတာဝန်မယူ'တဲ့၊ အုပ်ထဲ့လိုက်ရင် မြောက်သွားမှာ၊ သူ့မှာလည်း အမဲစက်ကြီး တသက်လုံးစွဲသွားမှာ၊ ဒါမျိုး ဘယ်သူ့မှလုပ်ချင်ခဲ့ဘူး၊ စာကူးဆရာတယောက်ရဲ့ ဆောင်းပါးက သူများဆောင်းပါးကို ယူထားတာ စာခိုးမှုပေါ်ပေါက်လာတော့ တဘက်က အတော်နစ်နာစရာဖြစ်တယ်၊ မဂ္ဂဇင်းကလည်း ကိုယ့်ကိုစာမူတောင်းနေပြီ၊ တွယ်လိုက်ရင် အကွက်ကောင်းပေါ့၊ သူ့သမီး‌လေးက အတင်းလက်ဘက်ရည်တိုက်၊ သားသမီးချင်းကိုယ်ချင်းစာလို့ လက်ဘက်ရည်တောင်မသောက်ခဲ့ဘူး၊ ဒါမျိုးလည်းမလုပ်ချင်ခဲ့ဘူး။

မိတ်သင်္ဂဟထဲမှာ စာရေးဆရာနဲ့ကဗျာဆရာ၊ နိုင်ငံရေးသမားရော၊ နိုင်ငံရေးသမား ကဗျာဆရာ စာရေးဆရာရော အများကြီးရှိပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ရင် ကလောင်တန် ချက်ချင်းချ၊ သေနတ်ကိုင်ရမလားဆိုသူတွေလည်း အများကြီးရှိပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ ရှေ့နေ၊ တရားသူကြီးတွေလည်း ပါကြတယ်။ အဲဒီထဲမှာ တောခိုသွားသူလည်းရှိ၊ ထောင်ကျဖူးသူလည်းရှိ၊ ထောင်မကျဘူးသူလည်း ရှိကြတာပါ။ နောက်ပြောင်ကြတဲ့အခါတော့ " သူထောင်ကျတာ သုံးခါ အနေအထိုင်မတတ်လို့ထောင်ကျတာက နှစ်ခါ" စသဖြင့် ပြောတတ်တာရှိသော်လည်းပဲ တကယ်တန်းအသိအမှတ်မပြုလို့ မရပါဘူး၊ ထောင်ထဲမှာပဲ သေတာ၊ ကိုယ်အင်္ဂါချို့ယွင်းတာ၊ ဘဝပျက်ကြတာ အများကြီးပါ။ ထောင်ကျဖူး ထောင်ကျထဲမှာ ဖောက်ပြန်၊ အမြန်လွတ်လာပြီး နောက်လူတွေကိုပိုဆိုးအောင် ထွက်ဆိုဒုက္ခပေးခဲ့သူလည်း ရှိသလို၊ လုပ်ရပ်ကို ကျကျနနလုပ်ဆောင်၊ ထောင်လည်းကျ၊ ဘယ်သူ့မှလည်း လွှဲမချ၊ အားလုံးတာဝန်ခံပြီး သူ့တယောက်တည်းကျခံသွားတဲ့ လေစားဆရာ ပုဂ္ဂိုလ်တွေလည်း ထောင်ထွက်ထဲမှာ အများကြီးရှိပါတယ်။ ထောင်မကျဘူးပဲနဲ့ မြေအောက်လုပ်ငန်းတွေ အသေအချာလုပ်ကိုင်နိုင်တဲ့ ကိုယ့်ထက်ငယ်တဲ့သူထဲမှာကို ရှိပါတယ်။ ပြည်သူလူထုအတွက် အသက်စွန့်သွားတဲ့ လူငယ်ရဲဘော်တွေထဲလည်း ရှိပါတယ်။

အခြေအနေအကြောင်းအမျိုးမျိုးထဲမှာာ ထောင်ကျသူလည်းရှိ မကျသူလည်းရှိ၊ ကောင်းခြင်းဆိုးခြင်းကို ကျခြင်းမကျခြင်းနဲ့ည်း တွဲဆက်ထားတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ရန်ကုန်က ဂျာနယ်အယ်ဒီတာချုပ်ကြီးဆို အရင်ခေတ်က တလျှောက်လုံး စစ်အစိုးရဘက်သားပါ။ ရွှေဝါရောင်တော်လှန်ရေးတုန်းက တရားဟောတဲ့ဘုန်းကြီတွေ လူပုဂ္ဂိုလ်အဖမ်းခံရအောင် တမင်ပုံကြီးကြီးနဲ့ထည့်တာပါ။ ဆန္ဒပြတဲ့လူအုပ်က သူ့ဂျာနယ်ပိုင်ကားကို ခဲနဲ့ထုမလို့လိုက် သူက ပြေး၊ အခုတော့ အမေ့သားဖြစ်နေပါပြီ။      

နိုင်ငံရေးသဘောကို စာပေသဘောနဲ့တွဲဆက်ထားတော့ မျက်စိနောက်သူလည်း ရှိမှာသိပါတယ်ဗျ၊ စာရေးအားကောင်းတဲ့အခါ အားကြိုးမာန်တက်ရေးဗျ၊ ဘဝအခြေအနေအကြောင်းကြောင့် မရေးနိုင် မရေးအားတာတွေလည်း ရှိတတ်တယ်ဆိုတော့ကာ ရေးနိုင်ရင်ကောင်းပါတယ်၊ ဘာကိုရေးကြမလဲ ပြည်သူ လူထုအတွက်လည်း အာရုံထားပြီးရေးကြပါဗျ၊ မရေးနိုင်တဲ့အကြောင်းအမျိုးမျိုးထဲမှာ ထောင်ကျတာလဲ ဖြစ်နိုင်တာပဲလို့ တွေးထားပါဗျ၊ လူထုဦးလှ၊ ဒေါ်အမာ၊ သခင်မြသန်း၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်... တို့ဆို ရေးလို့ကောင်းတုန်းဆို လာဖမ်းပြန်ရော၊ နိုင်ငံက အာဏာရှင်ရှိနေတုန်း ဒီမိုကရေစီ ဓါးပြတိုက်မှုရှိနေတုန်း ဂျာနယ်တွေလည်း တရားစွဲခံနေကြရတုန်းမှာ စာပေသမားဟာ နိုင်ငံရေးသမားလည်းဖြစ်နေရဦးမှာပါ၊၊ အဲဒါတွေ အိုကေပြီဆိုရင် ကျနော်လည်း ဆွစ်ဇာလန်၊ အင်္ဂလန်တို့က စာရေးဆရာတွေလို စာပေသန့်သန့် အဖြူရောင်စာရေးဆရာဖြစ်ချင်ပါသဗျ။

-စာရေးသူ၏ဖေ့ဘုတ်စာမျက်နှာမှ ခွင့်ပြုချက်တောင်း၍ ဖော်ပြပါသည်။ 

မိုးမခ