Breaking News

စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ)၊ အခန်း (၁၉) လာအိုရှိ တရုတ်ဖြူ အကြွင်းအကျန်တွေကို ဖယ်ရှားခြင်း

စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ)

အခန်း (၁၉) လာအိုရှိ တရုတ်ဖြူ အကြွင်းအကျန်တွေကို ဖယ်ရှားခြင်း
အောက်တိုဘာ ၈၊ ၂၀၂၁

လျိုယွမ်လင်နဲ့ အမြဲတမ်းတပ်ဖွဲ့ဝင်တွေ အများစု ပြောင်းရွှေ့ထွက်ခွာသွားကြပေမယ့် ယူနန် အပျော်တမ်း တပ်တော်က အမြဲတမ်းမဟုတ်တဲ့ တပ်ဖွဲ့ဝင် အတော်များများဟာ ထိုင်ဝမ်းကို လိုက်သွားလိုစိတ် သိပ်မရှိကြပါဘူး။ ထိုင်ဝမ်းဟာ သူတို့အတွက် တစိမ်းတရံနယ်မြေဖြစ်ပြီး သူတို့အနာဂတ် အတွက်လည်း သေချာရေရာမှု မရှိပါဘူး။ တချို့က တပ်ကထွက်ပြေးကြတယ်။ တချို့ကလည်း တရားဝင် ကောင်းရောင်း ကောင်းဝယ် လုပ်စားကြတယ်။ တချို့ကလည်း ဓားပြတွေ၊ မှောင်ခိုသမားတွေ ဖြစ်ကုန်တယ်။ တချို့ကလည်း ဖူမိ နိုဆဗန်ရဲ့ တပ်မှာ ကြေးစားစစ်သားအဖြစ် ဝင်လုပ်ကြတယ်။ ၁၉၆၁ အစောပိုင်းမှာ ဖူမိ က လာအိုဘုရင့်တပ်မတော်အတွက် ခြေလျင်တပ်ရင်း အသစ်တွေဖွဲ့ပါတယ်။ အမြဲတမ်း တပ်ရင်း လေးရင်းနဲ့ အင်အား ၄၂၀ စီပါတဲ့ အထူးတပ်ရင်း ခြောက်ရင်း ဖွဲ့ပါတယ်။ အဓိကကတော့ ကျောက်အိုးလွင်ပြင်က ကွန်မြူနစ်တပ်တွေကို တိုက်ခိုက်ဖို့အတွက် ဖြစ်ပါတယ်။ ယူနန်ပျော်တမ်းတပ်တော်က အသုံးပြုခဲ့တဲ့ လက်နက် အစုလိုက် အပြုံလိုက်ကြီးကို သူ့ရဲ့ “အထူး” တပ်ရင်းတွေမှာ တပ်ဆင်ဖို့အတွက် ထားခဲ့ဖို့ ထိုင်ပေကို ဖူမိ က တိုက်တွန်းပါတယ်။ အမေရိကန် သံရုံးရဲ့ အစီအစဉ်အကဲဖြတ်ရေးရုံး (ပီအီးအေ) လို့ခေါ်တဲ့ ကာကွယ်ရေးဌာန စစ်ရေးအကူအညီပေးရေးအဖွဲ့1 က လာအိုလူမျိုးတွေနဲ့ ဖွဲ့စည်းမယ့် လာအိုဘုရင့်တပ်မတော် အမြဲတမ်းတပ်ရင်း လေးရင်း အတွက် ထောက်ပံ့ကူညီဖို့ သဘောတူလိုက်ပါတယ်။ လူနည်းစု လူမျိုးတွေ ဆိုပေမယ့် လျိုယွမ်လင်ရဲ့တပ်က လူတွေ အများစုနဲ့ ဖွဲ့စည်းမယ့်တပ်တွေ အတွက်တော့ ထောက်ပံ့ပေးဖို့ ငြင်းလိုက်တယ်။ ဖူမိ က တောင်းတောင်းပန်ပန်လုပ်လို့ အမေရိကန် ပစိဖိတ် စစ်ဒေသ ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ဟယ်ရီ ဒီ ဖက် က အဲဒီတပ်ရင်းတွေကိုပါ ကူညီထောက်ပံ့ပေးဖို့ သဘောတူလိုက်ပါတယ်။

လာအိုဘုရင့်တပ်မတော် စစ်သားစုဆောင်းရေး အခြေခံအလုပ်တွေ ချမှတ်ခဲ့အခါ လာအိုမှာ တရုတ်ဖြူ တပ်သား ၁,၂၀၀ ပဲရှိပြီး အများစုက ထွက်ခွာဖို့ ငြင်းဆန်နေမယ့် အနေအထားမှာ ရှိတယ်လို့ ဖူမိနဲ့ ဝိန်းကျန်က တရုတ်ဖြူ ကောင်စစ်ဝန်က အမေရိကန်တွေကို ပြောပါတယ်။ အမှန်တော့ လာအိုမှာ လျိုယွမ်လင်ရဲ့ တပ်သားဟောင်းတွေ ဒီထက် လေးဆရှိတယ်ဆိုတာ  ဖူမိရော၊ အမေရိကန်တွေရော သိကြပါတယ်။ တကယ်လို့ ဖူမိ က ပြောတဲ့ လူအရေအတွက်တွေ အကုန်လုံး ထွက်သွားတယ် ဆိုထားဦး ဖူမိမှာ တခြား အင်အား ၃,၆၀၀ ကို အသုံးချနိုင်မယ့် အခွင့်အလမ်း ရှိပါသေးတယ်။ ၁၉၅၃−၅၄ တုန်းကလိုပါပဲ ထိုင်ပေက သူ့တပ်တွေကို အပြည့်အဝ မထိန်းချုပ်နိုင်တာမို့လို့ လာအိုမှာရှိနေတဲ့ တပ်တွေနဲ့ ပတ်သက်ပြီး ထိုင်ပေက ခေါင်းရှောင်နေပါပြီ။ ဖူမိ ပါးစပ်က တရုတ်ဖြူ အကြွင်းအကျန်တွေ အကုန်လုံး လာအိုက ထွက်သွားဖို့ တောင်းဆိုပေမယ့် အတော်များများက တပ်က ထွက်ပြေးသွားကြပြီလို့ စာရင်းထွက် ပါတယ်။ တကယ်တော့ ရှာမတွေ့တော့ဘူး ဆိုတော့ တရုတ်ဖြူ စစ်သားတွေ ရာနဲ့ချီကို သူ့လက်အောက်က အရာရှိတွေက တိုးတိုးတိတ်တိတ် စုဆောင်းထားပြီး ဖြစ်ပါတယ်။ သူ့ ဖူမိ က တပ်တွေ ထွက်ခွာသွားအောင် တွန်းအားပေးနေပါကြောင်း ဘရောင်းကို အာမခံပါတယ်။ အဲဒီအတောတွင်း ဖူမိ က သူ့ရဲ့ “အထူးတပ်ရင်းတွေ” အတွက် စစ်သားစုဆောင်းနိုင်ဖို့ အတွက် တပ်ပြောင်းရွှေ့ထွက်ခွာရေးကို ခပ်နှေးနှေးသာ ဆောင်ရွက်ဖို့ တောင်းပန်ပါတယ်။

ဝိန်းကျန်က တရုတ်ဖြူတွေကို စစ်သားအဖြစ် စုဆောင်းခြင်း

၁၉၆၁ ဧပရယ် လအကုန်မှာ ပထိတ်လာအိုအဖွဲ့နဲ့ ကြားနေဝါဒီ ကောင်လယ်ရဲ့ တပ်ဖွဲ့တွေက စစ်မြေပြင်မှာ အတော်လေး အောင်မြင်လာကြလို့ ဖူမိလည်း အတော်လေး စိတ်ဓာတ်ကျလာပါတယ်။ သူဦးစီးတဲ့ လာအိုဘုရင့်တပ်မတော်မှာ အရန်တပ်အင်အားတွေ မရှိသလောက် ဖြစ်နေတာကြောင့် အမေရိကန်နဲ့ ဆီးတိုးအဖွဲ့က စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့သာ မျှော်လင့်နေပါတော့တယ်။ လုံဖရာ့ပန်းက ဘုရင့်နန်းတော်အတွင်း၊ ဝိန်းကျန်က အမျိုးသားလွှတ်တော်နဲ့ တပ်မတော်အတွင်းက အင်အားစုတွေက ဘွန်းအွန်း ဦးစီးတဲ့ အစိုးရအဖွဲ့ကို ကျေနပ်အားရခြင်း မရှိကြတော့ပါဘူး။ ဆူဗန်န ဖူမ ဦးစီးတဲ့ ကြားနေ ညွန့်ပေါင်းအစိုးရက လာအိုနိုင်ငံ တစစီပြိုကွဲသွားနိုင်တဲ့ အလားအလာကို ထိန်းချုပ်နိုင်မယ်လို့ အတော်များများက ထင်မြင်ကြတယ်။

မတ်လအတွင်းမှာ ဖူမိ နဲ့ ဆူဗန်န တို့အကြား ညှိနှိုင်းဆွေးနွေးမှုတွေ စတင်ပါတယ်။ မေ ၃ ရက်မှာ ပြီးဆုံးသွားပြီး အပစ်အခတ်ရပ်စဲလိုက်ကြပါတယ်။ ၁၉၅၄ ပြင်သစ်တွေ ဆုတ်ခွာသွားတဲ့ အချိန်ကတည်းက ဖွဲ့စည်းထားခဲ့ပြီး အသုံးမဝင်လှတဲ့ နိုင်ငံတကာထိန်းချုပ်ရေးကော်မရှင်က အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ပေးဖို့ ဖြစ်လာတယ်။

အပစ်အခတ်ရပ်စဲရေး တကယ်ဖြစ်လာခဲ့ပြီး မေ ၁၂ ရက်မှာ လာအိုနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာ ကွန်ဖရင့်ကြီးကို ဂျနီဗာမြို့မှာ စတင်ကျင်းပခဲ့တယ်။ နိုင်ငံပေါင်း ၁၄ နိုင်ငံက တက်ရောက်ကြတယ်။ လာအိုနိုင်ငံ အနာဂတ်အတွက် ဈေးဆစ်နေကြတာနဲ့ ကွန်ဖရင့် တနှစ်လောက်ကြာသွားတယ်။ ဂျနီဗာမှာ ရောက်နေတဲ့ ကွန်မြူနစ် ကိုယ်စားလှယ်တွေက တရုတ်ဖြူ အကြွင်းအကျန်တွေကို “နိုင်ငံခြားတပ်ဖွဲ့တွေ” ဖြစ်တယ်လို့ ထောက်ပြသွားပြီး လာအိုကို ရောက်နေတဲ့ ဗီယက်နမ် စစ်သားတွေကိုလည်း သူတို့နဲ့ တတန်းတည်းထားဖို့ ဆိုပါတယ်။ တရုတ်ဖြူ စစ်သားတွေ လာအိုမှာ နေခွင့်ရှိရင် ဗီယက်နမ် စစ်သားတွေလည်း နေခွင့်ရှိရမယ်လို့ ဆိုလိုတာပါ။ တရုတ်ဖြူစစ်သားတွေဟာ ထိုင်ပေရဲ့ အမိန့်ကို လိုက်နာပြီး ထွက်နေဆဲဖြစ်တဲ့အကြောင်း၊ ဝိန်းကျန်ကိုလည်း တရုတ်ဖြူတွေနဲ့ မပတ်သက်ဖို့ ဖိအားပေးထားကြောင်း ပြောပြပြီး တရုတ်ဖြူတွေနဲ့ ဗီယက်နမ် တပ်တွေကို တန်းညှိဖို့ ငြင်းပါတယ်။

အဲဒီအတောအတွင်း တရုတ်ဖြူတပ်တွေဟာ မဲခေါင်မြစ်ကမ်း တလျှောက် ရွှေ့ချင်သလို ရွှေ့နေကြလို့ လာအိုထဲမှာ ကျန်ရှိနေတဲ့ တရုတ်ဖြူ စစ်သား အရေအတွက်နဲ့ ဘယ်နေရာမှာ ရှိနေကြသလဲဆိုတာ အသေအချာ မသိကြပါဘူး။ သူတို့ရဲ့ မူရင်းစခန်းကနေ အလောတကြီး ပြောင်းရွှေ့ထွက်ခွာရခြင်း၊ တပ်တွေကို အစုစုခွဲလိုက်ကြခြင်း၊ ဆက်သွယ်ရေးစနစ် မကောင်းခြင်း၊ ဒေသအတွင်း အခြေအနေတွေ ပြောင်းလဲခြင်းတို့ကြောင့် တရုတ်ဖြူတပ်သားတွေရဲ့ အရေအတွက် အတိအကျ၊ သူတို့ရဲ့ လက်နက်နဲ့ တည်နေရာတွေကို ခန့်မှန်းလို့ မရနိုင်အောင် ဖြစ်နေတယ်။ သုံးနိုင်ငံ နယ်စပ်ဒေသက လူနည်းစု လူမျိုးတွေ ဖြစ်တဲ့ အမြဲတမ်း မဟုတ်တဲ့ တပ်သား ၅၀၀ ကနေ ၈၀၀ လောက် အထိ မဲခေါင်မြစ် လာအိုဘက်ကမ်း ဘန်ဟွေဆိုင်း ကနေ မိုင်းဆင် အကြားမှာ ပြန့်ကျဲပြီး ရှိနေပါသေးတယ်။ လီဝင်ဟွမ့်ရဲ့ တပ်တော် (၃) က စစ်သားနဲ့ မိသားစုဝင်တွေ စုစုပေါင်း ၇၀၀ ကနေ ၈၀၀ လောက်ကလည်း ဘန်ဟွေဆိုင်းနဲ့ မျက်နှာခြင်းဆိုင် ထိုင်းနိုင်ငံဘက်ကမ်းမှာ ရှိနေပါသေးတယ်။

မသေချာ မရေရာမှုတွေကြားတွေမှာပဲ ဖူမိ နဲ့ လာအိုဘုရင့်တပ်မတော် စစ်ဦးစီးချုပ် အုန်း ရတ်ထီကွမ်း က အထူးတပ်ရင်း (၁၁၁) ကို ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီတပ်ရင်းကို တရုတ်စစ်ပြန် အရာရှိတွေ၊ မြန်မာ−ယူနန် နယ်စပ်က လူနည်းစု လူမျိုးတပ်သားတွေနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ အမေရိကန်က ခွင့်ပြုတဲ့ လာအို တပ်ရင်းတွေနဲ့ ခွဲခြားထားပါတယ်။ လာအိုနိုင်ငံထဲကို ဆုတ်ခွာဝင်ရောက်လာတဲ့ တပ်တော် (၁)၊ တပ်တော် (၂)၊ နဲ့ တပ်တော် (၄) က စစ်သားဟောင်းတွေကို ယူနန်အပျော်တမ်းတပ်တော် တပ်တော် (၁) တပ်တော်မှူးဟောင်း လွီဝေယင်းက စုစည်းပြီး အထူးတပ်ရင်း (၁၁၁) ကို ဖွဲ့စည်းပေးပါတယ်။ နောက်သီတင်းပတ် သိပ်မကြာပါဘူး အဲဒီတပ်ရင်းဟာ တခြား လာအိုစစ်တပ်တွေနဲ့အတူ လက်တွဲပြီး ပထိတ်လာအို အဖွဲ့တွေကို လာအိုင်အနောက်မြောက်ပိုင်း မဲခေါင်မြစ် တလျှောက်မှာ ကောင်းကောင်းကြီး လိုက်နှံပါတယ်။ လာအိုစစ်တပ်ရဲ့ တရားဝင် တပ်ဖွဲ့မဟုတ်တဲ့ လွီဝေယင်း ကွပ်ကဲတဲ့ အထူးတပ်ရင်း (၁၁၁) ဟာ အင်အား ၈၀၀ လောက်ရှိတဲ့ “တပ်ရင်းကြီး” အဆင့် ဖြစ်ပြီးတော့ အုန်း ရတ်ထီကွမ်းနဲ့ တိုက်ရိုက် စာချုပ်ထားတာ ဖြစ်ပါတယ်။ ဘန်ဟွေဆိုင်း အနီးက လာအိုဘုရင့်တပ်မတော် အပျော်တမ်းတပ်ရင်း (၁၈) အဖြစ် အယောင်ဆောင်ကာ ဒီတပ်ရင်းရှိတဲ့အကြောင်းကို ဖုံးကွယ်ထားပါတယ်။2

လာအိုမှာ ရှိတဲ့ သူတို့တပ်ရင်းကို အမေရိကန် ပြည်ထောင်စု အထူးသဖြင့် စီအိုင်အေ က ကူညီ ထောက်ပံ့ပေးခဲ့တယ်လို့ အထူးတပ်ရင်း (၁၁၁) က တပ်ဖွဲ့ဝင်ဟောင်း3က ဆိုပါတယ်။ စာရေးသူတို့ကတော့ အမေရိကန်က တိုက်ရိုက် ကူညီထောက်ပံ့ပေးခဲ့တဲ့ ဆိုတဲ့ စာရွက်စာတမ်းတွေ မတွေ့ခဲ့ရပါဘူး။ အဲဒီအချိန်တုန်းက ဝါရှင်တန်က လာအိုဘုရင့်တပ်မတော် တခုလုံးရဲ့ အသုံးစရိတ်ကို ထောက်ပံ့ပေးနေတာမို့လို့ နောက်ဆုံးရတဲ့သူက ဘယ်သူပဲ ဖြစ်ပါစေ အဲဒီအထူးတပ်ရင်းကို သွယ်ဝိုက် ထောက်ပံ့ပေးနေသလိုပါပဲလို့ ငြင်းစရာ ဖြစ်ကောင်း ဖြစ်နေလိမ့်ပါမယ်။ ဒါပေမယ့် အပျော်တမ်းတပ်ရင်း (၁၈) အပါအဝင် လာအိုစစ်တပ်က တပ်ဖွဲ့တွေကို အမေရိကန်က အကူအညီပေးတဲ့အခါမှာ အဲအမေရိက လိုမျိုး စီအိုင်အေက စီမံအုပ်ချုပ်တဲ့ လေယာဉ်တွေက တရားဝင်ပါဝင်ပါတယ်။ အပျော်တမ်း တပ်ရင်း (၁၈) ဟာ အထူးတပ်ရင်း (၁၁၁) ကို ဖုံးကွယ်ထားပေးရုံပဲဆိုတာကို အမေရိကန်က သိပါတယ်။ ဒါပေမယ့် ဝရုန်းသုန်းကားဖြစ်နေတဲ့ လာအို အနောက်မြောက်ပိုင်းမှာ အဲဒီလို ဖုံးကွယ်ပေးတာဟာ အရာမထင်ပါဘူး။ လာအို အနောက်မြောက်ပိုင်းမှာ လာအိုစစ်တပ် ယူနီဖောင်းတွေ ဝတ်ထားပြီး တိုက်ခိုက်နေတဲ့ အထူးတပ်ရင်း (၁၁၁) က တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ စက်တင်ဘာ ၇ ရက်မှာ သံအမတ်ကြီး ဘရောင်းက ဖူမိ ကို မကျေမနပ်နဲ့ ပြောဆိုပါတယ်။ အဲဒီတပ်ရင်း ရှိနေတဲ့အကြောင်းကို ဖူမိ က ဝန်ခံပါတယ်။ ဒါဟာ အဲဒီနယ်မြေမှာ ရှိတဲ့ တရုတ်ဖြူတပ်သားတွေ အကုန်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲအမေရိက လေယာဉ်တွေက လာအိုစစ်တပ် အမြဲတမ်းတပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ပေးနေရင်းနဲ့ မရည်ရွယ်ဘဲ အထူးတပ်ရင်း (၁၁၁) ကို ထောက်ပံ့ပေးသလို ဖြစ်သွားတဲ့အတွက်ကြောင့် ဝါရှင်တန် အတွက် သံတမန်ရေးရာ ပြဿနာတက်နိုင်တယ်လို့ ဘရောင်းက ရှင်းပြပါတယ်။ အဲဒီတပ်ရင်းကို ဖျက်သိမ်းပစ်လိုက်ဖို့ ဘရောင်း က တောင်းဆိုပါတယ်။ မိုင်းဟွန် ကို မကြာခင်မှာ သိမ်းပြီးတာနဲ့ ဒီတပ်ရင်းကို လုံဖရာ့ပန်းဘက် လျှို့ဝှက်ပို့ဆောင်ပြီး တရုတ်နယ်စပ်နဲ့ အဝေးကြီးမှာ ရှိတဲ့ မှုံတောင်တန်းသား သူပုန်တွေကို တိုက်ခိုင်းပါ့မယ်လို့ ဖူမိ က ကတိပေးပါတယ်။ ဒါပေမယ့် လာအိုစစ်တပ်က မိုင်းဟွန် ကို မသိမ်းပိုက်နိုင်ဘဲ တန့်နေတဲ့အခါ ဘရောင်းက အထူးတပ်ရင်း (၁၁၁) ကို ဖျက်သိမ်းဖို့ ထပ်ဖိအားပေးပါတယ်။ စက်တင်ဘာလ မကုန်ခင်မှာ ဖြစ်အောင် လုပ်ပေးပါ့မယ်လို့ ဖူမိ က ကတိပေးပြန်ပါတယ်။

အထူးတပ်ရင်း (၁၁၁) ကို ဖျက်သိမ်းလိုတဲ့ ဘရောင်းကို ကတိ အထပ်ထပ် ပေးနေတဲ့ကြားက ဖူမိ က ဆရစ် ထာနရတ်နဲ့ ပူးပေါင်းပြီးတော့ ထိုင်းနိုင်ငံ မြောက်ပိုင်းက တပ်တော် (၃) နဲ့ တပ်တော် (၅) က တရုတ်ဖြူ စစ်သား ၃,၀၀၀ လောက်ကို ထပ်စုဆောင်းဖို့ လျှို့ဝှက် ပြင်ဆင်နေပါတယ်။ ဒီလူနှစ်ယောက် ဒီတပ်သားတွေကို တနိုင်ငံကို သုံးလကြာ အလှည့်ကျလွှဲပြောင်း ရယူဖို့နဲ့ လက်ခံထားတဲ့ အစိုးရက သူလက်ခံထားတဲ့ ကာလအတွင်းမှာ အဲဒီတပ်တွေကို ထောက်ပံ့ပေးဖို့ ဆွေးနွေးကြတယ်။ ဒါပေမယ့် ဒီစီမံချက်အတွက် အသေးစိတ် ရေးဆွဲကြတဲ့အခါ သဘောမတူနိုင်တဲ့ အချက်တွေ ရှိလာတဲ့အပြင် ဖူမိ ကို စစ်တပ်အတွက် ငွေထုတ်ပေးနေတဲ့ အမေရိကန် မသိအောင် လာအိုဘုရင့်အစိုးရ အသုံးစရိတ်တွေကို ဖုံးဖိထားလို့ မရနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။

ဆရစ်နဲ့ ဖူမိ ဆွေးနွေးနေတုန်းမှာ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ အတောအတွင်း သူ့ကို အကူအညီ မပေးရင် လာအိုနိုင်ငံဘက် ပြောင်းသွားတော့မယ်လို့ တွမ့်ရှီးဝင် က ခြိမ်းခြောက်ပါတယ်။ နောက်ဆုံးတော့ ခြိမ်းခြောက်တာကို ရပ်လိုက်ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့က သူ့တပ်အတွက် ထိုင်ပေက ငွေကြေးပြန်လည် ထောက်ပံ့ပေးနိုင်မလားလို့ စမ်းကြည့်ရုံသာ ဖြစ်ပါတယ်။ ထိုင်ပေက သူ့တပ်ကို လာအိုမှာ မရှိစေချင်ဘူးဆိုတာ တွမ့်ရှီးဝင်သိပါတယ်။ ဂျနီဗာ ဆွေးနွေးပွဲတွေမှာ နိုင်ငံခြားတပ်ဖွဲ့တွေ အကြောင်း အလေးပေး ဆွေးနွေးနေကြပါတယ်။ လာအိုကို မသွားအောင် ထိုင်ပေက သူ့ကို ငွေဘယ်လောက် ထုတ်ပေးနိုင်မလဲဆိုတာကို တွက်ချက်ပြီး တောင်းပါတယ်။ အဲဒီအတောအတွင်း ဖူမိ က သူနဲ့ ဆရစ် ဆွေးနွေးခဲ့ဖူးတဲ့အတိုင်း တရုတ်ဖြူ အမြဲတမ်း စစ်သား ၃,၀၀၀ ပေးဖို့ ထိုင်ပေကို တောင်းပါတယ်။ ချန်ကေရှိတ်ကတော့ နှစ်ယောက်စလုံးရဲ့ အဆိုပြုချက်ကို ငြင်းလိုက်ပါတယ်။

၁၉၆၁ ဒီဇင်ဘာလမှာ ဂျနီဗာ နိုင်ငံတကာ ကွန်ဖရင့်က ကော်မတီရဲ့ လာအိုနိုင်ငံဆိုင်ရာ သဘောတူညီချက်အရ နိုင်ငံတကာ ထိန်းချုပ်ရေး ကော်မရှင်ရဲ့ ကြီးကြပ်မှုနဲ့ လာအိုမှာ ရှိကြတဲ့ နိုင်ငံခြား စစ်တပ်နဲ့ စစ်တပ်အကူ အဖွဲ့အစည်းတွေ အားလုံး ဖယ်ရှားပေးဖို့ကို တောင်းဆိုလိုက်ပါတယ်။ ဒီသဘောတူညီချက်ကို အတည်ပြုလိုက်တာနဲ့ တရုတ်ဖြူတွေနဲ့ တခြားနိုင်ငံခြားတပ်ဖွဲ့တွေ (ဗီယက်နမ်တွေကို ဆိုလိုပါတယ်) ၇၅ ရက်အတွင်း ထွက်ခွာရမှာ ဖြစ်ပါတယ်။ ကွန်ဖရင့်က နောက်ဆုံးသဘောတူညီချက် မရခင်လေးမှာ ဖူမိ က အထူးတပ်ရင်း (၁၁၁) ကို အသုံးပြုပြီး ဒီနှစ်အစောပိုင်းတုန်းက လာအိုစစ်တပ်တွေ လက်လွှတ်လိုက်ရတဲ့ လာအို အနောက်မြောက်ပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်အောင် အမျှော်အမြင် မရှိဘဲ ကြိုးစားခဲ့တယ်။4

ဖူမိရဲ့ လာအိုစစ်တပ်ဟာ ပထမတော့ စစ်ဗျူဟာအဖွဲ့ (၂) က အမြဲတမ်း တပ်ရင်း နှစ်ရင်းကို အထူးတပ်ရင်း (၁၁၁)၊ အပျော်တမ်း တပ်ခွဲ တခွဲနဲ့အတူ မိုင်းဟွန် ကို ပြန်သိမ်းပိုက်ဖို့ လွှတ်လိုက်တယ်။ အမေရိကန် အထူးတပ်ဖွဲ့ တခုဖြစ်တဲ့ “ကြယ်ဖြူ” လေ့ကျင့်ရေးနဲ့ အကြံပေး ရွေ့လျားအဖွဲ့ကလည်း လာအို စစ်တပ်နဲ့အတူ နမ့်ဘဲန် မြစ်ဝှမ်းကို ဆန်အတက်မှာ တပါတည်းလိုက်လာကြတယ်။ ဒီဇင်လာ ၂၆ ရက်မှာ အရောက်တော့ သူတို့ရဲ့ ထိုးစစ်က တန့်သွားပါတယ်။ ပထိတ်လာအိုတပ်ဖွဲ့တွေက အင်အားသုံး တိုက်ခိုက်လာလို့ လာအို တပ်ရင်း နှစ်ရင်းက ထွက်ပြေးသွားလို့ အမေရိကန်တွေနဲ့ အပျော်တမ်း တပ်ခွဲပဲ မြစ်ဝှမ်းထဲမှာ ကျန်ခဲ့တယ်။ အထူးတပ်ရင်း (၁၁၁) ကတော့ စနစ်တကျနဲ့ ဘန်ဟွေဆိုင်း အရောက် ဆုတ်လာကြတယ်။ လမ်းမှာ အမေရိကန်တွေကို တွေ့လို့ ကောင်းကောင်းမွန် စောင့်ရှောက်ခေါ်လာနိုင်ပြီးတော့ လုံဖရာ့ပန်းကို ပြန်ပို့ပေးမယ့် ရဟတ်ယာဉ်တွေဆီ အရောက် ဘေးကင်းအောင် ပို့ပေးနိုင်ခဲ့တယ်။

၁၉၆၂ ဇန်နဝါရီ ၂၇ ရက်မှာတော့ ဖူမိက အထူးတပ်ရင်း (၁၁၁) အတွက် ဖေဖော်ဝါရီလကုန်တဲ့အထိပဲ လစာ ထုတ်ပေးမယ်လို့ ပြောပါတယ်။ အဲဒီနောက် သူတို့တပ်ရင်းကို လက်နက်ဖြုတ်က တပ်ကိုဖျက်သိမ်းပြီး အရပ်သားအဖြစ် နေလိုက ဆက်နေနိုင်ကြောင်း၊ မဟုတ်ရင်လည်း လာအို နိုင်ငံက ထွက်သွားနိုင်ကြောင်း ဆိုပါတယ်။ အထူးတပ်ရင်း (၁၁၁) ကို ဖျက်သိမ်းလိုက်ပြီး အဲဒီတပ်ရင်းက လက်နက်တွေကို အပျော်တမ်းတပ်ရင်း (၁၈) ကို လွှဲပေးလိုက်ပြီလို့ မတ် ၁၂ ရက်နေ့မှာတော့ ဖူမိက အမေရိကန်တွေကို ပြောပါတယ်။ အမှန်တကယ်တော့ အထူးတပ်ရင်း (၁၁၁) ဟာ လက်နက်ဆက်ကိုင်ထားပြီး ဘန်ဟွေဆိုင်း မြောက်ဘက် မဲခေါင်မြစ် တလျှောက်မှာ လှုပ်ရှားနေတုန်း ဖြစ်ပါတယ်။ မိုင်းဆင် နားက ကျုံ့ချိန်ရဲ့ စစ်ကြောင်းက စစ်သား အကြွင်းအကျန်တွေလည်း လာအိုစစ်တပ်နဲ့ ဒေသန္တရ သဘောတူညီမှုတွေ ရှိခဲ့တယ်။ ၁၉၆၁ တပ်ပြောင်းရွှေ့ထွက်ခွာကြတုန်းက ကျုံ့ချိန်နဲ့ သူ့တပ်သား ၁၀၀ လာအို အနောက်မြောက်ပိုင်းမှာ လာအိုစစ်တပ်ရဲ့ ကြေးစားစစ်သားတွေ အဖြစ် နေရစ်ခဲ့ကြတယ်။ မိုင်းဆင် နားမှာ ပထိတ်လာအိုတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအတော်များများ ရင်ဆိုင်တိုက်ခိုက်ပြီးတဲ့အခါ ကွန်မြူနစ်ဘက်က ထုတ်လွှင့်တဲ့ ရေဒီယိုကနေ ကျုံ့ချိန်ကို နာမည်တပ်ပြီး ဝေဖန်ပါတော့တယ်။ ဒီလိုနဲ့ ထိုင်ပေရှိ စစ်ထောက်လှမ်းရေးဗျူရိုက သူ့အရည်အချင်းကို သိအောင် အရောင်တင်ပေးလိုက်သလို ဖြစ်သွားတယ်။ သိပ်မကြာပါဘူး ထိုင်ပေ စစ်ထောက်လှမ်းရေးဗျူရိုက ကျုံ့ချိန်ရဲ့ တပ်ဖွဲ့ကို ယူနန်တောင်ပိုင်း လှုပ်ရှား စစ်ကြောင်းအဖြစ် သတ်မှတ်လိုက်ပြီး လက်နက်နဲ့ လစဉ်အသုံးစရိတ် အနည်းငယ်ကို ထောက်ပံ့ပေးခဲ့ပါတယ်။

လာအိုမှာ သောင်တင်နေတဲ့ တရုတ်ဖြူ အကြွင်းအကျန်တွေ

၁၉၆၁ ဒီဇင်ဘာလမှာ အထူးတပ်ရင်း (၁၁၁) က မိုင်းဟွန် ကို ပြန်သိမ်းပိုက်ဖို့ ကြိုးစားနေချိန်မှာ လာအို အစိုးရ တပ်ဖွဲ့တွေက လုံနမ့်ထား ကို ပြန်သိမ်းပိုက်လိုက်တယ်။ နောက်တလမှာ ကွန်မြူနစ်တပ်တွေ ပြန်လာပြီး လာအိုစစ်တပ်ကို ပြန်ဝိုင်းထားကြတယ်။ အမေရိကန် အကြံပေးတွေရဲ့ အကြံပေးချက်ကို ငြင်းပယ်ပြီး ဖူမိ က လေကြောင်းကနေ လုံနမ့်ထားကို စစ်ကူဖြည့်တင်းပေးလို့ အဲဒီမှာ လာအိုစစ်သား ၄,၅၀၀ အပိတ်ဆို့ခံလိုက်ရတယ်။ ၁၉၆၂ မေ ၆ ရက် အရုဏ်ဦးမှာ အမြောက်နဲ့ တရစပ် ပစ်ခတ်ပြီး ကွန်မြူနစ် တပ်ရင်း လေးရင်းက ဝင်တိုက်ပြီး လာအိုစစ်သားတွေကို ချေမှုန်းတော့တယ်။ သွေးရူးသွေးတန်း ဖြစ်နေတဲ့ အစိုးရ တပ်သားတွေက မိုင် ၉၀ လောက်ဝေးတဲ့ ဘန်ဟွေဆိုင်းဘက်ကို ဆုတ်ပြေးကြရတယ်။ တဝက်လောက်က လမ်းမှာပဲ တပ်ကထွက်ပြေးကြပြန်တယ်။ အသက်ရှင်ကျန်ခဲ့တဲ့ လာအိုဘုရင့်တပ်မတော်က တပ်ဖွဲ့တွေ ဘန်ဟွေဆိုင်းကို မေ ၁၃ ရက်မှာ ရောက်တော့ ပထိတ်လာအိုတပ်တွေက မီးရှို့ဖျက်ဆီးပြီး စွန့်ခွာသွားတဲ့ “ကားနော့” ဆိုတဲ့ ပြင်သစ်ခံတပ်ဟောင်းက အဆောက်အဦးတွေနဲ့ စစ်တန်းလျားတွေကိုပဲ တွေ့ရတယ်။

လုံနမ့်ထားက ပထိတ်လာအိုတပ်ဖွဲ့တွေ နောက်က ထပ်ကျပ်မကွာ လိုက်လာပြီး ဘန်ဟွေဆိုင်း ဆင်ခြေဖုံး ဒေသကို အမြောက်တွေနဲ့ တရကြမ်း ပစ်ပါတယ်။ အဲဒီတော့ လာအိုဘုရင့်တပ်မတော်က စစ်သား ၂,၇၀၀ လောက်နဲ့ အရပ်သား အတော်များများက မဲခေါင်မြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံ ချင်းဟိုင်းပြည်နယ် ချင်းခေါင်ခရိုင်ကို ထွက်ပြေးကြပါတယ်။ လက်နက်အပ်ရင်တော့ ထိုင်းရဲတွေက ဝင်ခွင့်ပြုပြီး နေထိုင်ခွင့် ပေးပါတယ်။ အရပ်သားတွေက လိုက်နာပေမယ့် စစ်သားတွေက သူတို့ လက်နက်ကို မအပ်ချင်ကြပါဘူး။ ဒါ့ကြောင့် စစ်သားတွေက မဲခေါင်မြစ်ကို အထက်နားကနေ တိတ်တဆိတ် ဖြတ်ကူးပြီး ချင်းဆဲန် (ကျိုင်းသေည်) အနားက တောကြိုအုံကြားမှာ ခိုနေကြပါတယ်။

အဲဒီအတောတွင်း ကွန်မြူနစ်တပ်တွေက တရုတ်ဖြူ စစ်ထောက်လှမ်းရေးဗျူရို လက်အောက်ခံ ကျုံ့ချိန်ရဲ့ စစ်ကြောင်းကို မိုင်းဆင်မှာ အနိုင်တိုက်ပြီး ဘန်ဟွေဆိုင်းနားက မဲခေါင်မြစ်အထိ မောင်းထုတ်လိုက်တယ်။ ကျုံ့ချိန်က သေနတ်ဒဏ်ရာရထားလို့ အနီးအနားရှိ တွမ်ဒူးလီ ဆေးခန်းက အမေရိကန် ဆရာဝန် တယောက်ဆီမှာ ဆေးကုသနေရင်း အရာရှိတယောက်၊ တပ်သားနှစ်ယောက်ကို မဲခေါင်မြစ်ကို ဖြတ်ခိုင်းပြီး ချင်းခေါင်မြို့ ဟိုတယ် သူ့အခန်းက သူ့ကိုယ်ပိုင်ပစ္စည်းတွေ သွားယူခိုင်းပါသေးတယ်။ အဲဒီစစ်သားသုံးယောက် လာအိုဘက်ကို ပြန်လာတော့ လာအို အာဏာပိုင်တွေက ဖမ်းဆီးကာ လိုက်ပါတယ်။ တရုတ်ဖြူတပ်ဖွဲ့တွေက ဘန်ဟွေဆိုင်းကနေ ဆုတ်ခွာလာတဲ့ လာအိုစစ်သား ၉၀ ဆီက လက်နက်တွေ သိမ်းလိုက်တာကို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ ကျုံ့ချိန်က သူ့စစ်သားတွေနဲ့ ဘန်ဟွေဆိုင်းကို ဝင်တိုက်မယ်လို့ ခြိမ်းခြောက်ကာမှ လာအိုဘက်က သူ့လူတွေကို ပစ္စည်းတွေ အပါအဝင် ပြန်လွှတ်ပေးလိုက်ရတယ်။ နောက်သိပ်မကြာပါဘူး လာအိုစစ်တပ်ပိုင် ရဟတ်ယာဉ် တစီးက ကျုံ့ချိန်ကို ကယ်ထုတ်သွားပြီး ဝိန်းကျန်က စစ်ဆေးရုံ တခုမှာ တင်ပေးလိုက်ပါတယ်။ နောက်ပိုင်း ထိုင်ဝမ်းကို လေယာဉ်နဲ့ ပြန်သွားပါတယ်။ ၁၉၆၂ ဂျူလိုင် ၂၃ ရက်မှာ လက်မှတ်ထိုးကြတဲ့ ဂျနီဗာ သဘောတူညီချက်အရ တရုတ်ဖြူ စစ်ထောက်လှမ်းရေးဗျူရိုက သူ့လက်အောက်မှာ ရှိတဲ့ ယူနန်တောင်ပိုင်း လှုပ်ရှားရေး စစ်ကြောင်းကို ခြောက်လအတွက် လစာတွေ ထုတ်ပေးပြီး ဖျက်သိမ်းလိုက်ပါတယ်။

မေလကုန်တော့ မဲခေါင်မြစ်ရဲ့ လာအိုဘက်ကမ်းက တိုက်ခိုက်သံတွေ တိတ်ဆိတ်သွားပါပြီ။ ဒါပေမယ့် ဂျနီဗာ ကွန်ဖရင့် ပြီးကာနီးဖြစ်နေတာကြောင့် စစ်ရေးအခြေအနေကတော့ ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။ တရုတ်ဖြူ တပ်ဖွဲ့ဝင် ၂,၀၀၀ လောက်ဟာ မဲခေါင်မြစ် တလျှောက် ဘန်ကွမ်နဲ့ ဘန်ဟွေဆိုင်းမှာ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လာအိုင်နိုင်ငံ ဆိုင်ယဘူရီပြည်နယ်က တောင်တန်းတွေမှာ ရှိတဲ့ လီဝင်ဟွမ့်ရဲ့ တပ်တော် (၃) က အုပ်စု နှစ်စုကလည်း ထိုင်းနယ်စပ်ကို ခေါက်တုံ့ခေါက်ပြန် ဝင်လိုက်ထွက်လိုက် လုပ်နေပါတယ်။ တခြား လက်နက်အုပ်စုတွေကလည်း မဲခေါင်မြစ် နှစ်ဖက်စလုံးမှာ ရှိနေကြောင်း သတင်းရတဲ့အတွက်ကြောင့် တပ်တွေကို ခွဲခြား သတ်မှတ်ဖို့ ခက်ခဲပါတယ်။

နောက်ဆုံးတာ့ တရုတ်ဖြူတွေ လာအိုက ထွက်ရပြီ

လုံနမ့်ထားနဲ့ ဘန်ဟွေဆိုင်းက ရှုံးပွဲတွေ အပြီး ဝါရှင်တန်က တိုက်တွန်းလို့ ဘွန်းအွန်းနဲ့ ဖူမိ တို့ အစိုးရအဖွဲ့က နုတ်ထွက်လိုက်ကြတယ်။ ကြားနေဝါဒီ ဆူဗန်န ဖူမ ဦးဆောင်ပြီး လက်ဝဲဝါဒီ ဆူဖန်နိုဝုန်း နဲ့ လက်ယာဝါဒီ ဘွန်အွန်း တို့ လက်ထောက်အဖြစ် ပါဝင်တဲ့ အစိုးရအဖွဲ့သစ်က ဂျွန်လမှာ စတင် တာဝန်ယူတယ်။ စက်တင်ဘာ ၆ ရက်မှာ ဝိန်းကျန်နဲ့ ပေကျင်းတို့ သံတမန်တွေ အပြန်အလှန် လှဲလှယ်ကြပြီး အသိအမှတ် ပြုကြတယ်။ နောက်တရက်မှာ ထိုင်ပေက ဆူဗန်န အစိုးရအဖွဲ့နဲ့ အဆက်အသွယ် ဖြတ်ပါတော့တယ်။ လာအိုရဲ့ ကြားနေရေးရပ်တည်မှု ခိုင်မာစေရန် ၁၉၆၂ ဂျနီဗာ သဘောတူညီချက်အရ နိုင်ငံခြားတပ်ဖွဲ့ အားလုံး အောက်တိုဘာ ၇ ရက် နောက်ဆုံးထား ထွက်ခွာကြရမှာ ဖြစ်ပါတယ်။ သဘောတူညီချက်ဟာ ၁၉၆၃ ခုနှစ် ရောက်အောင်တောင် မခံပေမယ့် ဒီကြားထဲမှာတော့ အတော်လေး တည်ငြိမ်ငြိမ်းချမ်းတဲ့ ကာလလေး ဖြစ်ခဲ့ပါတယ်။

လျိုယွမ်လင်ရဲ့ တပ်သားဟောင်းတွေ အများစုက အောက်တိုဘာ ၇ ရက် နောက်ဆုံးထား ထွက်ခွာရမယ် ဆိုတာကို လိုက်နာပြီး ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဘက်ကို ထွက်ခွာသွားကြပါတယ်။ ဒါပေမယ့် အထူးတပ်ရင်း (၁၁၁) က တပ်သားဟောင်း ၅၀၀ လောက်ဟာ လာအိုမှာ ကျန်ရစ်ခဲ့ကြပြီး ဘန်ကွမ်အနီးအနားက မဲခေါင်မြစ်တလျှောက်မှာ နေကြတယ်။ အောက်တိုဘာ ၉ ရက်မှာ အရက်မူးနေတဲ့ လာအိုစစ်သားတွေက စတင်ပစ်ခတ်လို့ သေနတ်နဲ့ အပြန်အလှန် ပစ်ခတ်ကြပြီးနောက် အထူးတပ်ရင်း (၁၁၁) က စစ်သားဟောင်းတွေက ထွက်ခွာသွားဖို့ သဘောတူကြပါတယ်။ လက်ချည်းဗလာ ထွက်မသွားချင်ကြတော့ အရင်က သူတို့အမှုထမ်းခဲ့ဖူးတဲ့အတွက် ဝိန်းကျန်က သူတို့ကို ငွေချီးမြှင့်ပေး မရမက တောင်းပါတယ်။ ဒီကျူးကျော်သူတွေကို လာအိုက ပေးဖို့ငြင်းလိုက်ပြီး အောက်တိုဘာ ၂၁ ရက် နောက်ဆုံးထားပြီး ထွက်သွားဖို့ အမိန့်ပေးပါတယ်။ ဒါဟာ ဂျနီဗာ သဘောတူညီချက်အရ ထွက်ခွာရမယ့် နောက်ဆုံးရက်ထက် နှစ်ပတ် နောက်ကျပါတယ်။

စိတ်အချဉ်ပေါက်နေတဲ့ အထူးတပ်ရင်း (၁၁၁) က တပ်သားတွေဟာ နိုဝင်ဘာ ၂ ရက်ကြမှ မြောက်ဘက် မြန်မာနိုင်ငံထဲကို ထွက်သွားကြပြီး အနောက်ဘက် ပြန်ချိုးကာ ထိုင်းနယ်စပ်နားက လွယ်တုံးဘက် သွားကြတယ်။ လမ်းမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲငယ်လေးတွေ ဖြစ်ခဲ့ပေမယ့် ဒီတပ်ရင်းဟာ နိုဝင်ဘာ ၂၀ မှာ လွယ်တုံးကို ရောက်တယ်။ ပြီးတော့ ထိုင်းနိုင်ငံဘက်ကို ဝင်သွားတော့တယ်။ အဲဒီတပ်သား အတော်များများက ထိုင်းနိုင်ငံအတွင်း တပ်တော် (၁) ကို ပြန်စုဖွဲ့နေတဲ့ လွီဝေယင်း ဆီမှာ ဝင်နေကြတယ်။ တချို့က ကျန်းချီဖူး (ခွန်ဆာ ဆိုတဲ့ နာမည်နဲ့ လူသိပိုများတယ်) နဲ့ သူရဲ့ လွယ်မော်5 ကာကွယ်ရေးအဖွဲ့ (နောက်ပိုင်းမှာ ရှမ်းညီညွတ်ရေးတပ်မတော် အက်စ်ယူအေ ဖြစ်လာတယ်) နဲ့ သွားပေါင်းကြတယ်။ ကျန်တဲ့သူတွေကတော့ တွမ့်ရှီးဝင်နဲ့ လီဝင်ဟွမ့်တို့ဦးစီးတဲ့ တရုတ်ဖြူ တပ်တော်တွေနဲ့ ပေါင်းကြပါတယ်။6 ၁၉၆၂ ခုနှစ်ကုန်တော့ ယူနန်အပျော်တမ်းတပ်တော်က စစ်သားဟောင်း ၃၂၀ လောက် လာအိုမှာ ကျန်နေသေးပြီး အများစုက ဓားပြတွေ၊ မှောင်ခိုသမားတွေ အဖြစ် ရပ်တည်ကြပါတယ်။ တချို့ကလည်း ဘန်ကွမ်မှာ ဘိန်းကုန်ကူးတဲ့အလုပ်ကို သွက်သွက်ကလေး လုပ်နေကြပါတော့တယ်။

အောက်ခြေမှတ်စုများ

  1. ဝိန်းကျန် အတွက် စစ်ရေးအကူအညီ အကြံပေးအဖွဲ့ဖြစ်ပါတယ်။ ဂျနီဗာ စာချုပ် ကန့်သတ်ချက် တခု ဖြစ်တဲ့ လာအိုနိုင်ငံမှာ နိုင်ငံခြားတပ်တွေ မရှိစေရ ဆိုတာနဲ့ အညီဖြစ်အောင် ဝိန်းကျန်မှာ ရုံးမစိုက်ဘဲ ဝိန်းကျန်ရဲ့ တဖက်ကမ်းမှာ ရုံးဖွင့်ပါတယ်။
  2. နောက်ဆုံးတော့ လွီဝေယင်းက ခွဲထွက်ဘက်ပြောင်းကာ ခွန်းမင်ကို ပြန်သွားပြီး အဲဒီမှာပဲ ၁၉၉၂ မှာ ကွယ်လွန်သွားတယ်။ မသေခင်မှာ လျိုခိုင်းချိန်၊ ကျူးထန်ခွေ တို့နဲ့အတူ တရုတ်ဘာသာနဲ့ “တရုတ်နိုင်ငံရဲ့ လျှို့ဝှက်စစ်ပွဲ” နာမည်နဲ့ ဝန်ခံချက် စာတပုဒ်ကို ရေးခဲ့ပါတယ်။
  3. ဘာတေး လင့်တနာက ကျန်းဆုချွမ် ကို တွေ့ဆုံမေးမြန်းထားတဲ့ သူ့အင်တာဗျူး မှတ်စု တချို့ကို စာရေးသူတို့ကို ပေးဖူးပါတယ်။ ဘယ်နေ့ဘယ်ရက်မှာ တွေ့ဆုံမေးမြန်းထားမှန်းတော့ မပါတော့ပါဘူး။ စီအိုင်အေက အထူးတပ်ရင်း (၁၁၁) ကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သူယုံကြည်ကြောင်း ကျန်းဆုချွမ်က ပြောကြောင်း အဲဒီမှတ်စုထဲမှာ ပါတယ်။ ၁၉၆၁ တပ်ပြောင်းရွှေ့ထွက်ခွာရေး အပြီးမှာ ကျန်းဆုချွမ် ဟာ လာအိုက အထူးတပ်ရင်း (၁၁၁) မှာ အရာရှိ တယောက် အဖြစ် ကျန်ခဲ့ပါတယ်။ နောက်ဆုံးတော့ ကျန်းဆုချွမ်ဟာ ကျန်းချီဖူ (ခွန်ဆာ) အဖွဲ့နဲ့ သွားပေါင်းခဲ့ပါတယ်။
  4. တကယ်တမ်းတော့ ဂျနီဗာ သဘောတူညီချက်ကို ၁၉၆၂ ဂျူလိုင်လ အထိ လက်မှတ် မထိုးဖြစ်ကြပါဘူး။
  5. လွယ်မော်ဟာ ကျန်းချီဖူးရဲ့ မွေးရပ်ဇာတိဖြစ်တယ်။ ယူနန်ပြည်ယန် လန်ချန်းခရိုင်နဲ့ ထိစပ်နေတဲ့ ဝိန်းငင်းရဲ့ အနောက်မြောက်ဘက် ၅၅ မိုင် အကွာလောက်မှာ ရှိတယ်။ (မြန်မာနိုင်ငံ လက်ရှိ အုပ်ချုပ်ရေး နယ်မြေအရ ဆိုရင် ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်ထဲမှာ ပါရှိပြီး တန့်ယန်းမြို့ရဲ့ မြောက်ဘက်မှာ ရှိပါတယ်။)
  6. အထူးတပ်ရင်း (၁၁၁) က စိတ်ဝင်စားစရာကောင်းတဲ့ အရာရှိ နှစ်ယောက်ကတော့ ကျန်းဆုချွမ် နဲ့ လျန်ကျုံ့ယင်း တို့ ဖြစ်ကြပါတယ်။ နှစ်ယောက်စလုံးက ကျန်းချီဖူး (ခွန်ဆာ) ဆီ သစ္စာမခံခင်မှာ တွမ့်ရှီးဝင်ရဲ့ တပ်တော် (၅) မှာ အရင် သွားပေါင်းဖူးကြပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar