Breaking News

ကိုစည်သူ - သို့မဟုတ် - လိုချင်တာတွေ အများကြီးအတွက် အသက်စွန့်ခဲ့သူ

Illustration - Saw Ngo

ကိုစည်သူ - သို့မဟုတ် - လိုချင်တာတွေ အများကြီးအတွက် အသက်စွန့်ခဲ့သူ

ဇင်လင်း (မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၀

၂၀၀၁ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် သာယာဝတီထောင်၌ ကျဆုံးခဲ့သော ကျောင်းသားရဲဘော် ကိုစည်သူ အား အောက်မေ့ခြင်း။

စစ်အာဏာရှင်တို့ရဲ့ အကျဉ်းထောင်ထဲမှာ နေခဲ့ရတဲ့ရက်တွေကို ပြန်စဉ်းစားမိတဲ့ အခါတိုင်း မိမိနဲ့တွေ့ဆုံသိကျွမ်းခဲ့ပြီးနောက်၊ ကျဆုံးသွားခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေရဲ့ မျက်နှာတွေကို မကြာ မကြာ ပြန်လည် မြင်ယောင်မိတယ်။ အထူးသဖြင့် စစ်အာဏာရှင် တို့ရဲ့ ငရဲခမ်းကို ဖြတ်သန်းခဲ့ကြပြီး၊ လက်ရှိ အတိုင်းအတာ တစ်ခုအထိ ရရှိလာတဲ့ လွတ်လပ်ခွင့်ဘောင်ထဲမှာ ၈၈ မျိုးဆက် လူငယ်တွေ မိမိတို့ ထက်သန်ရာ နယ်ပယ်အသီးသီးမှာ တိုင်းကျိုးပြည်ကျိုးကို ရှေးရှုပါ၀င်နေကြတာကို မြင်ရပြန်တဲ့ အခါ၊ အရွယ်မတိုင်ခင် အကျဉ်းထောင်အတွင်း ကြွေလွင့် ကျဆုံးခဲ့ကြရတဲ့ လူငယ်တွေကို ပြန်ပြီးမြင်ယောင်မိတယ်။ သူတို့ မိခင်တွေ ဘယ်လောက် ကြေကွဲကြရှာမလဲလို့လည်း စာနာမိတယ်။ သူတို့ရဲ့ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ နိုင်ငံရေးအသိရှိရှိ စွန့်လွှတ်စွန့်စား အနစ်နာခံ ဆောင်ရွက်ခဲ့တဲ့ သတ္တိ ဗျတ္တိတွေကိုလည်း နှမြောတသ နေမိတယ်။

အကျဉ်းထောင်အတွင်းမှာ ငယ်ရွယ်နုပျိုတဲ့ အရွယ်နဲ့ဘဝကိုသာမက အသက်ကိုပါ စတေးခဲ့ရတဲ့ လူငယ်များစွာထဲမှာ ကိုစည်သူ (ခေါ်) ကိုရဲနိုင် လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ စစ်အာဏာရှင်တို့ရဲ့အကျဉ်းထောင်ဆိုတာ လောကငရဲလို နေရာမျိုး ဖြစ်ပါ တယ်။ အသက် နှစ်ဆယ်အစိတ် ၀န်းကျင်မှာ ပြင်းထန်တဲ့ ထောင်ဒဏ်ကျခံရတဲ့ အဖြစ်ဟာ တော်ရုံတန်ရုံ လူငယ်တစ်ယောက်အဖို့ သွေးပျက်သွားနိုင်တဲ့ ကိစ္စမျိုးပါ။ ဒါပေမယ့် ကိုစည်သူ ကတော့ တည်တည်ငြိမ်ငြိမ် အပြုံးမပျက် လောကဓံကို ရင်ဆိုင်နိုင်ခဲ့သူဖြစ် တာတွေ့ရတယ်။ မိမိအနေနဲ့ကိုစည်သူ ကို မှတ်မှတ်ထင်ထင်ဖြစ်မိတာက သူ့ရဲ့နေပုံထိုင်ပုံ တည်ကြည်မှု၊ စကားအပြောအဆို ယဉ်ကျေးသိမ်မွေ့မှု၊ ဘဝတူအကျဉ်းသား အချင်းချင်းကို တတ်နိုင်သမျှ ကူညီမှု စတဲ့ ရိုးသားဖြောင့်မတ်သူတွေမှာ တွေ့ရတတ်တဲ့ စိတ်နေလက္ခဏာတွေ သူ့ဆီမှာ ရှိနေတာ သတိပြုမိလို့ဖြစ်ပါတယ်။

သူနဲ့စတွေ့ကြတာက ၁၉၉၁ ခုနှစ် သြဂုတ်လထဲမှာ လို့အကြမ်းမျဉ်း မှတ်မိပါတယ်။ နေရာက အင်းစိန်သီးသန့်အကျဉ်းထောင် တိုက်အမှတ် (၂) ရှေ့ဘက်အခြမ်းမှာ ဖြစ်ပါတယ်။ ရှေ့ဘက်အခြမ်းမှာ ၁၂ခန်း၊ နောက်ဘက်အခြမ်းမှာ ၁၂ ခန်းနဲ့ ကျောချင်း ကပ်တည်ဆောက်ထားတဲ့အတွက် ကျောကပ်တိုက်လို့ ထောင်ထဲမှာ ခေါ်လေ့ရှိပါတယ်။ အပေါ်ထပ်မှာက အဆောင်ပုံ သဏ္ဍာန် ဖြစ်ပါတယ်။ မိမိတို့ရှိစဉ်ကာလတုံးက ထိုင်းလူမျိုး ငါးဖမ်းစက်လှေ အကျဉ်းသားတွေကို အပေါ်ထပ်မှာထားပါတယ်။ အောက်ထပ် တိုက်ခမ်းတွေမှာ အများစုက နိုင်ငံရေးအကျဉ်းသားတွေဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အချင်းချင်း ဆက်သွယ်ပြောဆိုရ မလွယ်ကူစေဖို့အတွက် ထိုင်းစက်လှေအကျဉ်းသားတွေကို ထမင်းဝေဖို့နဲ့ မိလ္လာသိမ်း သန့်ရှင်းရေးလုပ်ဖို့အလုပ်တာဝန်ချထား ပါတယ်။

မိမိတို့အမှုတွဲက (၅)ယောက်ဖြစ်ပါတယ်။မိမိနဲ့အတူ ဇော်မင်း (ဘောင်းဘောင်း-ကွယ်လွန်)၊ ဇော်ထွန်း (ယခု ဖင်းလန်းနိုင်ငံ)၊ အောင်ကျော်ဦး (ယခု ပြင်သစ်နိုင်ငံ)နဲ့ အောင်မိုးကျော်တို့ဖြစ်တယ်။အဖမ်းခံရချိန်မှာ မိမိက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရန်ကုန်တိုင်းရုံး ရုံးအဖွဲ့မှူး တာဝန် ထမ်းဆောင်နေချိန်ဖြစ်ပါတယ်။ ကျန်တဲ့လူငယ်(၄) ဦးကတော့ သင်္ဃန်းကျွန်းမြို့နယ်(ဗကသ) အဖွဲ့ဝင်တွေ ဖြစ်ပါ တယ်။ အောင်ကျော်ဦးနဲ့ အောင်မိုးကျော်က ထိုင်းမြန်မာနယ်စပ် ABSDF တပ်ရင်း(၁၀၂) မှာ သင်တန်းတက်ပြီး ပြန်ဝင်လာချိန်မှာ အဖမ်းခံခဲ့ရတာဖြစ်တယ်။ မိမိတို့ငါးဦးကို သီးသန့် (၂) တိုက် အခန်း(၉)မှာ အကျဉ်းချ တိုက်ပိတ်ထားပါတယ်။ အခန်း(၁၀)မှာ မိမိ မှတ်မိသလောက် ကိုသုတ (မဟာသိပ္ပံတန်းကျောင်းသား)၊ ဂျွန်ဂလင်း (ယခု အမေရိကန်နိုင်ငံ)တို့အပါအဝင် ကျောင်းသား(၆) ယောက်ကို အကျဉ်းချထားပါတယ်။ နောက်ထပ်မှတ်မိသလောက် အခန်း(၆) လောက်မှာ တောင်ဥက္ကလာပမြို့နယ်က NLD လူငယ် ခေါင်းဆောင် ကိုနီတွတ်ကျော်၊ အခန်း(၇) လောက်မှာ ဦးဇင်း ဦးပြည်ကျော်(ဦးပဏ္ဍဝံသ) အခန်း(၈) မှာ ကိုစည်သူ …အသီးသီးကို တိုက်ပိတ်ချုပ်နှောင်ထားခဲ့တယ်လို့ ယေဘုယျမှတ်မိပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုကိစ္စနဲ့ အလုံမြို့နယ် NLD က ဦးဘမြင့်၊ မြောက်ဥက္ကလာပမြို့နယ် NLD က ကိုတင်ဦးလေး (ကွယ်လွန်) တို့အမှုတွဲ(၅)ယောက် (အမည်မမှတ်မိ) လည်း သီးသန့် (၂) တိုက်မှာ အကျဉ်းကျနေကြပါတယ်။

ကိုစည်သူက မိမိတို့နဲ့ အခန်းချင်းကပ်နေတဲ့အတွက် ရေချိုးမိလ္လာချချိန်မှာ အခန်းအပြင်ကို အတူထွက်ကြရတာများပါတယ်။ ရေချိုးပြီး ခေတ္တလမ်းလျှောက်ဖို့ ခွင့်ပြုချိန်မှာ အကျဉ်းတိုက်ဘေးက စိုက်ခင်းဘောင်တွေ အကြား လမ်းလျှောက်ခွင့် ရတဲ့ ကာလတို ကလေးတွေ ရှိပါတယ်။ အဲဒီ ကာလတိုလေးတွေ အတွင်းမှာ လမ်းလျှောက်ကြရင်း အချင်းချင်း စကားပြောခွင့်ရအောင် ကြံဖန် ကြိုးစားကြရပါတယ်။ ထောင်ဝါဒါက ရေချိုးနေသူတွေကို အာရုံစိုက်နေချိန်မှာ လမ်းလျှောက်နေသူတွေက အဖိုးတန် စကားပြောချိန် ကလေးတွေ ရကြတဲ့ သဘောပါ။ အဲလို လမ်းလျှောက်ခွင့် ဆယ်မိနစ် ဆယ့်ငါးမိနစ် လောက်ရတဲ့အချိန်ကလေးမှာ မိမိနဲ့ ကိုစည်သူ တို့ ရံဖန်ရံခါ စကားစမြည် ပြောဖြစ်တဲ့ ကာလကလေးတွေ ရှိခဲ့ဖူးတယ်။ ဒါကြောင့် သူ့ စကားတွေကတဆင့် သူဖြတ်သန်းနေတဲ့ ခေတ်ရဲ့နိုင်ငံရေးကို သူ စူးစူးစိုက်စိုက် စိတ်ဝင်စားမှု ရှိခဲ့တာကို သိနိုင်ခဲ့တာဖြစ်ပါတယ်။ 
 
သူမှာ လေ့လာသင်ယူစရာ တွေ အများကြီးရှိသေးတယ်လို့ မကြာမကြာပြောတတ်တယ်။ သူက ၁၉၈၈ ခုနှစ် အရေးတော်ပုန်နဲ့ အတူ ပါလာတဲ့ ကျောင်းသား တစ်ဦးပီပီ လက်နက်ကိုင်တော်လှန်ရေးကို အားသန်နေတာလည်း တွေ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကို အထူးလေးစားတဲ့ အကြောင်း မကြာမကြာ ပြောတတ်တယ်။ သူ့စကားတွေထဲမှာ ချေဂွေဗာရာ ကို လေးစားအားကျကြောင်း လည်း ပြောဖူးတယ်။ သူ့အမှုတွဲ ကိုဌေးကြွယ်က ရှစ်လေးလုံး အရေးတော်ပုံတိုက်ပွဲမှာ ကိုစည်သူဟာ အားမာန်အပြည့်နဲ့ ပါဝင်ခဲ့ပြီး ကချင် ပြည်နယ် ABSDF ကျောင်းသားတပ်မတော်မှာလည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ခုံရုံဥက္ကဌက စီရင်ချက် ချချိန်မှာ ကိုစည်သူက “ယူနီဖေါင်းဝတ် စစ်ခုံရုံးရဲ့ မတရားတဲ့ စီရင်ချက်ကို လုံးဝ အသိအမှတ် မပြုဘူးလို့” ကြွေးကြော်ခဲ့ကြောင်း ကိုဌေးကြွယ်က ပြောဖူးတယ်။

ကိုစည်သူက စမ်းချောင်းသား၊ သူ့ဖခင်က ကျဆုံးသွားပြီဖြစ်တဲ့ တပ်မတော်အရာရှိတစ်ဦး၊ သူ့မိခင်က ကျောင်းဆရာမတစ်ဦးဖြစ်တယ် လို့သူပြောဖူးတာမှတ်မိတယ်။ စမ်းချောင်းအစိုးရ အထက်တန်းကျောင်းအမှတ်(၁)မှာ ဆယ်တန်းအထိ နေခဲ့ဖူးတဲ့ ကျောင်းသား တစ်ယောက်။ နောက်တော့ တက္ကသိုလ် ဒုတိယနှစ် ရုက္ခဗေဒ ကျောင်းသားတစ်ဦး အနေနဲ့ ကျောင်းသားလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ကိုစည်သူပါ၀င်ခဲ့တယ်။ သူ့ရဲ့အဓိကအမှုတွဲက ကိုဌေးကြွယ် (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)နဲ့ ကိုစိုးထိုက် (မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှုအစည်းအရုံး၊ အဖွဲ့ဝင်) တို့ဖြစ်ပါတယ်။ စမ်းချောင်းက ကိုစိုးထိုက်အိမ်အနီးမှာ ၁၉၈၉ ဧပြီလအတွင်း လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပုဒ်မ ၅ (ည)၊ ၁၉(က) နဲ့ တရားစွဲခံခဲ့ရတာဖြစ်တယ်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ (၃၀) မှာ၊ စစ်ခုံရုံးမှာ အကျဉ်းနည်းနဲ့ ထောင်ဒဏ်ချမှတ်ခံကြရတယ်။ ကိုဌေးကြွယ်က အဓိကတရားခံ အနေနဲ့ ထောင်ဒဏ် (၁၅) နှစ် ချမှတ်ခံရတယ်။ ကိုစည်သူက ထောင်ဒဏ်(၁၂) နှစ် နဲ့ ကိုစိုးထိုက်က ထောင်ဒဏ် (၁ဝ) နှစ် ကျခံခဲ့ကြရ တယ်။ ကိုစည်သူက သူအဖမ်းခံခဲ့ရတာနဲ့ ပတ်သက်လို့ သူ့ကိုယ်သူ မကျေမနပ်ဖြစ်တဲ့အကြောင်း ပြောဖူးတယ်။ သူစဉ်းစား ဆုံးဖြတ်တာ တွေဝေနောက်ကျ လို့သာ ထောင်ထဲရောက်ခဲ့ရတယ်။ အလုပ် လုပ်နေရမယ့်အချိန်ကျမှ ထောင်ထဲမှာ အချိန်လာဖြုံး နေရသလို ခံစားနေရတယ် လို့လည်း သူ့ကိုယ်သူ ဝေဖန်တတ်တယ်။

အမှန်ကတော့ နိုင်ငံရေးရေချိန်မြင့်မားနေချိန်၊ ကျောင်းသားလူငယ်တွေရဲ့ နိုင်ငံရေးနိုးကြားတက်ကြွလှုပ်ရှားမှု အရှိန်ရနေချိန်မျိုးမှာ အဖမ်းခံခဲ့ရတဲ့အတွက် ကိုစည်သူ့ စိတ်မှာ မချင့်မရဲနဲ့ပြောဆိုနေတာဖြစ်ပုံရပါတယ်။ တကယ်တော့ ထောင်ထဲရောက်နေပေမယ့် သူ့စိတ်အစဉ်က လက်ငင်းနိုင်ငံရေးကိစ္စတွေကိုပဲ တွေးတောစဉ်းစားနေတတ်ပြီး တခြားလူငယ်တွေ စိတ်ဝင်စားတတ်တဲ့ အကြောင်းအရာမျိုးတောင် သိပ်များများစားစား ပြောတာဆိုတာ မိမိအနေနဲ့ မကြားခဲ့ရပါ။ တိုင်းပြည် ဒီမိုကရေစီ ရရှိရေးမှာ ဗိုလ်ချုပ်အောင်ဆန်းခေတ်တုံးကလို နိုင်ငံခြား စစ်ရေးအကူအညီ ယူသင့် မယူသင့် ဆိုတာမျိုး မေးတတ် ဆွေးနွေးတတ်တာမျိုး ကြုံဖူးပါတယ်။ တခါတလေမှာတော့ ဗိုလ်နေဝင်းအာဏာသိမ်းခွင့်ရခဲ့တာဟာ နိုင်ငံရေးသမားတွေ ညံ့ခဲ့လို့လား…ဆိုတာမျိုး ကိုစည်သူက အဆိုတင် ဆွေးနွေးခဲ့တာမျိုးလည်း ရှိပါတယ်။ သူပြောခဲ့ ဆိုခဲ့ ဆွေးနွေးခဲ့တာတွေကို တိတိကျကျမမှတ်မိပေမယ့် သူ့စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှုက နိုင်ငံကို တိုးတက်ဖွ့ံဖြိုးအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ အမြဲရှိနေတယ်လို့ယေဘုယျပြောနိုင်ပါတယ်။သူ့နိုင်ငံရေးအမြင် အနှစ်ချုပ်ကတော့ စစ်အာဏာရှင်စနစ်နေရာမှာ ဒီမိုကရေစီ နိုင်ငံရေးစနစ်နဲ့ အစားမထိုးနိုင်သေးသမျှ မြန်မာပြည် ဖွ့ံဖြိုးတိုးတက်ဖို့ မမြင်ဘူးလို့မှတ်ချက် ပြုခဲ့ဖူးပါတယ်။

ဒီလို နိုင်ငံရေးအမြင်ရှိတာကြောင့် သူကို လွတ်ရက်စေ့တာတောင် ပြန်မလွှတ်ခဲ့တာလားလို့ယူဆစရာရှိပါတယ်။ မိမိ သတိပြုမိတဲ့ အချက်က ၂၀၀၁-၂၀၀၂ လူ့အခွင့်အရေးမှတ်တမ်း(Human Rights Year Book 2001-2002. (Page 165-166) အရ၊ ၁၉၉၉ ခုနှစ် မတ်လမှာ ကိုစည်သူ လွတ်ရက်စေ့ကြောင်း၊ ဒါပေမယ့် နအဖ စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်က ကိုစည်သူ ဟာ နိုင်ငံရေးအယူအဆအရ အလွန်ခေါင်းမာသူ၊ နဝတ/နအဖ စစ်အစိုးရတို့ကို အစဉ်တစိုက်ဆန့်ကျင်နေသူဖြစ်တယ်လို့ မှတ်ချက်ပေး ထားပြီး ပုဒ်မ ၁၀(က)နဲ့ ဆက်လက်ချုပ်နှောင်စေခဲ့ကြောင်း ဖေါ်ပြထားတာတွေ့ရပါတယ်။ ဗိုလ်မှူးကြီးတင်လှိုင်ဟာ အဲဒီတုံးက အစိုးရလူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ ကိုစည်သူရဲ့အစ်ကို ဖြစ်သူ ကိုခင်မောင်ဇော်ဟာလည်း ထောင်ဒဏ်(၁၀) နှစ် ကျခံနေရရာက၊ ၁၉၉၉ ထဲမှာ လွတ်မြောက်လာခဲ့ကြောင်း မှတ်တမ်းက ဆိုပါ တယ်။
တကယ်တော့ အဲဒီအချိန် ၁၉၉၉ ဖေဖေါ်ဝါရီလမှာ ကိုစည်သူဟာ အပြင်းအထန် နာမကျန်းဖြစ်နေတဲ့အတွက်၊ သာယာဝတီထောင် ဆေးရုံမှာ ကုသမှုခံယူနေရချိန်ဖြစ်ကြောင်း ၂၀၀၁-၂၀၀၂ လူ့အခွင့်အရေးမှတ်တမ်းမှာ ဖေါ်ပြထားပါတယ်။ ကိုစည်သူရဲ့ရောဂါကို ငှက်ဖျားလို့ဆေးရုံက ယူဆပြီး ဆေးထိုးကုသမှုတွေ လုပ်ခဲ့တယ်။ နောက်ရောဂါ မသက်သာ အခြေအနေဆိုးလာတော့ ပြင်ပ သာယာဝတီဆေးရုံကို ထုတ်ပြီး ကုသခဲ့တယ်။ အပြင်ဆေးရုံမှာ အူရောင်ငန်းဖျား (typhoid) လို့သတ်မှတ်ကုသပြန်တယ်။ လိုအပ်တဲ့ ဆေးဝါးမှန်သမျှတော့ တာဝန်ရှိတဲ့ ထောင်ဆေးရုံက ဘာတစ်ခုမျှ မထောက်ပံ့ပါ။ မိသားစုကပဲ မဖြစ်မနေ ရှာကြံပြီး လိုအပ်တဲ့ ဆေးဝါးတွေ ၀ယ်ယူထောက်ပံ့ခဲ့ရပါတယ်။

ဒါပေမယ့် သူ့အဖျားက ကျမသွားပဲ နာတာရှည်လာခဲ့ပါတယ်။ ၂၀၀၀ ခုနှစ် နိုဝင်ဘာ (၁၅)မှာ ရောဂါပြင်းထန်ဆိုးဝါးလာခဲ့ကြောင်း ၂၀၀၁-၂၀၀၂ လူအခွင့်အရေးမှတ်တမ်းမှာ ဖေါ်ပြခဲ့ပါတယ်။ ထောင်ဆရာဝန်က ကိုစည်သူ့အဖျားရောဂါကို အမျိုးအမည်မသိအဖျား ရောဂါအဖြစ် သတ်မှတ်ခဲ့တယ်လို့ မှတ်တမ်းကဆိုပါတယ်။ အပြင်ဆေးရုံမှာ တစ်လခန့်ကြာပြီးနောက် ၂၀၀၁ ဇန်နဝါရီ (၁၀)မှာ ကိုစည်သူကို ထောင်ဆေးရုံသို့ ပြန်ပို့ခဲ့တယ်။ ထောင်ဆေးရုံပြန်ရောက်ပြီး၊ ထောင်ဆရာဝန်က အဆုတ်ရောဂါ (Tuberculosis) လို့သတ်မှတ်ပြီး တီဘီဆေး(၆)လ ထိုးခဲ့ရတယ်။ ၂၀၀၁ ဇွန်လအတွင်း သူ့အဖျား အပူချိန်က ၁၀၃ ဒီဂရီကနေ ၁၀၇ ဒီဂရီအထိ ရောက်နေခဲ့ပေမယ့်၊ ပေးတဲ့ဆေးက အက်စပရင် မျှသာဖြစ်တယ်။ နောက်ဆုံး အခြေအနေမကောင်းတော့မှ ရောဂါစစ်ဆေးချက်က ခုခံအားကျဆင်းမှု ရောဂါ (HIV/AIDS) အဖြစ် အဖြေထွက်ခဲ့တယ်။ ကိုစည်သူ အသက်ရှုရခက်ခဲတဲ့ ဝေဒနာခံစားနေရချိန်မှာ အောက်စီဂျင်မပေး အကြောဆေးမသွင်းခဲ့ကြောင်း၊ မှတ်တမ်းမှာ ဖေါ်ပြထားတာတွေ့ရတယ်။

ဇူလိုင် (၅)ရက်နေ့မှာ သာယာဝတီခရိုင် ဆရာဝန်ကြီးက ကိုစည်သူရဲ့အခြေအနေကို စစ်ဆေးပြီး ဆေးကုသမှု အစီအစဉ်အသစ် စတင်ပြုလုပ်ဖို့ ဆုံးဖြတ်ပြီး ဆေးအညွှန်းတွေပေးခဲ့တယ်။ နောက်နေ့မှာ ကိုစည်သူကို သာယာဝတီခရိုင်ဆေးရုံကြီး အချုပ်ဆောင် သို့ပြောင်းရွှေ့ကုသစေခဲ့တယ်။ ဒါပေမယ့် အချိန်က အတော်လွန်သွားပြီဖြစ်တယ်။ဇူလိုင်လ(၁၂) နေ့နံနက်ပိုင်းမှာ ကိုစည်သူ ကွယ်လွန်ကျဆုံးခဲ့ရပါတယ်။တကယ်တော့ ကိုစည်သူဟာ သူ့ကျခံရမယ့် ပြစ်ဒဏ်ကို ကျခံခဲ့ပြီးတာ ၁၉၉၉ ခုနှစ် ကတည်းကဖြစ်ပါ တယ်။ ဒါပေမယ့် စစ်ထောက်လှမ်းရေးနဲ့ အာဏာပိုင်တို့ရဲ့ အငြိုးအတေးကြီးစွာ ဆက်လက်ချုပ်နှောင်တာခံခဲ့ရပြီး၊ စနစ်တကျ ဆေးဝါးကုသခွင့်လည်း ဆုံးရှုံးခဲ့ရတယ်။ ထောင်ဆရာဝန်တွေက ကိုစည်သူကို မလိုအပ်ဘဲ ပဋိဇီဝဆေး (Antibiotic pill) တွေ အလွန်အကျွံပေးခဲ့တယ်။ဆေးထိုးရာမှာလည်း တစ်ခါသုံးဆေးထိုးအပ် မသုံးဘဲ စနစ်တကျ ပိုးသတ်ထားခြင်းမရှိတဲ့ ဆေးထိုးအပ် တွေ အသုံးပြုခဲ့တဲ့အတွက် ကိုစည်သူ ခုခံအားကျဆင်းမှု ရောဂါ (HIV) ကူးစက်ခံခဲ့ရတယ်။

ဒါကြောင့် သူ့ရဲ့ ရခဲလှတဲ့ လူ့ဘဝ၊ ငယ်ရွယ်နုပျိုတဲ့ ၂၄ နှစ်အရွယ်မှာ ဖမ်းဆီးချုပ်နှောင် ညှင်းပမ်းနှိပ်စက်မှုတွေ အဆက်မပြတ် ခံရပြီး ၃၅ နှစ်အရွယ်မှာ ကျဆုံးသွားခဲ့ရတာဖြစ်တယ်။အမှန်က ကိုစည်သူဟာ စစ်အစိုးရရဲ့ တာဝန်မဲ့ မတရားချုပ်နှောင်မှု စနစ်ကျတဲ့ ဆေးဝါး ကုသမှု မပေးမှုတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အကျဉ်းထောင်အတွင်းမှာ အသက်ဆုံးခဲ့ရတာဖြစ်တယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရ အကျဉ်းထောင်တွေထဲမှာ ရောဂါအမျိုးမျိုး ကူးစက်ခံရပြီး မသေသင့်ဘဲ ကျဆုံးသွားကြတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် အနက် ကိုစည်သူဟာ (၅၃) ယောက် မြောက်ဖြစ်တယ်လို့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားဟောင်း ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းမှာ တွေ့ရတယ်။

၁၉၉၁ အောက်တိုဘာဆန်းမှာ ‘နိုဘယ်ငြိမ်းချမ်းရေးဆု’ ကြေညာချိန် နီးကပ်လာချိန်မှာ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ အကြား ဒေါ်အောင်ဆန်းစုကြည် ဆုရနိုင် မရနိုင် သုံးသပ်ပြောဆိုခဲ့တဲ့အချိန်ကို မိမိသတိရမိတယ်။ဒီတုံးက ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆု ရမယ်လို့ ယုံကြည်တဲ့အကြောင်း ကိုစည်သူက ပြောခဲ့ဖူးတယ်။ သူက ဒေါ်စုရဲ့ ရွှေတိဂုံမိန့်ခွန်းက အစပြုပြီး၊ ဒေါ်စုရဲ့ သတင်းစာ ရှင်း လင်းပွဲတွေမှာ ပြောဆိုချက်တွေကို အားရကျေနပ်ကြောင်းနဲ့ နိုင်ငံတကာကလည်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို အားပေးနေချိန် ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ဆုရမယ့် အလားအလာကောင်းကြောင်း သူ့အမြင်ကို ပြောဆိုခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိကြောင်း မိမိတို့ အင်းစိန်သီးသန့်ထောင်ထဲ သတင်းဝင်လာတဲ့နေ့ကဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ ၀မ်းသာကြလွန်းလို့ ခုန်ကြပေါက်ကြ အော်ကြဟစ်ကြ၊ တချို့က ကိုယ်တိုက်ခန်းထဲမှာ ကျွမ်းထိုးကြနဲ့ အတော်ဂုဏ်ယူဝမ်းသာခဲ့ကြ တယ်။ နောက်တစ်နေ့ မနက် ရေချိုး မိိလ္လာချချိန်မှာလည်း ဒီသတင်းကို အားရဝမ်းသာပြောကြဆိုကြ ဖြစ်ခဲ့ကြတယ်။ ဒီတုံးက ကိုစည်သူက တည်တည်ငြိမ်ငြိမ် ပြုံးနေတဲ့ မျက်နှာနဲ့ လက်သီးကို တင်းတင်းဆုပ်ပြီး မိမိကိုထောင်ပြခဲ့တာ အခုထိ မြင်ယောင်နေမိ တယ်။

နောက်မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်နိုဘယ်ဆုရတဲ့ အထိမ်းအမှတ် ၀မ်းသာအားရ အခမ်းအနားလုပ်မိကြ၊ ချီးကျူးပြောဆို မိကြသူတွေ တစ်ယောက်ပြီးတစ်ယောက် မိမိတို့ အင်းစိန်သီးသန့်အကျဉ်းထောင်ထဲ ရောက်လာကြတာတွေ့ရတယ်။ ဒီ ့အပြင် မြစ်ဝကျွန်းပေါ်မှာ ကေအင်ယူစစ်ဆင်ရေးကိစ္စနဲ့ ပတ်သက်ပြီး အဖမ်းခံရသူတွေ ထပ်ရောက်လာပြန်တယ်။ သီးသန့်ထောင်မှာ အကျဉ်းသားအရေအတွက်များလာတယ်။ နယ်ထောင်ပြောင်းရွှေ့ခံရသူတွေရှိသလို၊ သီးသန့်ထောင်အတွင်းမှာပဲ နေရာပြောင်း ခံရသူတွေလည်းရှိတယ်။ တချို့က အင်းစိန်ထောင်မကြီးဘက် ပြောင်းကြရတယ်။ အဲဒီအပြောင်းအရွှေ့တွေလုပ်တဲ့ ၁၉၉၁ ခုနှစ် နိုဝင်ဘာလောက်မှာ ကိုစည်သူနဲ့ အနေဝေးသွားခဲ့ကြတယ်။ မိမိက အင်းစိန်ထောင် လက်ရှိ သီးသန့်တိုက်ရဲ့ နောက်ဖက် ကျောချင်း ကပ်လျှက် အခန်း(၆)ကိုပြောင်းရွှေ့ခံရတယ်။ နောက် ဒီဇင်ဘာမှာ သီးသန့်ကျွန်းတိုက်ကို ထပ်ပြောင်းရပြီး စစ်ခုံရုံး (၂)မှာ ရုံးတင် ထောင်(၇)နှစ် ချတာခံရတယ်။ ထောင်ဒဏ်ချမှတ်ပြီးတာနဲ့ထောင်မကြီး(၄)တိုက်အခန်း ၂၃ ကိုပြောင်းရပြန်တယ်။ နောက်တော့၊ ၅ တိုက်၊ ၃ တိုက်၊ စစ်ခွေးတိုက် ကနေ လွတ်ခါနီးမှာ ၅ တိုက်ပြန်ရောက် စသဖြင့် ထောင်သံသရာလည်ခဲ့တယ်။

ကိုစည်သူကတော့ ထောင်ပြောင်းရာမှာ အင်းစိန်ဗဟိုထောင်ကတဆင့် သာယာဝတီထောင် ရောက်သွားကြောင်း သတင်းပဲ ကြားလိုက်ရ တယ်။ လူချင်း လုံးဝ ပြန်မဆုံကြတော့။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့အတွက်၊ မြန်မာစစ်အာဏာပိုင်တို့ ရဲ့ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး သာယာဝတီထောင်ထဲမှာ ယုံကြည်ချက် အကျဉ်းသားဘဝနဲ့ ကိုစည်သူ ကွယ်လွန် ကျဆုံးခဲ့တာ ဆယ်စုနှစ် တစ်ခုကျော်လွန်ခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် သူ့ကိုချစ်ခင်လေးစားကြတဲ့ နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ ရင်ထဲမှာတော့ ကိုစည်သူ အသက်ရှင်နေဆဲပါပဲ။ အင်းစိန်နဲ့ သာယာဝတီထောင်နံရံတွေဟာ ကိုစည်သူရဲ့ နိုင်ငံရေးယုံကြည်ချက် ကို တားဆီး ပိတ်ဆို့ မထားနိုင်ခဲ့ပါဘူး။

ဧရာဝတီ မဂ္ဂဇင်းရဲ့ ရွေးကောက်ပွဲ စာမျက်နှာ တာဝန်ခံ ‘ထက်အောင်’ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါ၀င်ခဲ့ပြီး စစ်အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာ ၁၉၉၁ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ နိုင်ငံရေး အကျဉ်းသား ဘဝနှင့် (၁၀) နှစ်ကျော် အကျဉ်း ကျခဲ့သူ ဖြစ်ပါ တယ်။ ‘ထက်အောင်’ဟာ ကိုစည်သူနဲ့အတူ သာယာဝတီထောင်မှာ အတူနေခဲ့ဖူးသူဖြစ်ပါတယ်။ ‘ထက်အောင်’ က ၂၀၁၀ သြဂုတ်လ (၇)ရက် ဧရာဝတီမှာ ကိုစည်သူကို အမှတ်တရ ဆောင်းပါးရေးခဲ့ဖူးတယ်။ သူ့ဆောင်းပါး ထဲက စာပိုဒ်အချို့ကို ဒီနေရာမှာ ကိုးကားဖေါ်ပြ လိုပါတယ်။

• တမနက် ထောင်ဖွင့်ချိန်မှာတော့ ခပ်ယဲ့ယဲ့အပြံုးနဲ့ ကိုစည်သူက အခုလိုပြောပါတယ်။ “စစ်အစိုးရကတော့ ငါ့ကို သေဒဏ်စီရင်လိုက်ပြီ။ ငါသေဖို့ အသင့်ဖြစ်နေပါပြီ” တဲ့။

• သူ့ကို နှစ်သိမ့်ဖို့ ကျနော့်မှာ စကားလုံးမရှိဘဲ ရင်ထဲမှာ တစ်ဆို့နေတဲ့ ၀မ်းနည်းမှုနဲ့ပဲ တုန့်ပြန်ဖြစ်ခဲ့တယ်။ HIV ရောဂါပိုး ပြန့်ပွားမှုကို ထိန်းထားပေးနိုင်တဲ့ ဆေးဝါး (Anti-retroviral Drugs) တွေ ရရှိဖို့ ကျနော်တို့ရဲ့ ကြိုးပမ်းမှုတွေဟာလည်း သဲထဲ ရေသွန်သလိုပါပဲ။

• နောက်ဆုံးတော့ ကျနော်တို့ စိုးရိမ်းတဲ့နေ့ကို ရောက်လာခဲ့ပါတယ်။ ကိုစည်သူ အဖျားဝင်ခဲ့ပါပြီ။၂၀၀၁ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှာ သူကျဆုံးသွားခဲ့တယ်။ အဲဒီအချိန်မှာ သူဟာ အသက် ၃၅ နှစ်ပဲရှိသေးတဲ့ လူရွယ်တယောက်ပါ။

• သေခြင်းတရားက တချိန်မဟုတ်တချိန် ကျနော်တို့ဆီ ရောက်လာမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ နောက်ဆုံး အချိန်ကို လူသားဆန်ဆန်နဲ့ အဆုံးသတ်ချင်တာ လူသားတိုင်းရဲ့ဆန္ဒ ဖြစ်ပါလိမ့်မယ်။

• ကိုစည်သူဟာ မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှုမှာ သူ့ရဲ့ မဆုတ် မနစ်တဲ့ ခံယူချက်ကြောင့် ယုံကြည်မှု အကျဉ်းသား (Prisoner of Conscience) ဖြစ်ခဲ့ရပါတယ်။ “၈ လေးလုံး” သို့မဟုတ် (၈ – ၈ – ၁၉၈၈) နေ့ ဗမာပြည်သူ တရပ်လုံး ဒီမို ကရေစီရေး ဆန္ဒပြပွဲမှာ တက္ကသိုလ် ကျောင်းသား တယောက်အဖြစ် ကိုစည်သူ နိုင်ငံရေးကို ပထမဆုံး စတင်လှုပ်ရှား ဆောင်ရွက် ခဲ့ပါတယ်။

• ၁၉၉၁ ခုနှစ်မှာ စစ်အစိုးရရဲ့ ဖမ်းဆီးခြင်းခံရ၊ ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခြင်း ခံရပြီး နောက်ပိုင်း ပြစ်ဒဏ်ကို ၁၀ နှစ် အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ အကျဉ်းထောင် ဥပဒေအရ လျော့ရက် ခံစားခွင်ရပြီး ပြစ်ဒဏ် ကုန်ဆုံးလို့ လွတ်မြောက်ရမှာ ဖြစ်ပေမယ့် စစ်အစိုးရက လုံခြံုရေး အက်ဥပဒေ ပုဒ်မ ၁၀ (က) နဲ့ သူ့ကို ဆက်လက်ချုပ်နှောင် ထားခဲ့တယ်။ တကယ်တော့ သူသေဆုံးချိန် ၂၀၀၁ ခုနှစ် ဇူလိုင်လမှာ သူဟာ လွတ်လပ်တဲ့ သူ တယောက် အဖြစ် သူ့မိသားစုနဲ့အတူရှိနေခဲ့ရမှာပါ။

– – – စသဖြင့် အကျဉ်းထောင်ထဲမှာ အတူနေခဲ့ဖူးတဲ့ ကိုထက်အောင်က ရေးသားဖေါ်ပြခဲ့ဖူးတယ်။ တိုင်းသစ်ပြည်သစ်တစ်ခု တည်ဆောက်ရာမှာ ပါ၀င်ပြီး သူ့အိပ်မက်တွေကို အကောင်အထည်ဖေါ်ချင်တဲ့ လူငယ်တစ်ဦးကို စစ်အာဏာရှင်စနစ်က အကြင်နာမဲ့စွာ သတ်ဖြတ်လိုက်တာပါပဲ။ သူ့မိခင် သူ့ညီအစ်ကိုမောင်နှစ်မတို့ချည်း ကိုစည်သူကို ဆုံးရှုံးလိုက်ရတာမဟုတ်ပါဘူး။ သူ့နိုင်ငံရေး ရဲဘော်ရဲဘက်တွေနဲ့တကွ၊ သူချစ်တဲ့ အမိမြန်မာနိုင်ငံကပါ သူ့ကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်ပါတယ်။ မိမိအနေနဲ့လည်း ယခုအချိန်အထိ သူ့ကို သတိရနေဆဲ မြင်ရောင်နေဆဲဖြစ်ပါတယ်။ သူ့ရဲ့ ကျဆုံးခြင်းဟာ အချည်းအနှီးလို့တော့ မိမိအနေနဲ့ မထင်ပါ။ သူဟာ သူ့သမိုင်း ကို သူကျရာအပိုင်းကဏ္ဍကနေ ရဲရဲရင့်ရင့် ၀ံ့ဝံ့ထည်ထည်ရေးသား မှတ်တမ်းတင်နိုင်ခဲ့သူဖြစ်တယ်။ စစ်အာဏာရှင်လူတစ်စုကို သမိုင်း စာမျက်နှာတွေထက်မှာ ထာဝရ အရှက်ရနေစေအောင် သူ လုပ်ဆောင်နိုင်ခဲ့တယ်။ ကိုစည်သူ ဟာ အရေးတော်ပုံ တစ်နေရာမှာ ကျဆုံးခဲ့ တာမှန်ပေမယ့် သူ့နာမည်ဂုဏ်သတင်းကတော့ အစဉ်အမြဲ ရှင်သန်နေလိမ့်မယ်လို့ ယုံကြည်နေမိတယ်။ ကိုစည်သူကို ‘တင်မောင်အေး’ ဘာသာပြန်ဆိုတဲ့ ဂျာမန်စာဆို ‘ဗားတော့ဗရက်’ ရဲ့ ကဗျာတစ်ပိုဒ်နဲ့ ဂုဏ်ပြုလိုက်ပါတယ်။ အလေးပြုလိုက်ပါတယ်။

• ဟောသည် “ခေါင်း” ထဲကလူဟာ
လိုချင်တာတွေ အများကြီးအတွက်
ဆူပူလှုံ့ဆော်ခဲ့တယ်
လူတိုင်း အစားဝဝ စားရေး
လူတိုင်း နေစရာအိမ် ရရေး
လူတိုင်း သားသမီးတွေကို
ကျကျနန မွေးကျွေးရေး
လူတိုင်း လုပ်အားခ အပြည့်ရရေး
ပြီတော့ မင်းလို ငါလို လူဆင်းရဲချင်း
အုပ်သင်းမကွဲ စည်းရုံးရေးနဲ့
ဝေဖန်တွေးခေါ်ရေး လိုချင်တယ်တဲ့။
(တင်မောင်အေး ဘာသာပြန်ဆိုတဲ့ ဂျာမန်စာဆို ဗားတော့ဗရက် (Bertolt Brecht) ရဲ့ အနာဂတ်အတွက် ကဗျာများမှ)။

*ဇင်လင်း ၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နှင့် အခြားဆောင်းပါးများစာအုပ် မှ