Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၁၀ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၁၀ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၁ ၂၀၂၂


ဆိုရှယ်မီဒီယာခေတ် သတင်းနဲ့ လူအများ ဆက်သွယ်ရေးမီဒီယာ

သတင်းနဲ့၊ သတင်းနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေက နိုင်ငံရေး၊ စစ်ရေး ဖြစ်စဥ်တွေအပေါ်၊ လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိတယ်ဆိုတာ အများက လက်ခံထားကြပြီးသား ဖြစ်ပါတယ်။ နေ့စဥ် သတင်းစာ ဖော်ပြမှုတွေ ရုပ်သံက ထုတ်လွှင့်တာတွေ ၊ ရေဒီယိုက အသံလွှင့်တာတွေနဲ့ ဒီနေ့ခေတ်မှာတော့ အင်တာနက်ပလက်ဖောင်းပေါ်က ဆိုရှယ်မီဒီယာမှာ ဖော်ပြနေကြတာတွေက တကယ်အပြင်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေအပေါ်မှာ သက်ရောက်မှုတွေ ရှိကြပြီး အဖြစ်အပျက်ထဲမှာ ပါဝင်နေသူတွေ အဖြစ်အပျက်ကို မောင်းနှင်နေသူတွေကို အမြင်တွေ သဘောထားတွေ ပြောင်းလဲစေနိုင်ပြီး တဖန် အဲဒီလို ပြောင်းလဲမှုတွေ ချိန်ညှိမှုတွေက သတင်းပြန်ဖြစ်စေပါတယ်။ 

ဒီနေရာမှာ မေးခွန်းထုတ်စရာ ပေါ်ထွက်လာတာ တခုက သတင်းတွေကို ဖတ်ရှုနားထောင်ရုံနဲ့ တကယ့်မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေ၊ အဖြစ်အပျက် အကြောင်းခံလာမှုတွေ၊ ခံစားချက်၊ သူတို့ရဲ့ အမြင်တွေကို ဘယ်လောက် နားလည်နိုင်မလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ 

သတင်းမီဒီယာတွေအနေနဲ့ မျှတအောင်၊ ဘက်မျှအောင်၊ အချက်အလက်တိကျအောင် လုပ်ဆောင်ဖို့နဲ့ အချက်အလက်ဆိုင်ရာ အမှန်တရားကို ဖော်ထုတ်ဖို့ က သတင်းမီဒီယာရဲ့ သတင်းသမားရဲ့ အဓိကအကျဆုံးတာဝန်ဆိုတဲ့ မီဒီယာကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်တွေ ရှိပေမယ့် လက်တွေ့မှာတော့ သတင်းမီဒီယာတွေရဲ့ ကျင့်ဝတ်ဆိုင်ရာ လိုက်နာကျင့်သုံးမှုကို ဝင်ရောက်လွှမ်းမိုးစရာ အကြောင်းအချက်များစွာ ရှိနေတာ ဖြစ်ပါတယ်။ သတင်းမီဒီယာကျင့်ဝတ် ဆိုတာကို မီဒီယာပိုင်ဆိုင်မှု၊ နိုင်ငံရေးဝါဒ ရပ်တည်ချက်၊ ပါတီရပ်တည်ချက်၊ လူမျိုး၊ ဘာသာရေး ၊ ငွေကြေး အကျိုးစီးပွား စတဲ့ အကြောင်းအရာတွေက လွှမ်းမိုးကြတာ အမှန်ပဲ ဖြစ်ပါတယ်။ မီဒီယာကျင့်ဝတ်ဆိုင်ရာ ရပ်တည်ချက်အရ စွက်ဖက်မှုအနည်းဆုံး ငဲ့စရာအနည်းဆုံးနဲ့  အမျှတဆုံးလို့ဆိုတဲ့ ဒီမိုကရက်တစ်နိုင်ငံစစ်စစ်က အများပြည်သူဝန်ဆောင်မှုမီဒီယာတွေတောင်မှ အဲဒီနိုင်ငံရဲ့ ရပ်တည်ချက်၊ လူမျိုးဆိုင်ရာ ရပ်တည်ချက်တွေရဲ့ လွှမ်းမိုးမှု အတိုင်းအတာတခုထိ လွှမ်းမိုးခံရနိုင်ခြေ ရှိနေတာ ဖြစ်ပြီး အဲဒီလိုမီဒီယာတွေနဲ့ ဆန့်ကျင်ဘက် အစွန်းမှာတည်ရှိနေတဲ့ မီဒီယာတွေကိုကြည့်ရင် အာဏာရှင်နိုင်ငံတွေက နိုင်ငံပိုင်မီဒီယာ ၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်တဲ့ အမြင်နဲ့ လှုံ့ဆော်ကြတဲ့ မီဒီယာတွေကို တွေ့ရပါလိမ့်မယ်။ 

သတင်းလွတ်လပ်ခွင့်ရှိတယ်ဆိုတဲ့ နိုင်ငံတွေက သတင်းမီဒီယာတွေ အားလုံးလည်း လွတ်လပ်စွာ ဖော်ပြနေကြတာ မဟုတ်ပါဘူး။ လွတ်လပ်ခွင့်ရှိတဲ့ အခြေအနေအောက်မှာ သတင်းဌာနတခုက လွတ်လပ်စွာ ဖော်ပြနိုင်တဲ့အခွင့်အရေး ရှိနေတာက ကံကောင်းတဲ့အချက်လို့ အသိအမှတ်ပြုရမှာ ဖြစ်သော်လည်း လွတ်လပ်စွာ ရပ်တည်နိုင်ဖို့ရာ စိန်ခေါ်မှု အများအပြားရှိနေတာလည်း ဖြစ်ပါတယ်။ ငွေကြေးအရ လွတ်လပ်စွာ ရပ်တည်နိုင်ဖို့ရာ ဘယ်လိုပုံစံနဲ့ ဝင်ငွေရအောင် ရှာဖွေရပ်တည်မလဲဆိုတာကလည်း အဓိကစိန်ခေါ်မှုဖြစ်သလို အခြားသော အမျိုးသားရေး ဆိုတဲ့ စကားလုံးကို ယူထားတဲ့ လူမျိုးကြီးဝါဒလိုမျိုး၊ အခြားသော အကျိုးစီးပွားအတွက် မီဒီယာကနေ လုပ်ဆောင်မှုတွေ လွှမ်းမိုးမှုတွေကလည်း လွတ်လပ်မှုကို ထိပါးစေတာတွေ ဖြစ်ပါတယ်။ အခြားသော အကြောင်းတချက်က တမင်ရည်ရွယ်ပြီး ဘက်လိုက်တာ မဟုတ်ပေမယ့် အတတ်ပညာ အားနည်းချို့ယွင်းမှုကြောင့် ဘက်လိုက်ရေးသား ဖော်ပြပေးတာမျိုး ဖြစ်ပါတယ်။ 

သတင်းဌာနတွေအနေနဲ့ ပြဿနာကို လူနားလည်လွယ်အောင် သို့မဟုတ် တင်ပြလွယ်အောင် ကောက်ချက်ချတာ ၊ ဒါဟာ ဒါကြောင့်လို့ လွယ်လွယ် ကောက်ချက်ချ တင်ပြတာတွေ လုပ်ဆောင်လေ့ရှိကြတဲ့ အချက်ကလည်း သတင်းတွေရဲ့ လွတ်လပ်မှု တိကျမှုကို ထိခိုက်စေပြီး ဒီအဖြစ်အပျက်က ဒါကြောင့်လို့ လွယ်လွယ် ကောက်ချက်ချပြီး ပြဿနာကို အဖြေရှာဖို့ လမ်းစပျောက်စေပါတယ်။ 

ဆိုရှယ်မီဒီယာခေတ်မှာ ဆိုရှယ်မီဒီယာမှာ အများစုဖြစ်တဲ့ အင်အားစုတွေကလည်း အခြားသော အယူအဆတွေကို အင်အားနဲ့ အသံတိတ်ဆိတ်စေတာမျိုး သတင်းမီဒီယာတွေကို ဖိအားဖြစ်စေတာမျိုး နဲ့ သတင်းမီဒီယာရဲ့ လွတ်လပ်ခွင့်ကို ထိပါးစေနိုင်တာတွေ ရှိလာပါတယ်။ ဒီအချက်ကို ဆိုရှယ်မီဒီယာ အက်ဖက် လို့ ဆိုကောင်းဆိုကြလိမ့်မယ် ထင်ပါတယ်။ မိမိရဲ့ အတတ်ပညာ ကျွမ်းကျင်မှုမှာ ယုံကြည်မှုအားနည်းတဲ့ သတင်းသမားတွေအနေနဲ့ သတင်းတပုဒ်ကို တင်ပြခြင်းမပြုမီ အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ အခြားသတင်းဌာနတွေက တင်ပြထားပုံ၊ အဲဒီသတင်းအပေါ်မှာ ပရိသတ်ရဲ့ တုံ့ပြန်ပုံက သူ တင်ပြမယ့် သတင်းအပေါ် လွှမ်းမိုးပြီး သတင်းကို လိုတိုးပိုလျှော့ လုပ်ကာ ပြင်ဆင်ပြီးမှ တင်ပြတာမျိုးတွေ ဖြစ်တတ်တာလည်း ဆိုရှယ်မီဒီယာခေတ်မှာ တွေ့လာရပါတယ်။ 

ဒီအချက်တွေက အတိုင်းအတာတခုထိ ထင်သာမြင်သာရှိနေပေမယ့်လည်း အတည်ပြုရခက်ခဲတဲ့ သက်သေပြဖို့ ခက်ခဲတဲ့ မီဒီယာအပေါ် စွက်ဖက်မှုနောက်တမျိုးလည်း ရှိပါသေးတယ်။ 

အဲဒါကတော့ နောက်ကွယ်က လက်မည်းလို့ဆိုကြတဲ့ ထင်မှတ်မထားတဲ့ ပိုင်ဆိုင်မှု၊ ဖုံးကွယ်ထားတဲ့ ပိုင်ဆိုင်မှု၊ သို့မဟုတ် လာဘ်ထိုးမှုတွေနဲ့ မီဒီယာရဲ့ ရပ်တည်ချက်ကို ထိန်းကျောင်းမောင်းနှင်ကြတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သတင်းလွတ်လပ်ခွင့် နည်းပါးတဲ့ တရုတ်နိုင်ငံလိုမျိုးမှာ အချိုးအစားအများအပြား တွေ့နိုင်သလို အခြားသော သတင်းလွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီနိုင်ငံလိုမျိုးတွေမှာလည်း အနည်းနဲ့အများ ရှိနေကြတာ ဖြစ်ပါတယ်။ 

ချုံ့ပြောရရင်တော့ ကျနော်တို့ ဖတ်ရှုနားဆင်နေတဲ့ သတင်းတွေဟာ သန့်ရှင်းပြီး စွန်းထင်းညစ်ညမ်းမှုမရှိတဲ့ သဘာဝပတ်ဝန်းကျင်က ရတဲ့ သဘာဝ ကျောက်စက်ရေ၊ စိမ့်စမ်းရေလို ကြည်လင်သန့်ရှင်းနေတဲ့ အရာတွေမဟုတ်ဘူး ဆိုတာကို နှလုံးသွင်းထားပြီး နောက်ကွယ်က အကြောင်းအချက်တွေ ရှိနိုင်တယ်ဆိုတာကို သတိမူမိကြဖို့ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar