တတိယမြောက် အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး၊ အညာဒေသက အသတ်ခံနေရဆဲ အရပ်သားများ
![]() | |
|
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၁ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၂၊ ၂၀၂၃
တတိယမြောက် အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး၊ အညာဒေသက အသတ်ခံနေရဆဲ အရပ်သားများ
မြန်မာ့နိုင်ငံရေး အကြပ်အတည်းက ၂ နှစ်ပြည့်ဖို့ ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာ မြန်မာနိုင်ငံက အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်နေတဲ့ အာဆီယံနိုင်ငံက တတိယမြောက် အလှည့်ကျ နိုင်ငံအဖြစ် အင်ဒိုနီးရှားနိုင်ငံက တာဝန်ယူပြီး မြန်မာ့နိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အဖြစ် အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီးကို တာဝန်ပေးအပ်လိုက်ပါတယ်။ အမျိုးသမီးတဦးလည်းဖြစ်တဲ့ Retno Masudi က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အဖြစ် ယခု ၂၀၂၃ နှစ်အတွက် တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့နှစ်မှာ ဘရူနိုင်းနိုင်ငံက အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌဖြစ်ခဲ့ပြီး အဲဒီနှစ်မှာ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အဖြစ်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး အာဆီယံ အထူးကိုယ်စားလှယ် အနေနဲ့ မြန်မာနိုင်ငံကို လာရောက်နိုင်ခဲ့ခြင်း မရှိဘဲ ၂၀၂၁ ခုနှစ်ဧပြီလ ကုန်ခါနီးမှာ ဂျာကာတာမြို့မှာ ကျင်းပတဲ့ မြန်မာ့အရေး အထူးအစည်းအဝေး တရပ်ကျင်းပခဲ့ပြီး အခုထက်တိုင် ရည်ညွှန်းပြောဆိုနေကြတဲ့ အချက် ၅ ချက်ပါဝင်တဲ့ “အာဆီယံ ဘုံသဘောတူညီမူ” ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၁ ခုနှစ်တနှစ်လုံးမှာ အာဆီယံ အနေနဲ့ ဘုံသဘောတူညီမူ ကို အကောင်အထည်ဖေါ်ဖို့ ဆက်လက်တိုက်တွန်းခဲ့ပေမယ့် အကောင်အထည် မပေါ်လာနိုင်ပဲ ရှိခဲ့တာ ၂၀၂၂ ခုနှစ်မှာ တာဝန်ယူတဲ့ ကမ္ဘောဒီးယား နိုင်ငံ အလှည့်တခုလုံးကနေ ယခု တတိယမြောက် အင်ဒိုနီးရှားနိုင်ငံ အလှည့်ထက်တိုင်ပဲ ဖြစ်ပါတယ်။
ဘရူနိုင်းနိုင်ငံအနေနဲ့ အာဆီယံမှာ နိုင်ငံရေးအရ ဦးဆောင်နိုင်လောက်တဲ့ သြဇာရှိတဲ့ နိုင်ငံမဟုတ်ခဲ့တာကြောင့်လည်း ထူးထူးခြားခြား ဦးဆောင်ဦးရွက်ပြုမှုတွေ မတွေ့ခဲ့ရပါဘူး။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့တော့ ဘရူနိုင်းနိုင်ငံ တာဝန်ယူထားတဲ့ကာလမှာ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ အာဆီယံရဲ့ မြန်မာ့အရေး အစည်းအဝေးမှာ ခေါင်းညိတ်ခဲ့တဲ့ “အာဆီယံသဘောတူညီမူ” ကို ၂၀၂၁ ခုနှစ်လုံး အချိန်ရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ဧပြီလမှာ ခေါင်းညိတ်ခဲ့တဲ့ ဒီသဘောတူညီမူကို အခြေအနေတွေ တည်ငြိမ်မှုရမှသာ ဖေါ်ဆောင်မယ်လို့ အင်ဒိုနီးရှားကပြန်လာကတည်းက ပြောဆိုနေခဲ့တာဖြစ်ပြီး တနှစ်နီးပါး အချိန်ကုန်လာတဲ့အခါကျမှ အာဆီယံ အစည်းအဝေးတိုင်းကို မြန်မာနိုင်ငံအနေနဲ့ တက်ရောက်ခွင့် မရတဲ့အခါကျမှသာ ဒီသဘောတူညီမူကို ခေါင်းညိတ်ခဲ့တာ သူ့မှားသွားပြီလို့ သဘောပေါက်လာပုံရပါတယ်။
သို့ပေမယ့် အာဆီယံမူကို အကောင်အထည်ဖေါ်ဖို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရမယ် ဆိုတာကိုလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆွေးနွေးတာကို လက်ခံနိုင်ပေမယ့် NUG နဲ့ ဆွေးနွေးမယ့် အချက်ကို တလျှောက်လုံး ပယ်ချလာတာဖြစ်လို့ အာဆီယံမူကို ဂျာကာတာ အစည်းအဝေးမှာတုန်းက ကြိုတင်ညှိနှိုင်းခြင်းမရှိပဲ တဖက်သတ်ချမှတ်ခဲ့တာလို့ ဆင်ခြေပေး လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကုန်ပြီးနောက် မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံနိုင်ငံ တချို့က ဖိအားပေးမှုပိုမြင့်တက်လာတာလည်း ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဌ နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံကလည်း မြန်မာ့အရေးကို ကြားဝင် ဆောင်ရွက်ဖို့ စိတ်အားထက်သန်နေခဲ့ပေမယ့် ၂၀၂၂ ခုနှစ် တခုလုံး ကြီးကြီးမားမား အောင်မြင်မှုရယ်လို့ မတွေ့ခဲ့ရပါဘူး။ ခု ၂၀၂၃ ခုနှစ်မှာ အလှည့်ကျတဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ ဒေသတွင်း နဲ့ အာဆီယံအတွင်းမှာ သြဇာရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်တာ၊ ကမ္ဘာမှာလည်း ယူကရိန်းနဲ့ ရုရှားစစ်ပွဲအတွင်း ရိက္ခာတင်သင်္ဘောတွေ အရေးမှာ ကြားဝင်ဆောင်ရွက်ခဲ့တဲ့ နမူနာက အင်ဒိုနီးရှားနိုင်ငံရဲ့ ဂုဏ်သတင်းကို မြင့်တက်စေတာ ဖြစ်ပါတယ်။ ဒီလို ဂုဏ်သတင်းနဲ့ အစဥ်အလာရှိတဲ့ အင်ဒိုနီးရှား နိုင်ငံ အနေနဲ့ မင်းအောင်လှိုင်စတင်မီးမွှေးလိုက်တဲ့ မြန်မာနိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရဦးမယ့် သဘောဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတွေကို ဖတ်ရှုကြည့်တဲ့အခါ အညာက ကျေးလက်တွေမှာ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ထိုးပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးရာမှာ အသက်အရွယ်ကြီးရင့်သူတွေပါ မီးထဲပါသေဆုံးနေကြရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်နေဆဲ လူလတ်ပိုင်း လူငယ်ပိုင်းတွေလည်း မသင်္ကာမှုနဲ့ ဖမ်းဆီးသတ်ဖြတ်ခံနေရဆဲ ဖြစ်တာတွေ့ရပါတယ်။ ရေဦးမြို့နယ်ထဲက ကျေးရွာတရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စဥ် ထွက် မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့တဲ့ အသက်အရွယ်ကြီးရင့်သူ ၂ ဦး နေအိမ်တွေ မီးရှို့ခံရစဥ် အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်တွေ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။
ကျွန်းလှနဲ့ ဒီပဲယင်း မြို့နယ်တွေမှာတော့ ကျေးရွာတွေဝင်ရောက်စဥ် ကျေးရွာသွားတချို့ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရတဲ့ သတင်းတွေ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လိုက် မီးရှို့လိုက် ပြန်ထွက်သွားလိုက် ရိက္ခာတွေ မီးရှို့တာ ယူဆောင်သွားတာတွေ နဲ့ တစတစ အရပ်သား တွေ သတ်ဖြတ်ခံရလို့ ဆုံးရှုံးရတာ၊ ကျန်ရစ်သူတွေလည်း အသက်ရှင်နေထိုင်ဖို့ ရိက္ခာတွေ ဖျက်ဆီးခံရ လုယူခံရတာတွေကို ရပ်တန့်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးတာ တွေ့နေရတာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar