Breaking News

လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် - ၅


လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် - ၅

(မိိုးမခ) မေ ၁၊ ၂၀၂၀

တုံ့လှယ်မေတ္တာ

လူသားတွေရဲ့ သမိုင်းတလျှောက်တွေ့ခဲ့ရတဲ့ ဘေးဆိုးတွေထဲမှာ ကူးစက်ရောဂါ ကပ်ဘေးဆိုးတွေလည်း ပါပါတယ်။ ဒါတွေကို လူသားတွေဟာ အလွန်ကြီးမားတဲ့ ဇွဲ လုံ့လနဲ့ နည်းပေါင်းစုံကိုသုံးပြီး အန်တုတော်လှန်ခဲ့ကြပါတယ်။ ကပ်ဘေး တွေက ကျော်လွန်တာနဲ့ ကပ်ဘေးအတွင်းက အတွေ့အကြုံအဖြစ်အပျက်တွေကို ( အထူးသဖြင့် အားနည်းချက်တွေ)ကို နိဂုံးချုပ်ပြီးနောက်တခါ ကြုံလာရင် ဘယ်လိုကာကွယ်ကြမယ် ဆိုတာစဉ်းစားရင်းကြံဆ လုပ်ဆောင်ကြရင်း လူထုကျန်းမာရေးဆိုင်ရာ နည်းလမ်းသစ်တွေ ပေါ်ပေါက်လာခဲ့တာပါ။

အခုလည်း ကိုဗစ်၁၉ကပ်ရောဂါဘေးဆိုးကြီးကို တစုံတရာ နှိမ်နင်းလာနိုင်ပြီးနောက် နောင် ဒီလိုဘေးမျိုးကိုဘယ်လိုရင်ဆိုင်ကြမှာလဲ- ဆိုတာကို တကမ္ဘာလုံး ဝိုင်းဝန်းရှာဖွေ စဉ်းစား လာကြပါတယ်။ဒီတော့ လူထုကျန်းမာရေးစနစ်သစ်တွေပေါ်လာနိုင်ပါတယ်။ ဒီအမြင်နဲ့ ဒီခေါင်းစည်းကိုယူပြီး ဒီဆောင်းပါးဆက်တွေ ကိုရေးနေပါတယ်။

ဒီကြားထဲပေါ်လာတဲ့ သတင်းအတိုအထွာ (ပုံပြင်များ) ကလည်း စိတ်ဝင်စားစရာ - ရေးချင်စရာလေးတွေ ဖြစ်နေပြန်ရော။

အခုလည်း ဓာတ်ပုံသတင်းတပုဒ်က - - နန်ကျင်းက သူရဲကောင်းကြီးရဲ့ မြေးအတွက် အကူအညီအလျင်အမြန်ပေးခြင်း ... တဲ့။ (China Daily.24-4-2020)

ဂျာမနီ ဟေဒဲလ်ဘာခ့် ဆေးတက္ကသိုလ် (Heidelberg medical school) က ပါမောက္ခ သောမတ်စ်ရာဘေး(Thomas Rabe) က မတ်လက ဂျာမနီက တရုတ်သံရုံးကို ဆက်သွယ်ပြီး ဒီလိုအကူအညီတောင်းလာပါတယ်။

သူတို့မိသားစုဝင်တချို့ ကိုဗစ်၁၉ ရောဂါလက္ခဏာတွေပြလာရာမှာ သူလိုအပ်တဲ့ ဆေးဝါးတွေ ဝယ်မရဖြစ်နေပြီး သူအလုပ်လုပ်နေတဲ့ ဆေးရုံမှာလည်း ကာကွယ်ရေးဝတ်စုံတွေ မလုံလောက်ပါ တဲ့။

တရုတ်သံရုံးက သူလိုအပ်တယ် ဆိုတဲ့ ဆေးဝါးတွေကို တရုတ်ပြည်က မှာယူပြီး မတ်လကုန်မှာ သူ့ဆီပို့ပေးရုံသာမက ဒီအကြောင်းကို နန်ကျင်းအစိုးရကို လှမ်းအကြောင်းကြားလိုက်ပါတယ်။

ရာဘေး - ဆိုတဲ့နာမည်ဟာ နန်ကျင်းမြို့မှာသာမက တရုတ်တပြည်လုံးမှာပါ ကျေးဇူးရှင်အသက်သခင်သူရဲကောင်းကြီးအဖြစ် ထင်ရှားပါတယ်။

ပါမောက္ခ သောမတ်ရာဘေးရဲ့ အဘိုး ဂျွန်ရာဘေးဟာ နန်ကျင်းမှာ ၁၉၃၀ ခုနှစ်များက လာစီးပွားရှာနေတဲ့ဂျာမနီနိုင်ငံ ဟမ်ဘာခ့်သားပါ။ ၁၉၃၁-၄၅ ကာလ ဂျပန်ခုခံရေးစစ်ပွဲအတွင်း သူက တခြားနိုင်ငံခြားသားများ (အမေရိကန်၊ ဒိန်းမတ်၊ ရုရှား) တိုနဲ့အတူ နန်ကျင်းဘေးကင်းဇုန် ဆိုတာ တည်ထောင်ပြီး တရုတ်ပြည်သူအများအပြားကို ဂျပန်တပ်များဘေးမှ ကယ်တင်ပေးခဲ့ဖူးပါတယ်။

ဒါ့ပြင် (နန်ကျင်းသတ်ဖြတ်မှုကြီးလို့ ကဗျည်းထိုးခံရတဲ့)  ၁၉၃၇ ခုနှစ် စက်တင်ဘာမှ နောက်နှစ် ဖေဖေါ်ဝါရီလအထိ ဂျပန်စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မှတ်တမ်းတင်ထားတဲ့ သူ့ရဲ့နေ့စဉ်မှတ်တမ်းဒိုင်ယာရီဟာ အလွန်အရေးပါတဲ့ သမိုင်းဝင်အထောက်အထား သက်သေခံပစ္စည်း ဖြစ်နေခဲ့ပါတယ်။ ဒီမှတ်တမ်းကို ဂျွန်ရာဘေးဟာ အသက်အန္တရာယ်အမျိုးမျိုးကြားက မှတ်တမ်းတင်ခဲ့ရုံမက လုံခြုံအောင် သိမ်းဆည်းထားပေးခဲ့ပါတယ်။

ဒီမှတ်တမ်းဟာ စစ်အပြီး ဂျပန်ကို နိုင်ငံတကာတရားရုံးမှာ တရားစွဲတဲ့အခါ တရုတ်လူမျိုးများအတွက် အလွန်ပြည့်စုံတဲ့ သက်သေခံပစ္စည်း ဖြစ်ခဲ့ပါတယ်။

ဒါ့ကြောင့်ပဲ နန်ကင်းမြို့သူမြို့သားများက သူတို့တက္ကသိုလ်ပရဝဏ်ထဲမှာ ဂျွန်ရာဘေး ရုပ်တုကျောက်တိုင်ထားရှိပြီး သူ့မိသားစုဝင်များနဲ့ အဆက်မပြတ် အဆက်အသွယ်လုပ်ခဲ့ကြပါတယ်။ ဂျွန်ရာဘေးရဲ့ အတ္ထုပ္ပတ္တိရော၊ မှတ်တမ်းပါ အဖြစ်အပျက်များရော၊ တရုတ်ပြည်က ရုပ်ရှင်တွေ ရိုက်ထားတာတွေရှိပါတယ်။ အထူးနေ့ရက်များမှာလည်း (ဥပမာ နန်ကျင်းသတ်ဖြတ်မှု နှစ်ပတ်လည်နေ့များ) သူ့မိသားစုဝင်များကို လှမ်းဖိတ်တာတွေ လုပ်တတ်ပါတယ်။

ဒီသတင်းရရချင်း နန်ကျင်းက နှာခေါင်းစည်း (၃)သောင်း၊ ကာကွယ်ရေးဝတ်စုံ (၂၀ဝ) နဲ့ ဆေးဝါးအမျိုးစုံ (အထူးသဖြင့် ကိုဗစ်၁၉ ရောဂါ ကုသရာမှာ အတော်အသုံးတည့်နေတဲ့ တရုတ်ဗိနွောဆေးများ) ဧပြီ (၁၇) ရက်နေ့မှာ ဘာလင်ကို ပို့ပေးလိုက်ပါတယ်။

ဘာလင်သံရုံးဝန်ထမ်းများကလည်း ကားမောင်းပြီး ကီလို(၇၀ဝ)ဝေးတဲ့ သောမတ်ရာဘေးတို့ရဲ့ ကျောင်းရှိရာကို ချက်ချင်းအရောက် ပို့ပေးလိုက်တာပါ။  ပါမောက္ခသောမတ်ရာဘေးနဲ့ ဇနီးတို့က လက်ခံတာပါ။ ဒါ့အပြင် ကျန်-နန်ကျင်းက ကြားသိရသူတွေ  (ဥပမာ လုပ်ငန်းပိုင်ရှင်တွေ) က လိုအပ်တဲ့ဆေးပစ္စည်းတွေ အမြန်ဆုံးထုတ်လုပ်ပြီး အမြန်ဆုံး ပို့ပေးနိုင်ဖို့ စီစဉ်ကြပါတော့တယ်။ သူတို့က ဒီလိုဆိုပါတယ်။

ကျွန်တော်တို့တတွေအနေနဲ့ ဂျွန်ရာဘေးနဲ့ ရာဘေးမိသားစုရဲ့ကျေးဇူးကို ပြန်ဆပ်ချင်နေ ကြတာပါ။ ဂျွန်ရာဘေးဟာ စစ်အတွင်းက ကျွန်တော်တို့တရုတ်တွေ အတော်များများကို ကယ်တင်ခဲ့ဖူးပါတယ်။ သူ့ရဲ့ဒီသူရဲကောင်းလုပ်ရပ်တွေကို ကျွန်တော်တို့က မမေ့မလျှော့ တန်ဖိုးထားပါတယ်။ အခုလို သူ့မိသားစုဝင်တွေအခက်အခဲတွေ့နေရချိန်မှာ ကျွန်တော်တို့ ကူညီရမှာပေါ့။
အခု အနှစ် (၈၀) ကျော် ကြာပြီးချိန်မှာတောင် နန်ကျင်းမြို့သူမြို့သားများနဲ့ ရာဘေးမိသားစု အကြားကချစ်ကြည်ရေးဟာ မှိန်ဖျော့သွားခြင်း မရှိပါဘူး။ ဘယ်တော့မှလည်း လျှော့သွားမှာမဟုတ်ပါဘူး ... တဲ့။

ဒီရောဂါကပ်ဘေးကြီးအတွင်း ပေါ်လာတဲ့ မင်္ဂလာသတင်းလေးတပုဒ်ပါ။