အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၃ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၃ )
(မိုးမခ) ဧပြီ ၆ ၊ ၂၀၂၃
9/4/23
Diary in the darkness
နိုင်ငံတဝန်းမှာ စစ်တပ်က မီးရှို့၊ လူသတ်၊ ဗုံးကြဲနေချိန်မှာ ကျွန်တော်တို့အတွက် လျှပ်စစ်မီး မရတာ၊ ခြင်ကိုက်တာ၊ အလုပ်လက်မဲ့ဖြစ်တာ၊ ကုန်စျေးနှုန်းတက်တာတွေကို မညည်းညူချင်တော့ပါဘူး။ စိတ်ပျက် အားငယ်နေလို့လဲ ဘာထူးမှာလဲ။
ဒီနေ့ ဘာတွေဖြစ်နေလဲ။ ဆက်လက်အသက်ရှင်ဖို့ ဘာလုပ်ကြမလဲ။ ကိုယ့်ထက် အခြေအနေဆိုးနေသူတွေကို ဘယ်ယ်လိုဝိုင်းကူရမလဲ။ ဒါတွေပဲ စဥ်းစားရပါတော့မယ်။
သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ် အားရဝမ်းသာ အသံကြီးနဲ့ ပြောတာ။ ပြည်သူ့ရင်ပြင်က သင်္ကြန်မဏ္ဍပ်ကို ရှော့တိုက်ဒုံးနဲ့ အပစ်ခံရတဲ့ အကြောင်းနဲ့ မင်္ဂလာဒုံက သင်္ကြန်မဏ္ဍပ်တွေ ညတွင်းချင်း ဖျက်သိမ်းသွားပြီတဲ့။
ပြီးခဲ့တဲ့ လေးငါးရက်လောက်က NLD ပါတီကို အစိုးရက ဖျက်သိမ်းပြီးနောက် မြန်မာပြည်အနှံ့မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်။ ဒုက္ခသည် အရေအတွက်လည်း သိသိသာသာတိုးလာတဲ့ သတင်းတွေ တက်လာပါတယ်။ ကရင်နဲ့ ကယားပြည်နယ်မှာလည်း အစိုးရတပ်တွေ အတော် အထိနာနေတယ် ဆိုတဲ့သတင်းတွေ ဆက်တိုက်တက်နေပါတယ်။ အထူးသဖြင့် ကရင်ပြည်နယ်က ရွှေကုက္ကိုလ် လောင်းကစားမြို့ မှာ စစ်တပ်နဲ့ စစ်တပ်ကို ထောက်ခံတဲ့ နယ်ခြားစောင့်တပ်တွေ အထိနာတဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက်ပေါ်မှာ အဆက်မပြတ်တက်နေတာ တွေ့ရပါတယ်။
ရန်ကုန်မြို့ပေါ်မှာတော့ ရာဇဝတ်မှုသတင်းတွေ အလွန်များပြားနေပါတယ်။ လူလိမ်တွေ၊ ခါးပိုက်နိူက်တွေကို ဓာတ်ပုံအမိအရ ရိုက်ကာ လူမှုကွန်ရက်ပေါ်မှာ တင်ပြီး တစ်ယောက်ကို တစ်ယောက် သတိပေးကူညီနေကြပါတယ်။ ပြည်သူကို ပြည်သူက တတ်နိုင်သလောက် ဖေးမနေကြတာတွေ့ရပါတယ်။
ဓာတ်ဆီဆိုင်တွေမှာ ကားတွေ တန်းစီနေတာလည်း အတန်းရှည်ကြီးတွေပါ။ ရန်ကုန် - မန်း အမြန်လမ်းက ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီ နှစ်သောင်းဖိုးသာ ရောင်းချနေပြီဖြစ်ကြောင်း ခရီးသွားအချင်းချင်းသတိပေးနေတာ လူမှုကွန်ရက်ပေါ်မှာ တွေ့နေရတယ်။
ကျွန်တော့ မိတ်ဆွေ ပင်စင်စား တစ်ယောက်က သူ စုဆောင်းထားတဲ့ လက်ဝတ်ရတနာတွေ ကို လျှော့စျေးနဲ့ ထုတ်ရောင်းနေတာ တွေ့ရပါတယ်။ ပွဲစားကလည်း စျေးတည့်အောင်ရောင်းပေးပါတယ်။ သူ့စျေးကွက်က နိုင်ငံခြားရောက် မြန်မာတွေကို ပြန်ရောင်းတာလို့ သိရပါတယ်။ သူ့ခေတ် သူ့အခါ သူ့စျေးကွက်နဲ့ သူ လည်ပတ်နေကြပါသေးတယ်။ ဝမ်းသာရမလား ဝမ်းနည်းရမလားတောင်မသိတော့ပါဘူး။
လျှပ်စစ်မီး သဘောကောင်းနေတုန်း တနေ့က လေ့လာနေတဲ့ ဒစ်ဂျစ်တယ် အတတ်ပညာတတ်မြောက်မှုအကြောင်း ဆက်လေ့လာဖြစ်ပါတယ်။
ဒီနေ့ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းမှာ ဆက်သွယ်ရေး သတင်းရယူရေးအတွက် မိုဘိုင်းဖုန်းတွေ၊ ဆိုရှယ်မီဒီယာတွေ၊ အင်တာနက် ပလက်ဖေါင်းတွေကို သုံးလာရပါတယ်။ အဲဒါတွေဟာ ဒစ်ဂျစ်တယ်နည်းပညာပေါ်မှာ အခြေခံတည်ဆောက်ထားတာ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီခေတ် ဒီအခါမှာ လူအဖွဲ့အစည်းအတွင်း နေထိုင်ဖို့ ၊ ရှင်သန်ဖို့၊ အလုပ်လုပ်ဖို့ ၊ သင်ယူဖို့ ၊ ဝေဖန်ပိုင်းခြား တွေးခေါ်မှုစွမ်းရည် မြှင့်တင်ဖို့ ဆိုရင် ဒစ်ဂျစ်တယ် နည်းပညာကို အခြေခံတတ်မြောက်ထားဖို့လိုပါတယ်။
ဒစ်ဂျစ်တယ်နည်းပညာဆိုတာ ဒီနေ့ ဒစ်ဂျစ်တယ်ခေတ်မှာ လူတိုင်းအတွက် မရှိမဖြစ် မသိမဖြစ် လိုအပ်တဲ့ ပညာရပ်တခုလို့ပြောရင် မမှားဘူး ထင်ပါတယ်။ နောက်ထပ်ဖြည့်စွပ် ပြောရရင် ဒစ်ဂျစ်တယ်နည်းပညာကိုနားလည် တတ်မြောက်ပါက မိမိအတွက် အသုံးဝင်မယ့် အချက်အလက်တွေကို အလွယ်တကူရှာဖွေနိုင်မယ် ၊ အဲဒီကတဆင့် ရလဒ်သစ်တွေကို လုံခြုံမှုအပြည့် နဲ့ ဖန်တည်း အသုံးပြုပြုနိုင်မှာဖြစ်ပါတယ်။
ခေတ်မီနည်းပညာသစ်တွေ ခေတ်ရေစီးကြောင်း ဖြစ်လာသည်နှင့်အမျှ ဒစ်ဂျစ်တယ်တတ်မြောက်မှုဟာလည်း အမြဲတစေ တိုးတက်လာပါတယ်။
အဲဒီ ဒစ်ဂျစ်တယ်ပညာတွေထဲမှာ အကန့်အသတ်မရှိပါဝင်နေတာ တွေကတော့
၁။ လက်တွေ့နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု။
၂။ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကျွမ်းကျင်မှု
၃။ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်မှု။
၄။ လွတ်လပ်တဲ့ သုတေသန ပြုစုရာတွင် ကျွမ်းကျင်မှု
၅။ အသုံးအနှုန်းဆိုင်ရာတွင် ကျွမ်းကျင်မှု
၆။ တင်ပြရန် ပလက်ဖေါင်းရွေးရာတွင် ကျွမ်းကျင်မှု
၇။ နည်းပညာသစ်များကို ထဲထဲဝင်ဝင် လေ့လာရာတွင် ကျွမ်းကျင်စွာရှင်းပြနိုင်မှု
တို့ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုပြီး စူးစမ်းလေ့လာမှု တွေ လုပ်နိုင်တယ်။ စာရေးနိုင်တယ်။ ပညာတွေကို သင်ယူနိုင်တယ်။ ဆက်သွယ်ရေးတွေ လုပ်နိုင်တယ်။ ပုံအမျိုးမျိုးကိုရေးဆွဲနိုင်တယ်။ စာရင်းအင်းတွေလုပ်နိုင်တယ်။ စသဖြင့် ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝနဲ့ အသက်မွေးဝမ်းကြောင်း အမျိုးမျိုးမှာ လိုအပ်ရင် လိုအပ်သလို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အသုံးပြုလာနိုင်ပါတယ်။ ပညာရှင်တွေက ပညာရှင်တွေ အလျှောက် သုတေသနတွေ စမ်းသပ်မှုတွေ တွေးခေါ်စဥ်းစားမှုတွေမှာ အသုံးပြုကြသလို ကျွန်တော်တို့လို သာမန်လူတွေကလည်း နေ့စဥ် ဘဝတွေမှာ အသုံးပြုဖို့ ဒစ်ဂျစ်တယ် အတတ်ဟာ မတတ်မဖြစ် တတ်ကို တတ်အောင်လုပ်ရတော့မှာပါ။
သာမန်လူတယောက်အနေနဲ့ ဘယ်က စ လေ့လာရမလဲ ဆိုတာကိုလည်း OpenAI ChatGPT မှာ မေးမြန်းနိုင်ပါတယ်။
ကျွန်တော်ကတော့ “ ကျွန်တော် ဒစ်ဂျစ်တယ် နည်းပညာအကြောင်း သိချင်ပါတယ်၊ ကလေးကလေးတယောက် နားလည်အောင် ရှင်းပြသလိုမျိုး ရှင်းပြပေးပါလို့”
“I want to know about digital technology. Please explain like a child would understand.”
အကူအညီတောင်းလိုက်ပါတယ်။ ခင်ဗျားတို့လည်း အကူအညီ တောင်းကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။
နောက်ရက်တွေမှာ ယဥ်ကျေးမှုတတ်သိပညာ အကြောင်းကို လေ့လာပါဦးမယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar