Breaking News

ပဲခူးတိုင်း မုန်းမြို့နယ်ထဲက တိုက်ပွဲတွေ၊ လက်နက်ကိုင် ခုခံမှုဒေသတွေကို ကျင့်သုံးတဲ့ စစ်ကောင်စီရဲ့ မဟာဗျူဟာ

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၄ မြင်ကွင်း

(မိုးမခ) ဇွန် ၅၊ ၂၀၂၃



ပဲခူးတိုင်း မုန်းမြို့နယ်ထဲက တိုက်ပွဲတွေ၊ လက်နက်ကိုင် ခုခံမှုဒေသတွေကို ကျင့်သုံးတဲ့ စစ်ကောင်စီရဲ့ မဟာဗျူဟာ

ပဲခူးတိုင်း ညောင်လေးပင် ခရိုင်၊ မုန်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှု တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ သောင်းနဲ့ ချီထွက်ပြေးတိမ်းရှောင်နေကြရတဲ့ သတင်းတွေ၊ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ စစ်ကြောင်းထိုးလို့ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ သတင်းတွေက ခုရက်ပိုင်းမှာ သတင်းခေါင်းစဥ် ဖြစ်နေတာ ဖြစ်ပါတယ်။ 

ညောင်လေးပင် ခရိုင်ထဲက ကျေးရွာတရွာဖြစ်တဲ့ ညောင်ပင်သာရွာမှာ အရပ်သား ၁၈ ဦးကို ပြီးခဲ့တဲ့လက စစ်ကောင်စီတပ်တွေက သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့ပြီး ဒီဒေသမှာ စစ်ကောင်စီတပ်တွေအနေနဲ့ စစ်ကိုင်းတိုင်းက စစ်ဆင်ရေးတွေလိုပဲ ရက်စက်စွာ သတ်ဖြတ်မှုတွေနဲ့ ဒေသခံတွေကို ကြောက်ရွံ့လာအောင် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

မကြာသေးခင်က ကေအန်ယူမှာ ဥက္ကဋ္ဌ အသစ် ရွေးချယ်ပြီးနောက် သီတင်းပတ် အတန်ကြာမှာ အခုလို ပဲခူးတိုင်း၊ ကရင်ပြည်နယ်တို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။ ကရင်ပြည်နယ်ထဲက ကြာအင်းဆိပ်ကြီးမြို့၊ ညောင်လေးပင် ခရိုင်ထဲက မုန်း၊ ကျောက်ကြီး၊ ဖာပွန်ခရိုင်တို့လို ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာဖြစ်ပြီး အချို့သောတိုက်ပွဲတွေက ကေအန်ယူ နဲ့ PDF ပါဝင်တဲ့ ပူးပေါင်းတပ်လို့ ခေါ်ဆိုတဲ့ ခေါင်းစဥ်နဲ့ တွဲဖက်တိုက်ခိုက်ကြတာလို့ နားလည်ရပါတယ်။ ကေအန်ယူအနေနဲ့ စစ်အာဏာသိမ်းမှု မဖြစ်ပွားမီ လက်မှတ်ရေးထိုးထားခဲ့တဲ့ NCA က ပျက်ပြယ်သွားပြီလို့ ခေါင်းဆောင် အများစုက ယူဆထားကြပြီး အချို့သော တပ်မှူးတဦး တလေကတော့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ မဖြစ်အောင် ရှောင်ရှားကြတဲ့ အနေအထားတွေလည်း တွေ့ရပါတယ်။

 တပ်မဟာ ၆၊ တပ်မဟာ ၅၊ တပ်မဟာ ၃ နဲ့ တပ်မဟာ ၁ နယ်မြေတွေမှာ တိုက်ပွဲဖြစ်ပွားမှုများတာလည်း တွေ့ရတာဖြစ်ပါတယ်။ လတ်တလော ဒုဥက္ကဌကနေ ဥက္ကဌ ဖြစ်လာတဲ့ ပဒိုစောကွယ်ထူးဝင်းကြောင့် ကေအန်ယူနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပိုပြီးများပြားလာနိုင်သလားဆိုတဲ့ ယူဆမှုတွေ လည်းရှိနေကြတာ ဖြစ်ပေမယ့် တိတိကျကျ အထောက်အထားမျိုးနဲ့ ယူဆပြောဆိုတာမျိုးတော့ မဟုတ်ပါဘူး။ 

ကေအန်ယူလက်နက်ကိုင် အဖွဲ့ဟာ တိုင်းဒေသ ၂ ခု၊ ပြည်နယ် ၂ ခု စုစုပေါင်း ၄ ခုကို ဖြန့်ကြက်တည်ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့တောင်ဘက် ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသ မိုင်ရာနဲ့ချီတဲ့ နယ်စပ်တလျှောက် လွတ်မြောက်နယ်မြေ ထိန်းချုပ်နယ်မြေ အဖြစ်နေရာယူ တည်ရှိနေတာ ဖြစ်ပါတယ်။ 

ကေအန်ယူ လက်နက်ကိုင် အဖွဲ့အနေနဲ့ NUG, CRPHတို့အတွက် အရေးပါတဲ့ မဟာမိတ်ဖြစ်ပြီး မြန်မာနိုင်ငံ တောင်ပိုင်းက PDF တွေ မြို့ပြပြောက်ကျားလှုပ်ရှားတဲ့ အဖွဲ့တွေ အဖို့ လက်နက်နဲ့ စစ်ရေးသင်တန်းလိုမျိုး၊ လက်နက်ခဲယမ်းရရှိဖို့တို့မှာ ကေအန်ယူအဖွဲ့က အကူအညီပေးနိုင်တဲ့ အနေအထားလည်းဖြစ်လို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့လည်း ကေအန်ယူရဲ့ အခန်းကဏ္ဍကို သဘောပေါက် နားလည်ထားပြီး ကေအန်ယူကို အန်စီအေ လမ်းကြောင်းပေါ်  တနည်းအားဖြင့် လက်နက်ကိုင် တိုက်ပွဲတွေ လှုပ်ရှားမှုတွေမှာ ကြားနေတဲ့အဖွဲ့ ဖြစ်လာဖို့ ခြိမ်းခြောက်တာ စည်းရုံးတာ တလှည့်စီလုပ်ဆောင်တဲ့ မဟာဗျူဟာ ချမှတ်ထားပုံရပါတယ်။ 

ကေအန်ယူ အနေနဲ့ တဖက်မှာ ဆယ်စုနှစ် ၇ ခုကျော်ကြာ လက်နက်ကိုင်တိုက်လာခဲ့တဲ့ အတွေ့အကြုံရှိသလို တဖက်မှာလည်း တိုက်ပွဲကြောင့် ဒေသခံ လူထုတွေ ခံစားရတဲ့ဒုက္ခတွေကို ကူညီကယ်ဆယ်ရတဲ့ ခါးသည်းတဲ့ အတွေ့အကြုံတွေက တဖက်နဲ့ ဝေခွဲမရဖြစ်တဲ့ ဆုံးဖြတ်ချက်မျိုး ရှိကောင်းရှိနိုင်ပါတယ်။ 

စစ်ပွဲတွေတိုက်ကြရာမှာ စစ်ရေးအရ အောင်မြင်မှုရအောင်၊ ရန်သူကို ချေမှုန်းနိုင်အောင် ရည်မှန်းချက်ထားရသလို၊ မိမိအခြေပြုထားတဲ့ ဒေသက လူထုကို ကာကွယ်ပေးဖို့ တာဝန်ရှိတာလည်း ဖြစ်ပါတယ်။ တဖက်က ရန်သူဖြစ်တဲ့ စစ်တပ်ကလည်း ဒေသခံလူထုကို ဒါးစားခံလုပ်ပြီး စစ်ပွဲတွေကို ရေရှည်မတိုက်နိုင်အောင် သို့မဟုတ်အရှိန် ပိုမမြှင့်နိုင်အောင် လုပ်ဆောင်တဲ့ နည်းပရိယာယ်ကိုလည်း ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ 

အာဏာရှင် စစ်တပ်အနေနဲ့ ရိက္ခာ အခွန်အကောက်အတွက် စစ်ပွဲဖြစ်ပွားတဲ့ ဒေသ တခုတည်းကို အားကိုးစရာမလိုဘဲ တနိုင်ငံလုံးက ကောက်ခံတဲ့ အခွန်အကောက်နဲ့ သယံဇာတကို အသုံးချနိုင်တာဖြစ်လို့ စစ်မက်ဖြစ်ပွားရာ ဒေသရဲ့ လူထုထောက်ခံမှုက သူတို့အတွက် မရှိမဖြစ် အရေးမပါပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့တော့ မိမိ အခြေစိုက်ရာ လူထုရဲ့ ထောက်ခံမှု လူထုမနာရအောင် ငဲ့ရတဲ့အနေအထားက ရှောင်လွှဲမရတဲ့ အနေအထားဖြစ်ပါတယ်။ ဒီအချက်ကို စစ်ကောင်စီဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အားနည်းချက် အဖြစ် ကောင်းကောင်း အသုံးချ တိုက်ခိုက်တာ ဖြစ်ပါတယ်။ 

ကေအန်ယူ ဒေသမှာ စစ်ပွဲဖြစ်ခဲ့ရင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ စစ်ရေးပစ်မှတ်မဟုတ်ပဲလည်း ပစ်ခတ်တာတွေ၊  လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တာတွေ၊ ကျေးရွာသူကျေးရွာသားတွေ ရွှေ့ပြောင်းထွက်ပြေးခိုလှုံကြအောင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ဆောင်တာတွေ အစဥ်အဆက်လုပ်ဆောင်ခဲ့ကြသလို အခုလက်ရှိမှာလည်း လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင် ဒေသမဟုတ်တဲ့ စစ်ကိုင်းတိုင်းမှာတော့ ပိုမိုဆိုးရွားတဲ့ ဒဏ်ခတ်မှုတွေကို စစ်ကောင်စီတပ်တွေက ကျင့်သုံးပြီး ဒေသခံတွေအနေနဲ့ လက်နက်ကိုင် ခုခံမှုကို လုံးဝအားမပေးဖို့ တရွာလုံးကို ဒဏ်ခတ်တဲ့ နည်းလမ်းတွေ ကျင့်သုံးတာလည်းတွေ့ရပါတယ်။ 

ကျေးရွာလုံးကျွတ် မီးရှို့တာ၊ ရိက္ခာတွေ ဖျက်ဆီးတာ ဖြတ်လေးဖြတ် ဖြတ်တာ လေကြောင်းက ဗုံးကြဲတာနဲ့ အရွယ်ရောက်ပြီး အမျိုးသားအားလုံးကို PDF သို့မဟုတ် ကာကွယ်ရေး တပ်ဖွဲ့ဝင် အဖြစ် သတ်မှတ်ကာ သတ်ဖြတ်တာ၊ ညှဉ်းဆဲတဲ့နည်းတွေ ကျင့်သုံးပြီး လက်နက်ကိုင် ခုခံမှုကို အားနည်းအောင် ဆုံးရှုံးအောင် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ 

သို့ပေမဲ့ ဒီနည်းလမ်းတွေက သူတို့လိုလားတဲ့ ရည်ရွယ်ချက် မပေါက်မြောက်ဘူးဆိုတာ နှစ်နှစ်ကျော်ကြာလာတဲ့  ပကတိ ဖြစ်ရပ်တွေက သက်သေပြနေတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar