Breaking News

ပြည်ပကနေ မြန်မာပြည်ကို လှမ်းကြည့်တဲ့အခါ ရွာတွေကို မီးလောင်နေတဲ့ မီးခိုးကြီးတွေ တွေ့ရလား


မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၀ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၁၊ ၂၀၂၃


ပြည်ပကနေ မြန်မာပြည်ကို လှမ်းကြည့်တဲ့အခါ ရွာတွေကို မီးလောင်နေတဲ့ မီးခိုးကြီးတွေ တွေ့ရလား

မြန်မာပြည်က စိုက်ပျိုးရေးအဓိကတိုင်းပြည် ဖြစ်ပါတယ်။ အင်တာနက်ပေါ်က ကိန်းဂဏန်းများအရ စုစုပေါင်း စိုက်ဧက ၃၂ သန်းရှိပြီး၊ တိုင်းပြည်မြေဧရိယာ၏ ၂၀% ကို စိုက်ပျိုးမြေအဖြစ် သုံးစွဲကြတယ်လို့ ဆိုပါတယ်။ မြန်မာပြည်၏ အလုပ်လုပ်နိုင်သူဦးရေ၏ ၆၅% က တောင်သူ လယ်သမားများ ဖြစ်ပါတယ်။ တိုင်းပြည်ထုတ်ကုန်၏ ၆၀ % ကလည်း အဲသည် သီးနှံတွေကနေ ဝင်တယ်လို့ ဆိုပါတယ်။

အခုချိန်မှ တိုင်းပြည်၏ ပြည်တွင်းစစ်တိုးမြှင့် လောင်မြိုင်တာ  ၃ နှစ်ထဲ ဝင်ရောက်လာပြီး စစ်မက်တွေ ကြားထဲက စိုက်ပျိုးရေးအလုပ်ကို တောင်သူလယ်သမားများ ရုန်းကန်လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။ စစ်မက်ပြင်းထန်ရာ မြန်မာပြည်အလယ်ပိုင်း (အညာဒေသ)က စလို့ ရခိုင်ပြည်နဲ့  မြန်မာပြည်တောင်ပိုင်းတွေမှာ စိုက်ပျိုးမြေတွေ ကုန်ထုတ်လုပ်အားတွေ အမြောက်အမြား ဆုံးရှုံးနေတာကို မှန်းဆကြည့်နိုင်ပါတယ်။ မြန်မာစစ်ကောင်စီလက်အောက်မှာ ရွာတွေ၊ လယ်မြေတွေ၊ မီးရှို့ဖျက်ဆီးခံနေရတာ၊ စိုက်ပျိုးပြီး သီးနှံတွေ ပစ်ပြီး ထွက်ပြေးနေရတာ၊ အဆိုပါ သီးနှံတွေကို စစ်တပ်က ရွာတွေနဲ့အတူ မီးရှို့ဖျက်ဆီးပစ်လိုက်တာအပြင် စစ်တပ်ထောက်ခံသူ ပျူအင်အားစုတွေကပါ လုယက်ခိုးယူမှုတွေပါ ကျူးလွန်နေကြတာ ဖြစ်ပါတယ်။ အဲသည်အတွက် စျေးနှုန်းတွေဟာ ၁ ဆ ကနေ ၂ ဆအထိ စျေးမြင့်လာပါတယ်။ 

ဆန်စျေးကို ဆန်ကုန်သည်အသင်းက ကောက်ထားပြီး ၂၂ မှာ ထုတ်ပြန်တဲ့စာရင်းအရ ဆန်စျေးက ၇၀ ရာခိုင်နှုန်း မြင့်သွားပါတယ်လို့ Radio NUG သတင်းထောက် မကြေးမုံက ထောက်ပြပါတယ်။ စပါးကလည်း ၇၀ ရာခိုင်နှုန်းအထိ အထွက် ကျဆင်းမယ် ခန့်မှန်းကြောင်း ပြောပါတယ်။ သူ ထပ်ပြောတဲ့အချက်က တောင်ယာ လယ်လုပ်သူ လျော့တာ၊ သီးနှံစိုက်ဧက ကျဆင်းတာ၊ စျေးနှုန်းကြီးမြင့်တာအပြင် သီးနှံအရည်အသွေးတွေ အများကြီး ကျဆင်းကုန်တာကြောင့် ကုန်သွယ်ရေးက ဆက်တိုက် ထိုးဆင်းနေတယ်လို့ ဆိုပါတယ်။ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ချ်၊ ထိုင်း စတဲ့ အိမ်နီးချင်း စိုက်ပျိုးကုန်သွယ်ရေး ကျဆင်းနေပြီဆိုရင် ချက်ခြင်း ပြန်နလံမထူနိုင်ပါဘူး။ 

ဒါကြောင့် မြန်မာပြည်ပြင်ပကနေ မြန်မာပြည်ကို လှမ်းကြည့်ရင် ရွာတွေကို မီးလောင်နေတဲ့ မီးခိုးလုံးကြီးတွေ တွေ့ရလားလို့ အမေးစကားကို စတင်လိုက်ပြီး နောက်ကွယ်က မီးခိုးလုံးတွေ အောက်မှာ ပျက်စီးသွားတဲ့ လက်ရှိ ပြည်သူတွေ၏ လူမှုဘ၀အခြေအနေတွေအပြင် မီးလောင်မြေကို ဖြတ်ပြီး ပြန်တည်ဆောက်ရမယ့် တိုင်းပြည်အနာဂတ်ကိုပါ မြင်ကြည့်နိုင်ဖို့ သတိပေး လက်တို့လိုက်ချင်တာ ဖြစ်ပါတယ်။

နောက် သတင်းတခုကတော့ -  တရုတ်ပြည်က တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် ဘေဂျင်းတွင် အလည်အပတ်ရောက်ရှိနေသော ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai တို့နှင့် စနေနေ့က တွေ့ဆုံခဲ့ကြောင်း မနီလာတိုင်း သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ထိုင်းစစ်အုပ်စုလက်ထဲကနေ ရွေးကောက်ပွဲအစိုးရတရပ်ကို အာဏာလက်လွှဲပေးဖို့ ယခုအထိ ကြန့်ကြာနေတာမို့ တရုတ်အစိုးရက လက်ရှိအာဏာမလွှတ်သေးတဲ့ ထိုင်းအစိုးရအား သတင်းစကား ပါးဖို့ ခေါ်တွေ့ပုံရပါတယ်။ ပြောတဲ့အထဲမှာ -  နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတကာ အခြေအနေ သို့မဟုတ် ထိုင်းနိုင်ငံ၏ ပြည်တွင်း အခြေအနေ အပြောင်းအလဲများကြောင့် ထိခိုက်မည် မဟုတ်ကြောင်း ဩဂုတ် ၁၉ က တွေ့ဆုံစဉ် ပြောကြားတယ်လို့ ရေးသားထားပါတယ်။ 

နိုင်ငံရေး စီးပွားရေးမှာ ကိုယ်တိုင်လဲ စိန်ခေါ်မှုများ ရင်ဆိုင်နေရပေမယ့် တရုတ်ပြည်အစိုးရက အတိုက်အခံ သို့မဟုတ် ရွေးကောက်ပွဲအနိုင်ရသူကို အာဏာလွှဲပေးစရာ မလိုတာမို့ အရှေ့တောင်အာရှ တည်ငြိမ်ရေး၊ တောင်တရုတ်ပင်လယ်အတွင်း ငြိမ်ဝပ်ပိပြားမှုရှိရေးနဲ့ သူတို့ချမှတ်ထားတဲ့ ဒေသတွင်း ဖွဲံ့ဖြိုးရေးတည်ဆောက်ရေးစီမံကိန်းတွေ ဟန်ချက်မပျက် ဆက်လုပ်နိုင်ဖို့ သတင်းစကားပါးလိုက်ပုံရပါတယ်။

မြန်မာနိုင်ငံနဲ့ ဆက်စပ်ကြည့်မယ်ဆိုရင်လည်း တရုတ်ပြည်အနေနဲ့ကတော့ သူတို့၏ အမျိုးသားအကျိုးစီးပွားနဲ့ အချိန်ဇယားအတိုင်း ထိန်းညှိဆောင်ရွက်ဖို့ကိုသာ အားသာကြောင်း သက်သေပြမှု တခု ဖြစ်ပါတယ်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်စီမံကိန်းများ ဆက်လက် ထိန်းသိမ်းလည်ပတ်နိုင်ရေး၊ တရုတ်လုပ်ငန်းများ တရုတ်ပြည်သူများ လုံခြုံချောမွေ့မှု ရှိရေးကို ဦးစားပေးပြီး လုပ်ကိုင်နေတာကို မြင်တွေ့နေရတာ ဖြစ်ပါတယ်။ လက်ပံတောင်းတောင် စီမံကိန်း နဲ့ မြစ်ဆုံစီမံကိန်းတွေနဲ့ ပတ်သက်ပြီး သူတို့အချိန်ဇယားအတိုင်း ဆက်သွားမယ်လို့ ဆိုထားပုံရပြီး တရုတ်နဲ့ ဆက်စပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့လည်း တရုတ်ပြည်၏ အကျိုးစီးပွားနဲ့ ပတ်သက်ရင် ပဋိပက္ခမဖြစ်တဲ့ နားလည်မှုနဲ့ ဆက်ဆံရေးအတိုင်း ဆက်သွားမယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက မြန်မာပြည်နဲ့ ဆက်ဆံရေးမှာ အာဆီယံမူတွေနဲ့ မတူတဲ့ ဆက်ဆံရေးထားနေသလိုပဲ အနောက်နိုင်ငံတွေထဲက အမေရိကန်ပြည်ထောင်စုကလည်း မြန်မာစစ်ကောင်စီနဲ့ အပေါင်းအပါတွေအပေါ် ငွေကြေးပိတ်ဆို့မှုတွေ တိုးမြှင့်တာက တပိုင်း၊  မြန်မာပြည်သူတွေအပေါ် အကူအညီပေးတာတွေဆီမှာ တိုးတာ လျော့တာတွေ လုပ်နေတာကလည်း တပိုင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်မှာ  မြန်မာပြည်အတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်း ထောက်ပံ့မယ်ဆိုပြီး “အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လျာထားသတ်မှတိချက် ဥပဒေမှာ (State Department Appropriations Bill ) မှာထည့်သွင်းဖို့ အမေရိကန်အထက်လွှတ်တော် ဆီးနိတ်ရဲ့ လျာထားချက်ချမှတ်ရေး ကော်မတီ ( Appropriation Committee) က နောက် နှစ်ပတ်ကြာရင် သူ့ရဲ့ ဆီးနိတ်လွှတ်တော် ကို တင်တော့မယ်ဆိုပေမယ့်  အောက်လွှတ်တော် (House of Representatives ) ရဲ့ Appropriation committee က လည်း မြန်မာပြည်အတွက် သန်း ၅၀ မျှသာ ချပေးဖို့ သူ့ရဲ့ အောက်လွှတ်တော်ကို တောင်းဆိုဖို့ ပြင်ဆင်နေကြတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

ဒါကြောင့် အမေရိကန်ရောက်မြန်မာတွေက မြန်မာပြည်အတွက် အကူငွေကို အကန့်အသတ်တွေ မလုပ်ဖို့ သက်ဆိုင်ရာ အမေရိကန်အောက်လွှတ်တော်အမတ်တွေဆီ စာရေးသားခြင်း၊ ဖုန်းဆက်ခြင်းတွေ လုပ်ပြီး တောင်းဆိုကြဖို့ သည်တပတ်အတွင်း နှိုးဆော်သံတွေ၊ ဆွေးနွေးလှုံ့ဆော်သံတွေ ကျယ်လောင်လာခဲ့တာ တွေ့ရပါတယ်။ အဲသည်လို အသံထွက်လာတဲ့အပေါ်မှာ နယူးယောက်က မြန်မာ့အရေး လှုပ်ရှားတက်ကြွသူ ကိုနေတင်မြင့်ကတော့ သန်း ၁၂၀ အတိုင်း ရရှိဖို့ကို မျှော်လင့်ကြောင်း၊ မြန်မာပြည်ကို လူသားစာနာအကူဆိုတာထက် non-lethal aid (အသက် မသတ်တာကလွဲလို့ ကျန်တာ အကုန်ကူညီရေး) ဆိုတဲ့ အကူအညီ အားပေးမှု မျိုးစုံ ရရှိရေးကို ဦးစားပေးချပေးရန် အရေးကြီးကြောင်း မှတ်ချက်ပေးတာ ကြားလိုက်ရပါတယ်။  NUG ၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးကတော့ - အထက်လွှတ်တော်က အာဏာရပါတီအမတ်တွေဖြစ်ပြီး အောက်လွှတ်တော်က အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီအမတ်တွေမို့ သဘောထားချင်း ကွဲပြားကြတာဖြစ်နိုင်ကြောင်း မှတ်ချက်ပေးပါတယ်။

မြန်မာပြည်၏ နွေဦးတော်လှန်ရေးမှာ ပြည်ပရောက် မြန်မာတွေ၏ အတားအဆီး အကန့်အသတ်မဲ့ (non-lethal ဆိုတာတောင် ထည့်မပြောတဲ့) ဘက်ပေါင်းစုံ ထောက်ပို့မှုတွေကြောင့် ခရီးတွေ ရောက်နေတာ ဖြစ်သော်လည်း နိုင်ငံတကာအကူအညီတွေ၏ စံချိန် စံနှုန်း စည်းမျဉ်း စည်းကမ်း အကန့်အသတ်တွေက အခု တော်လှန်ရေး ၂ နှစ် ကျော် ၃ နှစ် နီးပါး ရောက်သည်အထိ တရွေ့ရွေ့ တဆင့်ဆင့် ချီတက်နေပုံကိုလည်း သတိပြုမိကြတာ ဖြစ်ပါတယ်။

မြန်မာပြည်ကို လှမ်းကြည့်လိုက်ရင် တွေ့နေရတဲ့ ရွာတွေပေါ်က မီးခိုးလုံးကြီးတွေ တလိမ့်လိမ့် တက်နေတာကို ကြည့်ပြီးတော့ နိုင်ငံတကာအကူအညီတွေ ကုလသမဂ္ဂအကူအညီတွေ အေဂျင်စီတွေ ဘယ်လို စဉ်းစားနေကြလဲဆိုတာကလည်း စူးစမ်း မေးမြန်း စပ်စုကြည့်ချင်စရာပဲ ဖြစ်နေပါတယ်။ သောက်ရေသန့် ဘယ်နှဂါလံ၊ စားနပ်ရိက္ခာ မိသားစု ဘယ်နှဦးစာ၊ မိုးကာတဲ၊ ရေလောင်းအိမ်သာ၊ ဆေးဝါး၊ စိတ်ကုသမှု ပညာရှင်များ၊ ဖိနပ်နဲ့ အဝတ်အစား ဘယ်နှစ်စုံ၊ ပညာရှင်အဖွဲ့ ဘယ်နှဖွဲ့၊ နေပြည်တော်ကို သွားမယ့် စီးလုံးငှား လေယာဉ် ဘယ်နှစီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရင် ပေးဖို့ နှင်းဆီပန်း ၇၈ ပွင့် ဆိုတာမျိုးတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar