ဒေါက်တာတင့်ဆွေ - ပြည်သူ့ကျန်းမာရေး
ပြည်သူ့ကျန်းမာရေး
ဒေါက်တာတင့်ဆွေ
(မိုးမခ) ဩဂုတ် ၂၁၊ ၂၀၂၃
တနေ့က ယူအက်စ်အေမှာရောက်နေကြတဲ့ ပြည်သူ့ကျန်းမာရေးဘာသာ ရပ်က မြန်မာပြည်သား ဆရာဝန်နှစ်ဦးနဲ့ လက်ဖက်ရည်ဆိုင်မှာ တွေ့ပါတယ်။ ကျွန်တော့စိတ်ကတော့ ကိုယ့်ပြည်ရဲ့ ပြည်သူ့ကျန်းမာရေးဆီ ရောက်သွားတယ်။ မြန်မာပြည်မှာ နယ်မှာတာဝန်ကျတဲ့ဆရာဝန်တိုင်း ကုသရေးရော ကာကွယ်ရေးပါ လုပ်ကြရတယ်။ တချို့မြို့နယ်တွေမှာသာ ပြည်သူ့ကျန်းမာရေးဆရာဝန်ရှိတယ်။ ကျွန်တော်က ကုသရေးကို ပိုပြီးအား သန်သူ။ ဒါပေမဲ့ တိုက်နယ်ဆရာဝန်အဖြစ် ၆ နှစ်၊ မြို့နယ်ဆရာဝန်အဖြစ် ၅ နှစ် ကြာခဲ့တော့ ပြည်သူ့ကျန်းမာရေးလည်း လုပ်ခဲ့ရတာတွေ များတယ်။ ကန်တော့ ကာလဝမ်း၊ ပုလိပ် စတာတွေ။ လိုအပ်နေတာတွေကိုပါ သိတယ်။
(၁)
အိန္ဒိယလူမျိုးဆရာဝန်နှစ်ဦးရဲ့ပြည်သူ့ကျန်းမာရေးကို နည်းနာသစ်တွေနဲ့ ဆောင်ရွက်တာအောင်မြင်ထင်ရှားလို့နိုင်ငံတကာအသိအမှတ်ပြုခံရတယ်၊Jamkhed ‘ဂျမ်းခက်’ ရွာမှာအခြေပြုတယ်။ Dr Mabelle Arole နဲ့ သူ့ဇနီး Dr Rajanikant Arole တို့ကနေ Comprehensive Rural Health Project (CRHP) ပြည့်စုံလွှမ်ခြုံ ကျေးလက်ကျန်းမာရေးစီမံချက်ကို အကောင်အထည်ဖေါ်ပါတယ်။ Padama ဆုရတယ်။ ပမာနှိုင်းရရင် ‘တဂိုး’ ရဲ့ ‘ရှန်တိနိကေတန်’ ကျောင်းလို တကယ့်ဘဝ၊ တကယ့် သဘာဝနဲ့ နီးစပ်အောင် လုပ်ပါတယ်။
(၂)
ကျွန်တော် The Citadel ဘာသာပြန်စာအုပ်ကို ကျောင်းသားကတည်းက ဖတ်ဖူးခဲ့တယ်။ A J Cronin အေ၊ ဂျေ၊ ခရော်နင်ဟာ နာမည်ကြီးတဲ့ စကော့လူမျိုး ဆရာဝန်စာရေးဆရာတဦးဖြစ်တယ်။ သူ့စာတွေကို ကနေ့အထိ အလေးထားဖတ်နေကြ၊ ဘာသာပြန်နေကြဆဲပါ။ သူ့မှာ အစာအိမ်ရောဂါဖြစ်လို့ ၆ လ အနားယူရတုန်း ၁၉၃ဝ မှာ နွားနို့သောက်ပြီး စာတွေရေးပါတယ်။ သူရေးတဲ့စာအုပ်အတော်များများဟာ ရောင်းအားအကောင်းဆုံးတွေ ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ ၁၉၃၇ ခုနှစ် ဝေလနယ်က မိုင်းတွင်းကို နောက်ခံထားရေးတယ်။ ကျန်းမာရေး စစ်ဆေးသူအရာရှိဘဝမှာ တွေ့တာကိုအခြေခံပါတယ်။ ဒီစာအုပ်ကြောင့်သာ ကနေ့အင်္ဂလန် မှာဩဇာအာဏာရှိတဲ့ National Health Service(NHS) အမျိုးသားကျန်း မာရေးဝန်ဆောင်မှုများဌာန ဖြစ်လာတာဖြစ်ပါတယ်။
(၃)
ဖိနပ်မပါဆရာဝန်အမည်နဲ့ထင်ရှားတဲ့ တရုတ်ပြည်က စီမံကိန်းကို ဆောင် ရွက်ခဲ့သူက ကနေဒါနိုင်ငံသား Dr. Norman Bethune ဒေါက်တာနော်မန်ဗက်သွန်း။ သူ့ရဲ့သမိုင်းတွင် လူမှုရေးဆေးကုသမှုဟာ စပိန်ပြည်တွင်းစစ်ကတည်းက စခဲ့တာပါ။ ဖက်စစ်ဖန့်ကျင်ရေးသမား ဖြစ်တယ်။ စစ်သားတွေကိုရော ရွာသူရွာသားတွေကိုပါဆေးကုပေးတယ်။ ဒိနောက်မှာ ဒုတိယတရုတ်-ဂျပန်စစ်ပွဲမှာ တရုတ်ပြည်တောပိုင်းကို သွားပြီး ကုသပေးပါတယ်။ သူရဲ့ကိုယ်ကျိုးမဖက် တရုတ်ဆင်းရဲသားတွေကို ဆေးပညာနဲ့ အကူအညီပေးလို့ မော်စီတုန်းကစပြီး တရုတ်နိုင်ငံသားတိုင်းကပါ လေး စားချစ်ခင်နေကြပါတယ်။ သူကပဲ စပိန်ပြည်တွင်းစစ်မှာ မိုဘိုင်းသွေးသွင်း ကုသမှုကိုရှေ့တန်းစစ်မျက်နှာမှာ စခဲ့ပါတယ်။ သူကိုယ်တိုင်ကတော့ သွေးအဆိပ်သင့်လို့ ၁၂-၁၁-၁၉၃၉ ကွယ် လွန်ခဲ့ရပါတယ်။ သူဟာ တီဘီရောဂါသည်လည်းဖြစ်ခဲ့တယ်။ အဲဒီ ၁၉၂ဝ ကျော်ကာလတွေမှာ တီဘီ ကို ထိရောက်အောင် မကုနိုင်သေးပါ။ ရောဂါတွေနဲ့ ဆင်းရဲမှု ဆက်စပ်နေတာကို သူကစိတ်ဝင်စားပြီး စာနာစိတ်တွေ ပေါက်ပွါးလာတယ်။ အဲဒီအတွက် ကနေဒါမှာ အခမဲ့ဆေးကုသနိုင်ရေးအတွက် ကျန်းမာရေးဌာနတွေ၊ အစိုးရတွေနဲ့ ရင်ဆိုင်အန်တုပါတယ်။ သူပဲရှုံးပါတယ်။ ၁၉၃၅ မှာ ဆိုဗီယက်ယူနီယန်ကို အလည်သွားပါတယ်။ ကနေဒါကွန်မြူနစ်ပါတီဝင်ဖြစ်လာပါတယ်။ ၁၉၃၆ စပိန်ပြည်တွင်းစစ်မှာ သွားကူညီပါတယ်။ တရုတ်ပြည်ကို ၁၉၃၈ မှာသွားပါတယ်။ စစ်မျက်နှာအရေးပေါ် ခွဲစိတ်ခန်းလုပ်ပါတယ်။ နော်မန်ဗက်သွန်းကိုဂုဏ်ပြုလို့ ကနေဒါမှာရော တရုတ်ပြည်ကနေပါ တံဆိပ်ခေါင်းနှစ်မျိုးကို ဒီဇိုင်းတူနဲ့ ထုတ်ဝေပေးပါတယ်။ သူ့ရဲ့ဆေးပညာစည်းကမ်းက အင်မတန်သဘောကျစရာကောင်းတယ်။
- ဆေးပညာဆိုတာ ဈေးကြီးပစ္စည်းကုန်သွယ်ရေးတခု ဖြစ်တယ်။
- ပေါင်မုန့်ကို ကျောက်မျက်ရတနာလို ရောင်းဝယ်ကြတယ်။ အမြတ်အစွန်းရဘို့ပဲ။
- ဆေးပညာကနေ ကိုယ်ပိုင်အကျိုးစီးပွားဖြစ်ရေးပဲ။ လောဘသမားတွေပဲ။
- လူချင်းတွေ့ရင် မင်းဘယ်လောက်ရသလဲ။ ကျွန်တော်တို့ ဘယ်လောက်လုပ်ပေးနိုင်သလဲ မဟုတ်ကြဘူး။
(၄)
မာသာထရီဇာ
ကိုးကွယ်ရာဘာသာမတူတဲ့ သူများတိုင်းပြည်က အလွန်ဆင်းရဲတဲ့မြို့မှာ လူသူလေးပါး အနားမကပ်ချင်ကြတဲ့ ရောဂါတွေကို စေတနာရင်းနဲ့ ပြုစုပေးခဲ့သူ။ ဒီစာမှာ ချဲ့မရေးတော့ပါ။
(၅)
Where there is no doctor ဆရာဝန်မရှိတဲ့နေရာမှာ စာအုပ်
ဆရာဝန်မရှိတဲ့ ဒေသတွေမှာ အလွန့်အလွန်အသုံးဝင်တယ်။ အဲဒီစာအုပ်ကို ၁၉၇ဝ ကတည်းက David Werner ဒေးဗစ် ဝါနားကနေ သူ့ရဲ့ မက်ဆီကိုအနောက်ပိုင်းဒေသ အတွေ့အကြုံတွေကို အခြေခံပြီး စပိန်ဘာသာနဲ့ ရေးတဲ့ စာအုပ်ဖြစ်ပါတယ်။ အကြိမ်ပေါင်းများစွာ မွမ်းမံပါတယ်။ ဘာသာပေါင်း ၁၀၀ ကျော် ပြန်ဆိုထားတယ်။ မြန်မာပြန်ကတော့ ပြည်ပနိုင်ငံရေးလှုပ်ရှားမှုရဲ့ အသီးအပွင့်တခု ဖြစ်ပါတယ်။ ကျွန်တော် မဟုတ်ပါ။ ဝမ်းလျှောဝမ်းပျက်လို့ ဓါတ်ဆားထုပ်ဝယ်မရနိုင်ရင် အိမ်မှာတင် ဘယ်လို ဖျော်မလည်းစတဲ့ နည်းတွေပါတယ်။ ဆရာဝန်တွေကလည်း အသိ အမှတ်ပြုပါတယ်။ မြန်မာပြည်က ဆရာဝန်တွေလည်း တောနယ်တွေမှာ ဆေးဝါးတွေက ရှားလို့ပါ ဒီနည်းတွေသုံးကြရပါတယ်။
မြန်မာ့ဆိုရှယ်လစ်ခေတ်တုန်းက မြန်မာပြည်မှာ မြို့တွေမှာတောင် ဆေးရှားတော့ ဒီထဲကနည်းတွေသုံးပြီး ဆေး ကုသပေးခဲ့ကြရတယ်။ ရေခဲသေတ္တာမရှိတဲ့ မြို့သာတိုက်နယ်ဆေးရုံမှာ (၁၉၇၅-၁၉၈၁) ဆေးသယ်တဲ့ သတ္တာခွံထဲ သဲထည့်၊ စဉ့်အိုးလေးကို အလယ်မှာ မြှုပ်ထားပြီး၊ သဲကို ရေလောင်းလောင်းပေးရတယ်။ မြွေဆိပ်ဖြေဆေးအပါအဝင် ကာကွယ်ဆေးတွေထည့်ခဲ့ရပါတယ်။
ဒီခေတ်ရောက်တော့ ဆေးတွေဝယ်ရတာလွယ်လာပါပြီ။ ပိုက်ဆံတော့ကုန်မယ်။ ဆရာဝန်တွေလည်းများပါရဲ့ ဒါပေမယ့် လက်လှမ်းမီသူကနည်းတယ်။ ဆေးကုသမှုကိုလည်း မတတ်နိုင်သူတွေက များနေတယ်။ မြန်မာပြည်တွင်းမှာတော့ ကုန်ကျစရိတ်။ ပြည်ပထွက်အလုပ်လုပ်နေသူတွေအဖို့မှာ ဘာသာစကား အခက်အခဲက တံတိုင်းကာထားသလိုပဲ။ အဲတာနဲ့ ကျွန်တော့်ဆီကို မေးခွန်းတွေမေးကြတာများလာတယ်။
ကျွန်တော် စာတွေရေးဖြစ်တာလည်း မနည်းတော့ပါ။ စာအုပ်ဖြစ်အောင်အားခဲနေပြီ။ ရွဲ့ပြောရာတော့ကျမယ်။ ကျွန်တော့်စာအုပ်ကို Where there are doctors ဆရာဝန်တွေရှိတဲ့နေရာလို့ ခေါ်ချင်နေတယ်။
(၆) အချုပ်
မြန်မာပြည်မှာ လွတ်လပ်ရေးရစက ပညာရေးနဲ့ကျန်းမာရေးအတွက် ပြည်တော်သာစီမံကိန်းလုပ်ခဲ့တာ အကျိုးရှိခဲ့တယ်။ တောနယ်တွေအထိ စာသင်ကျောင်းတွေ၊ ဆေးခန်းတွေ၊ ဆေးမှူးတွေ ရောက်လာနိုင်ခဲ့တယ်။
မဆလခေတ်ရောက်တော့ ‘ဒဘယ်လယူအိတ်ချ်အို’ အစီအစဉ်နဲ့အားလုံးကျန်းမာသက္ကရာဇ် ၂၀၀၀ မှာ စီမံကိန်းကို အကောင်အထည်ဖေါ်ကြရတယ်။ ‘အီးပီအိုင်’ ခေါ် တိုးချဲ့ကလေးကာကွယ်ဆေးထိုးလုပ်ငန်းလည်း ဆက်လုပ်တယ်။ အတန်အသင့်တော့ အကျိုးရှိတယ်။ နိုင်ငံရေးက ဦးဆောင်ခဲ့ပြီး လက်တွေ့နဲ့ကွာဟလို့ လုပ်သားပြည်သူ့နေစဉ်သတင်းစာမှာသာ အောင်မြင်တယ်။
အခုတင်ပြချက်ထဲက နမူနာတွေဟာ ခေတ်နောက်ခံ၊ နိုင်ငံရေးနောက်ခံ၊ စီးပွါးနောက်ခံ အမျိုးမျိုးထဲက ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရာမှာ ခေတ်သဘောလည်း မလွတ်စေရ၊ အခြေခံလက်တွေ့ဘဝနဲ့လည်း မကင်းကွာရ၊ တီထွင်ဆန်းသစ်မှုလည်း ရှိရပါမယ်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေက နမူနာတွေကိုလည်း ပုံတူပြု မရပါ။ ပြည်သူ့ကျန်းမာရေးဆိုတာ ပြည်သူလူထုအများစုအတွက် ဦးတည်ရမယ်။ စေတနာသာမက ဦးနှောက်လည်းကောင်းသူတွေက ဦးစီးကြရမယ်။ ကနေ့အခြေအနေနဲ့လည်း ကိုက်ညီရပါမယ်။
- ပြည်တော်သာခေတ် မဟုတ်တော့ပါ။
- မဆလ ခေတ်လည်း မဟုတ်တော့ပါ။
- ဂျမ်းခက်၊ ကိုလ်ကတ္တား၊ အင်္ဂလန်နဲ့ တရုပ်ပြည်လည်း မဟုတ်ပါ။
- ၁၉-၂၀ ရာစုလည်း မဟုတ်တော့ပါ။
- ရာထူးနေရာ၊ ကုလားထိုင်ရနေသူတွေကသာ ဦးဆောင်တာလည်း မှန်လေ့မရှိပါ။
- ကျန်းမာရေးအာမခံစနစ် လိုနိုင်တယ်။ ဒါပေမဲ့ စည်းကမ်းနဲ့ ဥပဒေ မခိုင်မာရင် အလကားဖြစ်တယ်။
- ဆိုရှယ်လစ် အယူအဆလည်း လက်လွှတ်လို့ မရနိုင်လောက်ပါ။
ဆိုရှယ်လစ်အစစ်ဆိုတာ မဆလ မဟုတ်ပါ။ လူအများစုအရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အိုတွေကို ထည့်သွင်း စဉ်းစားတာမျိုးကို ပြောတာ။ ကနေ့မြန်မာပြည်မှာ တဖက်စောင်းနင်းဖြစ်နေတဲ့ ခရိုနီစနစ်နဲ့ ပြောင်းပြန်။
- ဒါ့ပြင် အသစ်ဟာ ကြားကာလအစီအမံသာဖြစ်ပါဦးမယ်။ ကျန်းမာရေး၊ ပညာရေး ဘယ်အကြောင်းအရာမဆို အကောင်းစားကြီးကို မျှော်မှန်းလို့လည်း မဖြစ်နိုင်။
- အခုခေတ်မှာ တခြားတိုင်းပြည်တွေမှာရောက်နေပြီး အဆင့်မြင့်ပညာတွေ တတ်မြောက်ထားပြီးသူတွေ မနည်းတော့ပါ။ ဒါပေမဲ့ သူတို့ အောက်ခြေလွတ်မှာ စိုးရိမ်တယ်။ 'ဟားဘတ်' နဲ့ ဒေသကောလိပ်။ 'အောက်စဖို့' နဲ့ စာပေးစာယူ ဘွဲ့။ အဲလိုသွားရောက် ပညာသင်ကြားနိုင်သူတွေဟာ ဟိုခေတ်ကစကားနဲ့ပြောရရင် ရေပေါ်ဆီ မလိုင်လွှာ။ အခုခေတ်အသုံးက တမျိုး။ ပြောရမှာ အားနာတယ်။ တစုတကွက်လေးကသာ အဲလိုပညာတွေ ရနေကြတယ်။ မကျက်တကျက်ပေါင်မုံ့ မဖြစ်စေရပါ။ လက်ရှိ ထမင်းကြမ်းကြော်နဲ့ မုံ့ဟင်းခါး အဆင့်ကနေ တက်လှမ်းရပါမယ်။ ရှေးဟောင်းနဲ့ လက်ရှိအတိုင်းလည်း ဆုပ်ကိုင်မထားရပါ။
အခုရေးတာက ပြုပြင်တည်ဆောက်သင့်တဲ့ စီမံချက် ‘ဘလူးပရင့်’မဟုတ်ပါ။ မပြည့်စုံပါ။ သုတေသနအခြေခံ ပညာရှင်ဆန်ရမယ်။ ဒါ့ပြင် နိုင်ငံရေးမှန်ရမယ်။ ရောဂါတွေကတော့ တိုင်းပြည်ကောင်းအောင် စောင့် - နေလေ့မရှိပါ။
နိဂုံး
ကျွန်တော် စာတွေရေးနေတာ များလှပြီ။ နှစ်ကာလလည်း ကြာပြီ။ တချို့စာတွေရေးဘို့ ရှာဖွေမှု၊ လေ့လာမှု၊ ဘာသာပြန်မှု၊ သုတနေသပြုမှုတွေ လုပ်ရတယ်။ ကိုယ်ပိုင်အတွေ့အကြုံလည်း ရှိလို့ လိုရင် ထည့်ရေးပါတယ်။ တချို့စာတွေရေးဘို့ အချိန်ယူရတယ်။ အခုစာရေးနေတာ တပတ်ကြာပြီ။ စာတွေကိုတင်တော့ အရင်းအနှီး များများစိုက်ထုတ်တဲ့စာကို ဖတ်တဲ့သူ နည်းတယ်။ ကွန်မင့်ဆန်ဆန် ခပ်တိုတိုကောက်ရေးတာမျိုးကို ဖတ်သူက ပိုများတယ်။ အပြစ်တင်လည်း မရပါ။ အဲဒီအချက်ကလည်း တကယ့် ကနေ့ မြန်မာလူမျိုးတွေရဲ့ဘဝမှန်။ ပေါ့ပေါ့ လွယ်လွယ်အတွက်သာ အချိန်ပေးနိုင် စိတ်ကူးနိုင်ကြသူက များတယ်။
ဒေါက်တာတင့်ဆွေ
1:50 PM
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar