ဆန်ဈေး၊ ဆီဈေး နဲ့ နေ့စဥ် လူနေမှုဘဝ နဲ့ လက်နက်ကိုင် တော်လှန်ရေး မဟာဗျူဟာ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၁ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၂၃
ဆန်ဈေး၊ ဆီဈေး နဲ့ နေ့စဥ် လူနေမှုဘဝ နဲ့ လက်နက်ကိုင် တော်လှန်ရေး မဟာဗျူဟာ
အာဏာသိမ်း စစ်တပ်ပြုတ်ကျအောင် လုပ်ဆောင်ကြရာမှာ ပြည်ပအင်အားကြီးနိုင်ငံ အချို့က စစ်လက်နက်၊ စစ်စရိတ် မထောက်ပံ့ပဲ စိတ်ဓါတ်အားဖြင့် ထောက်ခံမှု၊ သံတမန်ရေးအရ ထောက်ခံမှုနဲ့ အာဏာသိမ်းစစ်အစိုးရကို စီးပွားရေးအားဖြင့် ပိတ်ဆို့မှုတွေလုပ်ဖို့ ရည်ရွယ်ကြတာ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေထဲ ထင်ထင်ရှားရှားဆိုရရင် အမေရိကန် ပြည်ထောင်စုဖြစ်ပါတယ်။ အလားတူ ဗြိတိန်လည်း အဆိုပါမူဝါဒမျိုးနဲ့ မြန်မာစစ်အစိုးရကို ပိတ်ဆို့ဖိအားပေးတာ ဖြစ်ပြီး၊ ဥရောပ နိုင်ငံတွေထဲက ဂျာမနီ၊ ပြင်သစ် နဲ့ စကင်ဒီနေဗီယန်းနိုင်ငံတချို့ကတော့ စစ်ဗိုလ်ချုပ်တွေ၊ စစ်တပ်အတွက် လက်နက်ဝယ်ယူပေးတဲ့ ခရိုနီတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့တာမျိုး လုပ်ကိုင်တာတွေ့ရပါတယ်။ အရှေ့တောင်အာရှ၊ အာရှက စီးပွားရေး အင်အားကြီးတဲ့ နိုင်ငံတွေကတော့ ပိတ်ဆို့မှုလုပ်တာမျိုးမရှိပဲ၊ အမေရိကန်ရဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုတချို့ကိုသာ ၄င်းတို့ အကျိုးစီးပွားထိခိုက်နိုင်တဲ့ အတိုင်းအတာပေါ် မူတည်ပြီး စစ်အစိုးရဝန်ကြီးဌာနပိုင် ဘဏ်ချင်းဆက်ဆံမှုမလုပ်ဘဲ ရှောင်ကွင်းကြတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ကတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အချက်နဲ့ ဒေသတွင်း အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတွေအနေနဲ့ စစ်ရေးအရ စွက်ဖက်မှုကို မဝင်ရောက်လာစေရေး ဆိုတဲ့အချက်မျိုးကို သတိကြီးကြီးထားကြပြီး စစ်ကောင်စီနဲ့ အကန့်အသတ်တခုအောက်မှာ ထိတွေ့ဆက်ဆံနေကြတဲ့ သဘောမျိုး ဖြစ်ပါတယ်။
ဒီနေရာမှာ စဥ်းစားစရာ ဆွေးနွေးစရာ ရှုထောင့်အနေနဲ့ အမေရိကန်ရဲ့ မူဝါဒဖြစ်တဲ့ သံတမန်ရေး ဖိအားပေးမှု၊ စီးပွားရေး ပိတ်ဆို့မှု နဲ့ စစ်အာဏာရှင် ပြုတ်ကျအောင် ကြိုးစားတဲ့ နည်းလမ်းနဲ့ တဖက်မှာ ပြည်တွင်းလက်နက်ကိုင် အင်အားစုတွေ၊ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့တို့က အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် တော်လှန်ရေးနဲ့ ပြုတ်ကျအောင်တိုက်ခိုက်ကြတဲ့ နည်းလမ်းနဲ့ တိုက်ခိုက်နေကြတာမျိုး ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် ပြုတ်ကျအောင် လက်နက်ကိုင်တိုက်ခိုက်ကြတဲ့ အင်အားစုတွေ ရဲ့ ငွေကြေးရရှိတဲ့ အရင်းအမြစ်က ပြည်တွင်းက တိုင်းရင်းသား လက်နက်ကိုင်နယ်မြေ၊ PDF စိုးမိုးနယ်မြေတွေက လူထုထံမှ ကောက်ခံရရှိတဲ့ အခွန်အကောက်၊ အဲဒီဒေသတွေက တွင်းထွက်၊ သစ်တော၊ ရေနံ အစရှိတဲ့ သယံဇာတ ထုတ်ယူမှုတွေက ရရှိတဲ့ ကောက်ခံငွေ၊ ပြည်တွင်းလူထုရဲ့ ပါဝင်ကူညီငွေ၊ ပြည်ပရောက် မြန်မာလူမျိုးတွေ၊ တိုင်းရင်းသား လူမျိုးအသီးသီးက ၄င်းတို့ လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေကို ထောက်ပံ့ကြတဲ့ ကူညီငွေနဲ့ NUG က ရှာဖွေတဲ့ ရန်ပုံငွေ ကမ်ပိန်းတွေက ရရှိတဲ့ငွေတွေအပေါ် မှီတည်ပြီး ခရီးဆက်နေကြရတဲ့ သဘောဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့တော့ နိုင်ငံရဲ့ အထွေထွေ အခွန်က ရတဲ့ဝင်ငွေ၊ သယံဇာတ၊ ကုန်သွယ်မှုအခွန်၊ အရံငွေကြေး စတာတွေကို စီမံသုံးစွဲခွင့်ရတဲ့ အနေအထားဖြစ်လို့ အားသာချက် ရှိနေတာဖြစ်ပါတယ်။ ရှိနေတဲ့ ယန္တရား၊ ငွေကြေးအရင်းအမြစ်တွေကို စီမံခန့်ခွဲခွင့်ရထားတဲ့ အနေအထားက အသာစီးအနေအထားလို့ ဆိုနိုင်ပါတယ်။
ဒီနေရာမှာ လက်နက်ကိုင် တော်လှန်ရေးနဲ့ စစ်ကောင်စီကို စီးပွားရေးအရ ပိတ်ဆို့မှု တပြိုင်တည်းကျင့်သုံးတဲ့ ဗျူဟာက အကျိုးရှိမလား ဆိုတဲ့မေးခွန်းလည်း ရှိလာတဲ့ သဘောဖြစ်ပါတယ်။ လတ်တလော စီးပွားရေး ပိတ်ဆို့မှုတွေ၊ စစ်ကောင်စီရဲ့ ကျပ် ၂ သောင်းတန် ထုတ်ဝေမယ်ဆိုတဲ့ ဂယက်တွေနဲ့ မြန်မာငွေတန်ဖိုး ဆိုးရွားစွာကျဆင်းခြင်းရဲ့ သက်ရောက်မှုကို မြို့ပေါ်ကရော ကျေးလက်တွေအထိပါ ကြီးမားစွာ သက်ရောက်မှုရှိတာလည်း တွေ့နေရတာပါ။ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ချွေတာရေး လုပ်ဆောင်ချက်ဖြစ်တဲ့ စားသုံးဆီ တင်သွင်းမှု ကန့်သတ်ရေးက စားသုံးဆီစျေး မတန်တဆ မြင့်တက်သလို မှောင်ခိုစျေး၊ သဘာဝမကျတဲ့ စျေးနှုန်းတွေ ဖြစ်ပေါ်လာပြီး နေ့စဥ်ချက်ပြုတ်စားသောက်မှုတွေကို သိသိသာသာ ထိခိုက်လာနေတာလည်း တွေ့ရမှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ တလွဲစီမံခန့်ခွဲမှု၊ လက်နက်ကိုင် ပဋိပက္ခရဲ့ သက်ရောက်မှုကြောင့် စားသောက်ကုန် ထုတ်လုပ်မှုတွေ သိသာစွာကျဆင်းတာ၊ အခွန်အကောက်တွေ တနယ်နဲ့တနယ် ကုန်ပစ္စည်းသယ်ယူမှု အတားအဆီးတွေကလည်း ဆန်၊ ဆီ စတဲ့အခြေခံစားကုန်တွေ တင်မက အခြားသော ကုန်ပစ္စည်းအမျိုးမျိုးကိုပါ မကြားဖူးတဲ့ စျေးနှုန်းတွေနဲ့ ဝယ်ယူသုံးစွဲနေရတာ ဖြစ်ပါတယ်။
အချို့သော ဒေသတွေမှာ နေ့လုပ်နေ့စား အသက်မွေးဝမ်းကျောင်းသူတွေ အဖို့ ဆန်ဝယ်မစားနိုင်ပဲ တိရိစ္ဆာန်အစာနဲ့ စက်မှုကုန်ကြမ်း အဖြစ်သုံးတဲ့ ဆန်ကွဲကို စားနေရတဲ့ အဖြစ်တွေ ကြားသိနေရတာ ဖြစ်ပါတယ်။ ဒီလိုကြပ်တည်းမှုတွေ ၊ စားဝတ်နေရေး ခက်ခဲမှုတွေက တိုင်းပြည်တပြည်လုံး လက်နက်ကိုင် တိုက်ပွဲတွေ ဟိုနားဖြစ် သည်နားဖြစ်နေချိန် လူတွေ အသက်ဆုံးရှုံးနေကြရချိန်မှာ ကြုံကြရမှာပဲလို့လည်း စောဒကတက်ကောင်း တက်ပါလိမ့်မယ်။ တဖက်မှာလည်း ဒီလိုအခက်အခဲ အကြပ်အတည်းကာလက ရေတိုလား ရေရှည်လားဆိုတဲ့ မေးခွန်းရှိနိုင်ပါတယ်။ ရေတိုကာလလို့ ဆိုနိုင်တဲ့ ၆လ၊ ၁ နှစ်ဆိုရင် အခက်အခဲ အကြပ်အတည်းကို ခါးစည်းပြီး ကျော်ဖြတ်တာမျိုး ရင်ဆိုင်ကြရမှာမှန်ပေမယ့် အဲဒီလိုမဟုတ်ပဲ ကာလရှည်ကြာတဲ့ ကြပ်တည်းမှုမျိုးဖြစ်လာခဲ့ရင် နိုင်ငံရေးအရ ထောက်ခံမှုအင်အားတွေကိုပါ ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ လတ်တလော ငွေတန်ဖိုးကျဆင်းတဲ့ ဖြစ်ရပ်တွေမှာ မြန်မာကျပ်ငွေ လက်ဝယ်ရှိတဲ့သူ အားလုံး တန်ဖိုးကျဆင်းမှုကို ခံကြရသလို လက်နက်ကိုင် တော်လှန်ရေးအတွက် ကူညီထည့်ဝင်နေကြတဲ့သူတွေလည်း အဲဒီခံစားကြရသူတွေထဲ ပါဝင်နေပြီး တော်လှန်ရေးအတွက် ကူနိုင်စွမ်းကို လျော့ကျစေတာ ဖြစ်ပါတယ်။
လူထု အနေနဲ့ နိုင်ငံရေး ရပ်တည်ချက် ပြောင်းလဲမှာမဟုတ်ပေမယ့် စားရေး ဝမ်းဝရေးကို ခက်ခက်ခဲခဲ လုံးပန်းနေကြရတဲ့အခါ နိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်နိုင်စွမ်း လျော့ကျလာနိုင်တာကို လည်း လျစ်လျူရှုဖို့ မသင့်တဲ့သဘော ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးကို ဆိုးဆိုးရွားရွား မဖြစ်အောင် ဖာထေးပေးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် မိမိတို့ဘက်က ထောက်ခံအားပေးနေတဲ့ သူတွေရဲ့ စီးပွားရေးအရ ကြံ့ကြံ့ခံရပ်တည်နိုင်ရေးကလည်း အရေးကြီးတယ်ဆိုတဲ့အချက်ကို ထည့်သွင်းစဥ်းစားဖို့ တိုက်တွန်းနှိုးဆော်တဲ့ သဘောဖြစ်ပါတယ်။ တော်လှန်ရေးခေါင်းဆောင်ပိုင်းက စဉ်းစားဖြေရှင်းပေးသင့်တဲ့အချက်က စစ်မက်နဲ့ အထွေထွေ အကျပ်အတည်းကြောင့် ချွတ်ခြုံကျနေတဲ့ ပြည်သူတွေ ကိုယ်ရောစိတ်ပါ ခံနိုင်ရည် ပြိုယွင်းမသွားခင် ၎င်းတို့ လူမှုဖူလုံရေး ရှားပါးစရိတ်ထောက်ပံ့နိုင်ရေးတို့ကို ကြိုတင်ပြင်ဆင် ထောက်ပံ့ပေးနိုင်အောင် လုပ်ကြဖို့ အရေးကြီးကြောင်း ထောက်ပြလိုပါတယ်။ အငတ်ငတ် အပြတ်ပြတ်ဖြစ်နေတဲ့ အောက်ခြေလူတန်းစားထဲက တောမီးလောင် တောကြောင်လက်ခမောင်းခတ်လာကြရင် ပြန်လည်တည့်မတ်ဖို့ မလွယ်တော့မယ့်အရေး ဖြစ်ပါတယ်။
နောက် အထက်က ပြောခဲ့သလို နိုင်ငံရေးအကျပ်အတည်းဆိုက်အောင် ပိတ်ဆို့ခြင်း၊ နိုင်ငံတကာ၏ အရေးယူမှုတွေ တိုးမြှင့်ခြင်း ဖိအားတွေမှာ အိမ်နီးချင်းနိုင်ငံများ၏ အခန်းကဏ္ဍကို ချဲ့ထွင်ပေးဖို့ သူတို့၏ ပါဝင်ပတ်သက်မှုတွေ ဖိအား ဩဇာတွေကို တော်လှန်ရေးအင်အားစုတွေဘက်က အသုံးပြုနိုင်ဖို့ သူတို့အလေးသာတဲ့ အချက်တွေကို ထုတ်ဖော်ကြဖို့ကိုလည်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar