Breaking News

မြဇင်ယော် - သီတင်းကျွတ်အခါ

Photo Credit
 သီတင်းကျွတ်အခါ

မြဇင်ယော်

(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၂၀


.....စာရေးဆရာကြီးတယောက် ဘဝတက္ကသိုလ်မှာ တိုက်ပိတ်ခံရတုန်းက ဘာလုပ်သလဲဆိုရင် သူ ဖတ်ထားဖူးတဲ့ ဝတ္ထုတွေ ဇာတ်ကောင်တွေကို ပြန်စဥ်းစားသတဲ့။ စိတ်ကိုအလုပ်ပေးထားတာ။ အခု ကိုယ်တွေလည်း တိုက်ပိတ်ခံရတာတော့ မဟုတ်ပေမယ့် အိမ်တွင်းပုန်းကာလဆိုတော့ ဝါဆိုအခါမှန်းမသိ၊ ရွာဘုရားပွဲလည်း မလုပ်လိုက်ရ၊ ဟော ခုသီတင်းကျွတ်အခါလည်းမသိတော့မယ့် အခြေအနေမှာ ကိုယ်လည်းပဲ အရင်နှစ်က သီတင်း ကျွတ်အခါမှာ ရွာပြန်ခဲ့တဲ့အကြောင်းလေးပဲ ပြန်စဥ်းစားနေရတော့တယ်။

....သီတင်းကျွတ်လဆန်း ၁၄ ရက် အခါဝင်‌‌နေ့မှာ အိမ်ရှေ့က လမ်းမကြီးပေါ်မှာ ဘုန်းကြီးကျောင်းကို သီလယူ၊ ဥပုသ်စောင့်သွားမယ့်သူတွေ လက်ကောက် ဝတ်မှာ ပုတီးလေးတွေပတ်လို့၊ လက်ထဲမှ ဘုန်းကြီးကျောင်းကို ဘောဇဥ်လှူဖို့ ပန်းကန်ပြားလေးတွေကိုင်လို့၊ တချို့က အထုပ်ကလေးတွေဆွဲလို့ ဥဒဟိုသွား လာနေကြတယ်။ တချို့က တနှစ်လုံးတောထဲမှာနေ၊ တချို့က ကိုယ်လို ရေကြည်ရာမြက်နုရာနေရာ‌တွေမှာ အလုပ်လုပ်နေ၊ အခါ တွင်းကျမှ ပြန်လာကြတာ။ အမျိုးမျိုးပါပဲ။ ကိုယ်နဲ့ ရင်းနှီးတဲ့လူတွေက "လာလေ ကျောင်းကို ဥပုသ်စောင့် သွားရအောင်"လို့ နှုတ်ဆက်ကြတယ်။

.....ရွာဘုန်းကြီးကျောင်းရဲ့ လော်စပီကာကနေ သီလယူ ဥပုသ်စောင့် နှိုးဆော်သံကြားနေရတယ်။ ဂုဏ်တော်တွေကို သီကုံးထားတဲ့ သီချင်းတွေဖွင့်တယ်။ ရွာအုပ်ချုပ်ရေးမှုးရဲ့ ‌ဗျောက်မဖောက်ဖို့ ကြေညာသံလည်းကြားရတယ်။အဲ့ဒါတွေပြီးမှ ရွာဦးကျောင်းဆရာတော်ကြီးရဲ့ ဥပုသ်သီလပေး မေတ္တာပို့သံကို ကြားရပါတယ်။ အခါကြီးရက်ကြီးမှ စုံတတ်တဲ့ တပည့်ဒကာဒကာမတွေကို ဆုံးမသြဝါဒလည်း ချီးမြှင့်နေသေးတော့ ၁၀:၃၀ လောက်မှပြီးဆုံးပါတယ်။

....... မနက်ပိုင်း ၁၀ နာရီ ထိုးလောက်ဆိုရင် ရွာထဲမှာ ဘုန်းကြီးကျောင်းကို ဆွမ်းပို့မယ့်သူတွေ၊ ဥပုသ်သည်ကို ဆွမ်းပွဲ ရေနွေးကြမ်းပွဲပို့မယ့်သူတွေနဲ့ စည်ကားလာပြန်ပါတယ်။ လူဦးရေများတဲ့အိမ်တွေက ဆွမ်းပွဲ၊ ဆွမ်းချိုင့်၊ ရေနွေးအိုး ရေနွေးဓာတ်ဘူး၊ အမြည်းပန်းကန်အစုံနဲ့ လူကုန်၊ အိမ်စောင့်ခွေးပါလိုက်ပြီး ဘုန်း ကြီးကျောင်းကို ချီတက်ကြတယ်။ တချို့အမျိုးသမီးတွေကျတော့လည်း တကိုယ်တည်း မနိုင်မနင်းသယ်သွားကြ၊ တချို့ကလည်း သူများဆွမ်းချိုင့် သယ်ကူကြနဲ့ အတော်ကို အုပ်အုပ်ကျွက်ကျွက်နဲ့ စည်ပါတယ်။

......အဲ့ဒီနေ့တနေ့လုံးတော့ ရွာထဲမှာ ဟိုအိမ်ဒီအိမ် အခါမုန့်တွေ၊ ဟင်းသီးဟင်းရွက်တွေ၊ မြို့ပြန်လက်ဆောင်တွေ ကိုယ်စီကိုယ်စီ ကိုယ့်ရှိတာကို လိုက်ပေးနေကြတာပဲ။ အခါမုန့်တွေကတော့ ထိုးမုန့်၊ မုန့်ဆီကြော်၊ ပဲမုန့်၊ ရွှေချီဆနွင်းမကင်း၊ ပူတင်း၊ ကျောက်ကျော စုံနေတာပဲ ။ မုန့်လုပ်ဖို့ဆန်မှုန့်ကို တချို့က မြို့ကဝယ်ပြီး တချို့က ရွာမှာ မောင်းစင်နဲ့ထောင်းတာ။လူနည်းတဲ့အိမ်လည်း မုန့်လုပ်ရင်တော့ မနည်းဘူး။ သူများကို ပေးဖို့ပါ တခါတည်းထည့်တွက်ပြီး လုပ်တာ။ ပေးကြတာကလည်း ကိုယ့်အိမ်ဆိုရင် ဟိုအိမ်က နည်းနည်းပေး ဒီအိမ်က နည်းနည်းပေးနဲ့ ခဏနေတော့ မုန့်အစုံဟာ ထမင်းစားပွဲနဲ့ မပြည့်တပြည့်ဖြစ်သွားတယ်။ ကိုယ့်အိမ်က ကန်စွန်းဥ ပူတင်းလုပ်တယ်။ မုန့်လာပေးသူတွေကို ကန်စွန်းဥပူတင်း ပြန်ပေးပြီး မေတ္တာဖလှယ်ရပါတယ်။

.......ညနေခင်း ၃:၀၀ နောက်ပိုင်းဆို ရွာဟာ ပြန်လှုပ်ရှားလာပြီ။ အရင်ဆုံး စလှုပ်တာကတော့ ကလေးငယ်တွေပါပဲ။ဘုန်းကြီးကျောင်းကို ဆီမီးသွားထွန်းကြတာ။ လူကြီးတွေက " ဟဲ့ မီးပူဇော်တယ်ဆိုတာ ညမှောင်ခါနီးလေးမှ ပူဇော်ရတာ " လို့ပြောရင် ခြေဆောင့်ကုန်ပြီ။ မဲ့တဲ့လူတွေမဲ့၊ ငိုတဲ့လူတွေငိုကုန်ပြီ။ အဝတ်အစားအသစ်တွေဝတ်၊ သနပ်ခါးတို့ ရေစိုမိတ်ကပ်တို့လိမ်းပြီး၊ နှုတ်ခမ်းနီတို့ လက်သည်းနီတို့ ဆိုးပြီး ပြင်ဆင်ပြီးကြပြီဆိုရင် သိကြားမင်း ဆင်းတားလည်း မနေဘူး။ ကျောင်းကို သွားကြပြီ။ ကျောင်းဝိုင်းထဲ နေပူကျဲကျဲ ဝင်္ကပါထဲမှာ ချွေးတလုံးလုံးနဲ့ လှည့်ကြပြီ။

......နေဝင်တိမ်တောက်တဲ့အချိန်ကျတော့ အပျိုလေးတွေ ကာလသားလေးတွေစည်ကားလာကြပြီ။ အပျိုလေးတွေက အလှဆုံးပြင်ကြပြီး ဖယောင်းတိုင်တွေ၊ ဆီမီးခွက်တွေ၊ ပန်းတွေနဲ့ ထွက်ကြပြီ။ ကာလသားလေးတွေက အပျိုချောင်းထွက်ကြပြီ။ ဆီမီးပူဇော်ဖို့ လာကြသူတွေဟာ ဘုန်းကြီးကျောင်းပေါ်မှာ လူစု၊ ဘုရားကန်တော့ပြီးမှ အမျိုးသမီးခေါင်းဆောင်တယောက်က ဦးဆောင်ပြီး ကျောင်းပေါ်ကဆင်း၊ ဝင်္ကပါဆီကို သွားကြပါတယ်။ ဝင်္ကပါရဲ့ အလယ်မှာ စံပယ်တော်မူတဲ့ မြတ်စွာဘုရားကို ဦးတိုက်ပြီး၊ ဝင်္ကပါနဲ့ ရွာဦးစေတီဆက်လမ်းကနေ စေတီကိုပါ ဆီးမီးခွက်တွေနဲ့ လှည့်ပတ်ပူဇော်ကြရတယ်။ ရှေ့ဆုံးက အမျိုးသမီးကြီးက တပတ်ပြည့်လို့ ရပ်လိုက်ရင် ကိုယ်ရောက်တဲ့နေရာမှာ ဆီမီးခွက်လေးတွေချပြီး ပူဇော်ကြရပါတယ်။ ဝင်္ကပါဘေးက ကာလသားတွေက မီးရှုးမီးပန်းတွေလွှတ်ကြ ဗျောက်တွေဖောက်ကြ၊ လန့်အော်တဲ့လူကအော်၊ ယောင်တဲ့လူကယောင်နဲ့ တအုံးအုံးပါပဲ။

.....သီတင်းကျွတ်လပြည့်နေ့မှာ သာယာအေးရွာကိုသွားရပါတယ်။ အမေ့ဇာတိရွာပေါ့။ ကြီးအင်းသား အဖေနဲ့ သာယာအေးသူ အမေအိမ်ထောင်ကျတော့ ကြီးအင်းရွာမှာ အခြေချကြတယ်။ အခုလို အခါကြီးရက်ကြီးကျရင် ဆွမ်းပေါင်းဖို့၊ အမေကြီးနဲ့ အဘကြီး ဥပုသ်ယူကြတဲ့အခါ နေ့ဆွမ်းအတွက် ထမင်း၊ ဟင်း၊ မုန့်လှုဖို့ပါ။ အခုက သီတင်းကျွတ်ဆိုတော့ ကန်တော့ဖို့ရောပေါ့။ ငယ်ငယ်တုန်းကတော့ မိသားစုလိုက် သွားကြတာ။ ဆင်သေဆည်တုပ်ပြီးတော့ လမ်းပန်း ဆက်သွယ်ရေးကြောင့် မိသားစုလိုက် မသွားနိုင်တော့။ အခုနှစ်တော့ မိသားစုမစုံဆို ကိုယ်တယောက်တည်းပဲသွားရမှာ။ ဆိုင်ကယ်လေးတွေ သွားလာလို့ ရနေတာပဲ ကျေးဇူးတင်နေရတယ်။ သာယာအေးရောက်တော့ လေဖြတ်ထားတဲ့ အမေကြီးနဲ့ အမေကြီးနားက တဖဝါးမခွာပြုစုနေရတဲ့ အဘက ဝမ်းသာရှာတယ်။

...... ဒီနှစ် သူတို့ရွာမှာ ဆွမ်းဆန်စိမ်းလောင်းပွဲ ရှိတယ်။ ရွာပေါင်း ၁၀ ရွာ၊မြို့ကျောင်း ၁ ကျောင်းဆိုတော့ စုစု ပေါင်း ၁၁ နေရာက ရဟန်းသံဃာ ၁၄၉ ပါး။ ဆွမ်းဆန်ဆိုပေမယ့် မြေပဲ၊ ချိုချဉ်၊ ဘီစကွတ်တွေလည်း လောင်းကြတာပဲ။ အမေဘက်က အမျိုးတွေနဲ့တွေ့ရ၊ စကားတွေပြောကြရတယ်။ ဆွမ်းဆန်လောင်း ပွဲစတော့ ဘုရားက အရင်ဆုံး ကြွတယ်။ ပြီးတော့ မြသပိတ်။ မြသပ််ိတ်ထဲ အလှုငွေတွေ ထည့်လှုကြတယ်။ နောက်တော့မှ ရွာစဥ်အလိုက် သံဃာတော်တွေ။ သံဃာတော် တပါးစီရဲ့နောက်မှာ ကပ္ပိယပါတယ်။ တချို့ကပ္ပိယတွေက တောင်းကြီးတွေပိုက်လို့၊ တချို့က ဆာလာအိတ်ကြီးတွေဆွဲလို့။ သံဃာတွေကြွတဲ့လမ်းကိုရာဇမတ်ကာထားပြီး အပြင်က လူတွေက လောင်းလှုကြတယ်။ တောင်းတွေပြည့်ရင် လှယ်ပေးကြ၊ ဆာလာအိတ်တွေပြည့်ရင် လဲပေးကြရတယ်။ ပွဲပြီးသွားရင် သူ့ရွာကိုယ့်ရွာဂုဏ်ပြိုင်လိုက်ကြသေးတယ်။ တို့ ရွာက ဆန်ဘယ်လောက်၊ မြေပဲဘယ် လောက်ရတာ၊ သူ့ရွာကဖြင့် ဘယ်လောက်ပဲရတယ် ပေါ့လေ။

.......ရွာတိုင်းရွာတိုင်းမှာ နှစ်တိုင်း ဆွမ်းဆန်စိမ်း‌လောင်းပွဲရှိကြတာမဟုတ်ပါ။ ရွာ ၁၀ ရွာမှာ တနှစ်ကို တရွာကျ လုပ်ကြတာ။ အရင်ကတော့ တရွာနဲ့တရွာ ဆည်မခြားတော့ ဘယ်ရွာမှာပဲလုပ်လုပ် ကျန်ကိုးရွာကလူတွေ လာလှုကြ၊ လောင်းကြတယ်။ ရွာခံတွေလည်း ဧည့်ဝတ်ကျေတယ်။ ဒီကြားထဲအဆက်အသွယ်မရတဲ့လူတွေ ဆွမ်း ဆန်စိမ်းလောင်းပွဲရှိမှ တွေ့ကြရ၊ စကားပြောကြရပေါ့။ အခုတော့ ခေတ်ကပြောင်းလာပြီ၊ လမ်းပန်းဆက် သွယ်ရေးကလည်း ခက်လာပြီ။ ရွာပေါင်းစုံက သံဃာတော်တွေပဲကြွနိုင်ကြပြီး လူတွေတော့မလာနိုင်ကြတော့။

....... နေ့လယ် ၁ နာရီလောက်မှာ စလိုက်တဲ့ပွဲဟာ ၃ နာရီလောက်မှပြီးတယ်။ အမေကြီး အဘကြီး အိမ်ပြန်လာပြီး အမေကြီးနဲ့အဘကို ကန်တော့တယ်။ ကျန်းမာရေးချို့ယွင်းလို့ စိတ်အားငယ်နေတဲ့ အမေကြီးက မကြာမကြာလာဖို့၊ လာမှတွေ့ရတော့မယ့်အကြောင်း မျက်ရည်လေးစမ်းစမ်းနဲ့ပြောရှာတယ်။ ငယ်ငယ်ကဆို သိပ်ပြီး စိတ်ထက်ခဲ့တဲ့ အမေကြီးပါ။ အခါကြီးရက်ကြီး မြေးတွေလာကြရင် ရှင်မီးချွေးခံထဲကနေ ရော့ မုန့်ဖိုးဘယ် လောက်ဆိုပြီး ပေးတတ်တာ။ နည်းတယ်ဆိုပြီး အထွန့်တက်မိရင် မျက်နှာတင်းတင်းနဲ့ " ပိုက်ဆံဆိုတာ သုံးရတာသာလွယ်တာ၊ ရှာရတာ ဘယ်လောက်ခက်တယ်ထင်လဲ၊ ဒီနှစ်စပါး ဝမ်းစာလောက်လို့ တော်တော့တာ၊ မဟုတ်ရင် ငါ့မယ် မလွယ်ဘူးဟဲ့" ဆိုပြီး ဆေးလိပ်တိုကြီး အားရပါးရ ဖွာနေလိုက်တာပဲ။ အမေကြီးရဲ့ စပါးဝမ်းစာဟာ ရှေ့ ၂ နှစ်စာလောက်အထိ ဖူလုံတယ်ဆိုတာသိ‌ပေမယ့်လည်း မပြောရဲ။ ပြောရင် " ငါတို့ အဖိုးကြီးအမယ်ကြီးကို နင်တို့ လုပ်ကျွေးနေတာလား " လို့လာတော့မယ်လေ။ အခုလို အသက်ကလည်းရလာ ကျန်းမာ ရေးလည်းပျက်လာတော့ မြေးလေးတွေကို မျှော်ရှာပေါ့။ မျှော်သာမျှော်တာ မိုးနဲ့လေနဲ့ စောစောပြန်ဆိုလို့ ၄ နာရီ ထိုးလောက်မှာ ကြီးအင်းကို ပြန်လာခဲ့ရပါတယ်။

.......ညနေ ၆ နာရီလောက်ကျတော့ သူငယ်ချင်းတွေနဲ့ ဆီမီးပူဇော်ဖို့ ဘုန်းကြီးကျောင်းကိုသွားဖြစ်တယ်။ လပြည့်နေ့ဆိုတော့ ဝင်္ကပါထဲမှာ ဆီမီး ၁ ထောင်၊ ပန်း ၁ ထောင်လှည့်ပါတယ်။ လှည့်တဲ့အခါ မလိုက်ဘဲ လူရှင်းမှ အေးအေးဆေးဆေး မီးပူဇော်ချင်လို့ သွားခဲ့တာ၊ ကိုယ်တွေရောက်သွားတဲ့အချိန်မှာ မီးတွေငြိမ်းလို့၊ လှည့်တဲ့လူတွေလည်း ပြန်ကုန်ပြီ။ သူငယ်ချင်းတစ်သိုက် ငြိမ်းသွားတဲ့မီးတွေပြန်ထွန်းကြတယ်။ ဝင်္ကပါတခုလုံး ဆီမီးတွေပြန်လင်းလာတာ သိပ်ကြည်နူးစရာကောင်းတာပဲ။ မီးပုံးပျံလည်းလွှတ်ကြမယ်ထင်တယ်။ မှိုင်းတိုက်တဲ့နားမှာ လူတွေ ဝိုင်းနေကြတယ်။ အဲ့ဒီနေ့က မိုးလေဝသမကောင်းလို့ထင်ရဲ့ မီးပုံးပျံလည်း မတက်နိုင်ပါ။

.....သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ကျတော့ နေ့လယ် ၁ နာရီ အာစရိယပူဇော်ပွဲရှိတယ်။ ၁၀ တန်းအောင်ပြီးသား ကျောင်းသားဟောင်းတွေက မူလတန်း၊ အလယ်တန်းတွေတုန်းက သင်ပေးခဲ့တဲ့ ဆရာဆရာမတွေကို ကန်တော့ကြတာ။ ၃ ကြိမ်မြောက်သွားပြီ။ကန်တော့ခံ ဆရာဆရာမ ၁၆ ယောက်ရှိတယ်။ ခရီးဝေးတဲ့ ဆရာ ဆရာမတွေလည်း လာကြလို့ တပည့်တွေက ပျော်ကြတယ်။ ဆရာတွေက ဝမ်းသာကြ၊ ဆရာမတွေက ဆုပေးရင်းကနေ ဝမ်းနည်းဝမ်းသာဖြစ်ပြီး မျက်ရည်တွေကျကြတယ်။ ကိုယ်လည်းပဲ အတိတ်ကို လွမ်းဆွတ်မိပြီး လွမ်းမျက်ရည်ဝိုင်းမိပါသေးတယ် ။ ရန်ပုံငွေလေးလည်းရှိတော့ နှစ်တိုင်းလုပ်ကြမယ် ပြောလို့ ဝမ်းသာရသေးတယ်။

.....ညနေကျတော့ အခါနောက်ဆုံးရက်ဆိုတော့ ရွာလုံးကျွတ်လို့ ပြောရမလောက်ကို လူတွေအများကြီး ဝင်္ကပါမှာလှည့်ပြီး ဆီမီးပူဇော်ကြပါတယ်။ ပျိုပျိုအိုအို အရွယ်စုံပါပဲ။ ရွာထဲက အိမ်တိုင်းအိမ်တိုင်းမှာလည်း ဘုရားကိုမီးပူဇော်တဲ့အပြင် တအိမ်လုံး တဝိုင်းလုံးအနှံ့ ဝက်ခြံ၊ ကြက်ခြံ၊ ဝက်စားကျင်း၊ နွားစားကျင်း၊ အိမ်ဝင်ပေါက်၊ ပြတင်းပေါက်ပါ မကျန် အကုန်မီးထွန်းထားကြပြီ။ အဲ့ဒီလိုလုပ်မှ တစ်နှစ်စာလုံး စီးပွားတက်ပြီး အန္တရာယ်ကင်းတယ်လို့ ယူဆကြသကိုး။

......သီတင်းကျွတ်လပြည့်ကျော် ၂ ရက်နေ့ကတော့ သီးသန့် မသတ်မှတ်ထားပေမယ့် လူကြီးသူမတွေကို ကန်တော့တဲ့နေ့ပဲ။ ဆွေမျိုးသားချင်းထဲက သက်ကြီးရွယ်အိုတွေရော၊ ဆွေမျိုးမတော်သော်လည်း သက်ကြီးပုဂ္ဂိုလ်တွေရော၊ မိဘနှစ်ပါးအပြင် မိသားစုထဲက အကိုကြီးအမကြီးတွေရောကန်တော့ကြတယ်။ ဆန်၊ အဝတ်၊ ဆေး၊ အသီးအနှံ၊ မြေပဲ၊ ကုလားပဲ စုံနေအောင်ကို ကိုယ်တတ်နိုင်တာလေးတွေနဲ့ ကန်တော့ကြတာပါပဲ။ ကန်တော့ခံအဘိုးအဘွားရှိတဲ့အိမ်တွေမှာလည်း အေးအေးဆေးဆေး မထိုင်ရပါဘူး။ တဖွဲ့နဲ့ တဖွဲ့ ဆက်နေတော့ ရှေ့လူက မြန်မြန်ကန်တော့၊ ပုဆိန်ပေါက်ဦးချပြီး သုတ်သုတ်ဆင်း၊ နောက်တဖွဲ့တက်။ ပြီးတဲ့အဖွဲ့ နောက်တအိမ်ကူးကြရတယ်။

......သြော် လွမ်းစရာအတိ၊ လွမ်းပါဘိတော့။ အခုတော့ လွမ်းရေးထက် ကျန်းမာရေးက ခက်တယ်။ ရှေ့နှစ်တွေကျမှသာ အတိုးချလို့ ပျော်ဖို့၊ ကန်တော့ဖို့ အားခဲထားလိုက်ရပါတော့မယ်။ ။

မြဇင်ယော်