Breaking News

နေသွင်ညိဏ်း - အရုပ်များ၊ အသံများ၊ ဝေဒနာ

နေသွင်ညိဏ်း - အရုပ်များ၊ အသံများ၊ ဝေဒနာ

(မိုးမခ) ဒီဇင်ဘာ ၂၂ ၊ ၂၀၂၃


ပျောက်ဆုံးမျိုးဆက်...။ ပထမကမ္ဘာစစ်မှာ အရွယ်ရောက်လာကြတဲ့ အမေရိကန် မျိုးဆက်တစ်ဆက်ကို ပျောက်ဆုံးမျိုးဆက် Lost Generation လို့ သတ်မှတ်ကြတယ်။ အမေရိကန် စာရေးဆရာမကြီး ဂါ့ထရုဒ်စတိန်း Gertrude Stein က သူ့ထက်ငယ်တဲ့ အားနက် ဟဲမင်းဝေး Ernest Hemingway တို့ မျိုးဆက် စာရေးဆရာအုပ်စုကို ကင်ပွန်းတပ်ပေးလိုက်တဲ့ နာမည်ပါ။ 

နောက်တော့ ဟဲမင်းဝေးတို့လိုပဲ ပထမကမ္ဘာစစ်မှာ လူလားမြောက်တဲ့ မျိုးဆက်အားလုံးကို ကိုယ်စားပြုတဲ့သဘော ဖြစ်သွားတယ်။ ဒီမျိုးဆက်ဟာ စစ်ရဲ့ အနိဋ္ဌာရုံတွေကို ကြုံပြီး လူလားမြောက်လာကြတဲ့ လူငယ်တွေ ဖြစ်လို့ အစဉ်အလာ တန်ဖိုးတွေကိုလည်း မယုံကြည်၊ ဘာကိုမှလည်း မလေးနက်၊ လောကကြီးကို အရွဲ့တိုက်၊ အဆိုးမြင်၊ မျှော်လင့်ချက် မဲ့နေတဲ့ မျိုးဆက်လို့ ဆိုရမယ်။  နောင်မျိုးဆက်ပေါင်းများစွာအတွက် ခွန်အားရှိတဲ့ စာပေလက်ရာတွေကို ချန်ထားခဲ့တဲ့ ဟဲမင်းဝေးရဲ့ ဘဝနိဂုံးပင်လျှင် သူတို့မျိုးဆက်ရဲ့ ဝိသေသတခုလို့ ဆိုနိုင်မလား မသိ။ 

——-

၂၀၁၉ ဒီဇင်ဘာ။ ဆရာကန်တော့ပွဲမှာ  သူငယ်ချင်းတွေက Lost Generation ဆိုတာကို ပြောနေကြတယ်။  မကြာခင်ကပဲ ဆရာ​ကျော်ဝင်းက ပျောက်ဆုံးမျိုးဆက် ဆိုတဲ့ နာမည်နဲ့ သူတို့မျိုးဆက်အကြောင်း စာအုပ်ရေးတယ်။

ဒါပေမဲ့ မြန်မာပြည်ရဲ့ ပျောက်ဆုံးမျိုးဆက်ဟာ ဆရာကျော်ဝင်း တို့ မျိုးဆက် (၇၄-၇၅ ) က ပထမဆုံးမဟုတ်သလို နောက်ဆုံး မဟုတ်ခဲ့ဘူး။ ၈၈ မျိုးဆက် ဆရာချိုတူးဇော် ရိုက်ထားတဲ့ လွမ်းစိမ့် ဇာတ်ကားမှာ ကျနော် မျက်ရည်မထိန်းနိုင်တဲ့ အခန်းဟာ နှစ်နှစ်ဆယ်ဆိုတဲ့ ကဗျာ ရွတ်တဲ့ နေရာပဲ။ ၈၈ နောက်ခံရုပ်ရှင်ကို ရဲတိုက်က သရုပ်ဆောင်ခဲ့တယ်။ ကိုဘုန်းမော်တို့ မျိုးဆက်တွေ ပျောက်ဆုံးခဲ့တဲ့ အကြောင်းပါပဲ။ ဒီလိုဆိုတော့ သူတို့ပြောနေတဲ့ နောက်ပိုင်းမျိုးဆက်ဟာ ‘တတိယမြောက်ပျောက်ဆုံးမျိုးဆက်’ဖြစ်လိမ့်မယ် ထင်တယ်။

ဖတ်ဖူးတဲ့ ဗားတော့ဗရက်ရဲ့ ကဗျာတစ (ဘာသာပြန်) လည်း သတိရပါတယ်။ နှင်းတွေ သိပ်သည်းလွန်းရင် သစ်စေ့လေးတွေ အညှောက်ပေါက်နိုင်ပါ့မလား။ ကျနော်တို့ မျိုးဆက်နောက်မှာ နောက်ထပ် လူလားမြောက်လာတဲ့ မျိုးဆက်တွေ။ ခေတ်တွေကို ပြန်တွေးကြည့်ရင် စစ်ဆန့်ကျင်တဲ့မျိုးဆက်တွေဟာ နောက်ဆုံးမှာ စစ်ပွဲတွေထဲမှာ လမ်းဆုံးသွားကြတာ သမိုင်းက ထေ့ငေါ့သရော်တာပဲ ပြောရလေမလား။  

———

၂၀၂၀ ရဲ့ ဒီဇင်ဘာတရက်မှာ ကျနော်ဟာ ရန်ကုန် တက္ကသိုလ်ဝင်းထဲက သစ်ပုပ်ပင်အောက် မနက်စောစော ရောက်နေခဲ့တယ်။ လူသူ မရောက်လာသေးတော့ တိတ်ဆိတ်နေသလို၊ မပီမသ ဆောင်းရဲ့ အငွေ့နဲ့ အေးမြမြအချိန်။ သစ်ပုပ်ပင် အကိုင်တွေ ကြားက ရွက်ကြွေတွေတဖွဲဖွဲ ကြွေကျဆဲမှာ ဆက်ရက်သံတွေ တချက်တချက် ညံထွက်လာတာ ကြားရတယ်။ သစ်ကိုင်းခြောက်တစ ခပ်လှမ်းလှမ်းနား ကြွေကျသွားတယ်။

ကျနော်တို့မျိုးဆက်ဟာ အစဉ်အလာကြီးတဲ့ ဒီတက္ကသိုလ်ကြီးကို အကြိမ်ကြိမ် အိပ်မက်ခဲ့ကြတယ်။ ဒီတက္ကသိုလ်ကြီး ပြန်ပြီး စိုပြည်လာတာကိုပဲ ပီတိနဲ့ ကျေနပ်နေခဲ့ရတယ်။ မျိုးဆက်တွေဆိုတာ နိုင်ငံတခုရဲ့ သက်တမ်းနဲ့ ယှဉ်ရင် ဘာမှ မရှိပါဘူးလေ။ ပညာတတ်တဲ့ ကမ္ဘာနဲ့ ရင်ပေါင်တန်းတဲ့ နောင်မျိုးဆက်ဟာ ကွက်လပ်ကို ဖြည့်လိမ့်မယ်လို့ တွေးနေခဲ့တယ်။ လပိုင်းအတွင်းမှာပဲ ကျနော့်ရှေ့က သမိုင်းကြေးမုံဟာ အစိတ်စိတ်အမြွှာမြွှာ ကျကွဲသွားတော့တယ်။

——-

အခု ကျနော် အသက် ၄၀ ကျော်မှာ ကြားနေတဲ့ တချို့အသံ၊ မြင်နေတဲ့ တချို့အရုပ်တွေဟာ ထပ်နေသလို ခံစားရတယ်။ ဝေါဒစ္စနေးက ကာတွန်းကားတွေကို ခေတ်သစ်နည်းပညာနဲ့ ပေါင်းစပ်ပြီး အသစ်ပြန်ရိုက်ပြသလို။ ဇာတ်လမ်းကျောရိုးက အတူ၊ အရုပ်တွေက ဆန်းသစ်လာတဲ့ သဘော။ ဆရာမြရဲ့ အက်ဆေးတပုဒ်ထဲက လမ်းဘေးကျောက်စရစ်ခဲလို ဒေသနာပေါင်းများစွာလည်း ကြားနာဖူးပြီ။ ဆောင်းနှင်းတို့ အလီလီ ဝေခဲ့၊ မိုးလည်း အလီလီစွေခဲ့၊ နွေသည် အလီလီနှောင်းခဲ့တာကို ကြုံခဲ့ရပြီ။ ပျဉ်းမပင်အိုရဲ့ ရင့်ကျက်တဲ့ ဒေသနာလည်း ကြားဖူးသလို ငုပင်ပျိုရဲ့ ထောင်လွှားတဲ့ ဝေဒနာကိုလည်း ကြည့်မြင်ရဖူးပြီ။ ဒိန်ခဲနောက် တကောက်ကောက်လိုက်တဲ့ ကြွက်အုပ်ကြီး၊ ယုန်နဲ့အတူပြေး၊ ခွေးနဲ့ အတူ လိုက်တတ်သူတချို့ကိုလည်း တွေ့ဖူးပေါင်းများပြီ။ ဒါတွေက သိပ်မထူးဆန်း။ 

သို့သော် ပျောက်ဆုံးမျိုးဆက် ဆိုတာကိုတော့ ကျနော်တို့ဆီမှာပဲ အဆုံးသတ်လိုက်စေချင်လှတယ်။ မြေမြှုပ်ခံထားရတဲ့ သစ်စေ့တို့ အပင်ပေါက်စေချင်လှတယ်။ ခက်သည်က ရှည်လျားတဲ့ ဒီဇင်ဘာရဲ့ နှင်းတို့မှာကား ထူထူထပ်ထပ်ကျနေဆဲ။ ဖုန်တက်နေတဲ့ တိုင်ကပ်နာရီလက်တံက အသံတချက်ချက် မြည်နေဆဲမှာ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar