Breaking News

KNU/KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ မုန်းမြို့ (မူးမြို့) ကို သိမ်းယူ၊ စစ်ကိုင်းတိုင်းထဲက နောက်ထပ် ရွာသား ဆယ်ဂဏန်းကျော် သတ်ဖြတ်ခံရတဲ့နောက်ထပ် ဖြစ်ရပ်တခု


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၃ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၂၃


KNU/KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ မုန်းမြို့ (မူးမြို့) ကို သိမ်းယူ၊ စစ်ကိုင်းတိုင်းထဲက နောက်ထပ် ရွာသား ဆယ်ဂဏန်းကျော် သတ်ဖြတ်ခံရတဲ့ နောက်ထပ် ဖြစ်ရပ်တခု

ကရင်ပြည်နယ်ရဲ့ မြောက်ပိုင်းနဲ့ထိစပ်နေတဲ့ ပဲခူးတိုင်းထဲက ကျောက်ကြီးမြို့နယ် မုန်း(ကရင်ဘာသာ အသံထွက်နဲ့ မူး) မြို့ကို ကေအန်ယူ တပ်ဖွဲ့နဲ့ BLPA, PDF တွေ ပူးပေါင်းပြီး မြို့မှာ အခြေစိုက်တဲ့ တပ်ရင်း၊ ရဲစခန်းတွေကို ဒီဇင်ဘာ ၂ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ၃ ရက်နေ့မှာတော့ စခန်းနဲ့ တပ်ရင်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာရ်အက်ဖ်အေ သတင်းမှာ ဖော်ပြထားပြီး အခြားသတင်းတွေမှာတော့ မြို့ကို အလုံးစုံသိမ်းယူနိုင်တဲ့ အခြေအနေတော့ မဟုတ်သေးကြောင်း မီဒီယာကို ပြောဆိုထားကြပါတယ်။ 

ပဲခူးတိုင်းရဲ့ အရှေ့ဘက်ခြမ်း၊ စစ်တောင်းမြစ်ရှေ့ဘက်က ကျောက်ကြီး၊ မုန်း စတဲ့ဒေသတွေက ကရင်တိုင်းရင်းသားတွေ အခြေချနေထိုင်ကြတဲ့ ဒေသတွေဖြစ်ပြီး ယခင်ကတည်းက ကေအန်ယူ စစ်ရေးလှုပ်ရှားမှုအားကောင်း တဲ့ဒေသတွေဖြစ်ပါတယ်။ သန်းခေါင်စာရင်းအရ လူဦးရေ ၁ သောင်း ၂ ထောင်ကျော်နေထိုင်တဲ့ မြို့ဖြစ်ပြီး ယခင်ကတည်းက ကေအန်ယူရဲ့ စိုးမိုးမှုအားကောင်းတဲ့ ဒေသတွေဖြစ်ပါတယ်။ အနောက်ဘက် စစ်တောင်းမြစ်ကူးပြီး အနောက်ဘက်အရပ်မှာ ရန်ကုန်မန္တလေး ကားလမ်း၊ ရထားလမ်းပေါ်က ဇေယျဝတီမြို့ တည်ရှိတာဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ ဆယ်စုနှစ်များစွာ စစ်ရေးအရ ထိန်းသိမ်းထားတဲ့ တပ်ရင်းတွေထဲက တခုကို အခုအခါ ကေအန်အယ်လ်အေနဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းယူခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ မုန်းမြို့ကိုသိမ်းယူပြီးနောက်မှာ စစ်တောင်းမြစ် အရှေ့ခြမ်း ရဲ့ ဒေသတွေကို ကေအန်ယူနဲ့ ပူးပေါင်းအဖွဲ့တွေ စစ်ရေးအရ ထပ်မံခြိမ်းခြောက်လာနိုင်တဲ့ အနေအထားလည်း ဖြစ်ပေါ်လာနိုင်တာဖြစ်ပါတယ်။ 

ဒီနေ့ သတင်းတွေထဲက နောက်ထပ် အကြောင်းအရာတခုကတော့ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ထဲက ကျပိုင်ရွာကို ခုရက်ပိုင်းအတွင်း စစ်ကောင်စီ စစ်ကြောင်းဝင်စီးပြီး ကျေးရွာသား ၅၀ ကျော်ဖမ်းဆီးခဲ့ပြီးနောက် သတ်ဖြတ်ခံရသူ အမျိုးသား ၁၈ ဦးထက်မနည်း သတ်ဖြတ်ခံရပြီး ၄င်းတို့ရဲ့ ရုပ်အလောင်းတွေကို ဖျောက်ဖျက်ဖို့ နေအိမ်တွေ မီးရှို့တဲ့အထဲ ထည့်သွင်းခဲ့တယ်ဆိုတဲ့ အစုလိုက် သတ်ဖြတ်မှု နောက်တခု ဖြစ်ပွားခဲ့ပါတယ်။ 

မုံရွာမြို့နဲ့ ၆ မိုင်သာ ကွာဝေးတဲ့ ကျပိုင်ရွာကို စစ်ကောင်စီတပ်တွေ နံနက်ပိုင်းမှာ ဝင်ရောက်ခဲ့ပြီး ၄င်းတို့ဝင်ရောက်လာချိန်မှာ ထွက်ပြေးဖို့ အချိန်မမှီလိုက်တဲ့ သူ ၅၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီး စစ်မေးပြီး အမျိုးသားတွေထဲက အရွယ်ရောက်ပြီး အသက် ၅၀ အောက်တွေကို သတ်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်မဖြစ်ပွားမီ ရက်အနည်းငယ်အတွင်း ကျပိုင်ရွာနဲ့ မဝေးတဲ့ တောပုရွာ အနီးက စစ်ကောင်စီရဲ့ အစီအစဥ်နဲ့ ဖွဲ့စည်းထားတဲ့ ပျူစောထီး (ပြည်သူ့စစ်) အဖွဲ့တွေရဲ့ မန္တလေး-မုံရွာ ကားလမ်းနဘေး အထိုင်စခန်းငယ်တခုကို PDF တွေက တိုက်ခိုက်ခဲ့ပြီးနောက် ရက်အနည်းငယ်အတွင်း အခုလို စစ်ကောင်စီတပ်တွေက အဆိုပါ တောပုရွာမှာ အခြေစိုက်ကြတဲ့ ပျူစောထီးတွေနဲ့ ပူးပေါင်းပြီး လက်စားချေ တိုက်ခိုက်ခဲ့တာဖြစ်မယ်လို့ ဒေသခံတွေဆိုကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေအနက် အချို့သောကျေးရွာတွေက ကြံ့ခိုင်ရေးနဲ့ စစ်ကောင်စီကို ထောက်ခံတဲ့ ကျေးရွာတွေ ဖြစ်ပြီး အခုလို လက်နက်ကိုင် ပဋိပက္ခတွေ မဖြစ်ခင်နကိုတုန်းကတော့ အခုလို လက်စားချေ တိုက်ခိုက် သတ်ဖြတ်တာတွေ မရှိပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအနေနဲ့ အဲဒီလို ကျေးရွာတွေကို ပြည်သူ့စစ် ဖွဲ့စည်းပြီး PDF တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ ထိုးတဲ့အခါ အကူအညီရဖို့ စီစဥ်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

ကန့်ဘလူမြို့နယ်ဘက်မှာ ၅၅၀ ဆရာတော်လို့ လူသိများတဲ့ အသက်အရွယ်အားဖြင့် လူလတ်ပိုင်းဆရာတော်တပါးက အဲဒီနယ်တဝိုက်မှာ ပြည်သူ့စစ်အဖွဲ့တွေကို ဦးဆောင်သင်တန်းပေးတာ စည်းရုံးတာ ကျေးရွာကာကွယ်ရေးအဖွဲ့လို့ ဆိုပြီး PDF တွေကို တန်ပြန်တိုက်ခိုက်ဖို့ စီစဥ်တာတွေမှာ နာမည်ကြီးပါတယ်။ 

ကျပိုင်ရွာဖြစ်ရပ်ကို ကြည့်ရင် လူဒါဇင်နဲ့ချီ သတ်ဖြတ်ပြီး နေအိမ်ရာဂဏန်း မီးရှို့ဖျက်ဆီးခဲ့တဲ့ ဖြစ်ရပ်ဟာ စစ်ကိုင်းတိုင်းအဖို့ အသစ်အဆန်းမဟုတ်ပေမယ့် ရွာနီးနားချင်း ၂ ရွာကို ရန်သူဖြစ်အောင် အခဲမကြေ ဖြစ်အောင် ဖန်တီးခဲ့တဲ့ သဘောမျိုးတွေ့ရမှာ ဖြစ်ပါတယ်။ ဒီကျေးရွာကို ဝင်ရောက်ချိန်မှာ တောပုရွာက ပြည်သူ့စစ်တွေကိုပါ အကူအညီအနေနဲ့ ခေါ်ဆောင်လာခဲ့တယ်လို့လည်း သတင်းတချို့မှာ ဒေသခံကိုကိုးကား ဖော်ပြထားတာ တွေ့ရပါတယ်။ 

အိမ်ခြေထောင်ချီရှိတဲ့ ကျပိုင်ရွာက သူတွေအဖို့ အသက်ဆုံးရှုံးရသူ မိသားစုဝင်တွေအတွက် မကျေနပ်မှု နာကျည်းမှု၊ မခံမရပ်နိုင်ဖြစ်ရတဲ့ ခံစားမှုတွေက ပျောက်ပျက်ဖို့ မလွယ်ကူတော့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းဟာ အခြားသော စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှု လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ဒေသတွေနဲ့ နှိုင်းယှဥ်လိုက်ရင် လက်နက်ကိုင် ခုခံမှုပြင်းထန်တဲ့ဒေသ ဖြစ်တာအမှန်ပဲ ဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့်သော်လည်းကောင်း မြို့နယ်အရေအတွက်အားဖြင့် ကျယ်ပြန့်များပြားတဲ့ စစ်ကိုင်းတိုင်းမှာ နေအိမ်တွေ ဖျက်ဆီးမခံရတဲ့ နေ့ရက်၊ အရပ်သားတွေ အသတ်မခံရတဲ့ နေ့ရက် မရှိလောက်အောင် တနှစ်ပတ်လုံး သတ်ဖြတ်မီးရှို့ခံနေကြရတာ ဖြစ်ပါတယ်။ 

တဖက်မှာလည်း စစ်ကောင်စီ ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့တွေအကြား စုစည်းမှု၊ နိုင်ငံရေးအရ စည်းလုံးမှု၊ ပူးပေါင်း တိုက်ခိုက်မှုအားနည်းနေဆဲ ဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းပေါင်းများစွာက မိမိတို့အစီအစဥ်၊ မိမိတို့ ခံစားချက်နဲ့ မိမိတို့ ဆုံးဖြတ်ချက်တွေနဲ့ တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေအကြား နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု နောက်တဆင့်အနေနဲ့ ဘုံစစ်ဆင်ရေးတွေအထိ လုပ်နိုင်ဖို့က စစ်ကိုင်းဒေသအတွက် အရေးတကြီး လိုအပ်နေတဲ့ အချက်တချက်လို့ ထင်မြင်မိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar