Breaking News

ဦးသန့် ၏ ဦးရွှေအုပ် မျက်နှာ (ဝတ္ထုတို)



ဦးသန့် ၏ ဦးရွှေအုပ် မျက်နှာ (ဝတ္ထုတို)

(မိုးမခပြန်လည်ဆန်းသစ်ခြင်း) မေ ၈၊ ၂၀၁၉

တပေါင်းလ ကောလိပ်ကျောင်း စာမေးပွဲများ ပြီးစီးပြီဖြစ်၍ မိတ်ဆွေ ကျောင်းသား လေး ငါးယောက်တို့သည် ကျွန်တော်၏ အခန်းသို့ လာ၍ ထွေရာလေးပါး ပြော၍ နေကြလေသည်။ လွန်ခဲ့သောရက်က စာမေးပွဲအတွက် အထူးကြိုးစား၍ နေရသဖြင့် ပျော်ရွှင်စရာတို့ကို သတိမရနိုင်သဖြင့် ကျောင်းသားတိုင်းပင် ထိုင်းမှိုင်းလျက် ရှိသည် ဖြစ်ရကား ထိုကဲ့သို့ ရယ်ရွှင်စရာများတို့ကို ပြောဆို နားထောင်ရခြင်းသည် များစွာ စိတ်ကို ရွှင်လန်းစေသောကြောင့် အချိန်ကုန်မှန်းပင် မသိချေ။ ကျွန်တော်နှင့် မိတ်ဆွေများလည်း တယောက်ပြီး တယောက် မိမိကို တသက်တာတွင် မှတ်သားစရာ အကောင်းဆုံးသော အကြောင်းအရာတို့ကို ပြန်၍ ပြောနေကြသဖြင့် ည ဆယ်နာရီအချိန်တိုင် ရောက်လေ၏။ ထိုအခါ ကျွန်တော်က-

“ကဲဗျာ… ကိုစိုးသိမ်း၊ ခင်ဗျားတယောက်ပဲ ကျန်တော့တယ်၊ အားလုံးတော့ ပြီးကုန်ပြီ”

“ဟုတ်သားပဲဗျာ၊ မှတ်မိတာ တခုခုတော့ လုပ်ဦးမှပေါ့”

ဟု ကိုတင်မောင်ကလည်း ကျွန်တော်၏ တောင်းပန်ချက်ကို ထောက်ခံသဖြင့် ကိုစိုးသိမ်းလည်း မိမိ ထိုင်နေသော ကုလားထိုင်ရှေ့သို့ အနည်းငယ် တိုးလာ၍ စားပွဲပေါ် တင်ထားသော မိမိမျက်မှန်ကို ကောက်၍ တပ်ပြီးလျှင် အနည်းငယ် ပြုံးလျက်-

“ကဲ ကဲ… နားထောင်ကြ၊ ကျွန်တော် ပြောမှာက ခင်ဗျားတို့ဟာတွေထက် ထူးတော့မပေါ့၊ ကျွန်တော် ဆယ်တန်းအောင်လို့ ကောလိပ်မှာ ပထမနှစ်တုန်းက လမ်းမတော် ဝိုင်အမ်စီအေမှာ တနှစ် နေရသေးတယ်၊ ဆန်းတာတခုက ကျွန်တော် အိပ်တဲ့ ခုတင်ခေါင်းရင်းမှာ အုတ်ချပ်တွေ နည်းနည်းကွာပြီးတော့ လူမျက်နှာ တခု ထင်နေတော့တယ်၊ ကွာတော့ ကွာတာပေါ့ဗျာ၊ အများကြီးပဲ ကွာကြတာပါပဲ၊ ဒီတခုတည်းက ဆန်းတာ သိပ်အံဩစရာ ကောင်းတာပဲ၊ မနက် မိုးလင်းလို့ ကျွန်တော် အိပ်ရာက ထထချင်း ပြတင်းပေါက်က နေရောင်ထိုးပြီ ဆိုမှဖြင့် ဒီမျက်နှာဟာ အတိုင်းသား ထင်နေတတာပဲ၊ တကယ့်ကို ပန်းချီဆရာတွေ ရေးပစ်ခဲ့တဲ့ ပုံထက်တောင် အချိုးအစားကျသေးတယ်၊ မျက်နှာက ခပ်ဝိုင်းဝိုင်း ခပ်ခံ့ခံ့၊ နှုတ်ခမ်းမွေး ရေးရေးနဲ့၊ မျက်လုံးပြူးပြူး၊ ခေါင်းပေါင်းစ ခပ်ကြီးကြီး၊ အင်မတန် ကျက်သရေရှိတဲ့ မျက်နှာပါပဲခင်ဗျာ၊ ကျွန်တော့်အခန်းနားက လူတွေ မေးကြည့်တော့လည်း ကျွန်တော် မလာခင်က ဒီအခန်းမှာ ဘိုကပြားတယောက် နေတယ်တဲ့၊ ဒီဘိုကပြား လုပ်ပစ်ခဲ့ရင်လည်း မြန်မာရုပ်တော့ မဟုတ်တန်ရာဘူးလို့ စဉ်းစားမိသဗျ၊ ကျက်သရေရှိလိုက်တဲ့ မျက်နှာဗျာ၊ ခင်ဗျားတို့ မြင်စေချင်တယ်”

ထိုအခါ ကျွန်တော်က ကြားဖြတ်၍-

“အခု ဒီဟာ ရှိသေးသလား”

“နားထောင်ပါဦး ကိုသန့်၊ ဆုံးတော့ သိလိမ့်မပေါ့၊ ဒီမျက်နှာကြီးကို အိပ်ရာထတိုင်း မြင်မြင်ပြီးတော့ စာဖတ်တုန်းလည်း မြင်၊ ကျောင်းတက်ခါနီးလည်း အားရပါးရ ဝဝကြီး မြင်ပြီးတော့မှ ကျောင်းတက်၊ ကျောင်းဆင်းရင်လည်း ပထမဆုံး ဒီမျက်နှာကြီးကို ကြည့်ကြည့်ပြီး အလိုလို ချစ်လာတာပဲဗျို့၊ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ ယောက်ျားအချင်းချင်း ဒီလိုချစ်ဖို့ဟာ အတော်ခက်တာပဲ၊ ပြီးတော့လည်း ယောက်ျားသာ ဆိုရတယ်၊ အင်္ဂတေကွာနေတဲ့ အရုပ်ကြီး၊ ဒါနဲ့ဗျာ ခပ်တိုတိုပဲ ပြောပါရစေတော့၊ ကျွန်တော်လည်း စာဖတ်လို့ မရတော့ဘူး၊ ဒီအကြောင်း သူငယ်ချင်းတွေ ပြောရမှာကလည်း ရယ်စရာကြီး ဖြစ်နေတော့ ဘယ်သူ့မှ ကျွန်တော် မပြောဘဲ တယောက်တည်း တိတ်တိတ်ပုန်း စွဲလမ်းနေလိုက်တာ စိတ်နောက်သလိုတောင် ဖြစ်နေတာပေါ့ဗျာ၊ ဒီတော့ ကျွန်တော်က စဉ်းစားကြည့်တယ်၊ ဒါမျိုးဟာ ဧကန္တ လူတူ တယောက်ယောက်တော့ ရှိရမယ်၊ အင်္ဂလိပ် သတင်းစာတွေ မဂ္ဂဇင်းတွေထဲမှာလည်း ဖတ်ဖူးတဲ့အတိုင်း နောင် ကျွန်တော်နဲ့ တွေ့ရဦးမယ့်သူ တယောက်ရဲ့ မျက်နှာပုံသာ ဖြစ်ရမည်လို့ စိတ်ထဲ စွဲလမ်းမိတာပေါ့၊ အဲဒီလို စွဲလမ်းမိတဲ့အခါက စပြီး ကျွန်တော် လိုက်ရှာတာပဲ၊ ရုပ်ရှင်ရုံတွေထဲမှာ လိုက်ပြီးရှာ၊ ကန်တော်ကြီးပွဲတွေ ဆိုလည်း အနှံ့ပေါ့၊ ရန်ကုန်တိုင်း အရှေ့ပိုင်း အနောက်ပိုင်း ဆိုတာလည်း ကုန်သလောက် ဆိုပါတော့ဗျာ၊ ဘယ်မှာမှ မတွေ့တော့ စိတ်တော့ နည်းနည်းပျက်လာရော၊ ကျွန်တော့်အခန်း ပြန်သွားပြန်ရင် ကျွန်တော့်ကို အမြဲ နှုတ်ဆက်နေသလိုပဲ၊ ခပ်ပြုံးပြုံး စိုက်ကြည့်နေလိုက်တာ၊ စကားပြောပြီး နှုတ်ဆက်တာနဲ့ တယ်မခြားပါဘူး၊ ဒါနဲ့ဗျာ နောက်ဆုံးတော့ တွေ့ပါလေရော”

ထိုအခါ ကျွန်တော်တို့ အားလုံးကပင် အံ့အားသင့်စွာ ‘ဪ’ ဟူ၍ တပြိုင်နက် အော်လိုက်မိ၏။

“အဲဒီနှစ် ခရစ်စမတ် ကျောင်းပိတ်ရက်မှာ ကျွန်တော်တို့ အိမ်က ကျိုက်ထီးရိုးသွားကြမယ်လို့ ခေါ်တာနဲ့ ကျွန်တော်လည်း အိမ်ပြန်ပြီး သူတို့နဲ့ကျိုက်ထီးရိုး လိုက်သွားတာပေါ့၊ ဒီတော့ ကိုတင်မောင်နဲ့တောင် ပဲခူးမှာ တွေ့လိုက်ပါသေးရော”

ကိုတင်မောင်-

“ဪ… ဟုတ်တယ်၊ ဒီတုန်းကလား”

“ဟုတ်တယ်၊ ကျွန်တော်တို့က မနက်စောစောကြီး ကင်ပွန်းစခန်းက တက်ကြရော၊ ရေမြောင်ကြီးလည်း နည်းနည်းလွန်လာရော၊ တခါတည်း တွေ့တာပါပဲ၊ ဟာဗျာ… မပြောပါနဲ့တော့၊ အခန်းထဲက မျက်နှာပုံပါပဲ၊ နည်းနည်းကလေးမှ မလွဲဘူး၊ ခေါင်းပေါင်းရော၊ နှုတ်ခမ်းမွေးရော၊ မျက်နှာကျပုံရော တထေရာတည်းပါပဲ၊ သူတို့က အဆင်း၊ ကျွန်တော်တို့က အတက်ကိုးဗျ၊ သူနဲ့အတူတူ မိန်းမကြီးကြီး တယောက်၊ ခပ်ရွယ်ရွယ် သမီး နှစ်ယောက်နဲ့ နောက်က အစေခံ ထင်ပါရဲ့ လူတယောက်၊ ဒါပဲ ပါတယ်၊ ဒီတော့ ကျွန်တော်ကလည်း ဘယ်အောင့်နိုင်တော့မလဲ၊ တခါတည်း ဦး… တဆိတ်လောက် ခွင့်ပြုပါ၊ ဦးတို့ ဘယ်အရပ်ကလဲလို့ မေးတာပေါ့၊ ဒီတော့ လူကြီးက ကျွန်တော့်ကို သေသေချာချာ စိုက်ကြည့်ပြီးတော့ သူ့သမီးတွေကို တခါ လှည့်ကြည့်ပြီး မသင်္ကာတဲ့ မျက်နှာနဲ့ ဘာမှ မပြောဘဲ ဆင်းသွားပါလေရောဗျာ၊ ကျွန်တော်ကလည်း ဘယ်နေနိုင်တော့မလဲ၊ တခါ လိုက်သွားပြီး မေးပြန်ပါရော၊ သူက ကျွန်တော့်ကို လူပေ လူတေ အောက်မေ့လို့ ထင်ပါရဲ့၊ ခြေဆုံး ခေါင်းဆုံး ကြည့်ပြီးတော့ ‘အင်းစိန်က ဦးရွှေအုပ်’လို့ ခပ်မြန်မြန် ပြောပြီး ဆက်လက်လို့ ဆင်းသွားပါရောဗျ၊ ကျွန်တော်လည်း စိတ်နည်းနည်းမှ မကောင်းဘဲ ‘အင်းစိန် ဦးရွှေအုပ်၊ အင်းစိန် ဦးရွှေအုပ်’နဲ့ စိတ်ထဲက အောက်မေ့ပြီး ဘုရားပေါ် ရောက် တရက်လောက် နေပြီး အရင်အခန်းထဲ ရောက်တော့ ဒီမျက်နှာကြီး သွားမြင်ပြန်ပါရောဗျာ၊ ဒါနဲ့ ဝိုင်အမ်စီအေမှာ အင်းစိန်က တရုတ်ကပြား ကျောင်းသားတယောက် ရှိလို့ ဦးရွှေအုပ်အကြောင်း မေးကြည့်တော့ ဒီလူဟာ ပင်စင်စား ဝန်ထောက် ဆိုပဲ၊ ပိုက်ဆံလည်း အတော်ရှိသတဲ့၊ ငွေစားလို့ အထက်အစိုးရများ သိခါနီးမှာ ရုတ်တရက် ပင်စင်ယူလိုက်တာတဲ့၊ ဒါပဲ သိရတော့တယ်၊ ခင်ဗျားတို့ပဲ စဉ်းစားကြည့်တော့ဗျာ၊ အင်းစိန်က ဝန်ထောက်နဲ့ ဝိုင်အမ်စီအေက အင်္ဂတေ ကွာတာ ဘာဆိုင်လို့လဲ၊ ဒါနဲ့ တနေ့ကျတော့ မျက်နှာပုံဟာ နည်းနည်းမှိန်လာသဗျ၊ ခါတိုင်းဖြင့် ထင်ထင်ရှားရှား ပြတ်ပြတ်သားသားကြီး။ နောက်တော့ မျက်နှာပုံလောက်သာ ထင်တော့တယ်၊ မျက်စိ၊ ပါးစပ်၊ နှာခေါင်းပေါက်တို့တော့ ရေးရေးလောက်သာ ကျန်တော့တယ်၊ ကျွန်တော့်အခန်းထဲမှာလည်း လူသွားလူလာ အနည်းသား၊ ဘယ်သူမှ တမင်တကာ သွားဖျက်ပစ်မှာ မဟုတ်ဘူး၊ ဖျက်လို့လည်း ရတာမျိုးမှ မဟုတ်ဘဲ၊ ဒါနဲ့ မှိန်မှိန်လာလိုက်တာ၊ ဆယ့်ငါးရက်လောက်လည်း ကြာရော အရှင်း မျက်နှာတခုလုံး ပျောက်သွားပါရော”

ထိုအခါ ကျွန်တော်တို့အားလုံးကပင် အံ့အားသင့်စွာ-

“ခင်ဗျားဟာကတော့ အတော့်ကို ဆန်းကြယ်တာပဲ၊ ကျွန်တော်တို့တော့ တခါမှ မကြားဖူးဘူး” ဟု ပြောလိုက်မိ၏။

“ဟာ… ခင်ဗျားတို့ အံ့ဩတတာက တော်တော်၊ နောက်နှစ်ရက်လောက် ကြာတော့ သူရိယသတင်းစာ နာရေးကြော်ငြာထဲမှာ တခါတည်း တွေ့ပါရော၊ အင်းစိန်က ပင်စင်အငြိမ်းစား ဝန်ထောက်မင်း ဦးရွှေအုပ်ဟာ ဆယ့်ငါးရက်လောက် မကျန်းမမာ ဖြစ်ပြီး ကွယ်လွန်အနိစ္စ ရောက်တယ်လို့ ပါလာပါရောဗျာ”

ထိုအခါ ကျွန်တော်တို့မှာ အလွန်အကျူး အံ့ဩလှ၍ ကျွန်တော်ကပင် ထိုအကြောင်းကို အင်္ဂလန်ပြည် စာရေးဆရာ ကိုနင်ဒွိုင်းထံသို့ ပေးပို့လိုက်လျှင် ကောင်းမည်ဟု ပြောမိ၏။ ထိုအခါ ကိုနင်ဒွိုင်း အနိစ္စ မရောက်သေးပေ။ ကိုစိုးသိမ်းလည်း ဆက်လက်၍ မျက်မှန်ကို ဖြုတ်ကာ လက်ကိုင်ပဝါနှင့် ပွတ်ပြီးလျှင်-

“ဒီအကြောင်းနဲ့ပတ်သက်လို့ ထူးဆန်းတာ သုံးခု ရှိတယ်ဗျ၊ ပထမအချက်ကတော့ မတော်တဆ အမှတ်တမဲ့ ထင်နေတဲ့ အင်္ဂတေရာဟာ တကယ့်လူတယောက် မျက်နှာနဲ့ တူလွန်းသဗျာ၊ အသက်ချင်းတောင် တူနေတာပဲ၊ လောကဓာတ်ဆရာကြီးတွေ နောက်တော့ ဒီအကြောင်းကို ဘယ်လို ဖြေရှင်းမလဲ မဆိုနိုင်ဘူး၊ ပြီးတော့ ဒုတိယအချက် ဦးရွှေအုပ် ဆိုတဲ့ နာမည်နဲ့ အုတ်အင်္ဂတေ ဆိုတာ နာမည်ချင်း မဆင်ဘူးလားဗျာ၊ နာမည်ကလည်း အံ့ဩစရာ တူနေလိုက်တာ”

ထိုသို့ ပြောနေစဉ် ဆယ့်တနာရီထိုးပြီ ဖြစ်၍ ဓာတ်မီးများကို ညှိမည်ဟု သိသဖြင့် ကိုစိုးသိမ်းလည်း မိမိအခန်းသို့ ထသွားမည် ပြု၏။ ကျွန်တော်က လက်ကို ဆွဲထား၍ -

“နေပါဦးဗျ၊ ခင်ဗျား ပြောတော့ အံ့ဩစရာ သုံးချက် ရှိတယ်ဆို၊ တတိယအချက်ကို ပြောပါဦး”

ဟု တောင်းပန်ရာ ကိုစိုးသိမ်းလည်း ဟက်ဟက်ပက်ပက် ရယ်၍-

“တတိယအချက်ကတော့ ခင်ဗျားတို့ စိတ်ဝင်စားအောင် ကြံကြံဖန်ဖန် ပြောတာကို ခင်ဗျားတို့က ယုံတာ အံ့ဩစရာပေါ့ဗျာ၊ ဂွတ်နိုက် ကိုသန့်”


(သူရိယ ရုပ်စုံမဂ္ဂဇင်း၊ တွဲ-၁၊ မှတ်-၃၅၊ ၁၁ ဇန်နဝါရီ ၁၉၃၁)