နိုင်ငံရေး အမြတ်ထုတ်မှုတခုအဖြစ် အသုံးချတဲ့ လွတ်ငြိမ်းခွင့်
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၅ မြင်ကွင်း
မိုးမခ၊ ဇန်နဝါရီ ၆၊ ၂၀၂၅
နိုင်ငံရေး အမြတ်ထုတ်မှုတခုအဖြစ် အသုံးချတဲ့ လွတ်ငြိမ်းခွင့်
ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာလည်း ယခင်နှစ်တွေကလို အကျဥ်းသား ဘယ်၍ ဘယ်မျှကို လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နဲ့ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးငြိမ်းချမ်းသာစေရေးအတွက် ဆိုတဲ့ အမြဲဖော်ပြနေကျစာသားနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ အခုလို လွတ်လပ်ရေးနေ့၊ နှစ်ဆန်းတရက်နေ့၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်နေ့ တို့လိုနေ့တွေမှာ ထုတ် ပြန်ကြေညာလေ့ရှိတာ မြန်မာနိုင်ငံက လူတိုင်းသိပြီးဖြစ်တဲ့အဖြစ်အပျက်တခု ဖြစ်ပါတယ်။ ကြေညာချက်ပါ ပြည်သူနှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို ထုတ်ပြန်ဖို့ အမိန့်ပေးသူ အပါအဝင် ဘယ်သူတဦးတယောက်ကမျှ ယုံကြည်ခြင်း မရှိကြပါဘူး။ ဒီလိုနေ့တွေမှာ လွတ်ငြိမ်းခွင့်ပေးဖို့ အတွက် ထောင်ဂဏန်းနဲ့ချီတဲ့ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရသူ၊ မဖမ်းဆီးသင့်တဲ့သူတွေကို နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးအပြစ်ပေးခံထားရသူတွေထဲက အချို့ကို ရွေးချယ်လွှတ်ပေးတာတွေ လုပ်တယ်ဆိုတာကို အားလုံးက နားလည်သိရှိကြပြီး ဖြစ်ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်လို့ ဆိုတဲ့ အကျဥ်းကျနေသူတွေရဲ့ လက်ကျန်ထောင်ဒဏ်ကို လွတ်ငြိမ်းခွင့်ပေးတာ၊ ပြစ်ဒဏ် ကာလကို လျှော့ချတာတွေ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ကျင့်သုံးလာကြတာပါ။ တချို့သောခေတ်ကာလတွေတုန်းက တနှစ်မှာ တကြိမ် သို့မဟုတ် ၂ နှစ် ၃နှစ်မှာမှ တကြိမ် ကြေညာခဲ့တာမျိုး ဖြစ်ပေမယ့် ခုတကြိမ် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးမှု ကိန်းဂဏန်းလည်း မယုံနိုင်လောက်အောင် မြင့်တက်လာသလို လွှတ်တဲ့အရေအတွက်လည်း မြင့်တက်လာပါတယ်။ သို့ပေမယ့် လွှတ်တဲ့ အရေ အတွက် အများစုက ခိုးမှု၊ ဓါးပြမှု၊ ခါးပိုက်နှိုက်မှု၊ မူးယစ်ဆေးမှု၊ လူသတ်မှုတွေလို ရာဇဝတ်မှုပုဒ်မတွေ နဲ့ ဖမ်းဆီးပြစ်ဒဏ်ချခံထားရသူတွေ အများစုဖြစ်ပြီး နိုင်ငံရေးပုဒ်မနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရသူက ဆယ်ပုံတပုံအောက်မှာ သာရှိပါတယ်။ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ပြစ်မှုတွေ သိသိသာသာ မြင့်တက်လာတာကြောင့် အကျဥ်းထောင်တွေ မှာ လက်ခံနိုင်တဲ့ အရေအတွက်ထက်ပို လက်ခံထားရတဲ့ အချက်က ရာဇဝတ်ပြစ်မှု နဲ့ အကျဥ်းကျနေသူတွေကို လွှတ်ပြီး ထောင်ရဲ့ လက်ခံနိုင်တဲ့အရေအတွက်ကို ကိုက်ညီအောင် ကြိုးစားတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ဒီလို ဆယ်စုနှစ်နဲ့ ချီရှိနေတဲ့ ဖြစ်စဥ်ကို သေချာစွာ ပြန်သုံးသပ်ကြည့်ရင် အချက် ၃ ချက်တွေ့ရပါတယ်။ ပထမဆုံး အချက်က မဖမ်းဆီးသင့်သူတွေကို ဖမ်းဆီးတာ၊ ဒုတိယအနေနဲ့ မလွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကြောင့် အပြစ်ဒဏ် မကျသင့်သူတွေ ပြစ်ဒဏ်ကျခံကြသလို တတိယအချက် အနေနဲ့ တရားမျှတမှုမရှိတဲ့ ဥပဒေတွေကြောင့်လည်း အကျဥ်းထောင်တွေမှာ အကျဥ်းကျသူအရေအတွက် ဘယ်တုန်းကနဲ့မှ မတူအောင် မြင့်တက်လာတာ ဖြစ်ပါတယ်။
ဥပဒေတွေက အုပ်ချုပ်သူတွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်ရေးဆွဲထားတာတွေကြောင့် အုပ်ချုပ်သူတွေက အမြဲတမ်း အသာစီးရတဲ့ အနေအထားမှာ ရှိနေပြီး အဖမ်းမခံရသင့်သူတွေ အဖမ်းခံရ၊ ပြစ်ဒဏ်မကျသင့်ပဲ ကျခံရသလို ကျူးလွန်ခဲ့တဲ့ အနေအထားမျိုးဆိုခဲ့ရင်တောင် မတန်တဆ ပြစ်ဒဏ်မျိုးတွေ ကျခံကြရတဲ့ အနေအထားမျိုးရောက်ရှိနေတာပါ။ စစ်အာဏာသိမ်းပြီးနောက် အရေးယူဖို့ တည်ဆဲရာဇသတ်ကြီး ဥပဒေပုဒ်မမှာဖြည့်စွက်ပြဌာန်းလိုက်တဲ့ ၅၀၅- က လို ပုဒ်မဆိုရင် ကုန်လွန်ခဲ့တဲ့ ၄ နှစ်နီးပါးကာလအတွင်း ထောင်သောင်းနဲ့ချီတဲ့သူတွေကို အဆိုပါ ပုဒ်မ အသုံးပြုပြီး စွဲဆိုကာ ရုံးတင်ခံရသူတွေရဲ့ ၈၀၊ ၉၀ ရာနှုန်းမျှသော စွဲဆိုခံရသူတွေအနေနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံကြရပြီး ဖြစ်ပါတယ်။ ဒီလို ထောင်နဲ့ချီ သောင်းနဲ့ချီတဲ့သူတွေ ၃နှစ်ကျော် ၄ နှစ်နီးပါးအတွင်း ပြစ်ဒဏ်ပမာဏ တသမတ်ထည်းချမှတ်ခံရတာကိုကြည့်ရင် တရား စီရင်ရေး စနစ်က ဘယ်လောက်ထိ စစ်ကောင်စီရဲ့ ညွှန်ကြားချက်အတိုင်းလိုက်လုပ်ရတယ် ဆိုတာကို ထင်ရှားစေတာ ဖြစ်ပါတယ်။
အာဏာရှင်ခေတ် အဆက်ဆက်မှာ လူမှုအဖွဲ့အစည်းကို အန္တရာယ်ကျရောက်နိုင်တဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ သူတွေကို ဖမ်းဆီးအပြစ်ဒဏ်ပေးတာတွေ အပြင် အုပ်ချုပ်တဲ့ အာဏာရှင်တွေကို ဆန့်ကျင်သူတွေ၊ လက်နက်ရှိ သည်ဖြစ်စေ မရှိသည်ဖြစ်စေ ဖမ်းဆီးထောင်ချလေ့ရှိပြီး အုပ်ချုပ်သူကို မဆန့်ကျင်ရဲအောင် အကျဥ်းထောင်တွေနဲ့ ခြိမ်းခြောက်လေ့ ရှိတာပါ။ အဲဒီလိုခြိမ်းခြောက်ပြီး ဖမ်းဆီး အပြစ်ပေးထားသူတွေထဲက အခါအားလျော်စွာ လွှတ်ပေးတဲ့ အဖြစ်က အခါကြီး ရက်ကြီးတွေမှာ ငှက်လွှတ်၊ ငါးလွှတ်ပြီးကုသိုလ်ယူတာမျိုးနဲ့ အလားသဏ္ဍန်တူပါတယ်။ လွှတ်ပြီး ကုသိုလ်ယူဖို့ ရည်ရွယ်ချက်အတွက် ဖမ်းဆီးထားတဲ့ ငါးတွေ၊ ငှက်တွေရဲ့ ဘဝတွေလို အပြစ်မရှိဘဲဖမ်းခံထားရသူ၊ ဖြစ်သင့်ကျသင့်တာထက် ပိုလွန်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ ရဲ့ ဘဝက ရောက်နေတာဖြစ်ပါတယ်။ အခါကြီးရက်ကြီးတွေမှာ ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းဟာလည်း ကျင့်ဝတ်အရ တရားမျှတမှု သဘောအရ ဘယ်လိုမှ ရှေ့နောက်မညီ သဘာဝကျမနေတဲ့ ဖြစ်ရပ်လို့ဆိုရမှာပါ။ ပြီးတော့လည်း အဲသည် ငါးတွေ ငှက်တွေကို ပြန်ဖမ်းပြီး လှောင်အိမ်ထဲ ထည့်ကြတဲ့ အလုပ်မျိုးကို စစ်အစိုးရအဆက်ဆက် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလို အခြေအနေတွေရဲ့ အကျိုးရလဒ်အဖြစ် အခုလို တနှစ်မှာ လွတ်ငြိမ်းခွင့် အနည်းဆုံး ၃ ကြိမ်ကနေ ၄/၅ ကြိမ်အထိ ကြေညာပြီး အာဏာရှင်အုပ်ချုပ်သူရဲ့ စိတ်စေတနာကောင်းကြောင့် လွှတ်ပေးတဲ့ပုံမျိုးထင်မြင်ခံရအောင် လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ မတရားဖမ်းဆီး ထောင်ချခံရတဲ့ မိသားစုဝင်တွေ အဖို့ အခုလို လွတ်ငြိမ်းခွင့်ကြေညာလေ့ရှိတဲ့ နေ့ရက်တွေတိုင်း သက်ဆိုင်ရာ အကျဥ်းထောင် အသီးသီးရှေ့မှာ မျှော်လင့်တကြီး လာစောင့်ကြရတဲ့ မြင်ကွင်းတွေက စိတ်မချမ်းမြေ့စရာ ကောင်းလှပါတယ်။ ဖမ်းဆီးခံရသူတွေ ရဲ့ မိခင်၊ ဖခင်၊ မောင်နှမ၊ ဇနီးနဲ့ သားသမီးတွေ အနေနဲ့ မိမိတို့ ချစ်ခင်ရတဲ့သူတွေ လွတ်မြောက်တဲ့အထဲပါမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အကျဥ်းထောင်ရှေ့ နေပူအောက် တနေကုန် စောင့်ဆိုင်းကြရတဲ့ မြင်ကွင်းတွေက နှစ်စဥ်နှစ်တိုင်း မကြာခဏတွေ့မြင်ရတဲ့ မြင်ကွင်းတွေ ဖြစ်လာနေတာပါ။
အကျဥ်းကျခံနေကြရသူတွေအနေနဲ့ ဖိနှိပ်မှုတွေ၊ မတရားချမှတ်တဲ့ပြစ်ဒဏ်တွေကြောင့် ၄င်းတို့ရဲ့ ရပ် တည်ချက် ပြောင်းလဲခြင်း မရှိကြသော်လည်း ၄င်းတို့ရဲ့မိသားစုဝင်တွေပါ ဖိနှိပ်မှုရဲ့ အကျိုးဆက်ကိုခံစားနေကြရတဲ့ မြင်ကွင်းက မြင်တွေ့ရသူတွေကို စာနာစိတ်နဲ့ ဒုက္ခပေးတဲ့ အာဏာရှင်စနစ်ကို ရွံမုန်းတဲ့ ခံစားမှုတွေ တပြိုင်နက်တည်း ဖြစ်ပေါ်စေပါတယ်။ ဖမ်းဆီးခံထားရသူ သောင်းဂဏန်းအနက် ရာဂဏန်းအနည်းငယ်မျှ လွတ်မြောက်တဲ့ အချိန်အခါ အခိုက်အတန့် လွတ်မြောက်သူတွေနဲ့ ၄င်းတို့မိသားစုဝင်တွေရဲ့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ မြင်ကွင်းတွေက စစ်အာဏာရှင် စနစ်၊ တရားမျှတမှုမရှိတဲ့ ဥပဒေ တရားစီရင်ရေးစနစ်တွေကို နောက်လာမယ့် လွတ်မြောက်တဲ့ ခေတ်ကာလမှာ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
#MoeMaKaMedia
#WhatsHappeningInMyanmar