စစ်မှုထမ်းဥပဒေသုံးပြီး ပြန်ပေးဆွဲနေတာကြောင့် နိုင်ငံက ထွက်ခွာဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေရဲ့ဘဝ
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၅ မြင်ကွင်း
မိုးမခ၊ ဖေဖော်ဝါရီ ၆၊ ၂၀၂၅
စစ်မှုထမ်းဥပဒေသုံးပြီး ပြန်ပေးဆွဲနေတာကြောင့် နိုင်ငံက ထွက်ခွာဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေရဲ့ဘဝ
စစ်မှုမထမ်းမနေရ ဥပဒေကိုယ်၌က နိုင်ငံကာကွယ်ရေးမှာ နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်ရေး ဆိုတဲ့ ရည် ရွယ်ချက်နဲ့ လားလားမှမသက်ဆိုင်တဲ့ နိုင်ငံရေးအာဏာ သိမ်းယူမှုကနေ ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်မှာ နိုင်ငံသားတွေကို စစ်မှုထမ်းခိုင်းဖို့ ၂၀၁၀ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ဥပဒေကို နေ့ချင်းညချင်း အသက်သွင်းပြီး ပြည်တွင်းစစ်ထဲ လူငယ်တွေကိုဆွဲသွင်းတဲ့ အမိန့်တရပ်သာ ဖြစ်ပါတယ်။ အခုလို နေ့စဥ်နဲ့အမျှ နိုင်ငံအနှံ့ အပြား တိုက်ပွဲတွေ သတ်ဖြတ်မှုတွေ ဖြစ်ပွားနေချိန် ကာလမှာ စစ်မှုထမ်းထဲဆွဲသွင်းခံရခြင်းဟာ လူလည်း အသက်ဆုံးရှုံးနိုင်ခြေ မြင့်မားသလို တရားမျှတပြီး မှန်ကန်မှုအတွက်ရပ်တည်လိုသူတိုင်းအဖို့ ဂုဏ်သိက္ခာအရလည်း သေဆုံးမှု လို့ဆိုရမှာဖြစ်ပါတယ်။
နိုင်ငံရေးစိတ်မဝင်စားဘူးလို့ ခံယူထားသူတွေတောင်မှ အခုလို အာဏာသိမ်းစစ်တပ်၊ နာမည်ဆိုးနဲ့ ထင်ရှားနေတဲ့ စစ်တပ်ဘက်က ဝင်ရောက်တိုက်ခိုက်ဖို့ဆန္ဒရှိကြမှာ မဟုတ်ပါဘူး။ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သူ၊ ဒီမိုကရေစီစနစ် လိုလားသူ၊ တိုင်းရင်းသား လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တန်ဖိုးထားသူတွေအဖို့ဆိုရင်တော့ စစ်ကောင်စီတပ်ထဲဝင်ရောက်စစ်မှုထမ်းတဲ့ဘဝမရောက်ဖို့ ဖြစ်တဲ့နည်းနဲ့ရတဲ့နည်းနဲ့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေ အသက်သွင်းအကောင်အထည်ဖော်ပြီး ၁ နှစ်နီးပါး အကြာမှာတော့ စစ်မှုထမ်း ၄ သောင်းဝန်းကျင်စုဆောင်းပြီး ဖြစ်သလို အဆိုပါ စုဆောင်းခံရတဲ့ တပ်သားသစ်တွေကို လက်တွေ့ဖြစ်ပွားနေတဲ့ ပြင်း ထန်တဲ့စစ်မျက်နှာတွေဖြစ်တဲ့ ရခိုင်၊ ရှမ်းမြောက်၊ စတဲ့ စစ်မျက်နှာတွေကိုပို့ဆောင်ခဲ့ပြီး တပ်သားသစ်တွေထဲက သေဆုံးသူ အဖမ်းခံရသူတွေ အများအပြား ရှိနေနှင့်ပြီ ဖြစ်ပါတယ်။
တဖက်မှာလည်း စစ်မှုမထမ်းမနေရ ဥပဒေက စစ်အာဏာရှင်ရဲ့ တပ်ထဲဆွဲသွင်းခံရမယ့်အဖြစ်ကို ဘယ်လိုမှ လက်မခံနိုင်သူတွေ အနေနဲ့ အချို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ PDF တပ်သားတွေ ၊ တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့တွေအထဲ သို့မဟုတ် အိမ်နီးချင်းနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေကို တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ ရတဲ့နည်းနဲ့ထွက်ခွာနေကြတာ ဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေကိုအသုံးချပြီး ဖမ်းဆီးကာ ငွေနဲ့ ရွေးယူခိုင်းတဲ့အဖြစ်တွေက တစတစကျယ်ပြန့်စွာဖြစ်ပွားလာနေတာလည်း ဖြစ်ပါတယ်။ ဥပဒေ အရဆို ရပ်ကွက်/ကျေးရွာတွေမှာ စာရင်းကောက် ဆင့်ခေါ်ရမှာ ဖြစ်ပေမယ့် ဥပဒေလုပ်ထုံးလုပ်နည်းမှာမပါရှိတဲ့ မြို့တွေထဲမှာ နေ့နေ့ညည လျှပ်တပြက်ဖမ်းဆီးကာ စစ်မှုထမ်းအဖြစ် ဆွဲသွင်းတာမျိုး၊ တမြို့နဲ့ တမြို့ခရီးသွားတဲ့ လမ်းခရီးမှာဆွဲထားပြီး ငွေတောင်းခံတာမျိုးနဲ့ အိမ်နီးချင်းနိုင်ငံက တရားမဝင်ဝင်ရောက်မှုနဲ့ ပြန်လွှဲလာတဲ့နိုင်ငံသားတွေကို စစ်မှုထမ်းအဖြစ်ဆွဲသွင်းပြီး မလိုက်ပါချင်ရင် ငွေကြေးသိန်း ဆယ်ဂဏန်းနဲ့ လာဘ်ပေးကြရတဲ့အဖြစ်အပျက်တွေ ဖြစ်ပွားနေတာပါ။
ရန်ကုန်မြို့မှာ ည ၇ နာရီ နောက်ပိုင်း အပြင်ထွက်သူမရှိသလောက် နည်းပါးလာနေသလို လူငယ်တွေ ရန်ကုန်မြို့ရဲ့ မြို့နယ်အတော်များများမှာ ဖမ်းဆီး ငွေညှစ်ခံနေကြရပါတယ်။ ငွေမပေးနိုင်ရင် စစ်သား စုဆောင်းတဲ့ဆီ ပို့ကြတာပါ။ ဒီလိုဖမ်းဆီးတာတွေကို စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့၊ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးလို့ ဒီဘက်ကခေါ်ကြတဲ့ စစ်တပ်ထောက်ခံသူတွေ ပါဝင်လုပ်ဆောင်နေကြပြီး မက်လုံးအဖြစ် စစ်မှုထမ်းဆွဲသွင်းမခံရဖို့ လာဘ်ငွေကို ခွဲဝေခံစားကြတဲ့အဖြစ်တွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အဲဒီလို ဖမ်းဆီးခံရသူတွေအဖို့ စစ်မှုထမ်းတဲ့ဆီပို့ခံရတာမဟုတ်ပဲ၊ ငွေလည်းမပေးနိုင်တဲ့ လူငယ်တွေ ဖြစ်ခဲ့ရင် မှောင်ရိပ်ခိုလို့ ပုဒ်မမျိုးနဲ့ အနည်းဆုံး အချုပ်ကျ၊ ပြစ်ဒဏ်ချမှတ်ခံကြရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့ကြီးတွေက လူငယ်တွေရင်ဆိုင်နေကြရတဲ့အခြေအနေက အထက်က ဖေါ်ပြသလို စစ်ယန္တရားထဲ ဆွဲသွင်းကြိတ်ချေကာ အသက်ဆုံးရှုံးကြရမယ့်အဖြစ်၊ ပြန်ပေးဆွဲခံရပြီး ငွေကြေးနင့်နေအောင် ပေးလိုက်သည့်တိုင် နောက်ထပ်ပြန်ပေးဆွဲခံရနိုင်တဲ့ အန္တရာယ်က ရှိနေဆဲမို့လို့ နိုင်ငံကို စွန့်ခွာဖို့ မိဘတွေကိုယ်၌က တိုက်တွန်းနေကြရတဲ့အခြေအနေ ရောက်ရှိနေကြတာဖြစ်ပါတယ်။
အများစုက ထိုင်းနိုင်ငံကိုထွက်ခွာနေကြပြီး အရေအတွက်အချို့ကတော့ မလေးရှား၊ ကမ္ဘောဒီးယား၊ ဗီယက် နမ် အစရှိတဲ့ ဗီဇာအခက်အခဲမကြီးတဲ့ နိုင်ငံ သို့မဟုတ် အလုပ်အကိုင်အခွင့်အလမ်းရှိတဲ့ နိုင်ငံတွေဆီ ထွက်ခွာနေကြတာ ဖြစ်ပါတယ်။ ငွေကြေးအထိုက်အလျောက် တတ်နိုင်တဲ့သူတွေက တရားဝင်လမ်းကြောင်းဖြစ်တဲ့ လေယာဥ်နဲ့ ထွက်ခွာကြပေမယ့် လူများစု ဖြစ်တဲ့ ငွေကြေး မတတ်နိုင်သူတွေကတော့ တရားမဝင် နယ်စပ်ကိုဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံကိုထွက်ခွာနေကြတာပါ။ ခုရက်ပိုင်းမှာတင် ပြောင်းတင်ကုန်တင်ထရပ် ကားကြီးထဲမှာ လူ ၁၆၉ ယောက် ဖမ်းဆီးရမိတဲ့သတင်း ကြားသိရသလို ရက်အနည်းငယ်အကြာမှာ အလား တူ ပြောင်းစေ့တင်တဲ့ထရပ်ကားမှာ မြန်မာနိုင်ငံက တရားမဝင်ဝင်ရောက်လာသူတွေ ထပ်မံဖမ်းဆီးခံကြရတဲ့ သတင်းတွေ့ရတာပါ။ အခုလို စစ်ထဲ အတင်းအဓမ္မ ဆွဲသွင်းခံရမှာကို ရှောင်တိမ်းဖို့ ထွက်ခွာသူတွေ အဖို့ ထိုင်းနိုင်ငံက လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အပြစ်ပေးပြီး လအနည်းငယ်အကြာ ပြန်ပို့တဲ့အခါ စစ်မှုထမ်း စုဆောင်းမယ့် စစ်ကောင်စီရဲ့ လက်ထဲ တန်းတန်းမတ်မတ် ရောက်ရှိသွားမယ့် အလားအလာတွေလည်း မြင်တွေ့နေရတာ ဖြစ်ပါတယ်။
ဖိနှိပ်တဲ့ဥပဒေတွေရဲ့ဒဏ်ကို လူမှုအဖွဲ့အစည်းရဲ့ အောက်ဆုံးအလွှာမှာရှိနေတဲ့ ငွေကြေးမတတ်နိုင်သူ၊ အာဏာရှိ အသိုင်းအဝိုင်းထဲက မဟုတ်သူတွေက အဆိုးဆုံးထိခိုက်ခံစားရတဲ့ ဖြစ်ပါတယ်။ ကျေးလက်ဒေသက လူငယ်တွေ၊ မြို့ပေါ်က လက်လုပ်လက်စား လူငယ်တွေ အလုပ်သမား၊ ဝင်ငွေနည်းပါးတဲ့ဝန်ထမ်းတွေရဲ့ သားသမီးတွေက အောက်ဆုံးမှာ အလေးဆုံးသောဝန်ကို ထမ်းထားကြရ ခံစားကြရတာဖြစ်ပါတယ်။
ပြည်တွင်းမှာလည်း မနေနိုင်လို့ ပြည်ပထွက်ခွာတဲ့အခါ ပြည်ပမှာ ခိုးဝင်လာတဲ့ ပြစ်မှုနဲ့ ဖမ်းဆီးခံရ၊ အပြစ်ဒဏ်ပေးခံရပြီး နောက်ဆုံး မြန်မာနိုင်ငံ ပြန်ပို့ခံရတဲ့ ဘဝတွေ၊ စစ်ထဲ အတင်းအဓမ္မ သွတ်သွင်းခံရပြီး စစ်မြေပြင်မှာ ထိခိုက်သေဆုံးကြရတဲ့ လူငယ်တွေရဲ့ ဘဝတွေအတွက် မိဘတိုင်းက ရင်နာမဆုံးဖြစ်ကြရမှာ အသေအချာပင် ဖြစ်ပါတော့တယ်။
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar