Breaking News

ခေတ်အပျက်မှာ အကောင်းမြင်ဖို့ ခက်ခဲလာတဲ့ ဘဝတွေ

မြန်မာ့နွေဦးခရော်နီကယ် - နိုဝင်ဘာ ၆ မြင်ကွင်း

မိုးမခ - နိုဝင်ဘာ ၇၊ ၂၀၂၂ 


ခေတ်အပျက်မှာ အကောင်းမြင်ဖို့ ခက်ခဲလာတဲ့ ဘဝတွေ 

ပြင်ပမှာလည်း လူချင်းရင်းနှီးတဲ့ မိတ်ဆွေတွေရော ဆိုရှယ်မီဒီယာမှာ မကြာခဏပို့စ်တွေတင်လို့ ရင်းနှီးနေတဲ့ မိတ်ဆွေတွေထဲမှာပါ ဘဝကို အရှုံးပေးတဲ့ စကားမျိုး၊ ခံစားမှုမျိုး ဆိုရှယ်မီဒီယာမှာ ရေးသားလာကြတာ မကြာခဏ တွေ့လာနေရပါတယ်။ ဘဝကို အရှုံးပေးပြီး တံတားပေါ်က ချောင်းထဲ မြစ်ထဲ ခုန်ချသွားကြတဲ့ အဖြစ်အပျက်တွေလည်း ခုတလော ခပ်စိပ်စိပ် တွေ့လာနေရတာကလည်း ကျနော်တို့ ပတ်ဝန်းကျင်မှာ နိုင်ငံရေး စီးပွားရေး ဂယက်ရိုက်ခတ်မှုတွေက လူတဦးချင်းရဲ့ ဘဝတွေအထိ ကြီးကြီးမားမား သက်ရောက်နေတယ်လို့ ကောက်ချက်ချစရာ ဖြစ်နေပါတယ်။ ဘယ်တုန်းကမှ မကြုံဖူးခဲ့တဲ့ စိတ်ပင်ပန်းမှု ၊ မျှော်လင့်ချက်မဲ့မှု၊ ဘဝရှေ့ခရီးကို အကောင်းမမြင်နိုင်တော့တဲ့ ခံစားမှုတွေက လူအတော်များများမှာ ခံစားနေကြရတာ ဖြစ်ပါတယ်။ 

တနေ့တနေ့ စားဖို့အရေး ကြိုးပမ်းနေရသူတွေမှာလည်း နိုင်ငံ့အရေး ဘဝရှေ့ရေး အဝေးကြီး မတွေးနိုင်ပေမယ့်လည်း နေ့စဥ် မိသားစုကို ကျွေးမွေးနိုင်ဖို့ နစ်သထက်နစ်နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု နွံထဲက ရုန်းထွက်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေကြရတာ ဖြစ်ပါတယ်။ 

အခုလို ဒုက္ခတွေ၊ အခက်အခဲ အကျပ်အတည်းတွေ ဘယ်က ဘယ်ကမြစ်ဖျားခံလဲလို့ မေးလာခဲ့ရင် ယမန်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှုက မြန်မာနိုင်ငံရဲ့ စီးပွားရေး နိုင်ငံရေး ပြန်လည်တည်ဆောက်မှုတွေ၊ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ဖြိုချလိုက်သလို ဖြစ်စေပြီး စစ်အာဏာသိမ်းမှုအပြီး ပေါ်ထွက်လာတဲ့ ဆန္ဒပြမှုတွေကို အင်းအားသုံး ပစ်ခတ် နှိမ်နှင်းမှုက နိုင်ငံရေးအရ အစွန်းရောက်ဖို့ တွန်းပို့ခဲ့ပြီးဖြစ်ကာ လက်နက်ကို လက်နက်နဲ့အနိုင်ယူရတော့မယ်ဆိုတဲ့ လမ်းကြောင်းက လူကြိုက်များတဲ့ နိုင်ငံရေးလမ်းကြောင်း ဖြစ်လာခဲ့တာပါ။ 

အယူအဆ မတူညီမှုတွေကို နိုင်ငံရေးအရဖြေရှင်းရေး အယူအဆတွေက ရေပန်းမစားတော့တဲ့ စကားလုံး အယူအဆနဲ့ အကျိုးမျှော်ကိုးပြီး ရပ်တည်ချက်မခိုင်မာသူလို့ ယူဆလာကြကာ တဖြည်းဖြည်းနဲ့ အင်အားနဲ့ အဆုံးအဖြတ်ရယူကြဖို့ ဦးတည်ကာ အဆုံးသတ်ချေမှုန်းရေးဆီ ဦးတည်လာကြတဲ့ ကာလ၊ တည်ငြိမ်မှု ဥပဒေစိုးမိုးမှု ဟန်ချက်တွေ ပျက်စီးကုန်ပြီး နိုင်ငံရေးအာဏာ ဆုပ်ကိုင်ထားနိုင်ရေးအတွက် လူ့အသက်တွေ  သတ်ဖြတ်တာ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ ကလေး အရွယ်အပြစ်မရှိသူတွေရော၊ အမျိုးသမီးတွေပါ သတ်ဖြတ်ကြတဲ့ ခေတ်လိုမျိုးထဲ ရှင်သန်ကြရတဲ့အခါ အကောင်းကို မျှော်လင့်မှုတွေ တစတစ ပျက်သုဥ်းလာတဲ့ အနေအထားဖြစ်ပါတယ်။ 

မိမိကိုယ်တိုင်တောင် ဘယ်နေ့ အသက်ဆုံးရှုံးမလဲဆိုတာ မသိနိုင် အာမမခံနိုင်တဲ့အနေအထားမျိုး ၊ သေခြင်းနဲ့ ရုတ်တရက် မျက်နှာချင်းဆိုင်တွေ့ဆုံရနိုင်ခြေရှိတယ် ဆိုတာမျိုး ဒီနေ့ကာလမှာ လူအများအပြား စဥ်းစားတွေးတောမိလာတာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း နေ့စဥ် လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ အပြင်သွားရင်း ခရီးသွားနေရင်း ကျည်ဆန်ကြောင့်၊ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးနိုင်သလို၊ လမ်းထိပ်ထွက်ရင်းလည်း တစုံတခုကြောင့် ပစ်ခတ်ရင်း ကျည်ထိမှန် သေဆုံးနိုင်တာပါ။ ဒါက နိုင်ငံရေးနဲ့ မဆက်စပ်တဲ့သူတွေတောင် အခုလို အချိန်မရွေး အသက်ဆုံးရှုံးနိုင်ခြေရှိနေတဲ့ အနေအထားမျိုး မှာ ရှင်သန်သွားလာနေကြရတာ ဖြစ်လို့ အချိန်မရွေး အသက်ဆုံးရှုံးနိုင်တဲ့ စိတ်ခံစားမှု အတွေးနဲ့ သွားလာလှုပ်ရှားနေကြရတာ ဖြစ်လို့ ဘဝကို ဘယ်လို တိုးတက်အောင် တည်ဆောက်မယ် ကြိုးစားမယ်ဆိုတဲ့ အတွေးတွေ လွင့်ပြယ်ကုန်တာလည်း ဖြစ်ပါတယ်။ 

သားသမီးတွေရှိတဲ့ မိဘတွေ အနေနဲ့လည်း ကိုယ့်သားသမီးနဲ့ အသက်အရွယ် ဆုံးတိုင် အတူနေရပါ့မလား ဆိုတာကို စိုးရိမ်မှု ၊ ဖြစ်နိုင်ခြေ တခုအဖြစ် အတွေး စတဲ့အတွေးတွေ ပေါ်လာလေ့ရှိတာ သတိပြုမိပါတယ်။ 

တနိုင်ငံလုံး ဒီလိုခံစားမှုမျိုး ရှိနေကြလားဆိုရင်တော့ အချို့သော ရာခိုင်းနှုန်းမျှသော သူတွေအနေနဲ့တော့ အခုလို အခြေအနေကို အခွင့်အရေးတရပ်လို့ မြင်ကာ လုပ်ကိုင်နေကြတာတွေလည်း ရှိနိုင်ပါတယ်။ ဒါက လူနည်းစု ဖြစ်ပြီး လူများစုရဲ့ ဘဝတွေကတော့ စိတ်ဒဏ်ရာတွေ၊ စိတ်ပျက်ခြင်းတွေ၊ မျှော်လင့်ချက် ကုန်ဆုံးခြင်းတွေနဲ့ ဘဝကို တည်ဆောက်ဖို့ စိတ်မရှိတော့ဘဲ ဖြစ်နေတဲ့အနေအထားမှာ မျှောလိုက်ဖို့သာ ဆုံးဖြတ်လိုက်သူတွေ နဲ့အချို့က ပိတ်လှောင်မွန်းကျပ်မှု စိတ်အခြေအနေက ထွက်ပေါက်မရှိ တဲ့အခါမှာ အဆုံးစီရင်တာတွေ ဖြစ်ပွားလာကြတဲ့ အခြေအနေတွေ ပတ်ဝန်းကျင်မှာ တွေ့နေရတာ ဖြစ်ပါတယ်။ 

လူတဦးချင်းရဲ့ ဘဝတွေက အခုလို ဖြစ်နေချိန်မှာ တိုင်းပြည်ရဲ့ အနာဂတ်ကလည်း အလားတူပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ ၊ လွတ်မြောက်ရေးတိုက်ပွဲတွေ၊ လွတ်မြောက်ရေး တိုက်ပွဲကို ချေမှုန်းဖို့ အမိန့်ပေးစေခိုင်းခံထားရတဲ့ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့မှု သတ်ဖြတ်မှု၊ လုယက်မှုတွေ နဲ့ တဖက်မှာ လုပ်ကြံသတ်ဖြတ်မှုတွေ စစ်ကောင်စီ နဲ့ ဆက်နွယ်သူတွေ ထောက်ခံသူတွေ အုပ်ချုပ်ရေးမှာ အောက်ဆုံးအဆင့်က ပါဝင်ကြတဲ့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးလိုလူတွေကို လုပ်ကြံသတ်ဖြတ်မှုခြင်းနည်းလမ်းနဲ့ တုံ့ပြန်နေကြတာ၊ တရားဥပဒေ မရှိတော့တဲ့အနေအထားလို ရာဇဝတ်မှုတွေ နေ့စဥ်လိုလို မြို့ပေါ်မှာ နယ်တွေ ကျေးရွာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတဲ့ အခြေအနေအောက်မှာ မိမိကိုယ်တိုင်လည်း အချိန်မရွေး သေဆုံးနိုင်တယ်ဆိုတဲ့ အတွေးဟာနေ့စဥ် ဆိုသလို မတွေးမိဘဲ မနေနိုင်တဲ့အနေအထားဖြစ်နေပြီ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar