Breaking News

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - ဒီမိုကရေစီကိုစောင့်ရှောက်ပေးသောအဖွဲ့အစည်း


ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - ဒီမိုကရေစီကိုစောင့်ရှောက်ပေးသောအဖွဲ့အစည်း
ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၃၁

မိုးမခ ၊ ဧပြီ ၂၅၊ ၂၀၁၉

Steven Levitsky နှင့် Daniel Ziblatt တို့ရေးသားသော HOW DEMOCRACIES DIE စာအုပ်မှ Saving Democracy အခန်းကို ဆက်လက်၍ ဘာသာပြန်ခြင်းဖြစ်သည်။

ယခုအချိန်ထိတော့ အမေရိကန်နိုင်ငံတွင် ဒီမိုကရေစီကို စောင့်ရှောက်နေသော အဖွဲ့အစည်းများ (Guardrails) ရှိနေပါသေးသည်။ သို့သော် သမ္မတထရမ့်၏ လက်ထက်တွင် ၄င်းတို့သည် ယိုယွင်းနေပြီ ဖြစ်ပါသည်။ အကယ်၍ ဤအဖွဲ့အစည်းများမရှိတော့လျှင်၊ ဘာဖြစ်မည်ကို မှန်းဆ၍ကြည့်နိုင်ပါသည်။
အကြမ်းအားဖြင့်ပြောရလျှင် - နိုင်ငံရေးပြိုင်ဘက်များသည် တစ်ဦးနှင့်တစ်ဦး ရန်သူများဟု မြင်လာ ကြပါမည်။ နိုင်ငံရေးအရ ပြိုင်ဆိုင်ခြင်းသည် စစ်ပွဲများဖြစ်သည့်ပမာဖြစ်လာပါမည်။ အသင်းအဖွဲ့များသည် ထိုစစ်ပွဲများတွင် သုံးသောလက်နက်များသဖွယ် ဖြစ်သွားပါလိမ့်မည်။ တစ်နည်းဆိုရသော အခြအနေသည် အရေးအခင်းကာလပမာအမြဲဖြစ်နေပါလိမ့််မည်။

သမ္မတထရမ့်ကြောင့် ဤသို့ဖြစ်နေခြင်းဖြစ်လျှင်၊ သမ္မတထရမ့်မရှိတော့လျှင် ဒီမိုကရေစီပြန်လည်၍ ထွန်းကားလာမည်လားဟု မေးစရာရှိသည်။ သမ္မတထရမ့်မရှိခြင်းသည် လိုအပ်သော အကြောင်းတစ်ခု တော့ဖြစ်ပါလိမ့်မည်။ သို့သော် သမ္မတထရမ့်မရှိတော့ရုံဖြင့်တော့ ဒီမိုကရေစီသည် အလိုအလျောက် ထွန်းကားမလာနိုင်သေးပါ။ အကြောင်းမှာ ဒီမိုကရေစီပျက်စီးယိုယွင်းခြင်းသည် သမ္မတထရမ့်မတိုင်မှီကပင် အမြစ်တွယ်ခဲ့သောကြောင့်ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ဒီမိုကရေစီစနစ်ထွန်းကားခြင်းသည် စံနှုန်းနှစ်ခုအပေါ်မှီခို၍ ဖြစ်လာခြင်းဖြစ် သည်။ ယင်းစံနှုန်းနှစ်ခုမှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်သည်းခံခြင်း (tolerance) နှင့် အဖွဲ့အစည်း များအပေါ် နားလည်မှုရှိခြင်း (forbearance) တို့ဖြစ်ကြသည်။ ဒီမိုကရေစီရှင်သန်ရေးအတွက် လိုအပ်ချက် များဖြစ်ကြသော ပြိုင်ဘက်များကို တရားဝင်အဖွဲ့အစည်းများအဖြစ် ဆက်ဆံခြင်းနှင့် မျှတစွာယှဉ်ပြိုင်ခြင်းဟူ သည်တို့ကို အခြေခံဥပဒေထဲတွင် အတိအကျရေးသား၍မထားပါ။ ရေးသား၍မထားသော်လည်း ဒါတွေသာ မရှိလျှင် ဒီမိုကရေစီရှင်သန်ရေးသည် မဖြစ်နိုင်ပါ။

ပြင်သစ်နိုင်ငံရေးသိပ္ပံပညာရှင် မွန်တက္ကစယူး (Moutesquieu) က 1748 တွင် ရေးသားခဲ့သော The Spirit of the Laws (ဥပဒေများ၏အကျိုး) တွင် သူသည် ဒီမိုကရေစီဆိုင်ရာ စံနှုန်းများ (norms) များ သည် ရှိရန်မလိုဟုဆိုခဲ့သည်။ အခြေခံဥပဒေနှင့်နိုင်ငံရေးအဖွဲ့အစည်းများရှိနေလျှင်၊ လုံလောက်သည်ဟု ဆိုသည်။ နိုင်ငံရေးသမားများ ကိုယ်တိုင်က အပြစ်ရှိနေခဲ့လျှင်ပင်လျှင်၊ ဥပဒေနှင့်အဖွဲ့အစည်းများက အလိုအလျောက်ထိန်းပေးသွားနိုင်သည် ဟု မွန်တက္ကစယူးက ယုံကြည်သည်။ ရှေးက ဒီမိုကရေစီကိုစတင်၍ ထူထောင်သူများကလည်း ဤသို့ယုံကြည်ကြသည်။

သို့သော် သမိုင်းဖြစ်ရပ်များက ဤယုံကြည်ချက်သည် မှားနေသည်ဟုပြလျှင်ရှိသည်။ သမိုင်း အဖြစ် အပျက်များက ထောက်ပြသည်မှာ၊ နိုင်ငံရေးပါတီများနှင့် ဒီမိုကရေစီစံနှုန်းများသာမရှိလျှင် မည်မျှပင် ဂရုတစိုက်ရေးဆွဲထားသော အခြေခံဥပဒေသည်ပင်လျှင် ကြာရှည်မခံနိုင်တော့ချေ။

အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့ကြသော နိုင်ငံရေးခေါင်းဆောင်များသည် အစစအရာ ရာပြီးပြည့်စုံသော အဖွဲ့အစည်းများကို ထူထောင်ခဲ့ခြင်းမဟုတ်ပါ။ သူတို့သည် ပါဝင်သောသူများအားလုံး အတူတကွ ယုံကြည်နိုင်သော အယူအဆများနှင့်လုပ်ဆောင်မှုများကို တဖြေးဖြေး၊ ခဲခဲယဉ်းယဉ်းရှာဖွေ၍ စုဆောင်း၊ စုစည်းခဲ့ကြခြင်းဖြစ်သည်။ ဤကဲ့သို့ အားလုံးအတူတကွယုံကြည်နိုင်သော အယူအဆများနှင့် လုပ်ဆောင်ချက်များကြောင့် ဤအဖွဲ့အစည်းများသည် အလုပ်ဖြစ်ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံရေးစနစ်သည် ဆွီဒင်နိုင်ငံမှ နိုဘယ်ဆုရှင် ဂန္ဒာမီဒယ် (Gunnar Myrdal) ချမှတ် ပေးခဲ့သော မူဝါဒနှစ်ခုအပေါ် မှီခိုလျှက်ရှိသည်။ ၄င်းတို့မှာ လူတစ်ဦးသည် လွတ်လပ်မှု (individual freedom) နှင့် အားလုံးတန်းတူညီတူအခွင့်အလမ်းရှိမှု (egalitarianism) တို့ဖြစ်သည်။ တစ်ဦးချင်း လွတ်လပ်မှုနှင့် အားလုံးတန်းတူညီတူအခွင့်အရေးရှိခြင်းဟူသော သဘောတရားများသည် ဘာကြောင့် ဖြစ်သင့်သည်ဟူသည်ကို ရှင်းပြရန်မလိုလောက်အောင် ရှင်းနေပြီး နိုင်ငံထူထောင်ခဲ့စဉ်က ပြုစုခဲ့သော စာတမ်းများ၊ ကျောင်းသန်ခန်းစားများ၊ မိန့်ခွန်းများ၊ သတင်းစာအယ်ဒီတာများ၏ အာဘော်များထဲတွင် ထပ်ခါထပ်ခါ ဖော်ပြခဲ့ပါသည်။ ၄င်းတို့သည် အလိုအလျောက်ရှင်းရန်မလိုဘဲ ရှင်းနေ (self-justifying) သော်လည်း အလိုအလျောက်ဖြစ်နေခြင်း (self-executing) တော့မဟုတ်ပါ။

နှစ်ဦးနှစ်ဖက်သည်းခံခြင်း (mutual toleration) နှင့် အဖွဲ့အစည်းများအပေါ် စိတ်ရှည်ခြင်း (forbearance) ဟူသော စံနှုန်းများသည် လုပ်ငန်းပိုင်းဆိုင်ရာ မူဝါဒသဘောတရားများဖြစ်သည်။ ၄င်းတို့ သည် ဥပဒေထဲတွင် မပါဝင်သော်လည်း၊ မည်ကဲ့သို့ပြုကျင့်ရမည်ကို သင်ပေးသောအရာများဖြစ်သည်။ ရေးသားထားသော စည်းမျဉ်းဥပဒေများမဟုတ်သော်လည်း၊ နိုင်ငံရေးအသင်းအဖွဲ့များ၏ ပြုမူပုံကို သေချာ ညွှန်ပြထားသည်။ ဒါတွေသာမရှိလျှင် ဒီမိုကရေစီစနစ်သည် အလုပ်မဖြစ်တော့ပါ။

2016 ခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် အရေးပါသော မေးခွန်းတစ်ခုဖြစ်ပေါ်လာသည်။ နိုင်ငံရေးပါတီနှစ်ခု ယှဉ်ပြိုင်ရာတွင် ပါတီတစ်ခုသည် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာဘဲ၊ သူကြိုက်ရာ လုပ်လျှင် သူနှင့်ပြိုင်ဘက်ပါတီသည် ဘာလုပ်သင့်သနည်း? စည်းမျဉ်းစည်းကမ်းများကို ဆက်လက်၍ လိုက်နာသင့်သလော၊ သို့မဟုတ် တစ်ဖက်က ညစ်ပတ်သည့်အတိုင်း လိုက်၍ညစ်ပတ်သင့်သလော။

ဤနေရာတွင် အဖြေနှစ်မျိုးရှိနိုင်ပါသည်။ တစ်မျိုးမှာ ဘယ်သူပျက်ပျက်၊ ကိုယ်မပျက်ဟူသည့် သဘောမျိုးဖြစ်သည်။ ဘယ်သူပျက်ပျက် ဒို့မပျက်ဟူသောစကားသည် နားထောင်လို့ကောင်း၊ လူအတော် အထင်ကြီးစရာဖြစ်ပါသည်။ သို့သော်မြန်မာအဆိုအရ၊ နာမည်ကြီးထမင်းငတ်ဖြစ်နေပါသည်။ ရွေးကောက်ပွဲ အနိုင်အရှုံးကိစ္စတွင် မည်ကဲ့သို့နည်းများကို သုံးစေကာမူ၊ နောက်ဆုံးအနိုင်အရှုံးကသာ အရာရာကို ဆုံးဖြတ် မည်ဆိုလျှင် စည်းမျဉ်းစည်းကမ်းများအတိုင်း အရာရာကို လုပ်ခြင်းသည် နောက်ဆုံး အရှုံးသာအဖက်တင် နိုင်ပါသည်။အမည်တပ်ကာပြောလို့ပြောရလျှင် စည်းမျဉ်းစည်းကမ်းများအတိုင်း သန့်သန့်ရှင်းရှင်းလုပ်တဲ့ လူဟာ လက်ဝှေ့ထိုးတဲ့အခါ၊ လက်တစ်ဖက်ကို နောက်ပစ်ထားပြီး ထိုးကွင်းထဲဝင်ရတာနဲ့တူပါတယ်။

အတိုက်အခံများအနေဖြင့် အစိုးရက ညစ်ပတ်တိုင်း၊ လိုက်၍ညစ်ပတ်ခြင်းသည် အတိုက်အခံများ အဖို့ ပို၍ဒုက္ခရောက်နိုင်ပါသည်။ ညစ်ပတ်သည့်အတွက် အစိုးရသည် ဘာမှမဖြစ်နိုင်ပါ။ အတိုက်အခံသည် ညစ်ပတ်လျှင် အစိုးရသူ့ကိုနှိမ်နင်းဖို့အကြောင်းပို၍ ခိုင်လုံသွားလိမ့်မည်။

ဒီတော့ ဘာလုပ်ရမည်နည်း?

ကျေနပ်လောက်သောအဖြေမရှိသေးပါ။

ဤဆောင်းပါးကို ပြန်၍အတိုချုပ်ရလျှင် -

ဒီမိုကရေစီကို စောင့်ထိန်းပေးသော အဖွဲ့အစည်းများသာမရှိခဲ့လျှင် နိုင်ငံရေးပြိုင်ဘက်များသည် ရန်သူများဖြစ်သွားလိမ့်မည်။ နိုင်ငံရေးပါတီနှင့် အသင်းအဖွဲ့များသည် ထိုတိုက်ပွဲတွင် အသုံးခံလက်နက်များ ဖြစ်သွားလိမ့်မည်။

ယခုအခါ ဒီမိုကရေစီဆုံးရှုံးတော့မည့်အန္တရာယ်သည် သမ္မတထရမ့်ကြောင့်ဟု ယူဆလျှင် သမ္မတ ထရမ့်မရှိတော့လျှင် ဒီမိုကရေစီပြန်လည်၍ ထွန်းကားသွားမည်လော။ ၄င်းသည် လိုအပ်ချက်တစ်ခုဖြစ်သော် လည်း လုံလောက်သော အကြောင်းတော့မဟုတ်ပါ။ အကြောင်းမှာ ဒီမိုကရေစီယိုယွင်းနေခြင်းသည် ထရမ့် မတိုင်မှီကပင် အမြစ်တွယ်နေသောကြောင့်ဖြစ်သည်။

ပြင်သစ်ဒဿနပညာရှင် မွန်တစ်စကယူက နိုင်ငံရေးပါတီများနှင့်အခြေခံဥပဒေရှိနေလျှင်၊ ဒီမိုကရေစီအတွက် စံနှုန်းများ (အပြန်အလှန် သည်းခံခြင်းနှင့် အဖွဲ့အစည်းများအပေါ် စိတ်ရှည်ခြင်း) တို့ မလိုအပ်ဟုဆို၏။ သို့သော် သမိုင်းအရ ဤစံနှုန်းများမရှိလျှင် ဒီမိုကရေစီရှင်သန်ရန်မဖြစ်နိုင်ပါ။ အမေရိကန် နိုင်ငံရေးစနစ်တွင် လူတစ်ဦးချင်း၏ လွတ်လပ်မှုနှင့် လူတိုင်းတန်းတူညီတူအခွင့်အရေးရှိခြင်းတို့သည် အရေးအပါဆုံးဖြစ်ပါသည်။

အခြားတစ်ဖက်က ညစ်ပတ်သော်လည်း၊ ကိုယ့်ဘက်က သန့်ရှင်းစွာ ယှဉ်ပြိုင်ခြင်းသည် အနှိုင်အရှုံး ရလဒ်သာလျှင် အရေးပါသည့် အခြေအနေတွင် ကိုယ့်ဘက်က အရှုံးဖြင့် ရင်ဆိုင်ရခြင်းသာလျှင် အဖက်တင် နိုင်သည်။

အစိုးရကညစ်ပတ်တိုင်း အတိုက်အခံကလိုက်၍ညစ်ပတ်လျှင်၊ ညစ်ပတ်သောအစိုးရက ဘာမှမဖြစ် နိုင်ပါ။ အတိုက်အခံက ညစ်ပတ်ခြင်းသည် ၄င်းကိုနှိမ်နင်းဖို့အတွက် အစိုးရတွင် အခွင့်အလမ်းကောင်းသွား မည်ဖြစ်သည်။

လူတိုင်းတွင် လွတ်လပ်မှုရှိခြင်း (individual freedom) နှင့် တန်းတူညီတူအခွင့်အရေးရှိခြင်း (equalitarience) တို့သည် ရှိသင့်သည်ဟူသည်ကို ရှင်းပြစရာမလိုသော (self-justifying) အရာများဖြစ် သည်။ သို့သော် ၄င်းတို့သည် အလိုအလျောက်ဖြစ်လာမည့်အရာများ (self-executing) တော့မဟုတ်ပါ။