Breaking News

ကျော်ထင် - မြောက်သို့လားသော် မြစ်ဆုံ

Photo - Tun Win Nyein, 2012

ကျော်ထင် - မြောက်သို့လားသော် မြစ်ဆုံ
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၉




မေခ၊မလိခ ဆုံရာကို ကြည့်ဖို့ မြစ်ကြီးနားခရီးစဉ်ကို လိုက်ဖြစ်ခဲ့တယ်။ မြစ်ဆုံဆီကနေ ဘာတွေများ ရလာလေမလဲ။

ဦးနှောက်နဲ့ နှလုံးသားတစ်ခုခုကိုပဲ မြင်ရလေမလား။

ဦးနှောက်ကို ဖြတ်သန်းရင်း ပေါ်လာမယ့်အမှတ်သညာတွေကပဲ ရေးစရာတွေ ဖြစ်လာလေမလား။

နှလုံးသားကနေ ယိုစီးကျလာမယ့် ငြိမ့်ငြိမ့်လေးတွေကိုပဲ နုကြည့်ရလေမလား ။ည ၉ နာရီ ၃၃ မိနစ်မှာ

ပညာပန်းတိုင်ကိုယ်ပိုင်ကျောင်းကနေ စထွက်ကြတယ်။

ည ၁၀ နာရီ ခွဲတော့ နေပြည်တော်ကထွက်တဲ့အမြန်လမ်းမကြီးပေါ် တက်မိတယ်။

မန္တလေးရောက်တော့ ၂ နာရီ ၁၅ ။

ကျောက်စိမ်းဘုရားရဲ့မီးရောင်ကို လှမ်းမြင်တော့ အမှောင်ထုက ပြိုလို့ကောင်းတုန်း။

ကျီးတွေ အိပ်ကောင်းနေတုန်း။

သပိတ်ကျဉ်းမြို့နယ်ထဲကို ဝင်တော့မှမနက်က ၆ နာရီ။



နေရောင်နုနုအောက်မှာ ဇရပ်ကွင်းတဲဲ့ ။ အဲ့ဒီ့ကနောက်မှာတော့ အချိန်ယန္တယားရဲ့ အပြင်ဘက်ဆီ လွင့်စင်သွားတယ် ပြောရမလား။ အချိန်တွေကို အမှတ် မထားဖြစ်တော့ဘူး။

အတွေးတွေကိုပဲ စိတ်မှာ သီးထားဖြစ်တော့တယ်။

အချိန်တွေနဲ့ မဆက်မိချင်တော့တာ။

တကောင်းကို ဖြတ်တော့ လွင်ပြင်အကျယ်ကြီးနဲ့ စိုက်ခင်းပျိုးခင်းတွေကိုပဲ သတိထားမိတော့တယ်။

အချိန်နာရီတွေနဲ့ ဘယ်လိုမှ မပတ်သက်တော့ပဲ အတွေးတွေနဲ့သာ ငေးနေဖြစ်တယ်။

မြန်မာအစ တကောင်းကဆိုတဲ့ တကောင်းက ဒီတကောင်းလားတဲ့။

ကားပေါ်မှာ မေးသံတစ်ခွန်း ပျံ့လွင့်တက်လာတယ်။

ဟုတ်တယ်။ဒါ အဲ့ဒီ့တကောင်းပေါ့။

သပိတ်ကျဉ်းရဲ့ အလွန်၊ဧရာဝတီရဲ့အရှေ့ဘက်ကမ်း။

တစ်မျိုးသားလုံးကို စုစည်းလိုက်တဲ့ ဒို့ဗမာသီချင်းထဲက တကောင်းအဘိရာဇာ၊

ဒို့ဗမာ သာကီမျိုးဟာမို့၊ မညှိုးဂုဏ်တေဇာဆိုတဲ့ အရပ်ပေါ့။

ဒါဟာ ရေကြည်ရာမျက်နုရာ၊လွတ်ရာ၊လပ်ရာရှာရင်း ခိုဝင်လာတဲ့သကျတွေရဲ့ တတိယနိုင်ငံတော်လေ။ သူတို့ရဲ့ ပထမ အမိနိုင်ငံက အဖ သြက္ကာကရာဇ်အုပ်ချုပ်တဲ့ ဗာရာဏသီပြည်။

နယ်နှင်ခြင်းရဲ့ နောက်မှာ ပေါ်ထွန်းလာတဲ့ ကပိလဝတ်ပြည်က သကျတွေရဲ့ ဒုတိယနိုင်ငံ။

စစ်ရှုံးသူအဘိရာဇာက ဗိုလ်ခြေတစ်သင်းနဲ့ အရှေ့ဘက်ဆီ စုန်ဆင်းရင်း ရေကြည်မြက်နုရာတွေ့လို့

တိုင်ပြည်အဖြစ် တည်ထောင်ခဲ့တဲ့ ဒီတကောင်းက တတိယနိုင်ငံတော်တစ်ခုပေါ့။

တကောင်းဟာ စည်ပင်ခဲ့ရဲ့လား။

တကောင်းဟာ သာယာခဲ့ရဲ့လား။

တကောင်းဟာ ဝပြောခဲ့ရဲ့လား။

သွားလမ်းသာလို့၊လာလမ်းများကော ဖြောင့်ဖြူးခဲ့ကြပါရဲ့လား။

သာကီဝင်မင်းမျိုးတွေဆိုတဲ့ တကောင်းရာဇာတွေကကော မင်းကျင့်တရားနဲ့အညီ တိုင်းပြည်

အုပ်ချုပ် မင်းလုပ်ခဲ့ကြပါရဲ့လား။

ဒီလိုဆိုတော့ တကောင်းရာဇာဝင်ကို နတ်ချင်းတစ်ပုဒ်နဲ့ ကွက်ခနဲ ပြေးမြင်မိပြန်တယ်။

တကောင်းရဲ့ သံခေတ်ကို ထူထောင်ပေးခဲ့တဲ့ ပန်းပဲမောင်တင့်တယ်။

တကောင်ဘုရင်ရဲ့ ဖိုကျဉ်ထိုးသတ်ဖြတ်အပြီးမှာတော့ မဟာဂီရိ။

အခုခေတ်မှာတော့ အိမ်တွင်း။


သူ့ရဲ့နတ်ချင်းဟာ အာရုံမှာ ဝင်စားလာတယ်။

"မင်းစည်းစိမ်ကို၊ဆွတ်နှိမ်ချိုးမည်၊

လုနိုးမှတ်လို့၊မှူးမတ်တို့အား၊

ဖမ်းလေသတ်လေ၊မိန့်တော်ရွှေနှင့်၊

စေခန့်ထားသော်၊ရှောင်ရှားငါ့မှာ၊

လွတ်ရာရုန်းလို့၊ပုန်းနေရာတွင်၊

မာယာငယ်ပြုပြင်၊

နှမရင်းချာ၊လှမြတ်စွာကို၊

တောင်ညာတင်လို့၊

သွေးငယ်ငယ်မှလှည့်ဖြား၊

မြို့ကွပ်ခန့်မည်၊ရွှေခွန်းရည်ကို၊

ယုံကြည်မှားအောင်၊ချောစားပြီးလျှင်၊

ငါကိုလျှင်တည့်၊အရှင်လတ်လတ်၊

စကားညွန်းရှည်၊ပင်စည်စည်မှာ၊

ချည်ကာထားလည်း၊ရွှေဓားခံသည်၊

ရွှေလှံပြီးလို့၊ဓားနဲ့သတ်သည်။"

ဒါဟာ အိမ်တွင်းနတ်ချင်းပဲလေ။

နတ်ချင်းကို ညည်းရင်း၊ပတ်ဝန်းကျင်ကိုငေးရင်း မျက်လုံးတွေက ရိုးအီတဲ့ဝေဒနာကို ခံစားလာရတယ်။ဒီတော့လည်း မှေးရင်းနဲ့ မှိန်းလိုက်လာလိုက်တယ်။

စိတ်ဟာ သိနဲ့ မသိကြားမှာ၊ လွန်းထိုးနေပြီလား။

ကြံတွေပဲတဲ့။

ငယ်ချစ်တစ်ယောက်ရဲ့ နာမည်ကို ကြားလိုက်ရရော။

မှေးမှိန်းနေတဲ့ သွေးလေတွေက ဆန်တက်လာတယ်။

မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ကြံကားကြီးတွေ တစီတတန်းကြီး။

သကြားစက်ရုံတွေက ဘယ်နဲ့ညာတွေမှာ မီးခိုးတန်းလန်း။

ဂွတ်(ဒ်)ဘရားသား ကုမ္မဏီလီမိတက်ဆိုတဲ့ စက်ရုံဝန်းကြီးကို ကားပေါ်ကနေ လှမ်းငေးလိုက်တယ်။

ကြံတွေ ထွက်တဲ့နေရာကလာတဲ့သူ၊ သကြားစက် စက်ရုံလုပ်သားဖြစ်ခဲ့တဲ့သူ ၊အဲ့ဒီ့အတွက်တော့ ဒီမြင်ကွင်းဟာ လွမ်းစရာ့တစ်ခုလေ။

ပစ္စက္ခမျက်ဝန်းမှာ အတိတ်ရဲ့ ပုံရိပ်တွေ။

ကိုယ့်ဆီမှာ အတွေ့ရနည်းသွားတဲ့ တမျှော်တခေါ်ကြံခင်းကြီးတွေကို ဒီနေရာမှာ လှမ်းတွေ့နေရတယ်။

ကိုယ့်ဆီမှာအထွက် တိတ်သလောက်ဖြစ်သွားတဲ့ မီးခိုးတွေဆိုတာကလည်း စက်ရုံရဲ့ မီးခိုး ခေါင်းတိုင်ထက်မှ တအူအူ တလူလူရယ်။

ကြံကားကြီးတွေနဲ့ ဝေါခနဲ၊ ဝေါခနဲ ရှောင်တိုင်း ကားပေါ်က ကြံရိုးတွေကို ကြည့်ရင်း ပြုံးမိတယ်။

ငယ်ချစ်တွေလေ။

သွေးသားထဲမှာ သူတို့ရဲ့ ဂလူးကို့စ်တွေ ကိန်းအောင်းနေဆဲ။

ကြံကားတွေပေါ်က ကြံရိုးတွေကို ဆွဲစုပ်ရင်း ပျော်ခဲ့ရတဲ့ ဘဝတွေအတွက်လည်း ကျေးဇူးတင်မိနေဆဲ။

ကြံခင်းတွေနဲ့ စက်ရုံတွေကို လွမ်းလွမ်းဆွေးဆွေးငေးရင်း၊တွေးရင်းမှာကိုပဲ ဘေးဘီမြင်ကွင်းတွေက

တဖျပ်ဖျပ်ကျန်ရစ်ခဲ့ပြီ။

ရှေ့မှာ ကြိုနေတာက ဧရာဝတီဖြတ် ထီးချိုင့်တံတား။။


ထိုင်ခုံကနေ အသာကြွကြည့်လိုက်တော့ တံတားအရှည်ကြီးတစ်ခု။

၂၃၅၆ မီတာတဲ့။ တံတားပေါ် မော့တက်လို့ သံဘောင်တွေကြား တရိပ်ရိပ်ဖြတ်ရင်း တစ်ဘက်ခြမ်းမှာ

ကျန်ရစ်တော့မယ့် ကမ်းနဖူးပေါ်က စေတီလေးကို လှမ်းဖူးလိုက်သေးတယ်။

တစ်ဘက်ကမ်းခြေအစပ်မှာတော့ မြက်ခင်းပြင်ကျယ်ကြီးက စိမ်းလို့။

၃-

အင်းတော်မြို့ကို ဖြတ်တော့ မြို့ကို သေးသလိုခံစားမိပေမယ့် မြို့ရဲ့အနောက်ဘက်ခြမ်းလောက်မှာ

ရှိနေတဲ့အင်းကြီးက အကြီးကြီး။

ငါးကြီးချဉ် သိပ်ကောင်းတဲ့မြို့တဲ့။

အပြန်မှ ဝယ်သွားမယ်လို့စိတ်ကူးတွေနဲ့ ခရီးဆက်ကြတယ်။

ကချင်ပြည်နယ်။

မိုးညှင်းမြို့နယ်ထဲ ရောက်တော့ နန်းမားကြိုးဝိုင်းတဲ့။

ကျွန်းပင်ပေါက်တွေ စိုက်ထားတာကို လမ်းဘေးဝဲယာ တစ်ဘက်တစ်ချက်တွေမှာ အများကြီးတွေ့နေရတယ်။

ခြေသလုံးလောက်၊ပေါင်လောက် ကျွန်းပင်တွေက လမ်းဘေးမှာ မိုးတို့မတ်တတ်နဲ့ ဝေ့ရမ်းနှုတ်ဆက်လို့။

အဲ့ဒီ့ကျွန်းပင်ပျိုတွေကြားထဲမှာ ကျွန်းပင်အိုပြတ်ကြီးတွေကို ကြိုကြားကြိုကြား တွေ့လိုက်ရတာရှိတယ်။

ပင်ပျိုနဲ့ ပင်အိုတွေရဲ့ ကွာဟမှု။

တစ်မျိုးဆက်နဲ့တစ်မျိုးဆက်ရဲ့ အမွေ။

ထိန်းသိမ်းကာကွယ်မှု။

အနီရောင် ဆိုင်းဘုတ်တွေပေါ်မှာ တောမီး မရှို့ရ။တွေ့ရှိက သစ်တောဥပဒေအရ အရေးယူမည်ဆိုတာတွေ တွေ့တယ်။


ပြီးတော့

ကြိုးဝိုင်းအတွင်း-

-ကျောက်သဲ မထုတ်ရ။

-သစ်ပင် မခုတ်ရ။

-ကျူးကျော်ဝင်ရောက်ခြင်း မပြုရ… မပြုရ။--မပြုရ။… စတာတွေ။

ဒါတွေဟာ ထိရောက်မယ့် ဥပဒေတွေလား။ အပြသက်သက် ဆိုင်းဘုတ်တွေလား။

ဟိုပင်ရောက်တော့ ညနေစောင်းနေပြီ။သွားလာနေတဲ့လူေတွ၊မုန့်သည် စျေးတန်းတွေနဲ့

စည်ကားနေတဲ့လမ်းတစ်ခုကို ဖြတ်တော့လူတွေ၊ စျေးသည်တွေကို ငေးမိပေါ့။

နှစ်ခြင်းဘုရားကျောင်း ဖွင့်ပွဲတစ်ခုတဲ့။

ဒါဟာ ပုဒ်််မ ၃၄။

…. မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာ သနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊လွတ်လပ်စွာ ကိုးကွယ်တည်ဆောက်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည် ဆိုတာလား။ အစိမ်းရောင် စာအုပ်ရဲ့ပြဋ္ဌာန်းချက်တွေကို ယုံကြည်တာ၊ မယုံကြည်တာထက် ဒါဟာ ခုချိန်ထိ အရှိတရားအဖြစ်နဲ့ တည်နေသေးတာပဲလေ။


၄-
မိုးကောင်းကို ဖြတ်တော့ အမှောင်က တစ်ခွင်လုံးကို ဖုံးထားပြီးနေပြီ။

မြစ်ကြီးနားဆီရောက်ဖို့ ဘယ်လောက်လိုသေးလဲ။ ဘာရယ်မဟုတ်ဘဲ တွေးကြည့်နေမိလိုက်တယ်။

ဟိုပင်မှာ လင်းတုန်းက ဖတ်ခဲ့တဲ့ဆိုင်းဘုတ်မှာ ဟိုပင်-မိုးကောင်း 65.3 KM ဟိုပင်-မြစ်ကြီးနား 131.31KM တဲ့။

ဒါဆို တစ်ဝက်ကျိုးပြီပေါ့။

အတူပါလာတဲ့ ဆရာဦးဘုန်းကျော်ရဲ့ တည်းဖို့ခိုဖို့ ချိတ်ဆက်ပြောနေသံကို အတိုင်းသားကြားရတယ်။

Hotel Apple တဲ့။ အဲ့ဒီမှာ တည်းမယ်တဲ့။

မြစ်ကြီးနားရောက်တော့ ည ၁၀ နာရီခွဲ။

မြစ်ကြီးနားဟာ တိတ်လို့၊ ဆိတ်လို့။ ဆိုင်တွေလည်း တံခါးတွေပိတ်လို့။

တစ်ဖွဲ့လုံး ညစာ မစားလာခဲ့ကြသေးပေမယ့် လမ်းပျဉ်းမနားသားလေးမောင်နှင်းတို့ဇနီးမောင်နှံရဲ့

ကြိုတင်စီမံပေးမှုနဲ့ ကောင်းမွန်တဲ့ဆိုင်မှာ ကောင်းမွန်စွာ စားသုံးနိုင်ခဲ့တယ်။

Hotel ဆီ ရောက်တော့ ၁၂ ထိုးတော့မယ်။

ရတဲ့အခန်းတွေကို ပါလာတဲ့သူတွေ ဝေလိုက်တော့ ငါးယောက်တစ်ခန်း ရတယ်။

ကျောင်းအုပ်ကြီးရယ်၊ ငယ်ဆရာ ဦးမြင့်ဆွေရယ်က တစ်ယောက် တစ်ခုတင်။ အတွင်းဘက်ကျကျ။

ဦးဘုန်းကျော်၊ ဦးကျော်ထင်အောင် သချင်္ာဆရာနှစ်ဦးက နှစ်ယောက် တစ်ခုတင်။ အလယ်မှာ။

စာရေးတတ်တာသိလို့ တစ်ယောက်တည်း တွေးချင်ရာတွေး၊ ငေးချင်ရာငေး၊ ရေးချင်ရာရေးဆိုပြီးပဲ

ညွှန်ရော့လေသလား။ အစွန်းဆုံးမှာ တစ်ခုတင်။ တစ်ခုတင်မှာ တစ်ယောက်တည်း။

ဘယ်ဘက်ခြမ်းက လိုက်ကာကို လှပ်ကြည့်လိုက်တော့ လမ်းမခမျာ ငြိမ်သက်လို့။ တစ်နေကုန် လှုပ်ရှားထားသမျှဟာ ညကျမှ မလှုပ်နိုင်တော့သလို။ ဆန့်ဆန့်ကြီး။

လမ်းကို ခဏ ထိုင်ကြည့်နေရင်းနဲ့ ရေချိုးရင် ကောင်းမလား၊ မချိုးဘဲ အိပ်လိုက်ရမလား

စဉ်းစားနေဖြစ်သေးတယ်။တစ်နေကုန် ကားကြီးပေါ်မှာ ပါလာတဲ့ခန္ဓာကိုယ်ကြီးကို လန်းသွားအောင် ချိုးရမှာပါပဲ။ရေချိုးပြီးတာနဲ့ တချိုးတည်း အိပ်မယ်။

မနက်စောစော မြစ်ဆုံဆီသွားရဦးမယ်။ ခင်ဗျားဆီကို ရောက်ဖို့ မိုင်အရှည်ကြီး လာခဲ့ရတယ်

မြစ်ဆုံ။



၅-

မနက်မှာ နိုးတော့ ဧပြီ ၅ ရက်၊ ၆ နာရီ၊။

နားထဲမှာ ထူးခြားနေတဲ့အသံတစ်မျိုးကို ကြားနေမိတယ်။ အဲကွန်းရဲ့အသံလား။

မိုးသံလား။ ပိုသေချာသွားအောင် လိုက်ကာကို ဆွဲဖွင့်ချလိုက်တယ်။

အပြင်မှာ မိုးတွေရွာနေတယ်။

ဟာ-သွားပြီဆိုတဲ့စိတ်နဲ့ ခုတင်ပေါ်မှာ ပြန်ထိုင်နေရင်း မိုးစက်တွေကို ရပ်နိုးရပ်နိုး မျှော်နေမိလိုက်တယ်။

နိုးပြီလားဗျ။ ရေချိုးတော့လေဆိုတဲ့ အသံပေါ်လာမှ ခုတင်ပေါ်က ထလိုက်ပြီး ရေချိုခန်းဝင်ဖြစ်တယ်။

မနက်အလင်းမှာ ပြုမြဲဝေရာဝစ္စတွေက အများသားရယ်။ အဲ့ဒါတွေပြီးတော့ ၆ နာရီ ၄၅။ ၇ နာရီ အထိုးမှာ လေးလွှာမှာကျွေးတဲ့ Hotel နံနက်စာကို စားသောက်နေကြပြီ။

မိုးက တိတ်နေပြီ။ကောင်းကင်ကို မော်ကြည့်တော့ တစ်ခြမ်းက မီးခိုးရောင်ဖျော့ဖျော့၊တစ်ခြမ်းက မီးခိုးရောင်

ရင့်ရင့်။မြစ်စုံက ဘယ်ဘက်ခြမ်းမှာလဲ။

မီးခိုးရောင် ဖျော့ဖျော့အောက်မှာ ဆိုရင်တော့ မိုးလွတ်တန်ကောင်းပါရဲ့။

ဒါပေမဲ့ ခရီးဆက်ကြည့်တော့ မြစ်ဆုံဟာ မီးခိုးရောင် ရင့်ရင့်အောက်မှာ။

မြစ်ဆုံကို လှမ်းတွေ့လိုက်ရတော့ မိုးက ရွာနေပြီ။

မိုးစက်တွေ ကြားကပဲ ဝေးကွာတော့မယ့်ချစ်သူ့မျက်နှာကို ငေးကြည့်သလိုမျိုး မြစ်ဆုံကို တဝကြီး ငေးကြည့်ပစ်လိုက်တယ်။

မြစ်ဆုံ အပေါ်ကမ်းပါးက စျေးဆိုင်တန်းလေးတွေအရောက်၊ ကားကို အရပ်၊မိုးက ပိုအသည်း။

ကြက္တိပဲလုိ႔ ဆုိရမလား။

တကတည်းမှာ ဝတ်လာတဲ့ ဘောင်းဘီတိုကြောင့် ခြေသလုံးတွေက ပိုအေးနေတယ်။

အင်္ကျီ  လက်တိုကလည်း မြစ်ဆုံအအေးဒဏ်ကို အန်တု မခံနိုင်ပါဘူး။

ကမ်းပါးအထက်က စားသောက်ဆိုင်တန်းရဲ့ လက်ရမ်းကို ကိုင်ပြီး ငုံ့ကြည့်လိုက်တော့ ကမ်းအခြေမှာ နောက်ထပ် စားသောက်ဆိုင်တန်းတွေ။

ဟိုမှာဘက်မှာက ကျောက်စရစ်လှလှတန်းကြီး။

ဟိိုမှာဘက်မှာက မေခ မလိခ။

ကမ်းခြေစားသောက်ဆိုင်တန်းက သံယောဇဉ်မြစ်ဆုံမှာ ဆုံမယ်တဲ့။

ဆိုင်ရွေးပေးတဲ့ မောင်နှင်း။

ရွေးတတ်လိုက်တာလို့ မချီးကျူးဘဲ နေကြည့်တယ်။ မရပါဘူး။ သံယောဇဉ်တစ်ခုကြောင့် လာကြတဲ့သူတွေကို သံယောဇဉ် မြစ်ဆုံဆိုင်မှာ ရွေးထိုင်စေတာဟာ ရည်ရွယ်ချက်လား။ တိုက်ဆိုင်တာလား။

ဘယ်လိုပဲ ဖြစ်ဖြစ်အစားအသောက်တွေ ကောင်းခြင်း၊ မကောင်ခြင်းထက် ခေါင်းစဉ်နဲ့အကြောင်းအရာဟာ
အကျိုးနဲ့အကြောင်း ညီညွတ်နေလေတော့ မောင်နှင်းရေ မင်းတော်တယ်လို့။

သံယောဇဉ် မြစ်ဆုံမှာ အားလုံးဟာ ငချိပ်ရောင် စပီခေါင်ရည်ပျစ်ပျစ်ကို ငုံရင်း ၊ငါးကင် တစ်ဖဲ့ကို ဝါးရင်း ငေးနေလိုက်ကြတာ။

မျက်လုံးချင်းတွေကတော့ မြစ်ဆုံမှာ ဆုံသည်ပေါ့။ မြစ်ဆုံရဲ့အကြောင်း အရပ်သားတွေရဲ့တစ်စေ့တစ်စောင်းမှာ ကြားရတာ နားဝမှာ မချမ်းသာစရာချည်းပါလား။

ရလဒ်တွေက အရှုံးတွေ၊ အဆုံးတွေချည်းရယ်။

၆-

မိုးလေးစဲတော့ ထိုင်ရာကနေ အားလုံး ထကြရပြီ။ ရှေ့မှာ ဇလုံတောင်ဆီ ခရီးဆက်ဖို့က ရှိနေသေးတယ် မဟုတ်လား။

ဒီတော့ မြစ်ဆုံကို နှုတ်ဆက်လိုက်ရပြီပေါ့။။

မြစ်ဆုံရေ- ရှိနေသေးတဲ့အတွက် ဝမ်းသာရတယ်။ နောက်တစ်ကြိမ် လာလည်ဖို့အတွက်ကော ရှိနေပေးဦးမလား။

တစ်သီးပုဂ္ဂလအကျိုးအတွက် မဟုတ်ဘဲ တိုင်းပြည်အတွက် ရှိနေပေးဦးမှာလား။

ဒီမေးခွန်းတွေကို ထုတ်ပြီးမှ အတွေ့အကြုံတစ်ခုကြောင့် ထိတ်လန့်သွားမိပြန်တယ်။

၂၀၁၇ တုန်းက ရောက်ခဲ့တဲ့ မြောက်ဦးဟာ ၂၀၁၉ မှာ၊ အဲ့ဒီလို မဟုတ်တော့ဘူး။ ရှစ်သောင်းဘုရားနဲ့ ထုက္ကသိမ်တွေမှာ ၂၀၁၇ ရောက်တုန်းကအခြေအနေမျိုး မဟုတ်တော့ဘူး။ ဒီလိုတွေးမိကာမှ မြစ်ဆုံကို သနားသွားတယ်။

ကားပေါ်တက်လိုက်တဲ့ခြေလှမ်းတွေက လေးလံလို့။

နောက်နှစ်တွေမှာ မြစ်ဆုံကို မြစ်ဆုံအတိုင်း မြင်ချင်သေးတယ်။ သဘာဝတွေကို လူသားတွေရဲ့ရှင်သန်မှုဘေးကနေ ဖဲ့ထုတ် မပစ်ကြာပါနဲ့လေ။

ကျော်ထင်