Breaking News

မာန်သီဟထွန်း – ပိုက်ဆံနဲ့ရွှေ





မာန်သီဟထွန်း – ပိုက်ဆံနဲ့ရွှေ

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၉
စာရေးသူခွင့်ပြုချက်နဲ့ ကူးယူဖော်ပြပါသည်

Sapiens - 63 - ရွှေ၏ သတင်းကောင်း


ရောမဒေနာရိဒင်္ဂါးတွေဟာ ဘယ်လောက်တောင် အားကောင်းလဲဆိုရင် ရောမအင်ပါယာအပြင်ကလူတွေပါ ဒေနာရိဒင်္ဂါးနဲ့ ငွေချေတာ လက်ခံကြတဲ့အထိပါပဲ။ အေဒီ ၁ ရာစုက အိန္ဒိယကဈေးတွေမှာ ရောမဒင်္ဂါးတွေနဲ့ပေးတာ လက်ခံကြတယ်။ ဒါတောင်မှ သူတို့နဲံ့ အနီးဆုံးရောမစစ်တပ်ဟာ ကီလိုမီတာထောင်နဲ့ချီ ဝေးပါတယ်။ ရောမဧကရာဇ်ရဲ့ပုံရိပ်နဲ့ ဒေနာရိဒင်္ဂါးတွေကို အိန္ဒိယလူမျိုးတွေ ယုံကြည်အားထားလွန်းတဲ့အတွက် သူတို့ရဲ့ဒေသတွင်းမဟာရာဂျာတွေကပါ ဒေနာရိဒင်္ဂါးပုံစံနဲ့ တော်တော်လေးနီးစပ်တဲ့ ကိုယ်ပိုင်ဒင်္ဂါးတွေ သွန်းလုပ်ကြတဲ့အထိပါပဲ။ ဒီလိုနဲ့ ဒေနာရိ ဆိုတဲ့ အမည်ကလည်း ဒင်္ဂါးအားလုံးရဲ့ ဘုံအခေါ်အဝေါ် ဖြစ်လာပါတယ်။ မွတ်ဆလင် ခါလစ်ဖ်စော်ဘွား တွေကလည်း ဒီနာမည်ကို အာရပ်မှု ပြုကြပြီး ဒီနာ ဒင်္ဂါးတွေထုတ်လုပ်ခဲ့တယ်။ ဒီနာ ဆိုတဲ့အမည်ဟာ အခုထက်ထိ ဂျော်ဒန်၊ အီရတ်၊ ဆားဘီးယား၊ မက်ဆီဒိုးနီးယား၊ တူနီးရှား နှင့် တခြားနိုင်ငံ တော်တော်များများရဲ့ တရားဝင်ငွေကြေးအမည် ဖြစ်ပါတယ်။

လစ်ဒီယန်ပုံတူဒင်္ဂါးတွေ မြေထဲပင်လယ်ကနေ အိန္ဒိယသမုဒ္ဒရာအထိ ပြန့်နှံ့လာတာနဲ့အမျှ တရုတ်ကလည်း ကြေးဒင်္ဂါးတွေ၊ အမှတ်အသားမပါတဲ့ ရွှေတုံး၊ ငွေတုံးတွေကို အခြေခံတဲ့ အနည်းငယ်ကွဲပြားတဲ့ ငွေကြေးစနစ်ကို တီထွင်လာခဲ့တယ်။ ဒါပေမယ့်လည်း ဒီငွေကြေးစနစ် ၂ ခုမှာ တူညီတာတွေအများကြီးရှိပါတယ်။ အထူးသဖြင့် ငွေနဲ့ရွှေအပေါ် အခြေခံကြတာပါ။ ဒါကြောင့်လည်း ဒီတရုတ်ဒေသနှင့် လစ်ဒီယန်ဒေသနှစ်ခုကြားမှာ အပြန်အလှန်နီးစပ်တဲ့ ငွေကြေး နှင့် စီးပွားရေး ဆက်ဆံမှုတွေ ထူထောင်ခဲ့ကြပါတယ်။ ဥရောပ နှင့် မွတ်ဆလင် ကုန်သည်တွေ၊ စစ်အောင်နိုင်သူတွေက တဖြည်းဖြည်းနဲ့ လစ်ဒီယန်ဒင်္ဂါးစနစ် နှင့် ရွှေရဲ့သတင်းကောင်းကို ကမ္ဘာကြီးရဲ့ ဝေးလံတဲ့ ထောင့်စွန်းနေရာတွေအထိပါ ပျံ့နှံ့စေခဲ့တာပါ။ ဒီဘက်ခေတ်နောက်ပိုင်း ရောက်လာတော့ ကမ္ဘာကြီးတစ်ခု လုံး ငွေကြေးဇုန်တစ်ခုလိုဖြစ်လာပြီး အစပိုင်းမှာတော့ ရွှေ နှင့် ငွေ ကိုမှီခိုအားထားပါတယ်။ နောက်ပိုင်းတော့ လူအများယုံကြည်တဲ့ ငွေကြေးစနစ်တချို့ဖြစ်တဲ့ ဗြိတိသျှ ပေါင်၊ အမေရိကန် ဒေါ်လာ စတာတွေ ရှိလာပါတယ်။

အခုလို နိုင်ငံတွေကြား၊ ယဉ်ကျေးမှုအမျိုးမျိုးကြား ဖြတ်သန်းစီးဆင်းတဲ့ ငွေကြေးဇုန်တစ်ခု ပေါ်ပေါက်လာခြင်းက အာရှ-အာဖရိကဒေသ ပေါင်းစည်းမှုကို အုတ်မြစ်ချလိုက်တာပါပဲ။ ပြီးတော့လည်း တဖြည်းဖြည်းနဲ့ ကမ္ဘာကြီးတစ်ခုလုံး နိုင်ငံရေးနှင့်စီးပွားရေး စက်ဝန်းကြီးတစ်ခု ဖြစ်စေခဲ့တယ်။ လူအမျိုးမျိုးဟာ တစ်ဦးနဲ့တစ်ဦးနားမလည်တဲ့ ဘာသာစကားတွေပြောဆိုကြ၊ မတူညီတဲ့ အုပ်ချုပ်သူဘုရင်တွေကို နာခံကြ၊ ကွဲပြားတဲ့ နတ်ဘုရားတွေ ကိုးကွယ်ကြပေမယ့်လည်း သူတို့အားလုံး ရွှေနှင့်ငွေ ရဲ့တန်ဖိုး၊ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးတွေကို ယုံကြည်ကြပါတယ်။ အခုလိုစုပေါင်းယုံကြည်ကြတာမျိုး မရှိဘူးဆိုရင် ကမ္ဘာ့ကုန်သွယ်ရေးကွန်ရက်ကြီးတွေ ရှိလာဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ၁၆ ရာစုက စပိန်စစ်အောင်နိုင်သူတွေ အမေရိကတိုက်ကနေသယ်လာတဲ့ ရွှေတွေ၊ ငွေတွေကြောင့် ဥရောပ ကုန်သည်တွေက အရှေ့အာရှက ပိုးထည်၊ ကြွေထည် နှင့် ဟင်းခတ်အမွှေးကြိုင်တွေ ဝယ်နိုင်ခဲ့တယ်။ ဒါကြောင့်ပဲ ဥရောပနှင့်အရှေ့အာရှက စီးပွားရေးဘီးကြီးတွေ တိုးတက် လည်ပတ်လာခဲ့တယ်။ မက္ကဆီကို နှင့် အင်ဒီးစ်တောင်တန်းဒေသမှာ တူးဖော်ရရှိတဲ့ ရွှေတွေတော်တော် များများဟာ ဥရောပသားတွေရဲ့ လက်ထဲကနေတဆင့် တရုတ်လူမျိုး ပိုးကုန်သည်၊ ကြွေကုန်သည်တွေရဲ့ ပိုက်ဆံအိတ်ထဲ နေရာသစ်ရှာတွေ့သွားတယ်။ တကယ်လို့များ အဲဒီတရုတ်လူမျိုးတွေက ကော်ရ်တက်စ်နဲ့ သူ့အပေါင်းအပါတွေလိုမျိုး ‘ရွှေနဲ့ပဲကုလို့ရတဲ့ နှလုံးမှာဖြစ်တဲ့ ရောဂါ’ မခံစားခဲ့ကြဘဲ ရွှေတွေ၊ ငွေတွေနဲ့ ပေးချေတာကို ငြင်းဆန်ခဲ့ကြမယ်ဆိုရင် ကမ္ဘာ့စီးပွားရေး ဘယ်လိုများဖြစ်ခဲ့မှာပါလိမ့်။

သို့ပေမယ့်လည်း တရုတ်တွေ၊ အိန္ဒိယတွေ၊ မွတ်ဆလင်တွေ၊ စပိန်တွေလိုမျိုး အလွန်တရာမှ ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုကနေလာပြီး အရာကိစ္စအားလုံးနီးပါးမှာ တစ်ဦးနဲ့တစ်ဦးသဘောမတူကြတဲ့ ဒီလူတွေဟာ ဘာလို့များ ရွှေအပေါ်မှာတော့ ယုံကြည်တာခြင်း တူကြတာပါလိမ့်။ ဘာလို့များ စပိန်တွေက ရွှေကိုယုံတယ် ဒါပေမယ့် မွတ်ဆလင်တွေကတော့ ဘာလီစေ့ကိုပဲ ယုံတယ်။ အိန္ဒိယတွေကတော့ ကြွေစေ့ကိုယုံပြီး တရုတ်တွေက ပိုးထည်လိပ်တွေကိုပဲ ယုံတယ်ဆိုတာမျိုး ဘာလို့မဖြစ်တာပါလဲ။ စီးပွားရေးပညာရှင်တွေမှာ အဖြေ အဆင်သင့် ရှိပါတယ်။ ဒေသနှစ်ခုဟာ ကုန်သွယ်ခြင်းနဲ့ ဆက်စပ်သွားပြီးဆိုတာနဲ့ ဝယ်လိုအားနဲ့ရောင်လိုအား တွန်းအားတွေက သယ်ယူပို့ဆောင်လို့ရတဲ့ ကုန်ပစ္စည်းဟူသမျှရဲ့တန်ဖိုးကို မျှခြေယူတန်းတူညီစေပါတယ်။ အခုလို ဘာလို့ဖြစ်ရတာလဲဆိုတာ နားလည်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ကိစ္စတစ်ခုကို စဉ်းစားကြည့်ရအောင်။ မြေထဲပင်လယ်ဒေသ နှင့် အိန္ဒိယကြားမှာ ပုံမှန်ကုန်သွယ်မှုရှိပြီး အိန္ဒိယလူမျိုးတွေက ရွှေကိုလုံးဝစိတ်မဝင်စားကြဘူးလို့ ယူဆပါ။ ဒါကြောင့် အဲဒီမှာ ရွှေဟာ ဘာတန်ဖိုးမှ မရှိဘူး။ ဒါပေမယ့် မြေထဲပင်လယ်ဒေသာမှာတော့ ရွှေဟာ လူတွေငမ်းငမ်းတက်လိုချင်ကြတဲ့ပစ္စည်း ဖြစ်တဲ့အတွက် တော်တော်လေးတန်ဖိုးကြီးပါတယ်။ အဲဒီကျရင် ဘယ်လိုဖြစ်လာမှာလဲ။

အိန္ဒိယ နှင့် မြေထဲပင်လယ်ကြား သွားလာနေတဲ့ ကုန်သည်တွေက ရွှေရဲ့တန်ဖိုးကွားခြားချက်ကို သတိပြုမိကြမှာပဲ။ ဒါနဲ့ပဲ အမြတ်ရအောင်ဆိုပြီး အိန္ဒိယမှာ ရွှေကို ဈေးပေါပေါနဲ့ဝယ်ပြီး မြေထဲပင်လယ်မှာ ဈေးကြီးကြီးနဲ့ပြန်ရောင်းမှာပါ။ ရလဒ်အနေနဲ့ အိန္ဒိယမှာ ရွှေရဲ့ဝယ်လိုအားဟာ ကောင်းကင်အထိ ခေါင်ခိုက်တက်သွားပြီး ရွှေရဲ့တန်ဖိုးလည်း အဲဒါနဲ့အတူ လိုက်တက်လာမှာပါ။ တချိန်တည်းမှာပဲ မြေထဲပင်လယ်မှာ ရွှေတွေစုပြုံလာတာ တွေကြုံရတာနဲ့အမျှ ရွှေရဲ့တန်ဖိုးလည်း ကျသွားမှာပါ။ သိပ်မကြာခင် အချိန်အတွင်းမှာပဲ အိန္ဒိယက ရွှေတန်ဖိုးနဲ့ မြေထဲပင်လယ်က ရွှေတန်ဖိုးဟာ တော်တော်လေး တန်းတူညီသွားမှာ ဖြစ်တယ်။ ပြီးတော့လည်း မြေထဲပင်လယ်ဒေသကလူတွေက ရွှေကိုယုံကြည်ကြတယ် ဆိုတဲ့အချက်က အိန္ဒိယကလူတွေကိုလည်း ရွှေအပေါ်စတင်ယုံကြည်စေဖို့ ဖြစ်လာမှာပါ။ တကယ်လို့ အိန္ဒိယလူမျိုးတွေအတွက် ရွှေဟာ အမှန်တကယ်အသုံးဝင်ခြင်း မရှိရင်တောင် မြေထဲပင်လယ်ကလူတွေ ရွှေကိုလိုချင်ကြတယ် ဆိုတဲ့အချက်နဲ့တင် အိန္ဒိယလူမျိုးတွေ ရွှေကိုတန်ဖိုးထားလာဖို့ လုံလောက်နေပါပြီ။

ထိုနည်းတူပဲ တခြားလူတစ်ယောက်က ကြွေစေ့ သို့မဟုတ် ဒေါ်လာ သို့မဟုတ် အီလက်ထရောနစ် အချက်အလက်ကို ယုံတယ်ဆိုတာနဲ့တင် ကျွန်တော်တို့ကလည်း အဲဒါတွေအပေါ် ယုံကြည်မှုခိုင်မာလာဖို့ လုံလောက်ပါတယ်။ ကျွန်တော်တို့ အဲဒီလူကို မုန်းတယ်၊ အမြင်ကတ်မယ်၊ အရူးလုပ်ချင်တယ် ဆိုရင်တောင်မှ ပါပဲ။ ဘာသာရေးယုံကြည်မှုနဲ့ပတ်သက်လို့ သဘောမတူနိုင်ကြတဲ့ ခရစ်ယာန်တွေ၊ မွတ်ဆလင်တွေလည်း ပိုက်ဆံနဲ့ပတ်သက်လို့တော့ သဘောတူနိုင်ကြတာပဲ။ ဘာလို့လည်းဆိုတော့ ဘာသာရေးက ကျွန်တော်တို့ကို တစ်ခုခုအပေါ် ယုံကြည်ဖို့တောင်းဆိုပါတယ်။ ပိုက်ဆံကတော့ တခြားလူတွေယုံကြည်တဲ့အရာကို ကျွန်တော်တို့ယုံကြည်ဖို့ တောင်းဆိုတာပါပဲ။

နှစ်ထောင်ပေါင်းများစွာကြာအောင် ဒဿနပညာရှင်၊ အတွေးအခေါ်သမား နှင့် ပရောဖက်တွေက ပိုက်ဆံကို ပြစ်တင်ရှုတ်ချပြီး မကောင်းမှုအားလုံးရဲ့ အရင်းမြစ်လို့ ခေါ်ခဲ့ကြတယ်။ အဲဒီလိုဖြစ်ကောင်းဖြစ်ပေမယ့် ပိုက်ဆံဟာ လူသားတွေ အချင်းချင်းသည်းခံကြတာရဲ့ စံနမူနာ အထွတ်အထိပ်ပါပဲ။ ပိုက်ဆံဟာ ဘာသာစကား၊ ဥပဒေ၊ ယဉ်ကျေးမှုထုံးတမ်း၊ ဘာသာရေးယုံကြည်မှု၊ လူမှုအကျင့်ဝတ်တွေထက် ပိုပြီးပွင့်လင်းတဲ့အမြင်ရှိတယ်။ ပိုက်ဆံဟာ လူသားတွေကို ယဉ်ကျေးမှုကွာဟချက် အကုန်လုံးအကြား ပေါင်းကူးပေးနိုင်တဲ့ တစ်ခုတည်းသော ယုံကြည်မှုစနစ် ဖြစ်ပါတယ်။ ပြီးတော့လည်း ပိုက်ဆံက ဘာသာရေး၊ ကျားမ ကွဲပြားမှု၊ လူမျိုး၊ အသက်အရွယ်၊ လိင်သဘာဝစိတ်ဝင်စားမှု စတာတွေနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုလည်း မရှိပါဘူး။ ပိုက်ဆံရဲ့ကျေးဇူးကြောင့်ပဲ တစ်ယောက်နဲ့တစ်ယောက်မသိကြတဲ့လူ၊ မယုံကြည်ကြတဲ့ လူတွေတောင် ထိထိရောက်ရောက် အတူပူးပေါင်းအလုပ်လုပ်လို့ ရတာပါ။

ပိုက်ဆံ၏ တန်ဖိုး


ပိုက်ဆံဟာ အရာအားလုံးနဲ့ဆိုင်တဲ့ ဥပဒေသ ၂ ချက်အပေါ် အခြေခံပါတယ်။

က။ ဘယ်အရာနဲ့မဆို ပြောင်းလဲအပေးအယူလုပ်နိုင်စွမ်း - ပိုက်ဆံဟာ သိဒ္ဓိအောင်တဲ့အမြုတေ/ ပြဒါးရှင်လုံးတစ်ခု လိုပဲ မြေယာကို သစ္စာခံမှု၊ တရားမျှတမှုကို ကျန်းမာရေး၊ အကြမ်းဖက်မှုကို အသိပညာ စသည်ဖြင့် လိုသလိုပြောင်းလဲပစ်နိုင်တယ်။

ခ။ အားလုံးရဲ့ယုံကြည်မှုကိုရခြင်း - ပိုက်ဆံကိုကြားခံအဖြစ်သုံးပြီး ဘယ်လိုလူမျိုးနှစ်ဦးမဆို ဘယ်ပရောဂျက်ပဲဖြစ်ဖြစ် အတူပူးပေါင်းလုပ်ဆောင်နိုင်တယ်။

ဒီဥပဒေသတွေကြောင့် သန်းပေါင်းများစွာသော တစိမ်းတွေဟာ စက်မှုကုန်ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးစတဲ့နေရာတွေမှာ ထိထိရောက်ရောက် ပူးပေါင်းလက်တွဲအလုပ်လုပ်နိုင်ကြတယ်။ ဒါပေမယ့်လည်း ရုတ်တရက်ကြည့်ရင် ဘာဆိုးကျိုးမှမရှိဘူး ထင်ရတဲ့ ပိုက်ဆံမှာလည်း မကောင်းတဲ့အခြမ်း ရှိပါတယ်။ ဘယ်အရာကိုမဆို ပြောင်းလဲ လဲလှယ်လို့ရပြီး ယုံကြည်မှုဆိုတာ ဘာမှန်းမသိရတဲ့ ဒင်္ဂါးတွေ၊ ကြွေစေ့တွေအပေါ်မှာ တည်ရှိနေတဲ့အခါ.. ပိုက်ဆံက ဒေသတွင်းအစဉ်အလာထုံးတမ်းတွေ၊ ချစ်ခင်နွေးထွေးတဲ့ ရင်းနှီးမှုတွေ နှင့် လူသားတန်ဖိုး စတဲ့အရာတွေကို ဝယ်လိုအား နှင့် ရောင်းလိုအား ဆိုတဲ့ အေးစက်မာကျောတဲ့ ဥပဒေသတွေနဲ့ အစားထိုးပစ်ပါတယ်။

လူ့အသိုင်းအဝိုင်းတွေ၊ မိသားစုတွေဟာ ပိုက်ဆံနဲ့ဝယ်လို့မရတဲ့ အရာတွေအပေါ်ယုံကြည်မှုကိုပဲ အမြဲအခြေခံပြီး ဖြစ်တည်လာတာပါ။ ဥပမာ - ဂုဏ်သိက္ခာ၊ သစ္စာစောင့်သိမှု၊ ကိုယ်ကျင့်တရား၊ ချစ်ခြင်းမေတ္တာ စတဲ့အရာတွေပေါ့။ ဒီအရာတွေဟာ ဈေးကွက်ရဲ့စိုးမိုးမှုပြင်ပမှာ ကင်းလွတ်တည်ရှိပြီး ပိုက်ဆံနဲ့ရောင်းရ ဝယ်ရမယ့်ဟာတွေ မဟုတ်ပါဘူး။ ဈေးကွက်မှာ ဒီအရာတွေကို ဈေးကောင်းကောင်း ပေးတယ် ဆိုရင်တောင် တချို့သောအရာတွေ လုံးဝတားမြစ်ထားတဲ့အရာတွေဖြစ်တယ်။ မိဘတွေက သူတို့သားသမီးကို ကျွန်အဖြစ်မရောင်းရဘူး၊ ဘာသာရေးကိုင်းရှိုုင်းတဲ့ခရစ်ယာန်တစ်ယောက်ဟာ ဘယ်တော့မှ အပြစ်ကြီး မကျူးလွန်ရဘူး၊ သစ္စာရှိတဲ့ သူရဲကောင်းတစ်ယောက်ဟာ သူ့သခင်ကို ဘယ်တော့မှ သစ္စာမဖောက်ရဘူး၊ ဘိုးဘွားပိုင် မျိုးနွယ်စုနယ်မြေတွေကို တိုင်းတပါးသားတွေဆီ ဘယ်တော့မှ မရောင်းရဘူး စတာတွေပေါ့။

ပိုက်ဆံက ဒီသတ်မှတ်ချက်တံတိုင်းတွေကို ချိုးဖျက်ဖို့ အမြဲကြိုးစားခဲ့တာပါ။ ဆည်တစ်ခုရဲ့ အက်ကြောင်းတွေ အမြဲရှာဖွေနေတဲ့ ရေလိုပါပဲ။ မိဘတွေအနေနဲ့ တပါးသူဆီက အစားအစာတွေ ဝယ်ယူဖို့အတွက် သူတို့သားသမီးကို ကျွန်အဖြစ် ရောင်းရတဲ့အဖြစ်တွေ ရှိတာပဲ။ ဘာသာရေး ကိုင်းရှိုင်းပါတယ်ဆိုတဲ့ ခရစ်ယာန်တွေလည်း လူသတ်တာ၊ ခိုးယူတာ၊ လိမ်လည်လှည့်ဖျားတာ တွေရှိပြီး နောက်တော့လည်း သူတို့ရရှိလာတဲ့ အရာတွေနဲ့ အသင်းတော်ဆီက ခွင့်လွှတ်ခြင်းကို ဝယ်ကြတာပဲ။ ရည်မှန်းချက်ကြီးတဲ့ သူရဲကောင်းတွေကလည်း သူတို့ကိုကြေးအများဆုံးပေးတဲ့ လေလံသမားကို သူတို့ရဲ့နာခံမှုကို ပေးအပ်ကြပြီး တချိန်တည်းမှာပဲ သူ့တို့အပေါ်သစ္စာစောင့်သိဖို့ သူတို့ရဲ့ နောက်လိုက်တွေကို ပိုက်ဆံပေးထားကြတယ်။ ကမ္ဘာ့စီးပွားရေး လောကထဲ ဝင်ခွင့်လက်မှတ်ရဖို့အတွက် မျိုးနွယ်စုပိုင်မြေကို ကမ္ဘာတဘက်ခြမ်းက တိုင်းတပါးသားတွေဆီ ရောင်းချတာတွေ ရှိတာပါပဲ။

ပိုက်ဆံမှာ ဒီ့ထက် ပိုပက်စက်တဲ့အခြမ်း ရှိပါသေးတယ်။ ပိုက်ဆံက တစိမ်းတွေအကြား တစ်ဦးနဲ့တစ်ဦး လုံးဝဥဿုံ ယုံကြည်လို့ရအောင် လုပ်ပေးပေမယ့် ဒီယုံကြည်မှုဟာ လူအချင်းချင်း ယုံကြည်မှုအပေါ် မှီတည်တာ မဟုတ်ပါဘူး။ လူ့အသိုင်းအဝိုင်း အပေါ် ဒါမှမဟုတ် မြင့်မြတ်တဲ့ စံတန်ဖိုးတွေအပေါ် မူတည်တာလည်း မဟုတ်ဘဲ ပိုက်ဆံဆိုတာဟာ ဒီပိုက်ဆံဆိုတဲ့အရာနှင့် သူ့ကိုကျားကန်ထားတဲ့ တကိုယ်ကောင်းစနစ်အပေါ်ပဲ ယုံကြည်တာပါ။ ကျွန်တော်တို့ဟာ တစိမ်း တစ်ယောက်ကို မယုံကြည်ဘူး။ ကိုယ့်အိမ်နီးချင်းကိုလည်း မယုံကြဘူး။ ဒါပေမယ့် သူတို့လက်ထဲက ပိုက်ဆံရဲ့တန်ဖိုးကိုတော့ ယုံကြည်ကြတယ်။ သူတို့မှာ ပိုက်ဆံမရှိတော့ဘူးဆိုနဲ့ သူတို့ကို ကျွန်တော်တို့ မယုံကြတော့ဘူး။ ပိုက်ဆံဆိုတဲ့အရာက နိုင်ငံ၊ ဘာသာတရား နှင့် လူ့အသိုင်းအဝိုင်း ဆိုတဲ့ ဆည်ကြီးတွေကို ချိုးဖျက်လာတာနဲ့အမျှ ကမ္ဘာကြီးဟာလည်း နှလုံးသားကင်းမဲ့ပြီး စာနာမှုလုံးဝမရှိတဲ့ စီးပွားရေးဈေးကွက်ကြီးတစ်ခုလို ဖြစ်လာမယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။

ဒါကြောင့်ပဲ လူသားတွေရဲ့ စီးပွားရေးသမိုင်းဟာ အလွန်သိမ်မွေ့တဲ့ ကကွက်တစ်ခုလို ဖြစ်နေတာပါ။ လူတွေဟာ တစိမ်းတွေနဲ့ ပူးပေါင်းအလုပ်လုပ်ဖို့အတွက် ပိုက်ဆံကို အားကိုးရပေမယ့် သူတို့ရဲ့ ချစ်ခင်နွေးထွေးတဲ့ ရင်းနှီးမှုတွေ၊ လူ့တန်ဖိုးတွေ ပျက်သွားမှာလည်း တချိန်တည်းမှာ ကြောက်နေရပါတယ်။ တစ်ဘက်မှာတော့ လူတွေဟာ ငွေကြေးစီးဆင်းမှုနှင့် ကုန်သွယ်ရေးစီးဆင်းမှုကို နှစ်ပေါင်းများစွာ ပိတ်ဆို့ထားတဲ့ ဒီလူမှုအသိုင်းအဝိုင်းဆည်တွေကို ချိုးဖျက်ချင်နေပါတယ်။ သို့ပေမယ့်လည်း တခြားတစ်ဘက်မှာတော့ လူ့အဖွဲ့အစည်း၊ ဘာသာတရား နှင့် သဘာဝပတ်ဝန်းကျင်တွေကို ဈေးကွက်တွန်းအားရဲ့ ကျွန်ပြုမှုအောက်ကို ကျရောက်မသွားအောင် ဆည်အသစ်တွေ တည်ဆောက် ကာကွယ်ကြပါတယ်။

ဒီနေ့ခေတ်မှာတော့ ဈေးကွက်ဟာ အမြဲအနိုင်ရပြီး ဘုရင်တွေ၊ ဘုန်းတော်ကြီးတွေ၊ လူ့အဖွဲ့အစည်းတွေက စိုက်ထူတဲ့ ဆည်တွေဟာ ပိုက်ဆံရဲ့ဒီရေကို ကြာရှည်ထိန်းမထားနိုင်ဘူးဆိုတာ လူတိုင်းလက်ခံနေကြပါပြီ။ ခုလိုယုံကြည်တာ တကယ်တော့ ရိုးအရာ ကျပါတယ်။ အတွက်အချက်ကောင်းတဲ့ ကုန်သည်တွေကို တန်ပြန်အနိုင်ရဖို့ နှင့် စီးပွားရေးကို ပြန်လည်ပုံသွင်းဖို့ အတွက် ရက်စက်တဲ့ စစ်သည်တော်တွေ၊ ဘာသာရေးအစွန်းရောက်တွေ၊ တက်ကြွတဲ့နိုင်ငံသားတွေက ထပ်ဖန်တလဲလဲ တွန်းလှန်အောင်နိုင် ခဲ့ကြတာပဲ။ လူသားထုကြီးတစ်ခုလုံး ပေါင်းစည်းလာမှုကို စီးပွားရေးဖြစ်စဉ်ဆိုတာသက်သက်နဲ့ နားလည်ဖို့ မဖြစ်နိုင်ပါဘူး။ သီးသန့်ကွဲပြားပြီး ထောင်နဲ့ချီတဲ့ လူ့ယဉ်ကျေးမှုအမျိုးမျိုးဟာ အချိန်ကြာလာတာနဲ့အမျှ ကမ္ဘာ့ရွာကြီးတစ်ခုအဖြစ် ပေါင်းစည်းလာတာကို နားလည်ဖို့အတွက် ရွှေ နှင့် ငွေ ရဲ့အခန်းကဏ္ဍကို ကျွန်တော်တို့ထည့်သွင်း စဉ်းစားရပါမယ်။ ဒါ့အပြင် အသက်တမျှပဲ ထပ်တူညီအရေးပါတဲ့ သံမဏိရဲ့ အခန်းကဏ္ဍကိုလည်း လျစ်လျူရှုထားလို့ မရပါဘူး။

ဘာသာပြန် - မာန်သီဟထွန်း
စာဖတ်သူအားလုံးကိုယ်ချမ်းသာပြီး စိတ်ချမ်းမြေ့ပါစေ။ ကျေးဇူးတင်ပါတယ်..
ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။
https://www.trzcacak.rs/…/hhhTJR_10-the-root-of-evil-money…/
https://en.wikipedia.org/wiki/Roman_currency
https://www.numisbids.com/n.php?p=lot&sid=1377&lot=34565