Breaking News

ကိုသန်းလွင် ● စက်ရုပ်တွေလာကြပြီ

ကိုသန်းလွင် ● စက်ရုပ်တွေလာကြပြီ
(မိုးမခ) မေ ၇၊ ၂၀၁၉

(၁)
တနေ့က စင်္ကာပူလေဆိပ်ကိုအသွားမှာ အံသြစရာတခုကြုံရသည်။ လေဆိပ်မှာသွားလျင် Check in လုပ်ပေးနေကျ မိန်းကလေးများမရှိတော့ခြင်းပင်ဖြစ်သည်။ ဤစနစ်ကို ကျင့်သုံးနေသည်မှာ ကြာပါပြီ။ တခါကမှ ခရီးသွားဖို့ဖြစ်လာတော့ ကျွန် တော်သိလိုက်ရခြင်းဖြစ်သည်။ စက်ထဲကို ပတ်စ်ပို့စာအုပ်ထည့်လိုက်ရသည်။ စက်က Boarding Pass ထုတ်ပေးသည်။ ပစ္စည်း ထုတ်ကို နှစ်ခု သုံးခု အရေအတွက်ကိုပြော၍ ချိန်ရသည်။ ထို့နောက်ပစ္စည်းမှာ ကော်နှင့်ကပ်ပေးနိုင်သော စတစ်ကာ လေးတွေကျလာသည်။ ထိုစတစ်ကာများနှင့်ချည်၍ ပစ္စည်းကို ကွန်ဗေရာခါးပါတ် (Conveyor Belt) ပေါ်တွင် တင်ပေး လိုက်ရုံသာ။

အဖြစ်အပျက် တခုလုံးသည် ၁၀ မိနစ်ခန့်သာကြာပါသည်။ စက်ကိုသုံးဖို့ အကူအညီပေးသည့် မိန်းကလေးကလွဲ၍ လူကို တယောက်မှမတွေ့ရဘဲ လေယာဉ်ပျံစီးလို့ ရသွားပါပြီ။

(၂)
၂၀၁၃ ခုအောက်စဖို့တက္ကသိုလ်မှ ဖရေးနှင့် အော့စဘွန်း၊ (Carl Frey နှင့် Michael Osbrne) တို့နှစ်ဦး၏စာတမ်း ထွက် ပေါ်လာသည်။ အမေရိကားရှိ အလုပ်စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းကို စက်ရုပ်များနှင့် အစားထိုး၍ရသည်တဲ့။ သူတို့က အင်္ဂ လိပ်လေဘာဌာနရှိ အလုပ်အမျိုးအစားထဲမှ အလုပ် ၇၀၂ မျိုးကို တချိန်တွင် စက်ရုပ်နှင့်အစားထိုးနိုင်လိမ့်မည်ဖြစ်ကြောင်း နိမိတ်ဖတ်လိုက်ကြပါသည်။

၁၉၆၅ ခုနှစ်က မိုး (Gordon Moore) ၏ ဥပဒေသပေါ်လာခဲ့သည်။ လက်ရှိကွန်ပျူတာများ၏ စွမ်းရည်သည် ၁၈ လကြာ သည်နှင့် ၁၀၀ ရာခိုင်နှုန်းတိုးလာမည်ဟု ဆိုသည်။ နောက် ၁၀ နှစ်ကြာသောအခါ စက်များ၏စွမ်းရည်သည် ၁၀,၀၀၀ ရာခိုင် နှုန်းမျှ ပိုလာမည်။ AI ဟုခေါ်သော အာတီဖီရှယ် (Artificial Intalligence) နှင့် စက်ရုပ်များသည် အလုပ်သမားများ၏ နေရာကိုယူကြမည်။

ခရီးသွားအေးဂျင့်များ၊ ရီရဲစတိတ်ဈေးရောင်းသူများ၊ ဘဏ်အရာရှိများ၊ အာမခံလုပ်ပေးသူများ၊ စာရင်းအင်းလုပ်သူ Accountant များ၊ ဥပဒေအရာရှိများ ဆရာဝန်များစသည်ဖြင့် အလုပ်အကိုင်များမှာ စက်ရုပ်များဖြင့် အစားထိုးလာကြမည် ဖြစ်ပါသည်။

ကျောက်ခေတ် လူသားတို့သည် ကျောက်ဂူအတွင်း နေထိုင်ခဲ့ကြသည်။ ၎င်းတို့သည် နှစ်ပေါင်း ၁၀၀ ကြာမှ တိရိစ္ဆာန်မွေးမြူ ခြင်းနှင့် စိုက်ပျိုးရေးကို တွေ့ရှိခဲ့ကြခြင်းဖြစ်ပါသည်။ အတတ်ပညာတခုကိုတတ်ရန် အချိန်ယူရပါသည်။ ယခုအခါ  ကားပါတ် ထဲကအလုပ်သမားတယောက်ကို ဖယ်ရှားဖို့၊ ကားအဝင်အထွက်ကို မောင်းတံဂိတ်များနှင့် ထိန်းချုပ်ဖို့ ၂၄ နာရီသာ အချိန် ယူရပါသည်။

မြင်းနှင့် ရထားခေတ်က ကားတွေပေါ်လာမှာကို မြင်းလှည်းသမားများက ဆန့်ကျင်ကြသည်။ ကားများက မြင်းရထားနှင့်စီး ပွားရေးကိုဖျက်စီးပစ်မှာလားဟု စိုးရိမ်ခဲ့ကြသည်။ ကားများပါ်လာသောအခါ ဓာတ်ဆီဆိုင်များ၊ ကားဝပ်ရှော့များ၊ ကား ပစ္စည်းဆိုင်များ၊ ဟိုက်ဝေးဂိတ်များဖြင့် လူအများ အလုပ်တွေရကြသည်။ ခရီးဝေးကို မကြောင့်မကျ ဇိမ်နှင့်သွားနိုင်လာ သည့်အတွက် မြင်းလှည်းသမားများအဖို့ ဘာမှမတတ်နိုင်။

တချိန်က တယ်လီဖုန်းကို ခြင်းနှင့်သယ်ရသည်။ ဖုန်းတလုံးကိုဒေါ်လာထောင်ချီ၍ ပေးခဲ့ကြရသည်။ ယခု အိုင်ဖုန်း (I-phone) တွေပေါ်လာသောအခါ ထိုဖုန်းများ နိဂုံးချုပ်သွားကြသည်။

တချိန်က Eastman Codak ဖလင်ကုမ္ပဏီမှာ အလုပ်သမားပေါင်း ၁၄၀,၀၀၀ ဖြင့် တကမ္ဘာလုံးဖြန့်လျက်တည်ရှိ ကြသော် လည်း (Instagram) ခေါ် စဖွင့်စ (Start Up) ကုမ္ပဏီကလူပေါင်း ၁၃ ယောက်နှင့်ပေါ်လာသောအခါ ၂၀၁၂ တွင် ဒေဝါ လီခံလိုက်ရသည်။ ဖလင်အစားဒီဂျစ်တယ် ဓာတ်ပုံများကို တနေရာမှတနေရာသို့ ပို့နိုင် ဖလှယ် နိုင်ကြသောကြောင့်ဖြစ်ပါသည်။
General Motors ကုမ္ပဏီသည် တခေတ်တခါက အလုပ်သမားပေါင်း ၆၁၈,၆၀၀ ရှိခဲ့ရာမှ Tesla, ဂူးဂဲလ်တို့၏ မောင်းသူ မဲ့ကားများ ပေါ်လာပြီးကတည်းက အလုပ်သမား ၂၀၂,၆၀၀ ဦးသာ ငှားနိုင်တော့သည်။ တက်စလာမှာ အလုပ်သမား သုံး သောင်းဂူးဂဲလ်မှာ အလုပ်သမား ၅၅,၀၀၀ ရှိသည်။

Blockbuster ဆိုသည်မှာ ဗွီဒီယိုရုပ်ရှင်များငှားရမ်းသည့် ကမ္ဘာတဝှမ်းအလုပ်သမား ၆၀၀၀၀ ရှိခဲ့သည့်ကုမ္ပဏီဖြစ်သည်။ Netflix က အလုပ်သမား ၃၀ ဖြင့် စကာစကုမ္ပဏီဖြစ်ပြီး တက်ခနိုလိုဂျီကိုသုံး၍ ရုပ်ရှင်ငှားရမ်းလိုက်သောအခါ Blockbuster ကုမ္ပဏီကြီးမှာ ဖျက်သိမ်းလိုက်ရတော့သည်။

ဓာတ်လှေကားမောင်းသူများ၊ တယ်လီဖုန်းအော်ပရေတာများ၊ စက်ရုံအလုပ်သမားများ၊ အမှိုက်ကောက်သမားများမှာ မိမိတို့ လုပ်ငန်းတွင်တာရှည်မခံနိုင်ကြ။ တချို့အလုပ်များမှာ လူလုပ်စရာမလိုတော့ဘဲ စက်ရုပ်က လူအစား ဝင်ရောက်လာကြသည်။ အဝတ်လျှော်စက်၊ ငွေရေတွက်စက်၊ အမှိုက်သိမ်းသည့် စက်ရုပ်များက အစားထိုးဝင်ရောက်လာကြသည်။

လူမှာ ပင်ပမ်းသည်၊ မောနေသည်၊ ပျင်းရိသည်၊ မေ့လွယ်သည်၊ တခါတရံစိတ်လှုတ်ယှားသည်၊ မိမိကိုယ်ကို ပျက်စီးစေမည့် အမူအရာများ၊ လူသားအချင်းချင်း ရန်လိုသည့်အမူအရာများကိုပြသည်။ စက်ရုပ်များတွင် ထိုအမူအရာများကို မတွေ့ရပေ။ ဒီဇိုင်းလုပ်ထားသလို အလုပ်များကို ထပ်ခါ ထပ်ခါလုပ်ရလျင်လည်း အရေးမကြီး၊ လုပ်စရာရှိသည်ကို အကုန်လုပ်သည်။

ဂျပန် Kura ဆူရှီစားသောက်ဆိုင်များတွင် ကွန်ဗေရာ Belt များကြောင့် အစားအသောက်ကိုချပေးရန် ဝိတ်တာမလို တော့ ပေ။ အစားအစာများကို ချပေးခြင်းနှင့် ပြန်လည်သိမ်းဆည်းခြင်းကို Belt များကလုပ်သဖြင့် ထိုခါးပါတ်ပေါ်မှ ပုဂံများကို သိမ်း ရန်နှင့် အသစ်ချပေးရန် လူတဦးသာလိုတော့သည်။ စားသောက်ဆိုင်မှာ ၂၆၂ ဆိုင်ရှိသဖြင့် အသုံးစားရိတ်ကျသွားရာ ဆူရှီ ကို အမေရိကန်ဒေါ်လာ ၁ ဒေါ်လာနှင့်ရောင်းချနိုင်သောကြောင့် စားသုံးသူပါ အကျိုးရှိသည်ဟု ဆိုနိုင်သည်။

၂၀၁၄ ခုနှစ်တွင် မက်ဒေါ်နယ်က မုန့်ရောင်းသောစက် ၇၀၀၀ ကို ဥရောပဆိုင်များတွင် တပ်ဆင်တော့မည်ဟု  ကြေညာသည်။ ဆိုင်တွင်လူမရှုတ်တော့သဖြင့် စားသုံးသူများကို ပို၍သန့်ရှင်းသော မုန့်များကို ချပေးနိုင်သည်ဟု ဆိုသည်။

အမေဇုံကလည်း ၂၀၁၂ ခုနှစ်တွင် Kira စက်ရုပ်စက်ရုံကိုဝယ်ယူ၍ ၎င်း၏ကုန်ဖြန့်ဝေရာဌာနတွင်တပ်ဆင်ပြီး အသုံးပြု သောကြောင့် ၄၀ ရာခိုင်နှုန်းမျှအသုံးစားရိတ်ကို လျှော့ချနိုင်ခဲ့သည်ဟု ဆိုသည်။

ဝါရှင်တန်ပို့စ် စသောသတင်းစာများတွင် စက်ရုပ်က ရွေးကောက်ပွဲသတင်းရေးသည်။ အားကစားသတင်းနှင့် မိုးလေဝသ ဆိုင်ရာ ကြေညာချက်များကို စက်ရုပ်က ကိုင်တွယ်သည်။

ဂျပန်နိုင်ငံက Hana na Hotel ကြီးတွင် ဂေါ်ဇီလာနှစ်ကောင်က ဧည့်သည်ကို စာရင်းသွင်းပေးသည်။ လာသော ဧည့်သည်ကို စက်ရုပ်ကြီးနှစ်ရုပ်က ကြိုဆိုသည်။ ဟိုတယ်ခန်းအတွင်း တီဗွီဖွင့်ရန် ပိတ်ရန်၊ မီးအပိတ်အဖွင့်၊ လေအေးစက် ကွန်ထိုး (Control) စသည်တို့ကို စက်ရုပ်က အလုပ်လုပ်ပေးသည်။ ပါးစပ်က ဘာလုပ်ပါဟု ပြောလိုက်ရုံသာ။ ထိုဟိုတယ်တွင်ညပိုင်း၌ မန်နေဂျာနှင့် လက်ထောက်မိန်းကလေး လူတဦးသာရှိသည်။ ထိုဟိုတယ်သည် ၎င်း၏ပုံစံကိုယူပြီး ကမ္ဘာအရပ်ရပ်တွင် ထိုဟိုတယ်မျိုး ဖွင့်နိုင်အောင် ကြိုးစားနေသည်။

အမေရိကန်ပြည်တွင် Boston Dynamic ကဲ့သို့သော စက်ရုပ်ကြီးများတီထွင်ရာ ကုမ္ပဏီကြီး ၈ ခုရှိပါသည်။ ၎င်းတို့က စက် ရုပ်များကို လူကဲ့သို့ အလုပ်လုပ်နိုင်ရန် ထုတ်ပေးလျက်ရှိသည်။

၁၉၉၇ ခုနစ်တွင် ကွန်ပြူတာ (Deep Blue) “ချက်” ကစားသည့် ဆော့ဖ်ဝဲယားက ချန်ပီယံ ဂယ်ရီကက်စပါရော့ (Gary Kasparov) ကို အနိုင်ကစားသည်။ ၂၀၀၂ ခုနှစ်က ဆော့ဖ်ဝဲယားက ကမ္ဘာ့အကောင်းဆုံး Scrabble ကစားသူကို အနိုင်ရ သည်။ ၂၀၁၀ ခုနစ်တွင် ဘရစ် (Bridges) ကစားခြင်းတွင် အနိုင်ရသည်။ ၂၀၁၁ခုနစ်တွင် IBM ၏ ဝပ်ဆင်စူပါ ကွန်ပြူတာက Jeopardy ချန်ပီယံ ၂ ယောက်ကို အနိုင်ရသည်။ ၂၀၁၆ ခုနှစ်တွင် Alpha Go ၏ (Google Deep Mind) ကွန်ပြူတာက တောင်ကိုရီးယားက Go ချန်ပီယံ ဆီဒို (Lee Sedol) ကို အနိုင်ရသည်။

၁၉၉၇ ခုနှစ်က ကွန်ပြူတာ Deep Blue မှာ အခန်း တခန်းစာမျှရှိသည့် စူပါကွန်ပြူတာကြီးဖြစ်ပါသည်။ ၂၀၀၅ ခုအရောက်တွင် ထိုစွမ်းအင်မျိုးကို စားပွဲတင်ကွန်ပြူတာ ( Deskstop) များက ပိုင်ဆိုင်လာကြသည်။ ယခုအခါ ထိုတွက်ရည် ချက်ရည်များကို မိုဘိုင်းဖုန်းများက လုပ်နိုင်နေပါပြီ။

(၃)
မည်မျှပင်စက်ရုပ်တွေက ကောင်းသည်ဆိုပါစေ လူအချင်းချင်းဆက်ဆံရာတွင် ရိုင်းပင်းကူညီမှု၊ ညင်သာမှု၊ ကိုယ်ချင်းစာမှု စသည်တို့က လိုပါသေးသည်။ စက်ရုပ်များနှင့် အစားထိုးမရနိုင်သည်ကတော့ လူတို့၏ အငွေ့အသက်များဖြစ်ပါသည်။

ကိုသန်းလွင်
Ref: Robots are coming , Andres Oppenheimer.