Breaking News

ဒေါက်တာဇင်ထွန်း - အနုမြူစွမ်းအင် ... လက်နက်လား လောင်စာလား


ဒေါက်တာဇင်ထွန်း - အနုမြူစွမ်းအင် ... လက်နက်လား လောင်စာလား

(မိုးမခ) ဇွန် ၆၊ ၂၀၁၉

ဒီတခါ "ပြောတော့တမျိုး လုပ်တော့တမျိုး" လုပ်ကြတဲ့ အစိုးရတွေနဲ့ ပတ်သက်လို့ ဘယ်လို လုပ်ကြမလည်း ဆိုတဲ့မေးခွန်းကို ဖြေပါမယ်။ အနုမြူ ရူပဗေဒ ပညာ (nuclear physics) ကိုငြိမ်းချမ်းစွာ အသုံးချဘို့ သင့်ပါတယ်ဆိုပြီး တကယ့်ရည်ရွယ်ချက်က အနုမြူဗုံးလုပ်ဘို့ ဖြစ်တဲ့ကိစ္စကို ဘယ်လို ဟန့်တားကာကွယ်မလဲ လို့ မေးခြင်း ဖြစ်ပါတယ်။

အနုမြူလက်နက် ပြန့်ပွားမှု (nuclear weapon proliferation) ကို အပြည့်အစုံ ဆွေးနွေးမယ်ဆိုလျှင် အလွန် ကျယ်ပြန့်ပါတယ်။ ကမ္ဘာ့နိုင်ငံရေးနှင့် ပတ်သက်လို့ ကွန်တော်ကိုယ်တိုင်လည်း သိစရာအားလုံးကို မသိပါ။ ဒါကြောင့် မြန်မာနိုင်ငံ အတွက်သာ ပြောပါရစေ။ နိုင်ငံတကာအရေးကိုတော့ တနေ့ အချိန်ရမှ ရေးပါ့မယ်။

ကျွန်တော့်ရဲ့ မြန်မာနိုင်ငံအတွက် အကြံပေးချက်ထဲမှာ အနုမြူစွမ်းအင်ကို အကောင်အထည် ဖော်မယ်ဆိုလျှင် ပထမဆုံး "မည်သည့် ကုမ္ပဏီမှ ဘယ်လိုအမျိုးအစား ဓါတ်ပေါင်းဖိုကို ဝယ်မယ်လို့ ဆုံးဖြတ်ရမယ်"လို့ ဆိုခဲ့ပါတယ်။ အမျိုးအစား ရွေးချယ်ရေးဟာ အလွန် အရေးကြီးတဲ့ ကိစ္စပါ။ မှန်မှန်ကန်ကန် လုပ်မဲ့သူများအတွက် အလွန်တာဝန်ကြီးသလို မသမာသူများအတွက် အလွန်မှ လဒ်စားလို့ကောင်းမဲ့ အလုပ် ဘီလျံနဲ့ချီပြီး ရမှာ ဖြစ်တဲ့အတွက် ဓါတ်ပေါင်းဖို ရောင်းချင်သူ ကုမ္ပဏီများက ရွေးချယ်ရေးတာဝန်ခံများကို နည်းအမျိုးမျိုးနဲ့ ချည်းကပ်မယ်ဆိုတာ ဗေဒင်မမေးဘဲ သိနိုင်ပါတယ်။ ဒီကိစ္စကို မြန်မာပြည်မှ "ကျွမ်းကျင်သူ" အရာရှိကြီးများရဲ့ လက်ထဲထည့်လိုက်လို့ကတော့ ငါးပါးမှောက်ဘို့သာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်နဲ့ ပြည်တွင်းပြည်ပ ပညာရှင် ၁၀ဦးခန့်ပါတဲ့ ကော်မတီဖွဲ့ပြီး လုပ်ပါ့မယ်လို့ ကျွန်တော့်ရဲ့ အကြံပေးချက်မှာ ရေးထားခဲ့ပါတယ်။

ရွေးချယ်ရေးကော်မတီ အနေနဲ့ အဓိက ထည့်စဉ်းစားရမဲ့ အချက်တခုက အနုမြူလောင်စာ (nuclear fuel)ကို ဘယ်သူ့ထံမှ ဘယ်လို သဘောတူညီချက်များနဲ့ ဝယ်မယ်ဆိုတာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ အလွန်စျေးကြီးသော မော်တော်ကားကိုဝယ်ပြီးခါမှ အဲဒီကားအတွက် အထူး စပယ်ရှယ်ဓါတ်ဆီကို ဘယ်ကဝယ်ရမယ်မှန်း မသိသလိုဖြစ်နေပါလိမ့်မယ်။

အခုအထိ ရောင်းတန်း ဓါတ်ပေါင်းဖိုတွေအားလုံးဟာ ယူရေနီယမ် (U) လောင်စာကို သုံးကြပါတယ်။ သို့သော် ဒီဇိုင်းပေါ်မူတည်ပြီး လိုအပ်တဲ့ ယူရေနီယမ် အဆင့်အတန်း မတူကြပါ။ တချို့က သဘာဝ ပကတိ အဆင့်ရှိ U (natural U with U235 content of 0.7%)နှင့် လည်ပတ်နိုင်ပါတယ်။ အချို့ကျတော့ low enriched U (LEU) လို့ခေါ်တဲ့ U235 ရာနှုံးကို မြှင့်ထားတဲ့ လောင်စာလိုပါတယ်။ အများအားဖြင့် 3 to 5% U235 ဖြင့် လည်ပတ်ကြပါတယ်။ အပြည်ပြည်ဆိုင်ရာ အဓိပ္ပါယ် သတ်မှတ်ချက်အရ U235 ရာနှုံး 20% ထက်နည်းလျှင် LEU လို့ခေါ်နိုင်ပါတယ်။ 20% အထက်ကို highly enriched U (HEU) လို့ သတ်မှတ်ပါတယ်။ အဲဒိလောက် အဆင့်မြင့်လာလျှင် ဗုံးလုပ်ရန် သုံးနိုင်တဲ့အတွက် HEU နဲ့ ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေများက ပို၍ တင်းကျပ်ပါတယ်။ သို့သော် 20% U235 ပါတဲ့ HEU နဲ့ လုပ်ထားတဲ့ဗုံးဟာ အရွယ်အစား ကြီးလွန်း လေးလွန်းမှာ ဖြစ်တဲ့ အတွက် အသုံးမကျပါ။ ရန်သူ့နယ်ထဲ အရောက်ပို့ဘို့ အလွန် ခက်ခဲမှာ ဖြစ်ပါတယ်။ ဗုံး အရွယ်သေးအောင် U235 ရာနှုံးကို ထပ်မြှင့်ရပါတယ်။ 80% အထက် ရောက်ပါမှ ဗုံးလုပ်ရန် အဆင့်ရှိတဲ့ U (bomb-grade U) ကိုရပါတယ်။

မြန်မာပြည်အနေနဲ့ ဓါတ်ပေါင်းဖို လောင်စာကို ပြည်ပက ဝယ်ရန် ရည်ရွယ်တဲ့ အတွက် ယူရေနီယမ်ကို အဆင့်မြှင့်ရန် စက်ရုံ (enrichment factory) ဆောက်ရန် မလိုပါ။ အဆင့်မြှင့် စက်ရုံမရှိတဲ့အတွက် ပြည်ပမှ ဝယ်တဲ့ 5% LEU ကို HEU လုပ်ရန်လည်း မဖြစ်နိုင်ပါ။ ဒိအပြင် ပိုပြီးစိတ်ချရအောင် လောင်စာ ဝယ်ဘို့ စာချုပ်ကတည်းက သုံးပြီးလောင်စာ (spent nuclear fuel) ကို ရောင်းသူက ပြန်ယူရမယ်လို့ စည်းမျဉ်းထဲ့ပေးဘို့ ရည်ရွယ်ပါတယ်။ ဒါက ရွေးချယ်ရေး ကော်မတီက လုပ်ပေးသွားမဲ့ စည်းမျဉ်းပါ။ သုံးပြီးလောင်စာကို ပြန်မပို့လျှင် လောင်စာအသစ် ထပ်မပို့ပါဘူး။ ဒီလိုနည်းနဲ့ မြန်မာပြည်တွင်းမှာ ဗုံးလုပ်ဘို့ ယူရေနီယမ် အလုံအလောက် ရှိမနေအောင် ထိမ်းချုပ်ထားလို့ ရပါတယ်။

ဒီနေရာမှာ သုံးပြီးလောင်စာနဲ့ ပတ်သက်လို့ နည်းနည်း ပြောပါရစေ။ အနုမြူစွမ်းအင် အကြောင်း နားလည်သူများက ဓါတ်ပေါင်းဖိုထဲမှာ ၁ နှစ်လောက် သုံးပြီးနောက် ဆက်သုံးလို့ မရတော့လို့ ထုတ်ယူလိုက်ရတဲ့ လောင်စာကို spent fuel လို့ ခေါ်ပါတယ်။ အနုမြူဆန့်ကျင်သူများက waste ၊ အမှိုက် အညစ်အကြေးဆိုတဲ့ သဘော ခေါ်ကြပါတယ်။ အမှန်က spent fuel ဟာ waste မဟုတ်ပါ။ သူ့ထဲမှာ သုံးမကုန်သေးတဲ့ U235 အမြောက်အများ ကျန်ပါသေးတယ်။ ကျန်နေတဲ့ U235 ကို ခွဲထုတ်ပြီး လောင်စာ အသစ်လုပ်ဘို့ ပြန်သုံးနိုင်ပါတယ်။ ပြင်သစ်မှာ အဲဒိလို အမြဲလုပ်ပါတယ်။ ဒိအပြင် အနုမြူဓါတ်ပြုမှု ကနေ ရလာတဲ့ အဖိုးတန် သတ္တုအချို့လည်း ပါပါသေးတယ်။ အဲဒိ သတ္တုများရဲ့ တန်ဘိုးကိုပါ ထည့်တွက်မယ်ဆိုလျှင် spent fuel ဟာ ရွှေထက် အဖိုးတန်ပါတယ်။ ဒါကြောင့် spent fuel ကို ပြန်ပို့မယ်ဆိုလျှင် ယူမဲ့သူများ ရှိပါတယ်။

နောက်ထပ် မေးလာနိုင်တဲ့ မေးခွန်းတခုကိုလည်း ကြိုဖြေပါရစေ။ လောင်စာကို ပြည်ပက ဝယ်လျှင် တနေ့ အဲဒိတိုင်းပြည် သို့မဟုတ် ကုမ္ပဏီက အဆမတန် စျေးတင်လျှင် မြန်မာနိုင်ငံ အခက်မကြုံလား ဆိုတဲ့မေးခွန်း။ သိလိုသူများ Non-Proliferation Treaty (NPT) အကြောင်း ဖတ်ကြည့် ကြပါ။ မြန်မာဟာ အဲဒိ အပြည်ပြည်ဆိုင်ရာ သဘောတူညီမှုကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ အကျိုးက မြန်မာကို ဘယ်နိုင်ငံကမှ အနုမြူစွမ်းအင်နဲ့ ပတ်သက်လို့ အကျပ်ကိုင်လို့ မရပါ။ အနုမြူလောင်စာ ဝယ်မရအောင် တဦးဦးက လုပ်လျှင် အင်အားကြီးနိုင်ငံများရဲ့ ဖေးမမှုနဲ့ တည်ထောင်ထားတဲ့ International Nuclear Fuel Bank မှ လိုအပ်သောလောင်စာကို ပို့ပေးမှာ ဖြစ်ပါတယ်။