Breaking News

ရန်ကုန်ကို ဗဟိုပြု၍ စဉ်းစားနေထိုင်ခဲ့ခြင်းများ


မောင်ရစ် - ရန်ကုန်ကို ဗဟိုပြု၍ စဉ်းစားနေထိုင်ခဲ့ခြင်းများ

(ရန်ကုန်အက်ဆေး စာအုပ် ကောက်နုတ်ချက်)
မိုးမခ၊ ဇွန် ၁၄၊ ၂၀၁၉


ရန်ကုန်မှာ မွေး ရန်ကုန်မှာ ကြီးခဲ့တော့ ရန်ကုန်ကိုပဲ သိပါတယ်။ ရန်ကုန်က နေရာ ဌာနတွေကိုပဲ မှတ်မိနေတော့တယ်။ လှည်းတန်း၊ ရန်ကုန်တက္ကသိုလ်၊ အင်းယားကန်၊ ကြို့ကုန်း၊ အင်းစိန်၊ ရွှေတိဂုံ၊ ဆူးလေ၊ ကမ်းနား၊ ကန်တော်ကြီး၊ သံလျင်၊ စတာတွေပေါ့။

ရန်ကုန်ကနေ ဆုတ်ခွာခဲ့တဲ့နောက်ပိုင်း ရောက်လေရာ အရပ်ဒေသတွေကို ရန်ကုန်နဲ့ ဗဟိုထားပြီး အမှတ်အသားပြုနေမိတော့တာပဲ။ ဘန်ကောက်ဆိုတာ အကျယ်ကြီး၊ သူ့လေဆိပ်က မြို့ပြင်ဆိုတော့ ရန်ကုန်မင်္ဂလာဒုံလေဆိပ်လိုမျိုး သဘောထားနေမိတယ်။ မင်္ဂလာဒုံကနေ မြို့ထဲသွားတယ်လို့ ဆိုပြီး ဘန်ကောက်မြို့ထဲကို ဦးတည်တယ်။ သုူတို့ကျောက်ဖယားမြစ်ထဲ ဘုတ်တွေစီးတော့လည်း ရန်ကုန်မြစ်ထဲ သဘောင်္စီးနေသလိုမျိုး ထင်ယောင် မိတယ်။ မြို့ပြင်တနေရာမှာ လမ်းပျောက်တော့ ဗမာလို အကျယ်ကြီးအော်မိတယ်။ "ငါတို့တတွေ တိုးကြောင်ကလေးမှာ လမ်းပျောက်နေပြီ၊ ရန်ကုန်ထဲ ဘယ်လိုပြန်ကြရပါ့မလဲ ..." လို့။ ဘေးနားမှာ ဗမာတွေချည်းပဲဗျာ။ ဗမာသံကြားတော့ လမ်းပျောက်နေတဲ့ ဗမာတွေကို ဗမာတွေက ကူကြတယ်။

စင်ကာပူကို ထပ်မံဆုတ်ခွာခဲ့တော့ သူတို့ MRT ဆိုတဲ့ မြို့ပတ်ရထားစီး ခရီးသွားရတိုင်း ရန်ကုန်က မြို့ပတ်ရထားစီးနေရသလို တွေးနေ စဉ်းစားနေမိတော့တာပါပဲ။ ငါတို့တတွေ အင်းစိန်ကနေ ရထားစီးပြီး ရန်ကုန်ဘူတာကြီးကို ချီတက်ကြတယ်လို့ တွေးတယ်။ ဗမာတွေ ဆုံစည်းရာ ပင်နီဆူလာပလာဇာစျေးကြီးကိုတော့ ရန်ကုန်မြို့ထဲက ဆူးလေတဝိုက်လို မြင်ယောင်နေတာပေါ့။ ဟုတ်တယ်လေ အဲသည်မှာ မြန်မာပြည်က မိတ်ေဆွေတွေ ကျောင်းနေဖက်တွေ အတော်များများ ပြန်တွေ့နေရတာကိုး။ တခါကဆို ကျနော်တို့ လှည်းတန်းတဝိုက်ကစာပို့လုလင်ကြီးကို စင်ကာပူ မြို့လယ်ကောင် ပင်နီဆူလာပလာဇာမှာ ပြန်တွေ့တယ်။ စာမပို့တော့ဘူး ... တဲ့ နိုင်ငံခြားရောက် ရွှေ့ပြောင်းအလုပ်သမား ဖြစ်နေပြီ။ ဆူးလေမှ ခလုတ်တိုက်မိသလို ပြန်ဆုံကြသလိုမျိူးပဲ။

နောက်တော့ အမေရိကန်က မြို့ရွာတွေအထိ ဆုတ်ခွာ ခဲ့ရပြန်တယ်။ နေထိုင်မိသမျှ ဒေသတွေကို ရန်ကုန်မြေပုံထဲ ပုံသွင်းပြီး နေထိုင်ရတာ အကျင့်ပါနေတယ်။ နှစ်သိမ့်နေထိုင်မှု တခု ဖြစ်နေမိတယ် ထင်ပါတယ်။ ဆန်ဖရန်စစ္စကိုကလည်း ရန်ကုန်ပဲ။ ကမ်းနားလမ်းနဲ့ ရေကန်နဲ့။ လော့စ်အိန်ဂျလိစ်လည်း ရန်ကုန်ပဲ။ တောင်ဒဂုံ မြောက်ဒဂုံ ရွှေပြည်သာ လှိုင်သာယာလို မြို့သစ်တွေ အများကြီးနဲ့။ နယူးယောက်လည်း ရန်ကုန်လိုပဲ။ အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်း၊ ဗန္ဓူလလမ်း၊ ကုန်သည်လမ်း၊ ၁ လမ်းကနေ ၅၂လမ်း။ ခြင်စကာကွက်တွေလို လမ်းတွေနဲ့ပဲလေ။ ဝါရှင်တန်ဒီစီမှာ ရန်ကုန်ကပြည်သူ့လွှတ်တော်ကြီးလည်း ရှိတာပဲ။ သူတို့က -the mall တဲ့။ ရန်ကုန်မှာ ပြည်သူ့ရင်ပြင်ကြီး ရှိတယ် မဟုတ်လား။

သည်လိုအမှတ်အသားနဲ့ စကားပြောနေကြဖြစ်နေတော့ ဆန်ဖရန်လေဆိပ်ကနေ အိမ်ကို ကားမောင်းတဲ့အခါ မင်္ဂလာဒုံလေဆိပ်ကနေ လှည်းတန်းကို ပြည်လမ်းအတိုင်း မောင်းပြန်လာတယ်လို့ မှတ်ထင်နေတယ်။ ဆန်ဖရန်စစ္စကိုတက္ကသိုလ်ဟာ ရန်ကုန်တက္ကသိုလ်ပေါ့။ အဲသည်နားက အိမ်ခန်းဟာ လှည်းတန်းစျေးနားက ကန်ထရိုက်တိုက်တွေလို ...။ အဲသလိုမျိူး နှိုင်းယှဉ်မှတ်သိစိတ်နဲ့ ပြောတာကို ဆရာ ဦးတင်မိုး (ကဗျာဆရာကြီး တင်မိုး) ကတော့ မကြိုက်ပါ။ သူ့ဖာသာသူ ဘယ်လောက်လွမ်းလွမ်း တမ်းတတမ်းတ ... လက်ရှိမြေက လိပ်စာတွေ နေရာဒေသတွေကို အရှိအတိုင်းပဲ မှတ်သား မှတ်မိချင်တယ်။ မှတ်လည်း မှတ်မိတယ်။

မောင်ရစ်ရာ ... မင်း တလွဲတွေ လျောက်လျောက်ပြောမနေနဲ့။ အတည့်အတိုင်းပြော။ မင်းနေတာ ဆန်ဖရန်စစ္စကို၊ လုပ်နေတာက ဆန်ဖရန်စတိတ်ယူနီဗာစီတီ။ လမ်းက ဘတ်ကင်ဟန်ဝေး။ ရပ်ကွက်က ယူနီဗာစီတီပတ်ခ်နောက်သ်။ ငါ တက်ခဲ့တဲ့ ဆေးရုံက ယူစီအက်စ်အက်ဖ် (UCSF) ၊ သူနာပြုဆရာမက မလှမြင့် မဟုတ်ဘူး။ ဒေစီတို့ ဂရေစီ တို့ ... စာပြန်ရေးတဲ့အခါ အတည့်အတိုင်းဖြစ်မှာပေါ့။ ဆန်ဖရန်က ပြည်သူ့ဆေးရုံကြီးလို့မှ မရှိတာပဲ။ ဆရာကတော့ ကျနော့်ကို အဲသလို ဆုံးမပါတယ်။

သို့သော် ကျနော်ကတော့ ကျနော့်အမှတ်နဲ့ပဲ။ ရန်ကုန်မြို့တော် အမှတ်အသားတွေနဲ့ လူတွေ ဧည့်သည်တွေကို ရှင်းရှင်းပြနေမိတယ်။ ဆရာမောင်ဝံသ၊ ဆရာ ခင်မောင်ညို(ဘောဂဗေဒ)၊ ကိုတာ၊ ကိုရဲနိုင်မိုး၊ ကိုမြင့်ကျော်၊ ကိုမြင့်ဇော်၊ ဆရာမင်းထက်မောင်၊ ဆရာဦးမိုးဟိန်း ... သူတို့တွေ အမေရိကန်အနောက်ခြမ်းက ကျနော်နေတဲ့ ရန်ကုန်မြို့တော်အတုကို လာလည်ကြတယ်။ သူတို့ကို လိုက်ပို့တိုင်း ဆန်ဖရန်က လမ်းနာမည်တွေအတိုင်း အတည့်မပြောမိဘူး။ ဆန်ဖရန်တဘက်ကမ်းက ဘာကလေတက္ကသိုလ်ကို သွားတာတောင် ရန်ကုန်ကနေ တဘက်ကမ်းက သံလျင်ကို ကူးတယ်လို့ ပြောမိတယ်။ ဆီလီကွန်တောင်ကြားရှိတဲ့ ဆန်ဟိုဇေးမြို့ ကို သွားတော့ ရန်ကုန်ကနေ ပဲခူးကို သွားတယ် ပြောမိတယ်။

ကိုတာက သူ့ချင်းတွင်းမဂ္ဂဇင်းထဲ သူ့အမေရိကန်တောလားအကြောင်းရေးတော့ အဲသည်လို မောင်ရစ်တယောက် ရန်ကုန်ရူး ရူးနေတာကို အရိပ်အမြွက်လေး ဖော်ပြခဲ့တယ်။ ကိုယ့်ရေမြေနဲ့ ဝေးနေသူတယောက်ဟာ ရန်ကုန်တက္ကသိုလ်နားက အင်ယားကန်နားမှာ နေထိုင်နေသလို မြင်ယောင်ပြီး အသက်ရှင်နေတယ်တဲ့။

အခုတော့ အခြေအနေတွေလည်း ပြောင်းလဲခဲ့ပါပြီ။ ကျနော် ရန်ကုန်အစစ်ကို ခနခန ပြန်တယ်။ ကျနော် အရင်အတိုင်းပဲ လိုင်းပေါက်က အိမ်မှာ နေတယ်။ လှည်းတန်းကို လမ်းလျောက်ပြီး လဘက်ရည်သောက်တယ်။ ရန်ကုန်တက္ကသိုလ်ထဲ သွားပြီး သံဗူးသောက်တယ်။ မြို့ထဲက စာအုပ်တန်းသွားတယ်။ မိတ်ဆွေ စာပေလောကသားတွေနဲ့ တွေ့တယ် ချိန်းတယ်။ မိုးမခကို ပြည်ပမှာ ထုတ်နေရာက ပြည်တွင်းမှာ အမှန်တကယ်ကို ထုတ်ဝေဖြန့်ချိပါတယ်။ ရန်ကုန်ကြီးက အရင်ကလိုတော့ ဘယ်ဟုတ်ပါတော့မလဲ။ ကျနော် မသိတော့တဲ့ ဘတ်စကားလိုင်းတွေ ရောက်နေပြီ။ မြို့သစ်တွေကော တက္ကသိုလ်အသစ်တွေကော လမ်းသစ်တွေကော အများကြီးပဲ။ ကျနော် မမှတ်မိတော့ဘူး။ သည်တော့ ကျနော်လည်း ရန်ကုန်မှာ ကျနော် မှတ်မိတာလေးနဲ့ပဲ နေထိုင်ပါတယ်။

ကျနော် အခု ရန်ကုန်အစစ်ကနေ ကျနော့် ရန်ကုန်အတုဆီ ပြန်တယ်။ ကျနော့်အိမ်က ဆန်ဖရန်မှာ မဟုတ်တော့ဘူး။ တဘက်ကမ်း မြို့တခုကို ပြောင်းသွားပြီ။ သည်တော့ ကျနော်ပြောနေကျအတိုင်း ပြောရမယ် ဆိုရင် ရန်ကုန်တဘက်ကမ်းက သံလျင်လောက်မှာ ပြောင်းနေတယ်ပေါ့ဗျာ။ မြန်မာပြည်က ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကနေ အမေရိကန်ပြည်က ရန်ကုန် မင်္ဂလာဒုံလေဆိပ် အဲလေ ဆန်ဖရန်လေဆိပ်ကို ပျံရတယ်။ အဲသည်ကနေ သံလျင်တံတားကြီး ဖြတ်ပြီး သံလျင်ကို ပြန်တယ်။ တကယ်တန်း အတည့်ပြောရင် ဘေးဘရစ်ဂျ်ကို ဖြတ်ပြီး ရစ်ချ်မွန်းမြို့ကို ပြန်ရတာပါ။

ကျနော် ဘယ်ပြန်ပြန် ဘယ်မှာနေနေ ကျနော်ကတော့ ကျနော့်အကျင့်အတိုင်းပဲ ကျနော့်စိတ်ထဲမှာ အားလုံးကို ရန်ကုန်လုပ်ပစ်ထားပါတယ်။ ကျနော် ဒီလိုပဲ နေရတာ ပျော်ပါတယ်။


(နိုင်ဝင်းသီတောင်းလို့ ရန်ကုန်အက်ဆေးစာအုပ်အတွက် ရေးထားတာပါ)
(နိုဝင်ဘာ ၂၁၊ ၂၀၁၈)