ဒီသစ် - ဘာလာလာဟင်းချိုနဲ့ငါးပိကြီးမီးဖုတ်
တနေ့..ဖြည့်စွက်ရဦးမယ့်...(၂)
ဘာလာလာဟင်းချိုနဲ့ငါးပိကြီးမီးဖုတ်
ဒီသစ်
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၂
"ကိုငစွမ်း" ခူးလာတဲ့ အရွက်တွေ တချက်လှမ်းကြည့်လိုက်တော့ အတော့ကို သပ္ပနပေါင်းစုံပါပဲ။
တောကြက်ဟင်းခါးညွန့်ယ်။ လယ်လေးတွေလည်းပါတယ်။ ကျီးအာညွန့်လေးတွေလည်းပါတယ်။ နွယ်သီဟိုညွန့်လေးတွေလည်းပါတကြားကန်စွန်းနွယ်လေးတွေလေးတွေလည်းပါတယ်။
အရွက်စုံကို လက်တဖက်ကစုကိုင်လာပြီး ကျန်တဲ့လက်တဖက်မှာတော့ ကသော့ရိုင်းသီးအခိုင်လေးတွေ လက်တဆုပ်အပြည့်ပါပဲ။
ရေပုန်းလွတ်ထဲ အကုန်စုထည့်ခိုင်းထားပြီး၊ ငပိကြီးမီးဖုတ်ဖို့ ဆနွင်းရွက်နှစ်ရွက်သုံးရွက်လောက် သွားဖြတ်ပေးဖို့ပြောလိုက်တယ်။
"ငပိကြီး" (တချို့က"ရေချိုငပိ (ငါးပိ)" ခေါ်တယ်ထင်တယ်။ ကိုယ့်ဒေသကတော့ "ငပိကြီး"လို့ပဲခေါ်ကြတယ်။ "ငါးငပိ (ငါးပိ)"ပါပဲ။) ကို ပလပ်စတစ်ဘူးထဲက၊ ပလပ်စတစ်အိတ်ထဲကနေ ဇွန်းနဲ့ကော်ပြီး လက်သုံးတော် သစ်သားဖြတ်စ စဥ့်နီတုံးပေါ် ပုံ။ ငါးအကောင်လိုက်လည်းပါရဲ့။ အကြေစလည်းပါရဲ့။ အနံ့ကတော့ပြင်းသား။ ငပိ (ငါးပိ) ယင်မအုံတော့တဲ့ခေတ်ဆိုတော့ ပိုးတွန့်ဖြူလေးတွေတော့မတက်ရှာပါဘူး။
လက်စွဲတော် ဓားမပဲ့လေးနဲ့ "တောက် တောက်၊တောက်တောက်" စိတ်ရှည်လက်ရှည် စင်းရတယ်။
အလျှားပြား၊ အနံကားလာတော့ ဓားနဲ့ခြစ်ခြစ်ပြီး ပြန်ပြန်လုံးတဲ့အခါ စဥ့်နီပြားပေါ်က သစ်စာအစလေးတွေ သိပ်များများမပါအောင် ခပ်ဖွဖွခြစ်လိုက်။ ပြန်စင်းလိုက်ပေါ့။
အရိုးစနကအစ ကြေလောက်တဲ့အထိ တော်တော်လေး "တောက် တောက်"ပြီးတဲ့အခါကြတော့မှ ရိတ်ရိတ်လှီးထားတဲ့ "စပါးလင်"ထည့်။ ရောပြီးထပ်စင်း။
ခနနေတော့ ငြုပ်သီးစိမ်းထည့်။ ရောပြီး ထပ်စင်း။ ငြုတ်(ငရုတ်) ဆုံရှိရင်တော့ အကြမ်းစင်းပြီး အညက်ထောင်းရင်ရမယ်ထင်တာပဲ။
အားလုံးရောလည်းရော၊ ညက်လည်းညက်လောက်ပြီထင်တော့ "ကိုငစွမ်း"ယူလာတဲ့ "ဆနွင်းရွက်"ထဲက မနုမရင့်တရွက်ကိုရွေး။ ဖုန်လေးဘာလေးသုတ်။ စဥ့်နီပြားပေါ်က ငပိစင်းပြီးသားကို ဓားနဲ့ခြစ်ကော်ကော်ပြီး အရွက်ထဲ စုပုံရှည်လေးထည့်။ ကျစ်ကျစ်လျစ်လျစ်ကလေးဖြစ်အောင် ဓားပြားလေးနဲ့ဖိရတယ်။
လက်နဲ့တော့ လုံးဝမထိဘူး။ လက်နံသွားမှာက "ဖူဂျီ" မနိုင်လောက်ဘူး။ ငြုတ်(ငရုတ်)သီးစိမ်းစင်းကလည်း အတော်ပူမှာ။ လက်မှာ အပဲ့၊ အနာများရှိလို့ကတော့ ဘာပြောကောင်းလိုက်မလဲ။
ငပိစင်းထည့်ထားတဲ့ "ဆနွင်းရွက်"ကို စင်းထားတဲ့ငပိတွေ ထွက်မကျအောင် အနားတွေသေချာခေါက်လိပ်ကလေးလိပ်။ နောက်ထပ် အရွက်လွတ်တရွက်ထဲကို မှောက်တင်။ သိပ်၊ ခေါက်၊ ထုတ်ပြီး နှီးနဲ့ ကျစ်ကျစ်၊ သပ်သပ်ယပ်ယပ်ဖြစ်အောင် ကောက်ညှင်းမုန့်ထုပ်ကလေးစည်းသလိုမျိုး သုံးနေရာလောက် ခွဲစည်းလိုက်တယ်။
ဖုတ်ဖို့ရယ်ဒီဖြစ်တော့ ကိုယ်လုပ်နေတာကို ရပ်ပြီးကြည့်နေတဲ့ "ကိုငစွမ်း"ကို ဝါးခြောက်မီးလေး ဖိုပေးဖို့မျက်နှာချိုသွေးရတယ်။
ဒီကောင်ကငပြင်း။ မျက်နှာကြီးမကြည်မသာနဲ့ ခိုင်းတာတော့လုပ်ပေးရှာပါတယ်။ တခြားဟာသာဖင်ပေါ့တာ။ အလုပ်ဆိုရင်တော့ ဟိုရွှေ့ဒီရွှေ့လုပ်နေကြ။
ပြင်းဆို အိမ်မှာလည်း ဘာမှလုပ်ဖူးတာမဟုတ်ပါဘူး။ သူကအဘိုးအဘွားနဲ့နေလာခဲ့တဲ့ တယောက်ထဲသောမြေး။ ဖအေက"မလေး" မှာ အလုပ်သွားလုပ်နေတာကြာပြီ။ ကျောင်းကတန်းလန်းနဲ့။
အလုပ်ဆိုလို့ လူမှုကယ်ဆယ်ရေးအသင်းတခုမှာ "ဗော်လံတီယာ"လုပ်ဖူးတာပဲရှိတာ။
"ကိုဗစ်"တွေတအားဖြစ်တုန်းက၊ လူတွေအိမ်ပြင်မထွက်ရဲကြတဲ့အချိန်၊ "ဒီတိုင်းနေလည်း ငါသေချင်သေမှာ။ သေတောင်အဓိပ္ပာယ်ရှိပြီးသေချင်တယ်"...လို့တွေးပြီးတော့ အိမ်ကနေဇွတ်ထွက်။ လူမှုရေးအသင်းမှာသွားလုပ်တော့တာ။ သူ့အဘွားဆို တငိုငို၊ တယိုယိုနဲ့ကိုဖြစ်လို့။
အသင်းမှာ သူက အတော်အသုံးတည့်ခဲ့တာပေါ့။ ငယ်ကလည်းငယ်။ သွက်ကလည်းသွက်။ မကြောက်မလန့်၊ မရွံမရှာနဲ့။ သတ္တိလည်းကောင်းလွန်းလို့ ကြီးတဲ့သူတွေက အန္တရာယ်ဖြစ်မှာစိုးလို့ ခနခနသတိပေးရတယ်။
သူက ကားလည်းမောင်းတတ်သူဆိုတော့ လူနာသယ်။ လူနာပို့။ နေ့နေ့ညည မငြင်းဘူး။ ယုတ်စွအဆုံး "မီးသင်္ဂြိုလ်" တဲ့ကိစ္စကအစ ညဥ့်နက်သန်းခေါင်ဆိုလည်း မတွန့်ဘူး။ "ကိုဗစ်တွေ"ဆိုတော့ ချက်ချင်းစီစဥ်ကြရတာလည်းရှိတာကိုး။
PPE နဲ့ဆိုပေမယ့်လည်း အန္တရာယ်ကတအားကြီးတာ။ ဝတ်ထားတော့တအားပူ။ ချွတ်ပြီးတော့လည်း ဆေးချိုးကြရသေး။ တချက်မှားလို့မရဘူး။ အိမ်ပြန်လို့မရဘူး။ အဲဗားကွာရတင်း။
သူတို့အတွေ့အကြုံတွေထဲမှာ ဘုန်းကြီးတပါး "ကိုဗစ်"နဲ့ ပျံလွန်တော်မူလို့ညကြီးအချိန်မတော် သင်္ဂြိုလ်ရတဲ့အကြောင်းပြောတာများ "ငိုအားထက်...."ဆိုတာမျိုးပါပဲ။
ရှေ့က dead body တခုလျှို့ထားတာ မီးမကျသေးခင်၊ ထပ်ရောက်သွားတာ။ လျှို့တဲ့သူကမရှိ။ သူနဲ့တခြားတယောက်နဲ့ပဲ သုဿန်မှာရှိသတဲ့။
ပါလာတဲ့ dead body ကြီးကို၊ နှစ် ယောက်သား ခြေရင်းဘက်က တယောက်၊ ခေါင်းရင်းဘက်က တယောက် မပြီး၊ "ဝမ်း...တူး...သရီး..." ဆိုပြီး မီးပုံပေါ်ပစ်တင်ခဲ့ရသတဲ့။ နောက်နေ့မနက်ကြမှ သေချာလောင်မီးကျရဲ့လား သွားကြည့်ရသတဲ့။
အခု ငပိဖုတ်ဖို့ ဝါးခြောက်မီးမွှေးရင်း အဲ့တာများ သွားသတိရနေသေးလားတော့မသိ။ မီးတော့ကုန်းမှုတ်နေလေရဲ့။
မီးရတော့ ငပိထုပ်ကလေးကို ဝါးညှပ်လေးနဲ့ကိုင်။ မီးတောက်တုန်း မီးညွန့်ပြ။ မီးကျတော့ ပြာပူထဲထည့်။ ငပိထုပ်ကလေးက အရည်စပ်စပ်နဲ့ အမြှုပ်လေးတွေ တစိုစိုဖြစ်လာတယ်။
ဝါးခြောက်မီးထပ်ထည့်လိုက်။ ပြာပူအုပ်လိုက်နဲ့ ဆနွမ်းရွက်နံ့သင်းသင်းလေးထွက်လာ။ ငပိဖုတ်နံ့ သင်းသင်းလေးထွက်လာ။ အတော်ကြာတော့ ဆနွင်းရွက်လေးတွေ ခြောက်တူးတူးလေးဖြစ်လာတော့ ငပိဖုတ်ခြင်းကိစ္စကိုအဆုံးသတ်လိုက်တယ်။
ငပိဖုတ်ထုပ်ကလေးကို သေချာဖြည်ပြီး စတီးရည်သုတ် ဒန်ခွက်ကလေးထဲပြောင်းထည့်။ "တယောက်"ယူ လာပေးထားတဲ့ စက်ပဲဆီစစ်စစ် လက်ကျန်လေး ဗူးခါချပြီး ဆမ်းလိုက်တော့၊ ကော်မြည်းမလို့ခပ်သွက်သွက်ရောက် လာတဲ့ "ကိုငစွမ်း"လက်ကို အထုပ်ထဲကငပိပူကော်ထုတ်ထားတဲ့ဇွန်းဖင်နဲ့ မိတ်ဆက်ပေးလိုက်ရသေးတယ်။
ငပိကြီးမီးဖုတ် ကိစ္စပြီးတော့မှ ဟင်းချိုကိစ္စဘက် လှည့်ရတော့တယ်။
ဒယ်အိုးကိုမီးဖိုပေါ်တင်။ ဒယ်အိုးခြောက်တော့မှ စပ်ဆီလေးတဇွန်းလောက်ထည့်။ ဆီပူတော့ ဆနွင်းမှုန့်လေးနဲနဲထည့်။ မုန့်ထုပ်အဟောင်း ပလပ်စတစ်အိတ်အထူထဲ ရောထည့်ပြီး စဥ့်နီပြားပေါ်တင် အပေါ်က သစ်သားပြားနဲ့ ဖွဖွရိုက်ပြီးချေထားတဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ ထည့်။
ရှဲရှဲမြည်ပြီး အနံ့လေးဘာလေးသင်းလာပြီး နည်းနည်းဆီခမ်းသလိုဖြစ်လာတော့မှ ရေနွေးတော်တော်များလေး လောင်းထည့်လိုက်တယ်။ ပြီးတော့မှ အချိုနဲ့ အငံအတွက် ပုဇွန်ငပိ လက်နှစ်ဆစ်စာလောက် ပစ်ထည့်ပြီး ဒယ်အိုးဖုံးအုပ်ထားလိုက်တယ်။
အိုးအပွက်စောင့်ရင်း ခုနက "ကိုငစွမ်း"ခူးလာတဲ့ အရွက်တွေ ရေဆေးထားလိုက်တယ်။
"ဗွပ်ဗွပ်၊ ဗွပ်ဗွပ်"နဲ့ ဆူလာတော့ အိုးဖုံးကိုဖွင့်လိုက်တယ်။ အမြှုပ်တွေဆူထ။ ထွက်လာတဲ့အငွေ့တွေရဲ့ အနံ့လေးကသင်းတမြမြဖြစ်နေပြီ။ ပုဇွန်ငပိနံကလေးက မွှေးလို့။
ကသော့ရိုင်းသီးလေးတွေကို အရင်ချွေထည့်လိုက်ပြီး အိုးကိုပြန်ဖုံးထားလိုက်တယ်။ သူက အခွံနဲနဲနူးဖို့ ပြုတ်ချိန် ပိုလိုအပ်တယ်ထင်လို့ပါ။
ခဏနေတော့မှ အိုးပြန်ဖွင့် အရွက်စုံ ကို သင့်ရုံအရွယ် လက်နဲ့ပဲ ဆုတ်ညှစ်လှည့်ဖြတ်ပြီး ပစ်ထည့်လိုက်တယ်။ အိုးပြန်ဖုံးထားလိုက်တယ်။ အရွက်တွေနွမ်းရင် အိုကေပြီ။ စားလို့ရပြီ။
ဟင်းအိုးတည်ထားတုန်း။ ဆေးစရာရှိတာဆေးကြောသန့်စင်။ ထမင်းပွဲပြင်။ ငပိကြီးဖုတ် စတီးရည်သုတ် ဒန်ခွက်ကလေး တည်။ အိုကေ။ စားကြမယ်ဟေ့ကောင်းကောင်း။ မီးဖိုပေါ်က ဟင်းချိုအိုးချ...ပေါ့။
"ဟိုက်..."။
အဲ့ဒီမှာ စတွေ့တာပဲ။
ဟင်းအိုးလှပ်လိုက်တော့ အရည်ကခန်းပြီးနဲနေတယ်။ အရွက်တွေကလည်း အစိမ်းတုန်းကသာများသလိုဖြစ်နေတာ၊ နွမ်းသွားတော့ ကျစ်သွားတယ်။ ဟင်းခတ်မယ့် လက်အရေအတွက်နဲ့ အတော်မသင့်မြတ်ဘူးဖြစ်နေတယ်။ ငပိကြီးဖုတ်ကအရံဟင်းမို့ ထည့်ထားတဲ့ ခွက်ကလေးပါ အန္တရာယ်မကင်းဖြစ်သွားနိုင်တယ်။
ကိုင်း..."ကိုငစွမ်း"ရေ...ကြံပါဦး။ အရွက်ကလေး ဘာလေးအမြန်ထပ်ရှာဦးမှရမယ်။ ဟင်းက အရွက်ထပ်ထိုးဦးမှရမယ်။
ကိုငစွမ်းက အကြောက်အကန်။ ဘယ်လိုလုပ် ကောင်းမှာလည်းဆိုပြီးငြင်းဆန်။ "ဒိုင်ယာလော့" အဆင်မပြေ။ "ဒစ်စကတ်" အဆင်မပြေနဲ့ပဲ နောက်ဆုံးကြတော့ သဘောတရားကို လက်တွေ့ကဦးဆောင်သွားပြီး အနီးဆုံးမှာရှိတဲ့၊ ရွက်နုတောင် ကောင်းကောင်းထွက်ခွင့်မရရှာတော့တဲ့၊ "ပေါက်ပန်းဖြူ"ပင်လေးခမျာ "ကိုငစွမ်း"ရဲ့ လက်ဆိတ်ရာအောက် ကွေးတခါ၊ ကောက်တလှည့် ကျရောက်ရှာပါတော့တယ်။
ခြံစပ်နားက ဝါးဒလက်ရုံပေါ်က အရွယ်မတိုင်သေးတဲ့ ပဲတိုင်ထောင်ရှည်လေး ငါးတောင့်ပါ အဆစ်ပါသွားရှာတယ်။
ဟင်းချိုအိုးကို မီးဖိုဘေးအသာချ။ ရေနွေးလက်ကျန်နဲ့ ဒန်အိုးမဲလေးကို မီးဖိုပေါ်ကောက်တင်။ ဆားလေးနဲနဲပစ်ထည့်။
ရေနွေးပွက်ပွက်ဆူတော့ ပေါက်ပန်းဖြူရွက်ကလေးတွေကို အရိုးကစုကိုင်ပြီး အိုးထဲအရွက်သပ်ချ။ ပဲတောင့်ရှည်လေးတွေကို လက်နှစ်ဆစ်အရှည်မှန်းပြီး အိုးထဲဆိတ်ထည့်။
ပွက်ပွက်ဆူပြီး အရွက်ကလေးတွေနွမ်းလောက်တော့ မီးဖိုဘေးပြန်ချ။
ဟင်းချိုဒယ်အိုးကို မီးဖိုပေါ်ပြန်တင်။ မီးနဲနဲပြန်နှုတ်။ ဒန်အိုးထဲက အရွက်၊ ပဲသီး ဆားပြုတ်ကို ဒယ်အိုးထဲ ပြန်သွန်ချ။ "ဗွပ်ဗွပ်"ဖြစ်ရုံ ခနတည်။
အားလုံးကိုမြန်မြန်သွက်သွက်လုပ်ရတာပေါ့။ ခူးထားတဲ့ထမင်းပန်းကန်လေးတွေက မျက်နှာကျောမာမာနဲ့ စောင့်ကြည့်နေကြပြီလေ။
ဟင်းချိုအိုးထဲမှာတော့...
နွမ်းတဲ့အရွက်ကနွမ်း။ ကြေတဲ့အရွက်က ကြေ။
ပေါက်ပန်းဖြူရွက်တွေက စိမ်းဖန့်ဖန့်အနံ့နဲ့ ကျက်ရတော့မှာလိုလို။ မကျက်ရသေးဘူးလိုလိုဖြစ်။
ပဲတိုင်ထောင်ရှည်သီးလေးတွေ ကတော့ ဆတ်တောက်၊ ဆတ်တောက်နဲ့ပဲရှိနေသေး။
ကသော့ရိုင်းသီးလေးတွေက အပေါ်ကျောလေးတွေ ချုံ့တာချုံ့။ ကျုံ့တာကျုံ့နဲ့။
"ငပိကြီးမီးဖုတ်"ခမျာမှာတော့ မျက်နှာကို မဲလို့ရယ်။
ဒီသစ်
(၆၊ ၁၀၊ ၂၀၂၂)
(1:20 p.m)
#Credit: (ကိုခင်လွန်း ဆွဲထားတဲ့ပုံလေးရဲ့(မျက်လုံးလေးတွေက ကျနော့်ကိုဖမ်းစားနေကြလို့ ကူးယူဖော်ပြမိပါတယ်။)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar