Breaking News

မာန်သီဟထွန်း – စိုက်ပျိူးရေး ပြောင်းလဲမှုကြီးနဲ့ လိမ်လည်မှု






မာန်သီဟထွန်း – စိုက်ပျိူးရေး ပြောင်းလဲမှုကြီးနဲ့ လိမ်လည်မှု

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) ဇွန်  ၁၄ ၊ ၂၀၁၉ 

စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

Sapiens – 30

တချိန်တုန်းက စိုက်ပျိုးရေးပြောင်းလဲမှုကြီးဆိုတာ လူသားတွေရဲ့ ခုန်ပျံကျော်လွှားတိုးတက်မှုကြီးတစ်ခုလို့ ပညာရှင်တွေ ကြွေးကြော်ခဲ့ကြတယ်။ လူသားတွေရဲ့ ဦးနှောက်စွမ်းအားက တွန်းပို့လိုဖြစ်လာတဲ့ တိုးတက်မှုတွေအကြောင်း ပြောခဲ့ကြတယ်။ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်က ပိုဉာဏ်ကောင်းတဲ့ လူသားတွေကို တဖြည်းဖြည်းမွေးထုတ်ခဲ့တယ်။ နောက်ဆုံးတော့ လူသားတွေဟာ အရမ်းသိမြင်လိမ္မာလာတော့ သဘာဝတရားရဲ့လျို့ဝှက်ချက်တွေကို နားလည်လာပြီး သိုးတွေကို ယဉ်အောင်မွေးပြီး ဂျုံတွေ စိုက်ပျိုးလာနိုင်ခဲ့ကြတယ်။ အဲဒီလိုဖြစ်လာတာနဲ့ တပြိုက်နက် လူသားတွေဟာ ခက်ခဲကြမ်းတမ်းပြီး ဘေးအန္တရာယ်များတဲ့ အမဲလိုက်ရှာဖွေစားသောက်သူဘဝကို ပျော်ပျော်ကြီး စွန့်လွှတ်လိုက်ကြပြီး အေးချမ်းတည်ငြိမ် ကျေနပ်စရာကောင်းတဲ့ လယ်သမားဘဝကို ခံစားဖို့ အခြေတကျ နေထိုင်ခဲ့ကြပါတယ်။

အဲဒါဟာ စိတ်ကူးပုံပြင်သက်သက်ပါ။ အချိန်ကြာလာတာနှင့်အမျှ လူသားတွေဉာဏ်ပိုကောင်းလာကြတယ်ဆိုတာ ဘာအထောက်အထားမှ မရှိပါဘူး။ စိုက်ပျိုးရေးပြောင်းလဲမှုကြီး မတိုင်ခင်ကတည်းက သဘာဝတရားရဲ့လျှို့ဝှက်ချက်တွေကို ရှာဖွေစားသောက်သူတွေ သိခဲ့ကြတာပဲ။ ဘာလို့လဲဆိုတော့ သူတို့အသက်ရှင်ကျန်ဖို့ဟာ သူတို့ရှာဖွေစားတဲ့အပင်တွေ၊ အမဲလိုက်ခဲ့တဲ့အကောင်တွေနဲ့ပတ်သက်လို့ ထဲထဲဝင်သိတဲ့ ဗဟုသုတအပေါ်မှာ မူတည်တာကိုး။ 

စိုက်ပျိုးရေးပြောင်းလဲမှုကြီးဟာ အေးဆေးသက်သာတဲ့ ခေတ်တစ်ခုရဲ့ရှေးပြေး ဆိုတာထက်.. ဒီပြောင်းလဲမှုကြီးက ရှာဖွေစားသောက်သူဘဝနဲ့ယှဉ်လိုက်ရင် အများအားဖြင့် ပိုမိုခက်ခဲပြီး ကျေနပ်စရာမကောင်းတဲ့ဘဝကိုပဲ တောင်သူလယ်သမားတွေကို ပေးခဲ့တာပါ။ အမဲလိုက်ရှာဖွေစားသောက်သူတွေဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ရှင်သန်မှုအမျိုးမျိုးနဲ့ အသက်ရှင်ခဲ့ကြတယ်။ အစာငတ်ပြတ်ခြင်း၊ ရောဂါ စတဲ့အန္တရယ်တွေကြောင့် ဒုက္ခရောက်တာလည်း ပိုနည်းခဲ့တယ်။ စိုက်ပျိုးရေးပြောင်းလဲမှုကြီးက လူသားမျိုးနွယ်အတွက် ရှိနေတဲ့ စုစုပေါင်း အစားအစာပမာဏကို ပွားများစေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အစားအသောက်ပိုလျှံမှု ရှိလာတယ်ဆိုတိုင်းလည်း ပိုကောင်းတဲ့စားသောက်မှုတွေဖြစ်လာတာ၊ ဇိမ်နဲ့နေလို့ရသွားတာ မဟုတ်ပါဘူး။ အဲဒီအစား လူဦးရေပေါက်ကွဲမှု နှင့် ခွင့်ထူးခံလူတန်းစားတွေသာ ရှိလာခဲ့ပါတယ်။ သာမန်လယ်သမားတစ်ယောက်ဟာ သာမန်ရှာဖွေစားသောက်သူတစ်ယောက်ထက် အလုပ်ပိုကြိုးစားလုပ်ရတယ်။ ဒါပေမယ့် အပြန်အလှန်အနေနဲ့ ပိုဆိုးတဲ့ အစားအစာပဲ စားရတာ။ 

စိုက်ပျိုးရေးပြောင်းလဲမှုကြီးဆိုတာ လူ့သမိုင်းရဲ့ အဆိုးဆုံးလိမ်လည်မှုကြီးပါ။

ဒါ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ ဘုရင်တွေ၊ ပုရောဟိတ်တွေ၊ ကုန်သည်တွေစတဲ့ တစ်ဦးတစ်ယောက်ရဲ့ အပြစ်မှ မဟုတ်ပါဘူး။ တကယ့်လက်သည်တွေက ဂျုံ၊ စပါး၊ အာလူး စတဲ့ လက်တဆုပ်စာ အပင်မျိုးစိတ်တွေပါ။ လူတွေက ယဉ်ပါးအောင်လုပ်လိုက်တယ်ဆိုတဲ့အစား ဟိုမို ဆေပီယန်စ်တွေကို ဒီအပင်တွေက ယဉ်ပါးအောင်လုပ်ခဲ့တာပါ။

ဒီစိုက်ပျိုးရေးပြောင်းလဲမှုကြီးဆိုတာကို ဂျုံပင်ဘက်ကအမြင်ကနေ ခဏလောက် မြင်ကြည့်ပါ။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က ဂျုံပင်ဆိုတာ မြက်ရိုင်းတွေထဲက တစ်ခုပါပဲ။ အရှေ့အလယ်ပိုင်းဒေသမှာပဲ သူ့ဟာသူအေးဆေး ပေါက်နေခဲ့တာ။ ဒါပေမယ့် တမဟုတ်ချင်းပဲ ထောင်စုနှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ပေါက်ရောက်ကုန်တော့တာပဲ။ အသက်ရှင်သန်မှုနှင့်မျိုးပွားမှုတို့အတွက် ဆင့်ကဲပြောင်းလဲခြင်း အခြေခံ စံနှုန်းတွေနဲ့ကြည့်မယ်ဆိုရင် ကမ္ဘာကြီးရဲ့သက်တမ်းတစ်လျှောက်မှာ အောင်မြင်မှုအရှိဆုံး အပင်တွေထဲမှာ ဂျုံပင်ဟာ တစ်ခုအပါအဝင်ပါပဲ။ မြောက်အမေရိတိုက်က လွင်ပြင်ကြီးတွေမှာ လွန်ခဲ့တဲ့နှစ် ၁၀,၀၀၀ က ဂျံုတစ်ပင်မှ မပေါက်ခဲ့ပါဘူး။ ဒီနေ့အချိန်မှာဆို အဲဒီမှာ တခြားဘာအပင်မှမတွေ့ရဘဲ ကီလိုမီတာရာနဲ့ထောင်ချီတဲ့ ဂျံုခင်းထဲ သင်ဖြတ်သွားနိုင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးက ဂျံုတွေဟာ ကမ္ဘာ့မျက်နှာပြင်ရဲ့ ၂.၂၅ စတုရန်းကီလိုမီတာလောက်ကို ဖုံးလွှမ်းထားကြတယ်။ အဲဒါဟာ ဗြိတိန်နိုင်ငံရဲ့ ဆယ်ဆနီးပါး ရှိတယ်။ ဒီမြက်ပင်ဟာ ဘာမှမဟုတ်တဲ့အဖြစ်ကနေ နေရာတကာတွေ့ရတဲ့အထိ ဘယ်လိုများဖြစ်သွားပါလိမ့်။

ဟိုမို ဆေပီယန်စ်တွေကို ယဉ်ပါးအောင်လုပ်လိုက်လို့ ဂျုံပင်တွေ ခုလိုအားသာချက်တွေရှိသွားတာပါ။ ဒီလူဝံ(လူသား)တွေကတော့ အမဲလိုက်ရင်း၊ ရှာဖွေစားသောက်ရင်း လွန်ခဲ့တဲ့ နှစ် ၁၀,၀၀၀ လောက်က တော်တော်လေးသက်သာတဲ့ဘဝကို နေခဲ့ရတာ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဂျုံကိုစိုက်ပျိုးတဲ့ဘက်ကို စတင်ပြီး အားစိုက်သထက် စိုက်လာခဲ့ကြတယ်။ နောက်ထောင်စုနှစ် အနည်းငယ်အတွင်းမှာပဲ ကမ္ဘာတစ်ဝှမ်းကလူတွေဟာ မိုးလင်းကနေ မိုးချုပ်အထိ ဂျံုပင်တွေကိုဂရုစိုက်တာကလွဲလို့ တခြားဘာမှ သိပ်မလုပ်ကြတော့ဘူး။ ဒါဟာ လွယ်တော့ မလွယ်ခဲ့ဘူး။ ဂျုံကိုစိုက်တဲ့အခါ အရမ်းအားထုတ်ရတယ်။ ဂျံုတွေဟာ ကျောက်တုံး၊ ကျောက်စရစ်တွေ မကြိုက်ဘူး။ ဒီတော့ ဆေပီယန်စ်တွေ ခါးကျိုးမတတ် ဂျံုခင်းတွေကိုရှင်းလင်းရတယ်။ ဂျုံပင်ဟာ တခြားအပင်တွေနဲ့ ရေ၊ မြေဆီ၊ နေရာ စတဲ့အရာတွေ မျှတတ်တာမျိုး မဟုတ်ဘူး။ ဆိုတော့ ပူခြစ်နေတဲ့နေပူအောက်မှာ ယောက်ျားတွေ၊ မိန်းမတွေဟာ နေ့ပေါင်းများစွာ ပေါင်းနှုတ်ရတယ်။ ဂျုံပင်နေမကောင်းဖြစ်တဲ့အခါ ဆေပီယန်စ်တို့ဟာ ပိုးကောင်တွေ၊ အပင်ရောဂါတွေကနေ သတိထားကာကွယ်ပေးရတယ်။ ဂျုံဟာ သူ့ကိုစားတဲ့ ယုန်၊ ကျိုင်းအုပ် စတဲ့သတ္တဝါတွေကိုလည်း ကာကွယ်နိုင်တာမဟုတ်ဘူး။ ဒါနဲ့ပဲ လယ်သမားတွေက ဂျုံခင်းကို စောင့်ကြပ်ကာကွယ်ရတယ်။ ဂျုံပင်တွေ ရေငတ်ပြီဆိုလည်း လူသားတွေဟာ ချောင်းတွေ၊ မြောင်းတွေကနေ ရေခပ်ပြီး ရေလောင်းရတယ်။ ဂျုံပင်တွေ ဗိုက်ဆာလို့ပဲ ဆေပီယန်စ်တွေဟာ တိရိစ္ဆာန်မစင်တွေတောင်စုကျံုးပြီး ဂျုံပင်တွေပေါက်တဲ့မြေကြီးကို အာဟာရကျွေးရတယ်။

ဟိုမို ဆေပီယန်စ်တွေရဲ့ ကိုယ်ခန္ဓာဟာ ခုလိုမျိုးအလုပ်တွေအတွက် ဆင့်ကဲပြောင်းလဲ လာခဲ့တာမဟုတ်ဘူး။ ဒီခန္ဓာကိုယ်တွေက ပန်သီးပင်တွေတက်ဖို့၊ ဂဇဲဆိတ်တွေလိုက်ဖို့ပဲ အသားကျတာ။ ရေပုံးတွေသယ် ကျောက်ခဲတွေရှင်းဖို့မဟုတ်ဘူး။ ဒီတော့ လူတွေရဲ့ ကျောရိုး၊ ဒူး၊ လည်ပင်း နှင့် ညှပ်ရိုးတွေဟာ ဒီဒဏ်တွေခံရတာပဲ။ ရှေးခေတ်လူရိုးစုတွေကို လေ့လာကြည့်တဲ့အခါမှာ သူတို့ဟာ စိုက်ပျိုးရေးကို ကူးပြောင်းလိုက်လို့ အသေးစားနေမကောင်းမှုတွေ လိုတာထက်ပိုဖြစ်ခဲ့တာ တွေ့ရတယ်။ ဥပမာ အဆစ်လွဲတာ၊ ဒူလာ နှင့် အူကျရောဂါ တွေပေါ့။ ဒါ့အပြင် စိုက်ပျိုးရေးအလုပ်သစ်တွေကို အချိန်အများကြီးပေးရလို့ လူသားတွေဟာ သူတို့ဂျုံခင်းဘေးမှာပဲ အမြဲအခြေချ နေထိုင်ရပါတော့တယ်။ အဲဒီအရာက လူသားတွေရဲ့ လူနေမှုဘဝပုံစံကို လုံးဝပြောင်းလဲပစ်ခဲ့တယ်။ ကျွန်တော်တို့က ဂျုံကို ယဉ်ပါးအောင်လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဂျုံကသာ လုပ်ခဲ့တာပါ။ ‘domesticate’ဆိုတဲ့စကားလုံးဟာ domus ဆိုတဲ့ လက်တင်ဘာသာကလာပြီး ‘အိမ်’ လို့အဓိပ္ပါယ်ရပါတယ်။ ခုဆို အိမ်ထဲနေရတာ ဘယ်သူတွေပါလဲ။ ဂျုံပင်တွေ မဟုတ်ပါဘူး။ ဆေပီယန်စ် တွေပါ။


Sapiens - 31
တော်တော်လေးကောင်းမွန်တဲ့ဘဝကို စိတ်မချမ်းသားစရာကောင်းတဲ့ဘဝနဲ့ လဲလိုက်ရအောင် ဟိုမို ဆေပီယန်စ်တွေကို ဂျုံပင်တွေက ဘယ်လိုများ အယုံသွင်းခဲ့ပါသလဲ။ အဲဒီလို လဲလိုက်တဲ့အတွက် ဘာတွေပြန်ပေးခဲ့လို့လဲ။ ပိုကောင်းတဲ့ အစားအစာလည်း မပေးခဲ့ပါဘူး။ လူသားတွေဆိုတာ အစာအမျိုးစားပေါင်းစုံကိုစားမှသာ ရှင်သန်အဆင်ပြေတဲ့ အစုံစားလူဝံသတ္တဝါတွေဆိုတာ မှတ်မိကြဦးမယ် ထင်ပါတယ်။ စပါး၊ ဂျုံစတဲ့ နှံစားပင်တွေဟာ စိုက်ပျိုးရေးပြောင်းလဲမှုကြီးမတိုင်ခင်က လူသားတွေရဲ့ အစားအသောက်မှာ သေးငယ်အစိတ်အပိုင်းနေရာတစ်ခုမှာပဲ ရှိခဲ့တာပါ။ ဒီနှံစားပင်တွေကို အခြေခံတဲ့ အစားအစာဆိုတာဟာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ နည်းပါးပြီး ချေဖျက်ရခက်ပါတယ်။ ပြီးတော့ သွားတွေ၊ သွားဖုံးတွေအတွက်လည်း မကောင်းပါဘူး။

ဂျုံဟာ လူသားတွေကို စီးပွားရေးလုံခြုံမှုလည်း ပေးခဲ့မဟုတ်ပါဘူး။ လယ်သမားတစ်ယောက်ရဲ့ဘဝဟာ အမဲလိုက်ရှာဖွေ စားသောက်သူတစ်ယောက်လောက် ဘဝလုံခြံုမှု မရှိပါဘူး။ ရှာဖွေစားသောက်သူတွေဟာ အသက်ရှင်ဖို့အတွက် ဒါဇင်နဲ့ချီတဲ့မျိုးစိတ်အမျိုးမျိုး အပေါ်မှာ မှီခိုခဲ့ကြတယ်။ ဒါကြောင့် သိုလှောင်ထားတဲ့အစားအစာတွေ မရှိပေမယ့် ခက်ခဲတဲ့နှစ်ကာလတွေကို ကျော်ဖြတ်နိုင်ခဲ့ကြတယ်။ မျိုးစိတ်တစ်ခုကို ရှာဖွေစားသောက်ဖို့ မလွယ်တော့ဘူး ဆိုရင် တခြားမျိုးစိတ်တွေကို ပိုမိုအမဲလိုက်ရှာဖွေ စားသောက်နိုင်ပါတယ်။ စိုက်ပျိုးရေးလူ့အသိုင်းအဝိုင်းက လူတွေဟာ မကြာသေးမီအချိန်အထိပဲ သူတို့ယဉ်ပါးအောင်လုပ်ထားတဲ့ အပင်အနည်းစုကပဲ အစုလိုက်အပြံုလိုက် စားသုံးတဲ့ကယ်လိုရီအများစုကို ရကြတာပါ။ နေရာတော်တော်များများမှာ သူတို့ဟာ အဓိကအစားအစာတစ်ခုကိုပဲ မှီခိုကြတယ်။ ဂျုံ၊ အာလူး၊ စပါး စသည်ဖြင့်ပေါ့။ မိုးခေါင်လို့၊ ကျိုင်းအုပ်ကြီးတွေကျလို့၊ အဲဒီအဓိကအပင်တွေကို မှိုတွေကူးစက်ကုန်လို့ စတဲ့အရာတွေဖြစ်ပြီဆို လယ်သမားတွေ ထောင်နဲ့ချီ သန်းနဲ့ချီ သေကျေကြပါတယ်။

လူသားအချင်းချင်းရဲ့ အကြမ်းဖက်မှုကနေလုံခြုံအောင်လည်း ဂျုံက ကာကွယ်မပေးနိုင်ပါဘူး။ အစောပိုင်းလယ်သမားတွေဟာ သူတို့ရဲ့ရှာဖွေစားသောက်သူ ဘိုးဘေးတွေထက်မပိုရင်တောင်မှ အနည်းဆုံးတော့ သူတို့လိုပဲ ကြမ်းကြုတ်ခဲ့ကြပါတယ်။ လယ်သမားတွေမှာ ပိုင်ဆိုင်မှုတွေ ပိုရှိခဲ့ပြီး စိုက်ပျိုးဖို့ မြေတွေလည်းလိုပါတယ်။ ကိုယ့်စားကျက်မြေတွေကို အကြမ်းဝင်စီးတဲ့ အိမ်နီးချင်းအုပ်စုတစ်ခုဆီ ဆုံးရှုံးလိုက်ရတာဟာ အသက်ရှင်ခြင်းနှင့် အစာငတ်သေခြင်းထဲက တစ်ခုခုကို ရွေးရသလိုပါပဲ။ ဒါကြောင့် အချင်းချင်း အထူးတလည် သည်းခံခဲ့ကြမှာ မဟုတ်ပါဘူး။ ရှာဖွေစားသောက်သူအုပ်စုတစ်ခုဟာ ပိုမိုအင်အားတောင့်တင်းတဲံ တခြားပြိုင်ဘက်အုပ်စုတစ်ခုနဲ့ အလွန်တင်းမာကြပြီဆိုရင် တခြားတစ်နေရာကို ရွှေ့ပြောင်းသွားလို့ရပါတယ်။ အဲဒါဟာ ခက်ခဲအန္တရာယ်များပေမယ့် ဖြစ်နိုင်ပါသေးတယ်။ စိုက်ပျိုးရေးရွာတစ်ခုကို တခြားကြီးမားတဲ့ရန်သူက ခြိမ်းခြောက်လာလို့ အရှုံးပေးလိုက်ရတယ်ဆိုရင်တော့ လယ်ယာတွေ၊ အိမ်တွေ၊ စပါးကျီတွေ အကုန်လုံးကို ဆုံးရှုံးလိုက်ရတာပါပဲ။ ကိစ္စတော်တော်များများမှာ အရှုံးပေးရွှေ့ပြောင်းသူတွေဟာ အစာငတ်သေ ပျက်စီးသွားကြပါတယ်။ ဒါကြောင့် လယ်သမားတွေဟာ ကြံ့ကြံ့ခံရင်ဆိုင်ပြီး သေကျေတဲ့အထိ ပြန်လည်တိုက်ခိုက်တတ်ကြပါတယ်။

မနုဿဗေဒ နှင့် ရှေးဟောင်းသုတေသန လေ့လာမှုတွေအရတော့ ရိုးရိုးစိုက်ပျိုးနေထိုင်တဲ့ လူ့အဖွဲ့အစည်းတွေမှာ လူသားတွေအကြမ်းဖက်တာကြောင့် သေဆုံးကြတာ ၁၅ % ရှိပါတယ်။ အဲ့ဒီအထဲမှာမှ ၂၅ % သော သေဆုံးသူတွေက ယောက်ျားတွေပါ။ မျိုးနွယ်စုတွေ၊ ကျေးရွာတွေမှာ နိုင်ငံရေး ထိန်းကွပ်မှုတွေ မရှိဘူးဆိုရင်ပေါ့။ ယနေ့ခေတ် နယူးဂီနီယာက ဒါနီ လူမျိုးစုမှာတင်ပဲ ၃၀%သော ယောက်ျားတွေဟာ အကြမ်းဖက်မှုကြောင့် သေကြပါတယ်။ အင်ဂါ ဆိုတဲ့လူမျိုးစုမှာတော့ ၃၅% တောင်ရှိပါတယ်။ အီကွေဒေါမှာဆိုရင် ၅၀% သော အရွယ်ရောက်ပြီး ဝါအိုရနီလူမျိုး ယောက်ျားတွေဟာ တခြားတစ်ယောက်ယောက်က သတ်လို့သေကြပါတယ်။ အချိန်တွေကြာလာပြီး ကြီးမားတဲ့လူမှုကွပ်ကဲမှုတွေ တိုးတက်လာတော့မှပဲ အကြမ်းဖက်ခြင်းကို လူသားတွေ ထိန်းချုပ်နိုင်ပါတော့တယ်။ မြို့တွေ၊ တိုင်းပြည် နိုင်ငံတွေ ဖြစ်လာတဲ့အခါမှာပေါ့။ ဒါပေမယ့်လည်း ဒီလိုကြီးမားပြီး ထိရောက်တဲ့ နိုင်ငံရေးဖွဲ့စည်းမှုမျိုးတွေဖြစ်လာဖို့ နှစ်ထောင်နဲ့ချီ ကြာခဲ့ပါတယ်။

ကနဦးလယ်သမားတွေကို ကျေးရွာဘဝနေထိုင်မှုက လက်ငင်းအားသာချက်တွေတော့ ဆောင်ကျဉ်းပေးခဲ့ပါတယ်။ အအေးဒဏ်၊ မိုးရေ နှင့် တောရိုင်းတိရိစ္ဆာန် စတဲ့အရာတွေကနေ ကာကွယ်ပေးတယ်။ သို့ပေမယ့် ရိုးရိုးရွာသား တစ်ယောက်အတွက်တော့ အားသာချက်တွေထက် အားနည်းချက်တွေက ပိုများမယ်ထင်ပါတယ်။ ဒီနေ့ခေတ်လို အဆင်ပြေကြွယ်ဝတဲ့ လူ့အဖွဲ့အစည်းက လူတွေအတွက်တော့ ဒါကို တန်ဖိုးထားတတ်ဖို့ ခက်မှာပါ။ ကျွန်တော်တို့မှာ ပေါများကြွယ်ဝမှုနှင့် ဘဝအာမခံချက်တွေ ရှိတယ်။ ပြီးတော့ ဒီပေါများကြွယ်ဝမှုနှင့် ဘဝအာမခံချက်တွေဟာ စိုက်ပျိုးရေးပြောင်းလဲမှုကြီးဆိုတဲ့ အခြေခံအုတ်မြစ်အပေါ် တည်ဆောက်ထားတာဖြစ်လို့ စိုက်ပျိုးရေးပြောင်းလဲမှုကြီးဆိုတာကို အရမ်းကောင်းမွန်တဲ့တိုးတက်မှုကြီးလို့ ကျွန်တော်တို့ ယူဆကြပါတယ်။ 

ဒါပေမယ့် နှစ်ပေါင်းထောင်ချီတဲ့ အတိတ်သမိုင်းကို ယနေ့ခေတ်အမြင်နဲ့ဆုံးဖြတ်တာဟာ မှားပါတယ်။ အေဒီ ၁ရာစုက တရုတ်နိုင်ငံမှာ အဖေဖြစ်သူရဲ့ကောက်ပဲသီးနှံတွေ ပျက်စီးသွားလို့ အာဟာရချို့တဲ့ပြီး အသက်သေတော့မယ် ၃နှစ်သမီးလေးတစ်ယောက်ရဲ့အမြင်ကတော့ အမှန်တရားနဲ့နီးစပ်တဲ့အမြင် ဖြစ်ဖို့များပါတယ်။ အဲဒီကလေးမလေးက ‘ငါတော့ အာဟာရချို့တဲ့ပြီး သေရတော့မယ်။ ဒါပေမယ့် နောင်နှစ်ပေါင်း ၂၀၀၀ ကျရင် လူတွေမှာ စားစရာတွေ အများကြီးရှိပြီး အဲယားကွန်းတွေရှိတဲ့ အိမ်တွေမှာ နေကြမှာ။ အဲတော့ ငါအခုလို ဒုက္ခခံပေးဆပ်ရတာ တန်ပါတယ်လေ’ လို့ ပြောမယ်ထင်ပါသလား။

ဘာသာပြန် - မာန်သီဟထွန်း

ပုံတွေကို အောက်ပါလင့်တွေကနေ ယူပါတယ်။
http://www.angelfire.com/games2/warpspawn/PHW.html
https://www.ancient-origins.net/…/have-humans-always-gone-w…
https://www.123rf.com/photo_25582450_prehistoric-cave-paint…

ပုံတွေကို အောက်ပါလင့်တွေကနေ ယူပါတယ်။

https://www.bakeryandsnacks.com/…/Scientists-unveil-wild-wh…
https://www.ancient-origins.net/…/neolithic-revolution-0010…