Breaking News

မောင်စွမ်းရည် - တိုင်းတုန်တဲ့ စာလေးတစောင်





မောင်စွမ်းရည် - တိုင်းတုန်တဲ့ စာလေးတစောင်

(မိုးမခ) ဇူလိုင် ၂၊ ၂၀၁၉


မြန်မာစာပေသမိုင်းအစကလို့… အဆိုရှိတဲ့ ‘သူတည်းတယောက် ကောင်းဖို့ရောက်မှု’ အစချီတဲ့ ကဗျာ လင်္ကာလေးတပုဒ်ကို အခြေခံပညာကျောင်း ရောက်စမှာ သင်ခဲ့ရဖူးတယ်။ ဘုရင်ကြီးရဲ့ အမျက်ဒေါသကို ပြေအောင် ဖြေဖို့ ရေးဖွဲ့တာ ဖြစ်လို့ မျက်ဖြေလင်္ကာလို့ နှောင်းခေတ် ပညာရှိတွေက အမည်ပေးထားပါတယ်။

ကျွန်တော်တက္ကသိုလ် ရောက်စနှစ်၊ ၁၉၅၆ ခုနှစ်လောက်က သတင်းစာမှာ ဖတ်ခဲ့ရဖူးတဲ့ စာတစောင်ကတော့ ‘မျက်ဖြေ’ မဟုတ်ဘူး။ အမျက်ဒေါသကို ပွေစေ၊ များစေတာမို့ ‘မျက်ပွေစာလွှာ’လို့ ခေါ်ရမလား။ ‘မျက်ပွားစာလွှာ’လို့ ခေါ်ရမလား မပြောတတ်တော့ပါ။ အနန္တသူရိယအမတ်ကြီးဟာ သူ့ရဲ့ မျက်ဖြေလင်္ကာတပုဒ်နဲ့ သမိုင်းဝင် ဖြစ်သွားခဲ့သလို ကျွန်တော် ဖတ်ရတဲ့ သတင်းစာပါ စာလွှာလေးဟာလည်း တပုဒ်တည်းနဲ့ သမိုင်းဝင် ဖြစ်သွားလိမ့်မယ် ထင်ပါတယ်။

သတင်းစာမှာ ရေးထားတဲ့ စာက ရေးသူရဲ့ ဓာတ်ပုံလေး ပါရှိပါတယ်။ ကျွန်တော် မြင်ဖူး၊ သိဖူးသူ ဖြစ်ရုံမက ကျွန်တော်တို့ မြင်းခြံခရိုင်အတွင်းမှာ အားထားစံပြုခဲ့ရတဲ့ ကျောင်းသားကြီးတဦး ဖြစ်နေလို့ စိတ်ဝင်စားပြီး ဖတ်ရှုကြည့်မိခဲ့ပါတယ်။ ကျွန်တော်တို့ မြင်းခြံမြို့နယ်တဝိုက်မှာ ပညာထူးချွန်လို့ စံထားတဲ့အပြင် လူပုဂ္ဂိုလ်ချင်းကလည်း ညီအစ်ကိုလို လေးစားချစ်ခင်ရသူတဦး ဖြစ်ပါတယ်။ ကျွန်တော့်မိဘများကလည်း တဖွဖွ ပြောပြီး စံနမူနာယူဖို့ ပြောထားတဲ့ ကျောင်းသားကြီးတဦးလည်း ဖြစ်ပါတယ်။ ညီအစ်ကိုလို အားထား ချစ်ခင်ရတဲ့ ကျောင်းသားကြီးတဦးပါ။ သူ့နာမည်က ကိုလှထွန်းအောင်တဲ့။ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီ ဆိုတဲ့ နှစ်ရွာဆက် ရွာကြီးတရွာက ကျောင်းသားကြီးတဦးပါ။ သူတို့ရွာမှာ သူနဲ့ ရွယ်တူ သက်တူ ကျောင်းသားတွေ ဆယ်ယောက်လောက် မြင်းခြံမြို့ပေါ်ကို တက်ပြီး ကျောင်းနေခဲ့ကြပေမယ့် သူတယောက်တည်းပဲ ထူးချွန်ပေါက်မြောက် တက္ကသိုလ် ရောက်ခဲ့ပါတယ်။ သူ တက္ကသိုလ်က ဘွဲ့ရတဲ့ ၁၉၅၆ ခုနှစ်မှာ ကျွန်တော်က တက္ကသိုလ်ကို ရောက်ခါစပဲ ရှိပါသေးတယ်။

ကျွန်တော် တက္ကသိုလ်တောင် မတက်ရသေးဘူး။ သူက ဘွဲ့ရပြီးရုံမက သူ ရတဲ့ ဘီအေဘွဲ့ကို တက္ကသိုလ် အဓိပတိဝန်ကြီးချုပ် ဦးဣုဆီကို ပြန်အပ်သတဲ့။ ‘အံ့ရော အံ့ရော’လို့ အရပ်ပြောသလို ပြောရတော့မှာပေါ့။ တခါမှလည်း ဒါမျိုးကို မကြားဖူးသေးဘူးလေ။ မြင်းခြံ နွားထိုးကြီးမြို့နယ်အတွင်းမှာ ဘွဲ့ရသူဆိုလို့ တယောက်မှ မမြင်ဖူးသေးဘူး။ မြို့ပေါ်တက်ပြီး ကျောင်းနေတော့မှ ကိုယ့်ဆရာတွေကိုလည်း ဘွဲ့ရသူ တယောက် နှစ်ယောက်ကို မြင်ဖူးတာပါ။ အဲဒီကာလမှာ ‘ဟိုင်းယားဂရိတ်’လို့ ခေါ်ဝေါ်တဲ့ အထက်တန်းဆရာ ဖြစ်အောင်သူ ဆရာအိုကြီးများက အထက်တန်းတွေကို တက်ပြီး စာပြနေကြတာ ဖြစ်ပါတယ်။

အစ်ကို ကိုလှထွန်းအောင်က သူ ရတဲ့ ဘွဲ့ကို ဘာကြောင် ပြန်အပ်ရတာလဲဆိုတော့ ဖဆပလ အစိုးရ၊ ဦးနု အစိုးရက ကျောင်းသားတွေကို ကျောင်းထုတ်၊ ဖမ်းဆီး ထောင်ချနေလို့ပါ။ ကိုနု၊ ကိုအောင်ဆန်းတို့ ခေတ်တုန်းက တိုင်းတပါး နယ်ချဲ့အစိုးရ သူတို့ကို အာခံလို့ ကျောင်းထုတ်၊ ဖမ်းဆီး လုပ်တယ် ဆိုတာကို နားလည်ခဲ့ပေမယ့် လွတ်လပ်တဲ့ခေတ်မှာ ကိုယ့်အစိုးရက ကိုယ့်ကျောင်းသားတွေကို ခုလို ဖမ်းဆီး ထောင်ချ ကျောင်းထုတ်တယ် ဆိုတာ နားလည်လို့ မရနိုင်ခဲ့ဘူး။ နောက်မှ ‘အစိုးရ ဆိုတာ အစက ရိုးတာကိုး’လို့ သဘောပေါက်လာခဲ့ရပါတယ်။ နောင်အခါမှာ ဒီလို သတင်းစာမျိုးကို သိမ်းဆည်းထားတာ တွေ့ရင်တောင် အဖမ်းခံရမှာစိုးလို့ ဖျောက်ဖျက်ပစ်လိုက်ရပါတယ်။

အစ်ကို ကိုလှထွန်းအောင်ဟာ နောင်အခါ ရိုးရိုး ဘီအေဘွဲ့သမာက မဟာဝိဇ္ဇာ အမ်အေဘွဲ့ပါ ရခဲ့ပြီး နိုင်ငံခြား ပညာသင်တွေပါ သွားခွင့်ရအောင် စာတော်သူ ဖြစ်လာခဲ့ပါတယ်။ တက္ကသိုလ်တွေမှာ ရိုးရိုးဆရာ၊ ပါမောက္ခ ဖြစ်ရုံမက ပါမောက္ခချုပ် ကျောင်းအုပ် ဆိုတာမျိုးအထိ ကျွန်တော်တို့မြို့နယ်မှာ မကြားဖူးတာတွေ ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ရွာက သူတို့ရွာလောက် မကြီးဘူး။ ရွာမှာ ကျောင်းမရှိလို့ သူတို့ရွာမှာ သူ နေခဲ့ရတဲ့ကျောင်းမှာ စတုတ္ထတန်း တနှစ် နေခဲ့ရဖူးပါတယ်။ သူတို့ရွာက အိမ်ခြေ တထောင်လောက် ရှိပြီး ကျွန်တေ်ာတို့ရွာက အိမ်ခြေ တရာလောက်ပဲ ရှိတာပါ။

ကျွန်တော် တက္ကသိုလ်ရောက်တဲ့ ကာလမှာ ကျွန်တော်တို့ရွာမှာလည်း ကျွန်တော် တယောက်ပဲ တက္ကသိုလ် ကျောင်းသားရှိလို့ စံနမူနာစရာပေါ့။ ဒါပေမဲ့ ဘေးချော်ပြီး ကဗျာဘက်၊ စာဘက် လိုက်သွားလို့ စာမေးပွဲ ကျလိုက်တာ တဖုန်းဖုန်းနဲ့ဆိုတော့ စံနမူနာပြ မဖြစ်လာတော့တာပါ။ စံနမူနာပြ မဟုတ်တဲ့ လူအကြောင်းကို ဘေးချိတ်လိုက်ပြီး စံနမူနာပြ ကျောင်းသားကြီးက သူ့ဘွဲ့ကို ပြန်အပ်တဲ့ ပညာရေးသမိုင်းဝင် စာကလေး တစောင်ကိုတော့ စာကို ကိုလှထွန်းအောင်ကိုယ်တိုင် သိမ်းဆည်းထားခဲ့ဟန် တူပါတယ်။ သူ့သားက ကျွန်တော် ဖတ်ရအောင် လှမ်းပို့လိုက်လို့ အဟောင်းတွေ အသစ် ဖြစ်ရပါတယ်။


သမိုင်းဝင်စာလေး ဖြစ်လို့ ခုခေတ် ကျောင်းသားလူငယ်တွေ ဖတ်ဖူး၊ သိဖူးအောင် ပြန်လည်တင်ပြလိုက်ပါရစေ။ သတင်းစာထဲမှာ ပါခဲ့ဖူးတာ ဆိုတော့ ပိုင်ရှင်ကိုတော့ ခွင့်မတောင်းတော့တာ ခွင့်လွှတ်ပါ။

ဒီစာလေးကို ဖတ်ကြည့်ပြီး အတုယူဖို့ရယ်လို့ မဟုတ်ပါ။ သပိတ်မှောက်ဖို့၊ ဘွဲ့ပြန်အပ်ဖို့ မဟုတ်ပါ။ သမိုင်းတကွက်အဖြစ် သူ့ခေတ်နဲ့သူ ဖြစ်ခဲ့တာလေးကို အမှတ်တရ ပြန်လည်တင်ပြလိုက်တာပါ။ သတင်းစာထဲမှာ ပါတဲ့အတိုင်းပါ။

မောင်စွမ်းရည်