Breaking News

ကျော်မောင်(တိုင်းတာရေး) ● ရသတချို့ ပြန်လည်ရရှိခြင်း

ကျော်မောင်(တိုင်းတာရေး) ● ရသတချို့ ပြန်လည်ရရှိခြင်း
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၉

ရုံးပိတ်ရက်ဆိုတာ ပျင်းစရာပဲ။ ပျင်းစရာဖြစ်လို့ အိပ်ရာပေါ်မှာချည်း လှဲပြီး ဇိမ်ရစ်ကာ ဆက်ပျင်းနေပြန်ရင်လည်း အပျင်းရောဂါ ရတာနဲ့ ပြန်လည်နာလန်ထနိုင်အောင် အပြင်းစားကုထုံးတွေသုံးပြီး အချိန်ပေးရဦးမယ်၊ မဖြစ်ချေဘူး၊ မပျင်းအောင် ရှိတဲ့စ ာအုပ်တအုပ်လောက် ဖတ်မှ။

စာအုပ်စင်ပေါ်ကနေ ဆွဲလိုက်တဲ့ စာအုပ်က ဂန္ထဝင်စာပေလို့ပြောလို့ရပြီး လူကြိုက်များနာမည်ကြီးခဲ့တဲ့ ဝတ္ထုဖြစ်နေတယ်။ ဖတ်တယ်၊ တအုပ်လုံးပြီးတဲ့အထိ တထိုင်တည်းဖတ်တယ်။ အိပ်ရာပေါ်မှာ လဲှရင်းဖတ်တာမဟုတ်ဘူး၊ အိပ်ရာပေါ်မှာ ထိုင်လို့ ခေါင်းအုံးထူထူကျောမှာခံပြီး နံရံမှီကာ သက်တောင့်သက်သာပုံစံနဲ့ဖတ်နေတာလည်းမဟုတ်ဘူး၊ ထိုင်ခုံပေါ်မှာ အသေအချာ ထိုင်ပြီး စာအုပ်ကို စာကြည့်စားပွဲပေါ်မှာထားလို့ လက်ကကိုင် ဖတ်နေတာ။ တအုပ်လုံးဖတ်ပြီးသွားတော့ ဘာရလိုက်လဲ ပြန်စဉ်းစားတယ်။ ဖတ်နေစဉ်အတွင်းမှာရော ဖတ်ပြီးတဲ့အခါမှာရော ထူးထူးခြားခြား ခံစားမိတာ မဖြစ်တော့သလိုပဲ။ ဒီဝတ္ထု စာအုပ်ကိုဖတ်တာ ဒီအကြိမ်နဲ့ဆိုရင် လေးကြိမ်မြောက်ရှိပြီ။ ရှေ့သုံးကြိမ်လုံး ဖတ်ပြီးတိုင်း ရင်ထဲ တခုခုကျန်ခဲ့တယ်၊ အခု လေးကြိမ်မြောက်၊ ရင်ထဲ ဘာမှမကျန်။

ရင်ထဲဘာမှမကျန်လို့ မကျေနပ်ဖြစ်မိတယ်။ ထပ်ခါထပ်ခါဖတ်မိလို့ ဒီတကြိမ်မှာမှ အရင်က ဖြစ်ခဲ့တဲ့ ခံစားမှုမျိုးတောင် မဖြစ် တော့တာလားဆိုတာ စဉ်းစားကြည့်တယ်။ ဟုတ်တယ်၊ ဖတ်ပြီးသား စာအုပ်ဖြစ်လို့ အဟောင်းလည်း ပြန်မပေါ်ဘူး၊ အသစ် လည်း တိုးမရဘူး။ အဲဒီအတွက် ခြေလှမ်းသုံးလှမ်းလောက်လျှောက်ရင် ရောက်တဲ့ စာအုပ်စင်ပေါ်က နောက်ထပ် စာအုပ် တအုပ်ကို ထိုင်ရာက ထပြီး ထပ်ဆွဲတယ်။ ကြည့်လိုက်တော့ စာအုပ်ဆိုင်က တလောကမှ ဝယ်လာတဲ့ ဝတ္ထုစာအုပ်၊ လုပ်နေကြဖြစ်တဲ့ စာအုပ်အဖုံးတောင် မဖုံးဖြစ်သေး။

စာအုပ်တအုပ်ဝယ်မယ်ဆိုရင် ဖတ်ပြီးသူတွေ ရေးသားထားကြတဲ့ အဲဒီစာအုပ်အကြောင်း ဝေဖန်ချက်လေးတွေကို ရှာ ဖတ်ပြီးမှ ဝယ်လေ့ရှိတယ်။ ကောင်းတာချည်းပဲ ရေးထားကြတာ များတယ်ဆိုရင် ဒီစာအုပ်ဟာ တကယ်ရော ကောင်းရဲ့ လားဆိုတာ သိလိုစိတ်န့ဲ ဝယ်ဖတ်ဖြစ်တယ်။ အဲဒီလိုပဲ အတော်လေးကို သုံးစားမရတဲ့စာအုပ်ပဲလို့ ဝေဖန်ကြတာ များတဲ့ စာအုပ်ဆိုရင်လည်း ဘာကြောင့် ဒီလောက်ဆိုးရတာလဲဆိုတာကို စူးစမ်းလိုစိတ်နဲ့ ဝယ်ဖတ်ဖြစ်တယ်။ အဆိုးဖြစ်ဖြစ် အကောင်းဖြစ်ဖြစ် အစွန်းထွက်နေတဲ့ စာအုပ်တွေ ဖတ်လိုက်ရရင် တခုခုတော့ ကျန်စမြဲပဲ။ အခု ဆွဲလိုက်တဲ့ စာအုပ်ကတော့ အကောင်းရေးတဲ့သူလည်း ရှိတယ်၊ အဆိုးဘက်ကနေ ဝေဖန်ထောက်ပြတဲ့သူတွေလည်း မနည်းဘူး၊ ဒီလိုစာအုပ်မျိုးကိုလည်း ဖတ်လေ့ရှိတယ်။ ဒီလိုစာအုပ်မျိုးကနေ ရင်ထဲကျန်ခဲ့နိုင်တာတွေ ရှိတတ်လို့ပဲ၊ ဒါက စာဖတ်သက် အတွေ့အကြုံအရ ပြောရတာ။

တမနက်တည်းမှာကို နှစ်အုပ်မြောက်ဖတ်ဖြစ်တဲ့ အကောင်းအဆိုးဒွန်တွဲနေပါတယ်ဆိုတဲ့ ဝတ္ထုစာအုပ်အသစ်စက်စက်ဟာ လည်း နောက်ဆုံးစာမျက်နှာရောက်တဲ့အထိ ဘာမှကျန်အောင် မစွမ်းနိုင်တာကို အံ့သြစွာတွေ့လိုက်ရတယ်။ အချိန်က ထမင်းစားဖို့ အတွက် ပြင်ဆင်ရမယ့်အချိန်ကို ကျော်လွန်လာခဲ့ပြီ။ “ထမင်းထချက်ဖို့ ဟင်းထချက်ဖို့ထက် ဝတ္ထုစာအုပ်ထဲမှ ရစရာရှိသည်များကို မရမက ယူရဦးမည်ဆိုသည့် အသိက အစာစားချင်သောဆာလောင်စိတ်ကို ဝမ်းဗိုက်၏ တဂွီဂွီမြည်သံစွဲ အလင်္ကာဖြင့် ဆန္ဒပြုနေခြင်းအား အနိုင်ယူ လွှမ်းမိုးထားလေသည်”လို့ စာစီနိုင်လောက်တယ်။ အဲဒါနဲ့ပဲ စာအုပ်ကို အစအဆုံး နောက်တခေါက်ပြန်ဖတ်တယ်။ ဒုတိယတခေါက်ပြီးတဲ့အခါမှာလည်း ပထမတခေါက်လိုပါပဲ၊ ရင်ထဲဘာမှ မကျန်ခဲ့ပြန်ဘူး။ မကျန်ခဲ့ပြန်ဘူးဆိုတာမှာ ဟာတာတာကြီးဖြစ်တာလည်း မဟုတ်ပြန်ဘူး၊ ဟာတာတာဆိုတာ တခုခုရှိနေတာကို နှုတ်ယူလိုက် သလို ဖြစ်သွားလို့ ဟာတာတာဖြစ်တာ၊ ဝတ္ထုထဲက အကြောင်းအရာတွေဟာ စာဖတ်နေသူဆီကနေ ဘာတခုမှ နှုတ်ယူသွား သလို မခံစားရ။

စာအုပ်နှစ်အုပ်ဖတ်လိုက်ပေမယ့် ဘာမှ မရတဲ့အခါ၊ ရှိထားတဲ့ဟာလည်း ယူသွားခြင်း မခံရတဲ့အခါ မြင်ရကြားရတဲ့ ရုပ်ရှင် တကားလောက် ကြည့်ဖို့ စဉ်းစားမိတယ်။ ရုပ်ရှင်ကြည့်ပြီးမှ တခုခုဝယ်စားမယ်။ ဖုန်းကနေတဆင့် ရုပ်ရှင်ချိန်ကြည့်လိုက်တော့ ပြမယ့်အချိန်က တနာရီလိုသေးတယ်။ ရုပ်ရှင်ရုံရှိတဲ့ စူပါမားကတ်ရှိရာဆီ ဘတ်စ်ကားစီးသွားရင် တဆယ့်ငါးမိနစ်လောက်ကြာမယ်။ ကားစောင့်တဲ့အချိန်၊ စူပါးမားကတ်ကနေ ရုပ်ရှင်ရုံရှိရာဆီ လမ်းလျှောက်ရင်ကြာတဲ့အချိန် ပေါင်းလိုက်ရင် တဆယ့်ငါးမိနစ်လောက်ပဲ၊ အိမ်ကနေထွက်ဖို့ ပြင်ဆင်တာကလည်း တဆယ့်ငါးမိနစ်လောက်ကြာနိုင်တယ်၊ ရေမချိုးဘူး ဆိုရင်ပေါ့။ ဆယ့်ငါး သုံးလီ လေးဆယ့်ငါး။

ရုပ်ရှင်ကြည့်ဖို့အတွက် ပြင်ဆင်ရတာကလည်း မချောင်လှဘူး။ မျက်နှာသစ် ခြေလက်ဆေးပြီး လက်ရှည်တထည်ဝတ်လိုက်တယ်၊ ဂျင်းဘောင်းဘီရှည်ကောက်စွပ်လိုက်တယ်၊ အိမ်သော့ကို ဘောင်းဘီရဲ့ ဘယ်ဘက်ရှေ့အိတ်ကပ်ထဲ ထည့်လိုက်တယ်။ ရုံထဲမှာ တခါတလေဆို အေးတတ်တယ်၊ ပုဆိုးဝတ်သွားရင် အေးတဲ့ဒဏ်ကို မကာကွယ်နိုင်မှာ စိုးတယ်။ ခြေအိတ်တိုလှမ်းထားတာထဲက ခြောက်သွားတဲ့ ခြေအိတ်ဆင်တူ နှစ်ဖက်ကို ဆွဲဖြုတ်ယူလိုက်ပြီး ခြေဖဝါးတွေကို အဝတ်ဝတ်ပေးလိုက်တယ်။ ခြေအိတ်ဆင်တူနှစ်ဖက်ဆိုတာ ဝယ်ထားတဲ့ ခြေအိတ်အစုံတွေက အဆင်တူလေ့ရှိတယ်၊ ဘယ်ညာ အဆင်တူတာကို ရွေးလိုက်ရုံပဲ။ ခြေအိတ်စွပ်တာကို ခြေဖဝါးအဝတ်ဝတ်ပေးတာလို့ တင်စားကြည့်တာ၊ သင့်တဲ့ အသုံးတော့ မဟုတ်ပေဘူး။ တံခါးအပြင်မှာထားတဲ့ အားကစားဖိနပ်ကို စီးတယ်၊ အားကစားဖိနပ်ဆိုပေမယ့် အပြေးလေ့ကျင့်တဲ့အခါနဲ့ ဟိုနားဒီနားသွားတဲ့အခါမှာပဲ စီးတာ၊ ဒီဖိနပ်ဟာ ခြေအိတ်ဝတ်မထားဘဲ စီးရင် ခြေစေးအတော်ထွက်တာနဲ့ အနံ့ဟာ အင်မတန်နံတတ်တဲ့ ဖိနပ်ဖြစ်တယ်။ လမ်းကြုံရင် ဖိနပ်ဆိုင်မှာ အသစ်တရံလောက် ဝယ်မယ် စိတ်ကူးရင်း အိမ်တံခါးကို သော့ခတ်ကာ လှေကားကနေ ဝရုန်းသုန်းကား ပြေးဆင်းလိုက်တယ်။ နေတာက သုံးထပ်မြောက်အထပ်။

တိုက်ကထွက်တာနဲ့ ကားမှတ်တိုင်လို့ မည်မည်ရရ သတ်မှတ်မထားပေမဲ့ ခရီးသည်တွေ စောင့်တဲ့အတွက် ကားတွေရပ်ပေးလေ့ရှိတဲ့ ကြုံသလိုရပ် ကားမှတ်တိုင်ကို ရောက်တယ်။ အသင့်ဆိုက်လာတဲ့ ဘတ်စ်ကားပေါ်တက်လိုက်ကာမှ သတိရမိတယ်၊ ပေးစရာ ကားခ မယူလာခဲ့မိဘူး။ ကားခတင်ပဲလားဆို ရုပ်ရှင်ကြည့်ဖို့ လက်မှတ်ဝယ်ဖို့အတွက်နဲ့ တခုခုစားဖို့အတွက် ပိုက်ဆံမထည့်ခဲ့ဘူး။ အိမ်သော့ပဲ ဘောင်းဘီအိတ်ထဲ ထည့်ခဲ့တာ။ ဖုန်းတောင် ကိုင်ရမှာ လေးလို့ အိပ်ခန်းထဲ ထားခဲ့တယ်၊ ရုပ်ရှင်ကြည့်မယ့်ဟာ ဖုန်းဘာလုပ်မှာလဲ။ ကားဆရာက ကားကို မထွက်သေး၊ ပုံးထဲ ပိုက်ဆံမထည့်ဘဲ သူ့ကားပေါ်မှာ ကြောင်တောင်တောင်နဲ့မတ်တပ်ရပ်နေသူကို မသိမသာကြည့်တယ်။ ပြန်ဆင်းပြီး အိမ်ပေါ်တက် ပိုက်ဆံပြန်ယူတာကောင်းမလားလို့ တွေးနေတုန်း ...

“ဟေ့ကောင်ကြီး ဘယ်သွားမလို့လဲ”

ရင်းရင်းနှီးနှီးရှိလှတဲ့ မေးသံကြားလိုက်ပြီး အဲဒီမေးလိုက်တဲ့ အသံရှင်ဟာ သိတဲ့လူတယောက်ဖြစ်နေတယ်။ အိမ်က ဦးလေးရဲ့ ငယ်ပေါင်းမိတ်ဆွေ။ “မင်းကွာ ကားစီးတာ ကားခမေ့လာရတယ်လို့”ဆိုပြီး သူ့အိတ်ကပ်ထဲက ဘယ်လောက်ရှိမှန်းမသိတဲ့ ပိုက်ဆံတချို့ကို လုံးထွေးပြီး လာပေးတယ်။ လှမ်းပေးတဲ့အရွက်တွေထဲက ကျသင့်တဲ့ကားခကို ကားခထည့်ရတဲ့ ပုံးထဲအထည့် ကားဆရာကြီးက တချက်ပြုံးပြပြီး ကားကို မှတ်တိုင်ကနေ ထွက်ဖို့ပြင်တယ်။ ဦးလေးမိတ်ဆွေက သူထိုင်နေတဲ့ နှစ်ယောက်ထိုင်ခုံရဲ့ လွတ်တဲ့တဖက်ကို လက်နဲ့ပုတ်ပြပြီး လာထိုင်ပါပြောလို့ သွားထိုင်တယ်။ သူပေးတဲ့ ပိုက်ဆံကို ပြန်မပေးရသေးဘဲ လက်က ကိုင်ထားရက်သား။

“မင်းကွာ အိမ်တောင် တခေါက်မှ လာမလည်ဘူး၊ မတွေ့တာကြာပြီ၊ ဘတ်စ်ကားပေါ်မှာ တွေ့ရတယ်လို့၊ မင်းအခု ဘယ်သွားမလို့လဲ”

အိမ်မှာ ပျင်းတာနဲ့ စာဖတ်၊ စာအုပ်နှစ်အုပ်ဖတ်ပြီးတာတောင် ဘာမှ မရတာနဲ့ တခုခုရလိုရငြား ရုပ်ရှင်ကြည့်ဖို့ ထွက်လာကြောင်းပြောလိုက်တယ်။ ဇာတ်ကြောင်းခင်းပြလိုက်တဲ့အခါ သူက ပြုံးတယ်။

“ဟာ ဒါဆို အတော်ပဲ၊ ငါလည်း အခု မင်းအန်တီနဲ့ ချိန်းထားတာ၊ သူက သူ့ဘော်ဒါတွေနဲ့ လည်ပတ်ပြီးတဲ့အခါ အိမ်ထောင်ကျခါစတုန်းကလိုပဲ ရုပ်ရှင်ကြည့်ကြမယ်ဆိုလို့ ငါလည်း အိမ်ကထွက်လာတာ၊ မင်းက ဘာကားကြည့်မှာလဲ”
ကြည့်မယ့် ရုပ်ရှင်ကားနာမည်ကို မပြောဖြစ်ဘဲ ...

“ဟင် ကလေးတွေဖြင့် လူပျိုတွေ အပျိုတွေတောင် ဖြစ်နေကြပြီ မဟုတ်လား၊ အခုမှ ရုပ်ရှင်ရုံကို လင်မယားနှစ်ယောက်ချိန်းပြီး သွားကြည့်ရတယ်လို့ဗျာ”

“အေးပါကွာ၊ မင်း အိမ်ထောင်ကျတဲ့အခါ သိလာပါလိမ့်မယ်၊ နေပါဦး၊ မင်းသတင်းတွေ ကြားပါတယ်၊ ဒီအရွယ်ထိ အိမ်ထောင်မပြုတဲ့အပြင် ရည်းစားသနာတောင် မရှိသေးဘူးဆိုတာ၊ ငါတို့ မင်းဦးလေးတို့နဲ့ ကွာပါ့ကွာ၊ မင်းဦးလေး မပြောပြဘူးလား၊ မင်းအရွယ်လောက်တုန်းက ငါဆို တပြိုင်တည်း ရည်းစား သုံးယောက်တောင် ထားတာ၊ ချိန်းတွေ့ရင်လည်း နာရီဝက်ဆက်တိုက်ကွာ၊ တယောက်နဲ့ တယောက် မဆုံရအောင်တော့ စီစဉ်ရတာပေါ့၊ မင်း အန်တီသွားမပြောနဲ့နော်၊ ပြန်ပြောလည်း သူက သိပြီးသားပါ၊ အရေးတော့ မကြီးပါဘူး၊ မင်းလည်း ရုပ်ရှင်ကြည့်မှာပဲ၊ မင်းလက်ထဲကိုင်ထားတာတွေနဲ့ လက်မှတ်ဝယ်လိုက်ကွာ၊ လောက်မှာပါ၊ အပြန်ကားစီးဖို့လည်း အဲဒီထဲကပဲ သုံးလိုက်”
“အန်တီက ဦးလေးချိန်းတွေ့ခဲ့တယ်ဆိုတဲ့ သုံးယောက်ထဲက တယောက်လား”

“ဘယ်ဟုတ်မှာတုန်း၊ သူနဲ့ ငါနဲ့က ကြီးမှ ကြိုက်ကြတာလေ၊ သူနဲ့ကြိုက်တဲ့အချိန်မှာ ငါ့အဆက်တွေ အားလုံး ဖြတ်လိုက်ရ တယ်၊ မင်းက အဝေးမှာ ကျောင်းသွားတက်ရတော့ ဘယ်သိမှာလဲ၊ တလောကတောင် ဆရာကန်တော့ပွဲမှာ တယောက်နဲ့ ဆုံဖြစ်သေးတယ်၊ မွေးထားတဲ့ သားတွေ သမီးတွေက ဆရာဝန်တွေဖြစ် အင်ဂျင်နီယာတွေဖြစ်နဲ့၊ မြေးတွေထိန်းနေရတာနဲ့ မအားပါဘူးတဲ့၊ ကြွားသွားသေးတာ၊ ငါနဲ့ရရင် အခုလို အဲယားကွန်းဘတ်စ်ကားကို အေးအေးဆေးဆေးထိုင်စီးနေရမှာပဲ၊ သူ့ကံပေါ့လေ”

“ဦးလေးတို့ ကားဝယ်ထားတယ်လို့ ကြားတယ်၊ အဲဒီကား ရောင်းလိုက်တာလား”

“ရောင်းလိုက်တာ ဟုတ်တယ်၊ အခုက မော်ဒယ်မြင့်တဲ့ အသစ်တစီးထပ်ဝယ်ထားတယ်၊ ငါ့မိန်းမ မောင်းနေတယ်လေ၊ အရင်တုန်းကတော့ သူသွားချင်တဲ့နေရာ ငါလိုက်ပို့ပေးတယ်၊ အခုတော့ ငါလည်း ကိုယ့်ဘာသာလွတ်လွတ်လပ်လပ်နေချင်တာနဲ့ မိန်းမကို ကားမောင်းသင်ပေးလိုက်ပြီး သွားစရာရှိရင် ဘတ်စ်ကားနဲ့ သွားရင်သွား၊ တက္ကစီငှားစီးပြီး သွားရင်သွား လုပ်တယ်။ သားနဲ့သမီးကလည်း သူ့တို့အမေလိုက်ပို့မှ ကြိုက်တယ်၊ ငါကားမောင်းရင် ကားထဲမှာဖွင့်တဲ့သီချင်းတွေကို မခံစားနိုင်လို့တဲ့ကွာ”

“ဦးလေးက ဘယ်သီချင်းတွေဖွင့်လို့လည်း”

“တို့ခေတ်က စတီရီယိုအဆိုတော်တွေဆိုထားတဲ့ မူရင်းအခွေတွေကို တကူးတကရှာပြီး သိမ်းထားတဲ့အခွေတွေကို ဖွင့်တာ”

“ကျနော်လည်း အိမ်ကဦးလေးနားထောင်လို့ အဲဒီစတီရီယိုသီချင်းတွေ အခုထိ စွဲနေသေးတယ်”

“တနေ့က ငါ့သားက အမေမအားဘူး အဖေလိုက်ပို့ဆိုလို့ သူတက်နေတဲ့ကျောင်းကို ကားမောင်းလိုက်ပို့ရင်း ငါလည်း ငါ့အကြိုက်သီချင်းခွေဖွင့်တာပေါ့၊ သီချင်းနားထောင်ပြီး အဖေတဲ့ ဒီသီချင်းဆိုတာ အဲဒီလူက မူရင်းအဆိုတော်လားလို့ မေးတယ်၊ အေး အစစ်ပဲ ဒါ မူရင်းဆိုတဲ့သူလို့ ဖြေတော့၊ ဆိုတာ တော်တော်ကောင်းတယ်၊ အခု ပြန်ဆိုတဲ့သူတွေ သူ့ကို မမီဘူးတဲ့၊ သားကို အဲဒီအခွေ ခဏပေးလိုက်အဖေ၊ သား ကြိုက်တဲ့သီချင်းလေးတွေ ရွေးပြီး ဟိုပေါ်တင်လိုက်မယ်၊ သားဘော်ဒါတွေ နားထောင်ဖူးရအောင်၊ သူတို့က အခုပြန်ဆိုတဲ့ ဟိုအဆိုတော်မလေးကိုပဲ ဟုတ်လှပြီ ထင်နေကြတာတဲ့”

“ဟိုပေါ်တင်လိုက်မယ်ဆိုတာ အခု မင်းတို့ငါတို့ အချိန်ပေးပြီး သုံးနေကြတဲ့ ဖေ့ဘုတ်ဆိုတာကိုပြောတာ၊ အဲဒီအခွေလည်း ဒီကောင် ငှားပြီးကတည်းက ကားထဲ ပြန်ရောက်မလာတော့ပါဘူးကွာ၊ မေးတော့လည်း ဟိုကောင်မလေး ပေးလိုက်သလိုလို၊ ဒီကောင်မလေး ပေးလိုက်သလိုလိုနဲ့၊ ငါ့သားက ငါ့ခြေရာတော့ နင်းနိုင်သားကွ၊ စွံချက်က၊ ငါတော့ ပြောထားပါတယ်၊ မင်းယူရင်တော့ တယောက်တည်းပဲ ယူရမှာ၊ ရှုပ်မနေစေနဲ့လို့တော့ မှာထားတာပဲ၊ သူ့အစ်မလည်း ငါ့ခြေရာနင်းသဟ၊ ဟိုနေ့က သူ့ကို သူ့ဘဲနဲ့ နှစ်ယောက်သား လည်ပတ်နေတုန်း ပက်ပင်းကြီးတွေ့တာ၊ ငါ့ကို အဖေလို့ မခေါ်ဘဲ တောက သူ့ဘကြီး မြို့လာလည်လို့ အမှတ်မထင် ဆုံတဲ့ပုံစံဖမ်းတာ၊ ငါလည်း အသာ ရေလိုက်ငါးလိုက်ပြောပြီး အိမ်ရောက်တော့မှ အားပါးတရဆူပစ်လိုက်တာ၊ မင်းအန်တီ ဝင်မေးတော့မှ ငါလည်း မောတော့တာပဲ”

“ဘာဝင်မေးတာတုန်း”

“ရှင်တွေ့ခဲ့တာ ကိုရီးယားအီမိုဆံပင်နဲ့ တယောက်လား၊ နားကပ်တဖက် ပန်ထားတဲ့တယောက်လား၊ ရှင့်သမီးနာမည်ထဲက စာလုံးတလုံးကို လည်ပင်းမှာ တက်တူးထိုးထားတဲ့တယောက်လားတဲ့”

“ဟာ ဒါဆို ဦးလေးသမီးကလည်း ဦးလေး ခြေရာနင်းတာပဲပေါ့”

“ငါလည်း အစက ငါ့သားနဲ့ သမီးတွေဟာ ငါ့ခြေရာနင်းကြတယ်ပဲ ထင်တာ၊ အမှန်က သူ့တို့အမေခြေရာကို နင်းတာကွ”
“အန်တီက ဦးလေးနဲ့ ရည်းစားမဖြစ်ခင်က”

“ရှိသမှ အထက်တန်းကျောင်းကနေ တက္ကသိုလ်တက် ဘွဲ့ရ အလုပ်လုပ်တဲ့အထိ တနှစ်တယောက်ပဲတဲ့ကွာ၊ အဲဒါ တမြန်နှစ်က သူတု့ိနေခဲ့တဲ့ နယ်ဘက် ငါလိုက်သွားရင်းနဲ့ နယ်ခံတွေနဲ့ နည်းနည်းသောက်ကြစားကြရင်း ငါနဲ့ ရွယ်တူတယောက်က ပြောပြတာ၊ သူလည်း ငါ့မိန်းမ အဆက်ဟောင်းဖြစ်ခဲ့ပုံရတယ်၊ အဆက်ဟောင်းမဟုတ်လည်း ကျိတ်ပိုးတဲ့ကောင် ဖြစ်မှာပေါ့ကွာ။ ငါနဲ့ ရည်းစားဖြစ်ပြီးတဲ့အခါမှ အိမ်ထောင်ပြုဖို့သင့်တဲ့ အရွယ်ရောက်ပြီလို့ ဆုံးဖြတ်လိုက်ပုံရတယ်၊ ငါ့ကို ဘဝတလျှောက်လုံးရဲ့ လက်တွဲဖော်အဖြစ် ရွေးလိုက်ပုံရတယ်၊ အဲဒါနဲ့ ငါလည်း သူ့ရဲ့ နောက်ဆုံးပိတ်ရည်းစားဖြစ်ရတာပါပဲ”

“ဆင်းဖို့ပြင်ဟေ့၊ ရှေ့မှတ်တိုင်ဆို ရောက်ပြီ၊ ဂိတ်လည်း ဆုံးပြီ”

“မဆင်းတော့ဘူး ဦးလေး၊ ရုပ်ရှင်မကြည့်ဖြစ်တော့ဘူး၊ ဒီကားက ပြန်ထွက်မှာပဲ၊ ပြန်လိုက်သွားမယ်၊ အိမ်ပြန်ပြီး ရေမိုးချိုးမယ်၊ ကုန်ကြမ်းရပြီဆိုတော့ စာရေးဖို့ ရှိတယ်၊ အန်တီ့ကို ပြောလိုက်ဦး၊ ဦးလေးတို့အကြောင်း ရေးမယ်ဆိုတာ”

“ဟာ ဟေ့ကောင်”

“သွားတော့ဗျို့၊ ရုပ်ရှင်လက်မှတ်ဝယ်မယ့် ပိုက်ဆံကိုတော့ မုန့်ဝယ်စားလိုက်မယ်။ သားတွေ သမီးတွေ အိမ်ထောင်မြန်မြန် ကျပြီး မြေးတွေ များများရပါစေဗျာ”