ဘဘဦးခင်မောင်လတ် - တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ အစဉ်အလာ

(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၂၀
ဟိုတုန်းက University of Rangoon အမည်တွင်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းတော်ကြီးအကြောင်းကိုတော့ သိပ်ရေးချင်တာပေါ့။ အခု အသက် ၈၀ ရှိနေပြီဖြစ်တဲ့ ဘဘရဲ့ ဘဝမှာ အပျော်ဆုံးအချိန်ကလေးမို့ပါပဲ။ သူ့ခေတ် သူ့အခါက ထင်ဟပ်စေတဲ့ အမည်နာမ အခေါ်အဝေါ်ကလေးတွေကို မှတ်တမ်းတင်တဲ့အနေနဲ့ ထည့်ရေးသွားပါ့မယ်။
ကိုယ် အင်မတန် မြတ်နိုးတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးကို သူတကာလို ဆယ်တန်းအောင်ပြီးလျှင် ပြီးချင်း တက်ရတာ မဟုတ်ဘဲ အသက် ၃၃ နှစ်အရွယ် သားနဲ့ မယားနဲ့ အလုပ်နဲ့ အကိုင်နဲ့ ဒီလို တက္ကသိုလ်ကျောင်းတော်ကြီးတော့ ဘယ်တော့မှ တက်ရတော့မှာ မဟုတ်တော့ဘူးလို့ ထင်ရတဲ့အချိန်မှာ ကံကောင်းထောက်မလို့ တက်ခွင့်ရလာတဲ့အတွက် အထူးဝမ်းသာအားရ ဖြစ်ရပါတယ်။
ရှေးအခေါ် Intermediate of Science (I.Sc.) first year/second year ဥပစာသိပ္ပံ ပထမနှစ်/ဒုတိယနှစ် အတန်းများကို မန္တလေး ဥပစာကောလိပ်မှ သင်ကြားအောင်မြင်ပြီး အရင်းရှင်ကုမ္ပဏီတခုမှာ အလုပ်လုပ်ရလို့ ကျောင်းနေသက် ပြတ်သွားပါတယ်။ စစ်ပြီးခေတ် ၁၉၄၅-၄၆ ကျမှ B.A ဝိဇ္ဇာစာမေးပွဲကို ပြင်ပကျောင်းသား External (Private) Candidate အဖြစ်နဲ့ ဖြေဆိုအောင်မြင်ပြီးမှ ကိုယ် အလွန်တက်ချင်တဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို အင်္ဂလိပ်စာ (ကျူတာ)နည်းပြဆရာအဖြစ်နဲ့ M.A. မဟာဝိဇ္ဇာကို ၄ နှစ် တက်ရပါတယ်။ ကိုယ် တသက်လုံး လေ့လာလိုက်စားလာခဲ့တဲ့ အင်္ဂလိပ်စာကိုလည်း ဆက်ပြီး သင်ရမယ်။ ဝါသနာပါတဲ့ ကျောင်းဆရာအလုပ်နဲ့လည်း အသက်မွေးရမယ်ဆိုတော့ ဘဘရဲ့ ကံလမ်းကြောင်းဟာ မိုးထိနေတယ်လို့ ထင်မိပါတယ်။
အဲဒီတုန်းက ကျင့်သုံးတဲ့ စာမေးပွဲစနစ်ကလည်း ကိုယ့်ကံကို အများကြီး ကူညီတယ်လို့ ဆိုရပါမယ်။ ဘဘက သမိုင်းဝင် အချက်အလက်တွေမို့ ထည့်ပြောတာပါ။ ကူညီပုံက ဒီလိုပါ။
(၁) ကိုယ်က တက္ကသိုလ် ပထမ နှစ်နှစ် ဥပစာတန်းမှာ Maths, Chemistry, Physics သိပ္ပံဘာသာတွဲနဲ့ အောင်ခဲ့သော်လည်း B.A. စာမေးပွဲအတွက် English Literature, Burmese Literature (ဟိုတုန်းက အခေါ်အဝေါ်အတိုင်း ပြောတာပါ။)၊ Hiistory ဝိဇ္ဇာဘာသာရပ်များကို ဖြေခွင့်ရပါတယ်။
(၂) တက္ကသိုလ် ပထမနှစ်-ဒုတိယနှစ် Intermediate ဥပစာ စာမေးပွဲကို လည်းကောင်း၊ တတိယနှစ်-စတုတ္ထနှစ် Bachelor စာမေးပွဲကို လည်းကောင်း နှစ်နှစ်စာကို တပေါင်းတည်း ဖြေဆိုခွင့်ရပါတယ်။
(၃) မတ်လ စာမေးပွဲကို ဖြေလို့ နှစ်ဘာသာ အောင်ပြီး စာမေးပွဲကျသူတွေကိုကျတော့ ဘာသာ ၁ ခု၊ သို့မဟုတ် ၂ ခု၊ သို့မဟုတ် ၃ ခုအတွက် ဇွန်လမှာ စာမေးပွဲ ထပ်ပြီးဖြေခွင့်ရှိပါတယ်။ အောင်ပြီးတဲ့ ဘာသာရပ်ကို ထပ်မဖြေပါ။ (၄) တနှစ်ခွဲအတွင်း ဖြေရမယ့်ဘာသာ ၂ ခု၊ သို့မဟုတ် ၃ ခုကို အောင်သည်အထိ ဖြေခွင့်ရှိပါတယ်။
ဘဘကိုယ်တိုင် ပထမဖြေတဲ့ မတ်လ စာမေးပွဲမှာ (၁) English Composition ၊ (၂) English Literature အောင်ပြီး အဲဒီနှစ် ဇွန်လ စာမေးပွဲမှာ နောက်ထပ် Burmese Literature ကို အောင်ပါတယ်။ History ဘာသာကို တတိယအကြိမ်၊ နောက်နှစ် မတ်လ စာမေးပွဲမှာ ဖြေဆိုအောင်မြင်ပါတယ်။
တက္ကသိုလ်ကျောင်းတော်ကြီး၏ အရိပ်အာဝါသဟာ အေးချမ်းလှပါတယ်။ အဝေးကပင် ကြည်ညို အားကျခဲ့ရသော ဆရာ၊ ဆရာမကြီးများ၏ သီလဂုဏ်၊ သမာဓိဂုဏ်ကိုလည်း ကိုယ်တိုင် တွေ့ကြုံရတဲ့အခါ ဆတက်ထမ်းပိုး တိုးလို့သာ ကြည်ညိုမိပါတယ်။ ဆရာနဲ့ တပည့်၊ ဆရာနဲ့ ဆရာချင်း ပေါင်းသင်း ဆက်ဆံကြပုံမှာ အပြစ်ကင်းစင်လှပါတယ်။ တဦးအပေါ် တဦး ဘယ်လောက် မေတ္တာဓာတ် လွှမ်းခြုံတယ် ဆိုတာ ပြောလို့ မယုံနိုင်ပါဘဲ။
အင်္ဂလိပ်စာ ပါမောက္ခ ဒေါက်တာထင်အောင်ဆီကို ကျူတာလျှောက်လွှာ တင်တော့ ဆရာကြီးဦးမျိုးမင်းက တားမြစ်ပုံကို မှတ်မိပါသေးတယ်။
“ခင်ဗျား စဉ်းစားပါဦးဗျာ၊ ဒီထာနမှာ နေတော့ တော်တော်နဲ့ ရာထူးတက်ဖို့ မလွယ်ဘူး။ M.A. အောင်ပြီး ခင်ဗျားထက် အသက်ငယ်တဲ့ ဆရာ၊ ဆရာမတွေက လက်ထောက်ကထိက၊ ကထိကတွေ ဖြစ်နေကြတာ၊ ခင်ဗျားက M.A. ဖြစ်ဖို့ လေးနှစ် ကြိုးစားရဦးမှာ” တဲ့။
ဆရာ့စေတနာကို ကျွန်တော် လေးစားပါတယ်။ စာပေဗိမာန်က ၂၅၀ ကျပ် ရတဲ့အလုပ်ကို စွန့်ပြီး ၁၂၀ ကျပ် ရမယ့် အချိန်ပိုင်းကျူတာ လုပ်မယ်ဆိုလို့ ပြောခြင်းပါ။ ဆရာကြီးဦးမျိုးမင်း၏ မေတ္တာကိုတော့ အဲဒီ ၁၉၄၈ ခုနှစ် အဲဒီနေ့ကစပြီး ကျွန်တော် တက္ကသိုလ်မှာ အလုပ်လုပ်ခဲ့တဲ့ ၇ နှစ်စလုံး သာယာချမ်းမြေ့စွာ ခိုလှုံခဲ့ရပါတယ်။ ကျန်းမာ ချမ်းသာစွာ ပိဋကတ်ဘာသာပြန်အလုပ်ကို ဆက်လုပ်ဆဲမို့ မကြာမီကပင် သွားရောက်ကန်တော့ခဲ့သေးတယ်။
ကိုယ့်ဆရာသမားရဲ့ ဂုဏ်ကျေးဇူးမို့ နည်းနည်းကလေးတော့ ဖော်ချင်ပါသေးတယ်။ အာစရိယဂုဏော အနန္တောကို အောက်မေ့ဆင်ခြင်လို့ ဒီစာကို ရေးဖြစ်တာပါ။ ဘဘ ဒီအသက်အရွယ်အထိ ဆရာဦးမျိုးမင်းလို တပည့် သားမြေးကို ညှာတာသနားတတ်တဲ့သူ မမြင်ဖူး၊ မကြားဖူးပါ။ ရှိသမျှ တပည့်များကို ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံတတ်ပါသည်။ ဘဘကို သူ ခိုင်းစရာရှိရင် သူ အမြဲတမ်း မလွဲမသွေ မေးဖြစ်အောင် မေးတတ်တဲ့ မေးခွန်းက “ကိုခင်မောင်လတ် အားလား”၊ “ဖြစ်မှ ဖြစ်ရလေ ဆရာရယ် ခိုင်းမှာသာ ခိုင်းပါ၊ ကျွန်တော် အားတာ မအားတာ အရေးမကြီးပါဘူး” လို့ ပြန်ပြောရတယ်။ ဒီလို ဆရာမျိုး ကမ္ဘာမှာ ရှိမယ် မထင်ပါ။ ဒါပေမဲ့ ဘဘ သိသလောက်တော့ တက္ကသိုလ်ဆရာကြီးတွေဟာ ဒီလို နာယကဂုဏ် ခြောက်ပါးနှင့် ပြည့်စုံတဲ့ သူတော်ကောင်းတွေချည်းပဲလို့ ဘဘ ထင်ပါတယ်။
ကျောင်းဆရာတစ်ယောက်အဖြစ်နဲ့ ဖြောင့်မှန်တည်ကြည်တဲ့ ဂုဏ်ပုဒ်တစ်ခုကိုလည်း တင်ပြချင်မိပါတယ်။ စားမေးပွဲစစ်သူ တစ်ဦးအနေနဲ့ ကျောင်းသားပေါင်း ထောင်သောင်းမကအပေါ်မှာ မိဘနဲ့ သားသမီးလို သနား ချစ်ခင်တတ်ခြင်းပါပဲ။ ဘယ်သူ တစ်ဦး တစ်ယောက်အပေါ်မှာမှ သာစေ နာစေ စိတ်မထားတတ်တာကို တွေ့ရပါတယ်။ Moderation ခေါ်တဲ့ နောက်ဆုံးပိတ် အမှတ်တိုးပေးတဲ့အခါမှာ Moderation Board စာမေးပွဲ အမှတ်စိစစ်တဲ့အဖွဲ့နဲ့ ဆောင်ရွက်တယ်။ ဘာသာရပ်တစ်ခုမှာ စာမေးပွဲ ကျတဲ့သူ များနေရင် အဖွဲ့က ဥပမာ ၅ မှတ် တိုးပေးဖို့ ဆုံးဖြတ်ရင် အမှတ်တိုးပေးလို့ အောင်မယ့်သူ ကျောင်းသားအားလုံး တစ်ယောက်မကျန် အဲဒီ အခွင့်အရေးကို ရကြပါတယ်။ ဒီလို တရားမျှတတဲ့ ပုဂ္ဂိုလ်မျိုးကို ဘဘအနေနဲ့ နေ့စဉ်နဲ့အမျှ ရှိခိုးဦးချလို့ မဝပါ။ ဆရာဦးမျိုးမင်းရဲ့ လုပ်သက်တလျှောက်လုံးမှာ မေးခွန်းပေါက်ကြားတယ်ဆိုတဲ့ ကိစ္စမျိုးကတော့ မကြားဖူးတဲ့ ကိစ္စတရပ်ပါ။
ဘဘက ကိုယ့်ဆရာသမားအကြောင်းကို မိုးထိအောင် သိဒ္ဓိတင်နေတယ်လို့ ထင်မယ်ဆိုရင် ထင်စရာ ရှိပါတယ်။ ထင်ရင်လည်း ခံရမှာပေါ့။ ဒါပေမဲ့ ဘဘက ပုဂ္ဂလိဓိဋ္ဌာန်နဲ့ ပြောနေတာ မဟုတ်ပါဘူး။ ဓမ္မဓိဋ္ဌာန်နဲ့ ကျောင်းဆရာတယောက်မှာ ရှိအပ်တဲ့ စိတ်နေစိတ်ထား၊ သိက္ခာသမာဓိကို ကြည်ညိုပြီး စာဖွဲ့နေတာပါ။
‘ဆရာဦးမျိုးမင်း’ ဆိုတဲ့ လူပုဂ္ဂိုလ်တဦးက ဒီလို အရည်အချင်းမျိုးကို သရုပ်ဖော်တဲ့ သက်ရှိသာဓက သက်သေပြတဲ့ ကိုယ်တွေ့ဥပမာတခုသာ ဖြစ်ပါတယ်။ ဘဘ နေခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို ဘာကြောင့် ဘဘ ဒါလောက် ချစ်မြတ်နိုးရတယ်ဆိုတာ ဒီလို မင်္ဂလာရှိတဲ့ စိန်ရတုသဘင်မှာ နောင်လာနောက်သားတွေ သိရှိနားလည်ကြရအောင် တမင် ပြောပြနေတာပါ။
ဆရာဦးမျိုးမင်းဟာ ရိုးဖြောင့်တည်ကြည်တယ်။ အမှန်တရားကို ကျင့်သုံးတယ်။ သမာသမတ်နဲ့ အလုပ်လုပ်တယ်။ ကျောင်းသူ ကျောင်းအားလုံးအပေါ်မှာ တူညီစွာ မေတ္တာထားတယ်။ ဘယ်သူ့ကိုမှ သာစေ နာစေ စိတ်မထားဘူး။ ကိုယ် လုပ်တဲ့ အလုပ်တခုကို အချိန်မရွေး အစစ်အဆေးခံနိုင်တယ်ဆိုတဲ့ သိက္ခာ သမာဓိကို လက်တွေ့ပြလိုက်တာ ဘဘကိုယ်တိုင် တခါ မြင်လိုက်ရဖူးတယ်။ မယုံရင် ပုံပြင်လို့သာ မှတ်ပါတော့။
တခါတုန်းက ကျောင်းသားမိဘတဦးဟာ သူ့သမီးကလေး ဆယ်တန်း အင်္ဂလိပ်ဘာသာ ကျရတာကို ကြိတ်မနိုင် ခဲမရ ဒေါသူပုန်ထပြီး ပါမောက္ခ ဦးမျိုးမင်းကို တွေ့ဖို့ဆိုတာက လွယ်သလား မမေးနဲ့၊ ဆိုင်းဘုတ်ချိတ်ထားတဲ့ အခန်းကို စွတ်ဝင်ခဲ့ရုံပဲ ဖြစ်ပါတယ်။ ဘယ်သူ့ထံမှ အခွင့်တောင်းဖို့ မလို၊ ရက်ချိန်းတောင်းဖို့ မလိုပါဘူး။
ဒေါသအမျက်ခြောင်းခြောင်း ထွက်နေတဲ့ ကျောင်းသားဖခင်ကို ဆရာဦးမျိုးမင်းက အေးအေးဆေးဆေး ချိုချိုသာသာ ဧည့်ခံစကားပြောပါတယ်။ ဒီပုဂ္ဂိုလ်ရဲ့ မကျေနပ်ချက်ကို ဆရာက စိတ်ရှည်လက်ရှည် နားထောင်ပြီး နောက်တကြိမ် လာတွေ့ဖို့ ရက်ချိန်းပေးလိုက်ပါတယ်။ ရက်ချိန်းစေ့တဲ့နေ့ ရောက်တော့ ဆရာဦးမျိုးမင်း လက်ထဲမှာ အဲဒီကျောင်းသူရဲ့ အဖြေစာရွက် အဆင်သင့် ရှိနေပါတယ်။ ဒီအဖြေလွှာကို မမြင်ရခင်က သူ့သမီးလေး အင်္ဂလိပ်ဘာသာ မေးခွန်းကို ဘယ်လောက် ဖြေနိုင်တဲ့အကြောင်း အားရပါးရ ပြောထားပါတယ်။ ဒီတကြိမ်မှာတော့ ဆရာဦးမျိုးမင်းက အဖြေစာရွက်ကို ထောက်ပြပြီး ကျောင်းသူ ကလေးက ဘယ်လိုဖြေလို့ ဘယ်လို မှားယွင်းနေကြောင်း၊ အမှတ်ပေးပုံစနစ်နဲ့တကွ တခြား အဖြေလွှာတွေနဲ့ နှိုင်းယှဉ်ပြပြီး သည်းခံတရားအပြည့်နဲ့ ရှင်းလင်းစွာ ပြောပြပါတယ်။ နောက်ဆုံးမှာတော့ ကျောင်းသူကလေးရဲ့ ဖခင်ကိုယ်တိုင် ကောင်းစွာ ကျေနပ်ပြီး ဆရာဦးမျိုးမင်းကို အနူးအညွတ် တောင်းပန်သွားပါတယ်။ ဒီကိစ္စမှာ ဆရာဦးမျိုးမင်းက အေးဆေးတည်ငြိမ်သလောက် ရင်တုန်ရတာကတော့ ဘဘပါပဲ။ မတော်တဆ ကျောင်းသူကလေးရဲ့ ဖခင် ပြောတာ မှန်ကန်ပြီး ကိုယ့်တပည့် စာမေးပွဲစစ်တဲ့ ဆရာတွေက မှားယွင်းပြီး အမှတ်လျှော့ပေးမိရင် ဆရာဦးမျိုးမင်း ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ ဘဘအနေနဲ့ တွေးမိတိုင်း စိုးရိမ်ပူပန်မိပါတယ်။ ဆရာဦးမျိုးမင်းအနေနဲ့ကတော့ သူ့သိက္ခာ၊ သမာဓိ၊ သူ့ရဲ့ ရိုးသားဖြောင့်မတ်တဲ့စိတ်ကို သူ ယုံကြည်လို့သာ ဒါလောက် သတ္တိရှိတာပဲလို့ ယူဆရပါတော့တယ်။ ကျောင်းသားမိဘကိုသာ ဒီလို ဆက်ဆံတာ မဟုတ်ပါဘူး။ ကျောင်းသားတွေက အခုလို လာပြီး စောဒကတက်ရင်လည်း ကျေနပ်အောင် ပြောပြတတ်ပါတယ်။
ဆရာဦးမျိုးမင်းနဲ့အတူ ဘဘတို့ ကျောင်းသူ ကျောင်းသားတွေ ရိုသေလေးစားရုံမက ချစ်ခင်ကြတာကတော့ ဆရာဦး Johnson KanGyi ဖြစ်ပါတယ်။ ယနေ့ထက်တိုင် အင်္ဂလိပ်စာ ပါမောက္ခအဖြစ်နဲ့ တက္ကသိုလ်မှာ ကူညီ အမှုထမ်းနေတဲ့ ဆရာမကြီး E.KanGyi ခေါ် ဆရာမ အယ်လယ်နာ (Elenor) ရဲ့ ဖခင် ဖြစ်ပါတယ်။ ဆရာ Johnson KanGyi ဟာ အင်္ဂလိပ်စာပါမောက္ခအဖြစ်နဲ့ အရိုးထုတ်သွားသလို သူ့သား ဆရာ Leonard KanGyi ဟာလည်း အင်္ဂလိပ်စာ ပါမောက္ခအဖြစ်နဲ့ ကွယ်လွန်သွားပါတယ်။ ဆရာ Leonard ရဲ့ အစ်ကိုဆရာ Wallace KanGyi လည်း တက္ကသိုလ်မှာပဲ အမှုထမ်းရင်း သေဆုံးသွားပါတယ်။ သားအဖ လေးယောက်စလုံး တက္ကသိုလ် ဝန်ထမ်းတွေပေါ့။ စကားစပ်မိလို့ ဆရာ ‘လဲနာ့ဒ်’ရဲ့ ထူးခြားပုံလေး ပြောရင် သူဟာ အသက် ၆၀ ကျော်အထိ လူပျိုကြီးဘဝနဲ့ ကွယ်လွန်သွားတော့ နာရေးကြော်ငြာမှာ မွေးစားသားသမီးတွေ ရေတွက်လို့မရအောင် များပြားတာ တွေ့ရပါတယ်။
ဆရာဦးကံကြီးတို့ မိသားစုဟာ တက္ကသိုလ်ကျောင်းသားထု တရပ်လုံးရဲ့ အချစ်တော်လို့ ခေါ်နိုင်ပါတယ်။ ကျောင်းသားတွေကို အိမ်ခေါ် စာသင်ပေးရုံသာမက၊ ဧည့်ခံကျွေးမွေး၊ စန္ဒရားတီး၊ အင်္ဂလိပ်သီချင်း ဆိုပြတတ်တဲ့ ကရင်တိုင်းရင်းသားများ ဖြစ်ကြပါတယ်။ ဆရာဦးကံကြီးရဲ့ အင်္ဂလိပ်စာ သင်တန်းတွေကို ကျောင်းသားတွေ နှစ်သက်သလို ဆရာမအယ်လယ်နာ၊ ဆရာလဲနာ့ဒ်တို့ သင်တန်းများကိုလည်း စွဲလမ်းကြပါတယ်။ ဆရာဦးကံကြီးဟာ အချိန်မှန်တဲ့နေရာမှာ ဘယ်သူကမှ ယှဉ်လို့မရပါ။ အခြားဆရာတွေက ဒုတိယ ခေါင်းလောင်းတီးမှ အတန်းထဲကို ဝင်တယ်။ ဆရာဦးကံကြီးက ပထမခေါင်းလောင်းထိုးတာနဲ့ အတန်းထဲမှာ ရောက်၊ စားပွဲမှာ ထိုင်ပြီး ယပ်တောင်လေး တခတ်ခတ်နဲ့ တဖြောက်ဖြောက် ဝင်နေကြတဲ့ ကျေင်းသူ ကျောင်းသားတွေကို စိတ်ရှည်လက်ရှည် ပြုံးပြုံးကြီး စောင့်မျှော်နေတတ်ပါတယ်။ ထောင်သောင်းမကတဲ့ ကျောင်းသူ ကျောင်းသားတွေကို သန့်ရှင်းဖြူစင်တဲ့ မေတ္တာနဲ့ ချစ်လည်း ချစ်တတ်ပါတယ်။
တက္ကသိုလ်ကို မရောက်ဖူးခင်ကတည်းက ဂုဏ်သတင်းကို ကြားဖူး ကြည်ညိုခဲ့ရသော ပါမောက္ခချုပ် ဒေါက်တာထင်အောင် ဘာကြောင့်များ ဒါလောက်တောင် နာမည်ကြီးနေရတာလဲလို့ ဘဘ တကယ် အံ့ဩမိခဲ့ပါတယ်။ ပထမဆုံး ဆရာကြီး ဒေါက်တာထင်အောင်ရဲ့ Lecture သင်တန်းကို တက်မိတော့မှ မကြုံဖူး၊ မတွေ့ဖူးတဲ့ ဆရာ့ပါရမီကို အံ့ဩလို့မဆုံး ဖြစ်ရပါတယ်။ ဒီလို ဆရာမျိုးကို တွေ့ရတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ အတိုင်းမသိ ကံကောင်းပါလားလို့ တွေးမိပါတယ်။ အဲဒီနေ့ကစပြီး ဘဘတော့ ဒေါက်တာထင်အောင် သင်တဲ့အတန်း B.A. တန်းဖြစ်ဖြစ်၊ I.A တန်းဖြစ်ဖြစ် အကုန်လိုက်တက်တော့တာပဲ။ သင်တန်းတက်နေရတာနဲ့ မတူ တမူထူးခြားတဲ့ Treat အရသာတခုကို ခံစားရသလိုပဲ။ ဒါဟာ မဆန်းပါဘူး။ ကိုယ်ကသာ အဲဒီအချိန်တုန်းက မသိသေးတာ။ ဒေါက်တာထင်အောင် ဆိုတာက ပညာရေးဒီဂရီဘွဲ့တွေ တသီကြီးနဲ့ အင်္ဂလန်၊ အမေရိကန်၊ ဥရောပတိုင်းပြည်တွေမှာ သူ ဟောပြောတဲ့ Lecture တွေကို ပေါင်စတာလင်တွေ၊ ဒေါ်လာတွေ အမြောက်အမြားပေးပြီး နားထောင်နေကြတာ။
အင်္ဂလန်က တက္ကသိုလ်မှာ နေလာတဲ့ အိန္ဒိယဆရာ Mr.Dutta က ဒီလို ပြောဖူးပါတယ်။ နိုင်ငံခြားက ဆရာတွေက Lecture ပေးရင် နားထောင်လို့ ကောင်းပေမဲ့ Lecture Notes လိုက်ရေးလို့ မရဘူး။ Notes လိုက်ရေးလို့ရတဲ့ ဆရာတွေကျတော့လည်း နားထောင်လို့မကောင်းဘဲ Dictation သတ်ပုံပေးသလို ဖြစ်နေတယ်။ ဒေါက်တာထင်အောင်ကတော့ ပညာရှိတွေကလည်း Lecture အဖြစ်နဲ့ နားထောင်လို့ ကောင်းတယ်။ ကျောင်းသားတွေကလည်း မီအောင် လိုက်ပြီး ရေးမှတ်လို့ရတယ်လို့ ဆိုပါတယ်။ အဲဒီစကားဟာ အလွန်မှန်ပါတယ်။ နားထောင်ရုံတင် ထောင်ရင်လည်း နားထောင်လို့ မငြီး၊ သူ ပြောတာတွေ လိုက်ရေးမှတ်ရင်လည်း အားလုံး လိုက်ရေးလို့ ရတယ်။ Dictation ပေးနေတာလည်း မဟုတ်ဘူး။ အကြောင်းအရာကို အရပ်အနားမရှိ တဆက်တည်း လေသံမှန်မှန် ပြောပြသွားတာပဲ။ M.A. အဆင့် အတန်းကြီးတွေကို Shakespeare ရဲ့ ကမ္ဘာကျော်ပြဇာတ်ကြီးတွေအကြောင်း ပြောတဲ့အခါ ဇာတ်ကွက် ဇာတ်လမ်း၊ ဇာတ်ဆောင်တွေရဲ့စရိုက် ဆိုတာတွေကို ဘာစာအုပ်မှ မကြည့်ဘဲ မထစ်မငေါ့ ပြောသွားတဲ့အခါ ကျောင်းသားတွေက နားထောင်လို့ မငြီးပါ။ အခက်ဆုံး အင်္ဂလိပ်ကဗျာတွေကို လွယ်အောင် ပြောတတ်သလို အလွယ်ဆုံး ကဗျာတွေကို အဓိပ္ပာယ်လေးနက်ပုံ ပြောပြတတ်ပါတယ်။ စကားပြောတဲ့အသံကလည်း မေတ္တာ၊ ကရုဏာသံ အပြည့်မို့ ဘယ်လို နားဝင်ချိုတယ်ဆိုတာ ပြောမပြတတ်ပါ။ ဒီလို ဆရာမျိုးထံက သင်ယူ မှတ်သားရတာ ဘဘတို့ ကံကောင်းလိုက်တာပါလားလို့ တွေးမိတိုင်း အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဆရာရဲ့ မေတ္တာ စေတနာကို အောက်မေ့တသမိပါတယ်။
သမိုင်း ဆိုတာ လူအကြောင်းတွေကိုပဲ မှတ်တမ်းတင်ထားတာမို့ ကိုယ်တိုင်ကိုယ်ကျ သိထားတဲ့ ပါမောက္ခချုပ် ဒေါက်တာထင်အောင်ရဲ့ စိတ်ထားကိုပြတဲ့ သာဓကတခုကိုတော့ ပြောပြချင်ပါသေးတယ်။ တခါတုန်းက တက္ကသိုလ်စာမေးပွဲတွေ ကျင်းပနေတဲ့အချိန်မှာ မောင်ဥဂ္ဂါဆိုတဲ့ သူငယ်ကလေးဟာ B.A. တန်း ဒဿနိကဘာသာကို ဖြေဆိုဖို့ ဘွဲ့နှင်းသဘင်ခန်းမကို အမောတကော ရောက်လာတယ်။ မောလည်း မောထိုက်ပါတယ်။ သူက နေ့လယ် ၁ နာရီမှာ ဖြေဖို့ အေးအေးဆေးဆေး ရေမိုးချိုး ထမင်းစားပြီးမှ လာတာ။ စာမေးပွဲက နံနက် ၉ နာရီက စပြီး စစ်နေပြီ။ သူက နံနက်နဲ့ ညနေ အချိန်မှားပြီး ရောက်လာတော့ တနာရီခွဲလောက် နောက်ကျနေပြီပေါ့။ ပါမောက္ခချုပ် ဒေါက်တာထင်အောင် ဆိုတာ သူမတူအောင် ပေါ့ဆတဲ့ ငမိုက်သား မောင်ဥဂ္ဂါကိုလည်း ဒေါသထွက်၊ စာသင်နှစ် တနှစ် နစ်နာရတော့မယ့်အဖြစ်ကိုလည်း ကရုဏာသက်၊ သူ့ပါးစပ်ကတော့ “မင်းတို့နှယ်ကွာ၊ မင်းတို့နှယ်ကွာ”လို့သာ မချင့်မရဲ တတွတ်တွတ် ရေရွတ်ရင်း စာမေးပွဲခန်းထဲက ဖြေနေတဲ့ ကျောင်းသားတေွ အပြင်ထွက်သူ ရှိ၊ မရှိ ချက်ချင်းစစ်ဆေး၊ မရှိလျှင် ဘယ်သူမှ မထွက်စေရလို့ အမိန့်ပေးပြီး အဲဒီကျောင်းသားကို မနစ်နာရအောင် အချိန်ပိုပေးပြီး ဖြေခွင့်ပေးလိုက်တယ်။ နောင်တွင် ရဲမင်းကြီးအဖြစ် တိုင်းပြည်တာဝန်ကို စွမ်းစွမ်းတမံ အမှုထမ်းသွားတဲ့ ဦးဥဂ္ဂါဟာ အဲဒီနှစ်က စာမေးပွဲကျလိုက်ရင် သူ့ဘဝဟာ တမျိုးတမည် ဖြစ်ကောင်းဖြစ်နိုင်တယ်။
How far that little candle throws its beams,
So shines a good deed in a naughty word.
ဆိုတဲ့ Shakespeare ရဲ့ အဆိုအမိန့်ကို သွားသတိရမိတယ်။ ကိုယ့်ကို သင်ကြားပြသတဲ့ ဆရာသမားတွေကို ကိုယ်က ရိုသေမြတ်နိုးတဲ့ အကျိုးကျေးဇူးကြောင့် ကိုယ်က သင်ကြားပေးခဲ့ရတဲ့ တပည့် သားမြေးတွေကလည်း ကျိုးနွံလေးစားကြတာ အံ့ဩလောက်ပါပေတယ်။ ကိုယ့် Lecture အတန်း၊ Tutorial အတန်းက တပည့် ကျောင်းသူ ကျောင်းသားတွေ မေးမြန်းတဲ့ စာကလေး တပုဒ်တလေကို ဝတ္တရားအရ ရှင်းလင်းပြောပြတာကိုပဲ ကျေးဇူးသိတဲ့အနေနဲ့ တပည့်တွေက မုန့်ပဲသရေစာ၊ လုံချည်၊ အင်္ကျီနဲ့ ကန်တော့ကြတဲ့ သဒ္ဓါတရားဟာ ဘဘတို့ထက် သာလွန်ပါပေတယ်လို့ ရိုးသားစွာ ဝန်ခံရမှာပါ။
အဲဒီတုန်းက ခေတ်စားတဲ့ ဘန်ကောက်လုံချည် ဆိုတာ တက္ကသိုလ်မှာ အလုပ်လုပ်တဲ့ သက်တမ်းတလျှောက် ဝတ်လို့မကုန်၊ လှူလို့မကုန် ဖြစ်ခဲ့ပါတယ်။ လှည်းတန်းထိပ်ထိ ဆင်မလိုက်က စလောင်တဲ့ မီးကြီးမှာ တအိမ်လုံး ပြာကျသွားပေမဲ့ အိမ်သုံးပစ္စည်း၊ စားအိုးစားခွက်၊ စာအုပ် စာရွက်၊ ထီးကျိုး၊ ဖိနပ်စုတ်အထိ ဘာတခုမျှ မဆုံးရအောင် တပည့်ကျောင်းသားများက ဝိုင်းဝန်းသိမ်းဆည်းပေးကြတဲ့ စေတနာဟာ မှတ်တမ်းတင်ထိုက်ပါပေတယ်။ ဘဘအနေနဲ့ကလည်း ကိုယ် အင်္ဂလိပ်စာသင်ပေးလိုက်ရတဲ့ တပည့်တွေ တိုင်းပြည် အရပ်ရပ်၊ ဌာနအသီးသီးမှာ ဆရာဝန်ကြီး၊ ဆရာဝန်မကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ၊ ဗိုလ်မှူးကြီးတွေ၊ မန်နေဂျာ၊ ဒါရိုက်တာကြီးတွေ၊ အရာရှိ အရာခံ၊ သူဌေးသူကြွယ် ဖြစ်နေတာတွေ မြင်ရ တွေ့ရ သတင်းကြရတာကိုပဲ ကိုယ့် တဦးတည်းကြောင့် ဖြစ်ရသလို သဘောထားပြီး ဝမ်းသာမဆုံး ပီတိဖြစ်လို့မဆုံး ဂုဏ်ယူလို့မဆုံးပါ။ ဘဘက လူတရာကျော်ရှိတဲ့ Lecture အတန်းမှာတောင် ကျောင်းတက်စာရင်း နေ့စဉ်ခေါ်တဲ့အတွက် ထူးခြားတဲ့ နာမည်ကလေးတွေ အခုထက်ထိ မှတ်မိနေပါသေးတယ်။
နှစ်ပေါင်းများစွာကြာမှ သွားရင်းလာရင်း ကျောင်းသားဟောင်းတွေကို တွေ့တဲ့အခါ သူတို့က ဘယ်စာကို ဆရာ သင်တုန်းက ဘယ်လို သင်ကြားပုံကို အမှတ်တရ ပြောပြတဲ့အခါ ဘဘမှာ ကျောင်းဆရာဘဝရဲ့ အရသာကို တစိမ့်စိမ့် ခံစားမိပါတယ်။ သွားလေရာအရပ်မှာ တပည့်တွေနဲ့ တွေ့၊ တွေ့မိတဲ့ တပည့်တွေတိုင်းကလည်း ဆရာ့ကျေးဇူးကို မမေ့။ လက်အုပ်ချီ ကန်တော့တဲ့သူကလည်း မရှား။
ဒါတွေကို တွေ့ရတော့ ဆရာ တပည့် ဆက်ဆံရေးဟာ လောကြီးမှာ အပြစ်အကင်းဆုံး၊ အချမ်းသာဆုံး၊ အလှပဆုံးလို့ ထင်မိပါတယ်။ အဲဒီလို ဆရာက တပည့်အပေါ်မှာ ထားတဲ့ မေတ်တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရား၊ တပည့်က ဆရာ့အပေါ်မှာ ထားတဲ့ ကတညုတ၊ ကတဝေဒီ၊ သူ့ကျေးဇူးကို အထူးသိတတ်တဲ့ မင်္ဂလာတရားတို့ ပေါင်းဆုံခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ အလွန်တရာ ချစ်မြတ်နိုးစရာကောင်းတဲ့ အစဉ်အလာကို မပျက်မကွက် ဆက်လက်ထိန်းသိမ်းကြပါစို့။
ဘဘဦးခင်မောင်လတ်
ရန်ကုန်တက္ကသိုလ် စိန်ရတုစာစောင်