Breaking News

ဇင်လင်း ● အသက်နဲ့ရင်း သတင်းဖေါ်ထုတ်တဲ့ သတင်းထောက် အန်နာ ပိုလစ်ကော့ဗ်စကာယာ

ဇင်လင်း ● အသက်နဲ့ရင်း သတင်းဖေါ်ထုတ်တဲ့ သတင်းထောက် အန်နာ ပိုလစ်ကော့ဗ်စကာယာ
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၉

‘အန်နာ စတက်ပါနော့ဗ်နာ ပိုလစ်ကော့ဗ်စကာယာ’ (Anna Stepanovna Politkovskaya) ဟာ ရုရှားသတင်းစာဆရာမ တစ်ဦးဖြစ်တယ်။ စာရေးဆရာမလည်း ဖြစ်တယ်။ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူလည်း ဖြစ်တယ်။ ‘အန်နာ’ကို ၁၉၅၈ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က နယူးယော့ခ်မြို့မှာ မွေးဖွားခဲ့တယ်။ ငယ်နာမည်က ‘အန်နာ မက်ဇပါ’ (Anna Mazepa) လို့ ခေါ်တယ်။ ဖခင်ဖြစ်သူ ‘စတက်ပင် မက်ဇပါ’ (Stepan F. Mazepa) က ယူကရိန်း (Ukraine) ဇာတိဖြစ်တယ်။ မိဘများက ယူကရိန်လူမျိုးဖြစ်ပြီး ကုလသမဂ္ဂမှာ တာဝန်ထမ်းရတဲ့ ဆိုဗီယက်သံတမန်များဖြစ်ကြတယ်။ ‘အန်နာ’ ကတော့ သူ့ ဘ၀ တစ်လျှောက်လုံး မော်စကို (Moscow) မှာ နေထိုင်ကြီးပြင်းရတယ်လို့ ဆိုတယ်။ ‘အန်နာ’ ဟာ ၁၉၈၀ ခုနှစ်မှာ မော်စကို အစိုးရ တက္ကသိုလ် ကနေ သတင်းစာပညာရပ်နဲ့ ဘွဲ့ရခဲ့တယ်။ မော်ကိုတက္ကသိုလ်မှာ အတူကျောင်းတက်ခဲ့တဲ့ ‘အလက်ဇန္ဒား ပိုလစ်ကော့ဗ်စကီ’ (Alexander Politkovsky) နဲ့ အိမ်ထောင်ကျတယ်။ အလက်ဇန္ဒားက ရုပ်မြင်သံကြား သတင်းတင်ဆက်သူ သတင်းထောက်တစ်ဦးဖြစ်တယ်။ သူတို့မှာ ဗီရာ (Vera) နဲ့ အီလျာ (Ilya) ဆိုတဲ့ သားသမီး နှစ် ယောက်ရှိတယ်။

‘အန်နာ’ ဟာ သံတမန်မိဘများကနေ နယူးယော့ခ်မှာ မွေးဖွားခဲ့တဲ့အတွက် အမေရိကန်နိုင်ငံသားအဖြစ်နဲ့ အမေရိကန် နိုင်ငံကူးလက်မှတ် (U.S. passport) လည်း ရရှိထားသူဖြစ်တယ်။ ဒါပေမယ့် အန်နာဟာ ရုရှားနိုင်ငံသားဖြစ်မှုကို လုံး၀ မစွန့်လွှတ်ခဲ့ဘူးလို့ ဆိုတယ်။ အမေရိကန်မှာ ကလေးဘဝက နေထိုင်ခဲ့ပေမယ့် ‘အန်နာ ပိုလစ်ကော့ဗ်စကာယာ’ ဟာ ရုရှားနိုင်ငံမှာသာနေထိုင်ခဲ့သူ ဖြစ်တယ်။ သူ့ရဲ့အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရချိန်မှာတောင် သူဟာ ရုရှားနိုင်ငံ ကနေ ထွက်ခွာမသွားခဲ့ဘူးလို့ဆိုတယ်။

ချေချန်ညာ(Chechnya) အရေး ဖြစ်ပွားချိန်က အန်နာ ဟာ ချေချန်ညာစစ်ပွဲသတင်းတွေ ရယူပေးပို့ခဲ့တဲ့ သတင်းထောက် ဖြစ်တယ်။ ချေချန်ညာစစ်သတင်း ပေးပို့မှုတွေကြောင့် အန်နာ ရဲ့နာမည်ကို ရုရှားနိုင်ငံအတွင်းကသာမက နိုင်ငံတကာကပါ ချီးမွမ်းတာခံရတယ်။ တစ်ဖက်မှာလည်း မရေမတွက်နိုင်တဲ့ ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်ဟန့်တားမှုတွေကို အန်နာ ကြုံတွေ့ ခဲ့ရတယ်။ ဒါပေမယ့် ချေချန်ညာသတင်းတွေ မလုပ်ဖို့ ခြိမ်းခြောက်ဟန့် တားမှုတွေကို ငြင်းပယ်ပြီး ၇ နှစ်တိုင်တိုင် စစ်ပွဲသတင်းတွေ ရယူပေးပို့နေခဲ့တယ်။ တစ်ကြိမ်မှာတော့ အန်နာ ဟာ ချေချန်ညာမှာ အခြေစိုက်တဲ့ ရုရှားစစ်တပ်ရဲ့ ဖမ်းဆီးတာခံခဲ့ရတယ်။ စစ်တပ်က သတ်ပစ်တာခံရတော့မယ့်ဆဲဆဲ အခြေအနေမျိုးအထိ ကြုံတွေ့ခဲ့ရတယ်။

၂၀၀၄ ခုနှစ်မှာ ‘ဘေ့စ်လန်မြို့’(Beslan) က ကျောင်းသူကျောင်းသားတွေ ဓါးစာခံအဖြစ်ဖမ်းဆီးခံနေရတဲ့အတွက် သတင်း ယူဖို့ အန်နာ သွားရောက်ခဲ့တယ်။ မော်စကိုကနေ ‘ရော့စတော့ဗ်-အွန်-ဒွန်မြို့’(Rostov-on-Don)သို့လေယာဉ်စီးပြီး သွား တဲ့ ခရီးစဉ်အတွင်း ‘အန်နာ’ ဟာ လေယာဉ်ပေါ်မှာ အဆိပ်ခပ်ခံခဲ့ရတယ်။ Aeroflot လေယာဉ်ပေါ်မှာ လေယာဉ်မယ်တစ်ဦး ပေးတဲ့ လက်ဖက်ရေသောက်မိရာက ဆိုးဆိုးရွားရွားနေမကောင်းဖြစ်ပြီး သတိလစ်သွားခဲ့ရတယ်။ ရုရှား ဖက်ဒရယ်လုံခြုံရေး တပ်ဖွဲ့(FSB) က စီစဉ်တဲ့ အဆိပ် လက်ဖက်ရေထဲမှာ ခတ်ထားကြောင်း စုံစမ်းသိရှိခဲ့ရတယ်။ ကံကောင်းထောက်မပြီး အချိန်မီကုသကယ်တင်နိုင်ခဲ့တဲ့အတွက် အသက်မသေခဲ့ဘူးလို့ဆိုတယ်။ ဒါကြောင့် ‘အန်နာ’ ဟာ သတင်းယူဖို့ ခရီးဆက် မသွားနိုင်တော့ဘဲ ဆေးကုသမှုခံယူဖို့ နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်။

အလားတူကိစ္စမျိုး ၂၀၀၃ ဇူလိုင်လမှာ ဖြစ်ခဲ့ဖူးတယ်။ နိုဗာယာဂဇက်တာ သတင်းစာ(Novaya Gazeta) ရဲ့ စုံစမ်းဖေါ်ထုတ် သတင်းစာဆရာ ယူရီ ပီထရိုဗစ်ချ် ရှက်ချ်ကို ချီခင် (Yuri Petrovich Shchekochikhin) ဟာ ၂၀၀၃ ဇူလိုင် ၃ ရက်မှာ အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားကာနီး အဆိပ်ခတ်လုပ်ကြံခံရဖူးတယ်။ ယူရီဟာ စာရေးဆရာ တစ်ဦးဖြစ်သလို၊ ရှေ့နေတစ်ဦးလည်း ဖြစ်တယ်။ သူ့သတင်းပေးပို့ချက်တွေက ဂိုဏ်းဖွဲ့ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ အကျင့်ပျက်လာဘ်စား မှု အကြောင်းတွေဖြစ်တယ်။ ကေဂျီဘီ၏ ကျေးကျွန်များ (Slaves of the KGB) ဆိုတဲ့ စာအုပ်မှာ ကေဂျီဘီသတင်းပေးတွေ ရဲ့ အကြောင်းကို ယူရီ က ဖေါ်ထုတ်ရေးသားခဲ့တယ်။ သူ့ကို ဖက်ဒရယ်လုံခြုံရေး တပ်ဖွဲ့(FSB) က အဆိပ်ခတ်လုပ်ကြံခဲ့ တာဖြစ်ပြီး နိုင်ငံရေးနွယ်တဲ့ လုပ်ကြံမှုလို့ သတင်းစာတွေကဖေါ်ပြခဲ့တယ်။

‘ချေချန်ညာ’ မှာ ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာ ဖြစ်ရပ်တွေနဲ့ပတ်သက်တဲ့ ‘အန်နာ’ ရဲ့ ၁၉၉၉ ခုနှစ်နောက်ပိုင်း သတင်း ဆောင်းပါးတွေကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ရပြီး၊ အကြိမ်ကြိမ်ပုံနှိပ်ခဲ့ရတယ်လို့ သိရတယ်။ ‘အန်နာ’ ရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အဓိကဖေါ်ပြခဲ့တဲ့ သတင်းစာက ရုရှား ဘာသာနဲ့ထုတ်ဝေတဲ့ ‘နိုဗာယာဂဇက်တာ’ (Novaya Gazeta) သတင်းစာဖြစ်တယ်။ အဲဒီသတင်းစာဟာ နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ သတင်းတွေကို အဓိကထားဖေါ်ပြတယ်လို့ ဆို တယ်။ နိုင်ငံရေးအရ အလွန်အရေးကြီးတဲ့ သတင်းတွေကို စုံစမ်းဖေါ်ထုတ်ပြီး ဝေဖန်သုံးသပ်ရေးသားတဲ့ သတင်းမျိုးကို ဖတ်ချင်တဲ့ ရုရှားသတင်းစာဖတ် ပရိသတ်တွေဟာ Novaya Gazeta သတင်းစာကို ဖတ်ကြတယ်လို့ဆိုတယ်။ ၂၀၀၀ ခုနှစ်ကစပြီး ‘အန်နာ ပိုလစ်ကော့ဗ်စကာယာ’ ဟာ သူ့သတင်း ဆောင်းပါးတွေအတွက် နိုင်ငံတကာ ဆုတွေအများအပြား ရရှိခဲ့တယ်။ ၂၀၀၄ ခုနှစ်မှာ ‘ပူတင်ရဲ့ ရုရှား’ (Putin's Russia)  ဆိုတဲ့ စာအုပ်ကို အနောက်နိုင်ငံ စာဖတ်ပရိသတ်အတွက် အန်နာ ရေးသားထုတ်ဝေခဲ့တယ်။

‘အန်နာ ပိုလစ်ကော့ဗ်စကာယာ’ ဟာ ၁၉၈၂ ကနေ ၁၉၉၃ ခုနှစ်အထိ ‘အဇ္ဇဗက်ရှား’ (Izvestia) သတင်းစာမှာ သတင်း ထောက်၊ လက်ထောက်အယ်ဒီတာ၊ အယ်ဒီတာအစရှိတဲ့ တာဝန်တွေ ဆောင်ရွက်ခဲ့တယ်။ အရေးပေါ်ကိစ္စသတင်းများနဲ့ မတော်တဆမှုဆိုင်ရာသတင်းများကို သီးသန့်တာဝန်ယူရတဲ့ အယ်ဒီတာအဖြစ်လည်း ‘အန်နာ’ ဆောင်ရွက်ခဲ့ရတယ်။ ၁၉၉၄ ကနေ ၁၉၉၉ ခုနှစ်အတွင်း ‘ယေဂါ ယာကော့ဗ်လက်’ (Yegor Yakovlev) ဦးဆောင်တဲ့ ‘အော့ရှချာယာ’ သတင်းစာ (Obshchaya Gazeta) မှာ လက်ထောက်အယ်ဒီတာချုပ်အဖြစ် ‘အန်နာ’ တာဝန်ယူဆောင်ရွက်ခဲ့တယ်။ အဲဒီသတင်းစာမှာ ‘အန်နာ’ က လူမှုရေးဆိုင်ရာသတင်းဆောင်းပါးတွေ မကြာခနရေးသားခဲ့တယ်။ အထူးသဖြင့် ဒုက္ခသည်တွေရဲ့ ဆင်းရဲဒုက္ခ အဖုံဖုံကို ရေးသားတင်ပြလေ့ရှိတယ်။ ၁၉၉၉ ကနေ ၂၀၀၆ ခုနှစ်အထိ တစ်ပတ် ၂ ကြိမ်ထုတ် ‘နိုဗာယာဂဇက်တာ’ (Novaya Gazeta) သတင်းစာမှာ ပင်တိုင်ဆောင်းပါးရှင်အဖြစ် ဆိုဗီယက်ခေတ်လွန် နိုင်ငံရေးလေ့လာသုံးသပ်ချက်တွေ စတင်ရေးခဲ့တယ်။

‘အန်နာ’ ဟာ ‘ချေချန်ညာ’အကြောင်း စာအုပ်အများအပြား ရေးသားထုတ်ဝေခဲ့တယ်။ ‘ချေချန်ညာ’ အကြောင်းများ၊ ရုရှား နိုင်ငံသားတို့ရဲ့ဘဝဇာတ်ကြောင်းများ၊ ‘ဗလာဒီမာ ပူတင်’ လက်အောက်က ရုရှားနိုင်ငံအကြောင်းများ၊အစရှိတဲ့ စာအုပ်တွေ အတွက် ဆုတွေလည်း အများအပြားရရှိခဲ့တယ်။ အမေရိကန်ပြည်ထောင်စုအပေါ် စက်တင်ဘာ (၁၁) အကြမ်းဖက် တိုက်ခိုက်မှုအပြီးမှာ၊ အနောက်နိုင်ငံ အစိုးရတွေက သူတို့ရဲ့ ‘အကြမ်းဖက်မှု ချေမှုန်းရေးစစ်ပွဲ’ (War on Terror) ကို ‘ပူတင်’ က ထောက်ခံခဲ့တဲ့အတွက် ‘ပူတင်’ ကို ကြိုဆိုခဲ့ကြတယ်။ ‘အန်နာ ပိုလစ်ကော့ဗ်စကာယာ’ သူ့စာအုပ်တွေအတွက် ဆုယူတဲ့ အခမ်းအနားတွေမှာ အနောက်အုပ်စုက ‘ပူတင်’ ကို ကြိုဆိုကြတဲ့အတွက် အလွန်တရာစိုးရိမ်မိကြောင်း၊ အနောက် နိုင်ငံအစိုးရများအနေနဲ့ ‘ပူတင်’ ရဲ့လုပ်ရပ်များကို တာဝန်ယူကြရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့တယ်။

‘အန်နာ’ ဟာ သူ့ရဲ့သတင်းဝေဖန်သုံးသပ်ချက် ဆောင်းပါးတွေ ရေးဖို့အတွက် လူပုဂ္ဂိုလ်အမျိုးမျိုးနဲ့ တွေ့ဆုံစကားပြောခဲ့ တယ်။ အစိုးရအရာရှိတွေ၊ စစ်ဖက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ ရဲအဖွ့ဝင်တွေနဲ့စကားပြောခဲ့တယ်။ ဒီ့အပြင် ဆေးရုံတွေ၊ ဒုက္ခသည် စခန်းတွေဆီလည်း မကြာခန သွားရောက်လည်ပတ် စကားပြောဆိုခဲ့တယ်။ တိုက်ပွဲအသစ်တွေကြောင့် ချေချန်ညာနဲ့ အင်ဂူရှီရှားဒေသတွေမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ရောက်နေကြသူတွေထဲက ဒဏ်ရာရရှိထားသူတွေနဲ့ အိုးခြေ အိမ်ခြေမဲ့သူတွေကိုလည်း ‘အန်နာ’ က တွေ့ဆုံမေးမြန်မှုတွေ လုပ်ခဲ့တယ်။

ချေချန်ညာစစ်ပွဲနဲ့ရုရှားလိုလားတဲ့ ချေချန်အစိုးရတို့ကို ဝေဖန်ရေးသားတဲ့ သတင်းဆောင်းပါးတွေထဲမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအကြောင်း ‘အန်နာ’ ရေးသားဖေါ်ပြခဲ့တယ်။ ရုရှားစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးမှု၊ ချေချန်ညာသူပုန်တွေရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု၊ ရုရှားကျောထောက်နောက်ခံပေးထားတဲ့ အက်မက်ခတ်ဒီရော့ဗ် ( Akhmad Kadyrov) အစိုးရရဲ့လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အားလုံးကို ‘အန်နာ’ က ဖေါ်ပြသတင်းရေးသားခဲ့တယ်။ အက်မက်ခတ်ဒီရော့ဗ် ရဲ့ သားဖြစ်သူ ရမ်ဇန် ခတ်ဒီရော့ဗ် (Ramzan Kadyrov) လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုလည်း ‘အန်နာ’ က မချွင်းမချန် ဖေါ်ပြသတင်းရေးသားခဲ့တယ်။ ကော့ကေးဆပ် မြောက်ပိုင်းဒေသ နေရာအနှန့်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု တွေ နဲ့ အစိုးရရဲ့မူဝါဒအလွဲအမှားတွေကိုလည်း ‘အန်နာ’ က နေ့စွဲရက်စွဲများနဲ့တကွ မှတ်တမ်းတင်ရေးသားဖေါ်ပြခဲ့တယ်။

၁၉၉၉ ခုနှစ်က ထူးခြားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်။ ဂရို့ဇနီမြို့(Grozny) ဗုံးကျဲတိုက်ခိုက်ခံရစဉ်က တိုင်းရင်းသားမျိုးစုံ ရှိတဲ့ ဘိုးဘွားရိပ်သာတစ်ခုက သက်ကြီးရွယ်အိုတွေ ဆင်းရဲဒုက္ခရောက်ရပုံအကြောင်း ‘အန်နာ’ က သတင်းဆောင်းပါတွေ ရေးခဲ့တယ်။ ဒါတင်မက အဲဒီလို ဒုက္ခရောက်နေကြရတဲ့ သက်ကြီးရွယ်အိုတွေကို သူ့သတင်းစာတိုက်နဲ့ ပြည်သူတွေရဲ့ အကူအညီအထောက်အပံ့တွေရရှိအောင် ‘အန်နာ’ က ဆောင်ရွက်ပေးခဲ့တယ်။ နောက် အဖိုးအဖွားတွေကို ဘေးကင်း လုံခြုံတဲ့နေရာတွေမှာ ခိုလှုံနိုင်အောင်လည်း ကူညီဆောင်ရွက်းပေးခဲ့တယ်။ အဲဒီတုံးက ‘အန်နာ’ရေးခဲ့တဲ့ သတင်းဆောင်းပါး တွေကို ၂၀၀၁ ခုနှစ်က ထုတ်ဝေတဲ့ ‘ညစ်ပတ်သောစစ်ပွဲ’ (A Dirty War) စာအုပ်နဲ့ ၂၀၀၃ ခုနှစ်က ထုတ်ဝေတဲ့ ‘ငရဲဘုံက နေရာကလေးတစ်ခု’ (A Small Corner of Hell) စာအုပ်တွေထဲမှာ တွေ့နိုင်တယ်။ ဂရို့ဇနီမြို့တိုက်ပွဲတွေအတွင်း ချေချန် ညာတပ်သားတွေနဲ့ ရုရှားဖက်ဒရယ်ပြည်ထောင်စုတပ်သားတွေ တစ်ဘက်နဲ့တစ်ဘက် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက် ခဲ့ ကြပုံနဲ့ သူတို့နှစ်ဘက်တိုက်ကြတဲ့ စစ်ပွဲအလယ်မှာ အရပ်သူအရပ်သားတွေ ပိတ်မိနေကြပြီး ငရဲဘုံရောက်သလို ကြား ညပ်ခံစားခဲ့ကြရပု့တွေကို  ‘အန်နာ’ က ကွက်ကွက်ကွင်းကွင်း သရုပ်ဖေါ်ရေးသားထားတယ်လို့ဆိုပါတယ်။

‘အန်နာ’ရေးသားပေးပို့ခဲ့တဲ့ သတင်းတွေအရ အက်မက်ခတ်ဒီရော့ဗ် ( Akhmad Kadyrov)ဦးဆောင်တဲ့ ချေချန်ညာအစိုးရ ကို ညှင်းပမ်းနှိပ်စက်မှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အစိုးရအဖြစ် သိရှိလာကြတယ်။ အခြား ချေချန်ညာ ဒေသမှာ အခြေစိုက်တဲ့ များပြာလှတဲ့ ရုရှားဖက်ဒရယ်တပ်ဖွဲ့တွေ၊ ချေချန်အစိုးရသစ်ရဲ့အာဏာပိုင်ပုဂ္ဂိုလ်တွေလည်း အလားတူ ရဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့‘အန်နာ’ ပေးပို့ခဲ့တဲ့ သတင်းတွေအရ သိရတယ်။‘အန်နာ’ နောက်ဆုံး ပေးပို့ခဲ့တဲ့ စုံစမ်းလေ့လာဖေါ်ထုတ်မှုသတင်းကတော့ချေချန်ကျောင်းသူကျောင်းသားတွေ အစုလိုက်အပြုံလိုက် အဆိပ်ခတ်ခံရတဲ့ အမှုကိစ္စဖြစ်တယ်။ အမျိုးအစားမသိရတဲ့ ပြင်းထန်တဲ့ ဓါတုဗေဒပစ္စည်းတစ်မျိုးကို အသုံးပြုခဲ့တာဖြစ်ပြီး၊ အဆိပ်သင့်တဲ့ ကျောင်းသူကျောင်းသားတွေ လပေါင်းများစွာ ကြာတဲ့အထိ အားအင်ချိနည့်ကာ မသန်မစွမ်းဖြစ်ခဲ့ကြတယ် လို့ သိရတယ်။

‘အန်နာ ပိုလစ်ကော့ဗ်စကာယာ’ ရဲ့အမည် အနောက်နိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့်လူသိများထင်ရှားလာပြီးနောက်၊ ‘အန်နာ’ ကို ‘ပူတင်ခေတ် ရုရှားနိုင်ငံ’ အကြောင်း ရေးသားဖို့ တာဝန်ပေးခြင်းခံရတယ်။ ‘အန်နာ’ဟာ သူ့ရဲ့ အတွေ့အကြုံ တွေကို သူ့ရဲ့ကျယ်ပြန့်တဲ့ဝေဖန်သုံးချက်တွေနဲ့ပေါင်းစပ်ပြီး ပူတင်ခေတ်ရုရှားနိုင်ငံအခြေအနေတွေကို တင်ပြခဲ့တယ်။ ‘ဗလာဒီမာ ပူတင်’ ဟာ ယခင် ဆိုဗီယက်လက်ထက် KGB လို့ခေါ်တဲ့ လျှို့ဝှက်စစ်ထောက်လှမ်းရေးအဖွဲ့မှာ ဒုတိယဗိုလ်မှူး ကြီး ဖြစ်ခဲ့ပုံ၊ ‘ဘောရစ်ယယ်လ်ဆင်’ (Boris Yeltsin) ရုရှားဝန်ကြီးချုပ် ဖြစ်လာပြီးနောက်၊ ယယ်လ်ဆင်ကို ဆက်ခံခဲ့ပြီး ပူတင် ရုရှားသမ္မတဖြစ်လာပုံ နောက်ခံသမိုင်းတွေကို ‘အန်နာ’ က တင်ပြခဲ့ပြီး ပူတင်ဟာ ဒုတိယချေချန်စစ်ပွဲကို ဖန်တီးခဲ့သူ အဖြစ် ‘အန်နာ’က သူ့စာအုပ်ထဲမှာ စွဲချက်တင်ထားခဲ့တယ်။ ရုရှားနိုင်ငံရဲ့ ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့ (Federal Security Service (FSB) ဟာ ဆိုဗီယက်ပုံစံ အာဏာရှင်စနစ်ပြန်လည်ထူထောင်ဖို့ လူမှုလွတ်လပ်ခွင့်တွေအားလုံးကို ပိတ်ပင် ဟန့်တားခဲ့တယ်လို့ ‘အန်နာ’က သူ့စာအုပ်ထဲမှာ ဖေါ်ပြခဲ့တယ်။

“ပူတင်ရဲ့မူဝါဒလမ်းစဉ်တွေနဲ့ ပတ်သက်လို့ ကျမတို့မှာလည်း တာဝန်ရှိပါတယ်။ ကျမတို့ပြည်သူတွေကိုယ်တိုင်က ကိုယ်နဲ့မဆိုင်သလို ဥပေက္ခာပြုထားကြတော့၊ ရုရှားလိျှု့ဝှက်စစ်ထောက်လှမ်းရေးရဲ့အာဏာကွန်ယက်ကို ခြေကုတ်မြဲ အောင် ခွင့်ပြုထားသလို ဖြစ်ခဲ့တယ်။ ကျမတို့ရဲ့အကြောက်တရားကိုပဲ သူတို့မြင်အောင် ပြခဲ့ကြတဲ့အတွက် သူတို့က ကျမတို့ကို ကျွဲနွားတွေသဖွယ် သဘောထားပြုမူကြတော့တာပေါ့။ KGB လျှို့ဝှက်စစ်ထောက်လှမ်းရေးတွေက အင်အား တောင့်တင်းခိုင်မာသူတွေကိုသာ လေးစားကြတယ်။ အားနည်သူတွေဆိုရင် KGB က နင်းချေပစ်တာပဲ။ ဒီသဘောတရားကို ကျမတို့ ပြည်သူတွေ သဘောပေါက်စေချင်တယ်။” လို့ ‘အန်နာ’က သူ့စာအုပ်ထဲမှာ ရေးသားတင်ပြခဲ့တယ်။

“ကျမတို့တတွေဟာ ဆိုဗီယက်ခေတ် အသူရာချောက်ကြီးထဲကို ပြန်ပြီးလျှောကျနေပြီ။ သတင်းအချက်အလက်တွေ မရရှိနိုင်တဲ့ လေဟာနယ်တစ်ခုထဲကို ကျရောက်နေတဲ့ သဘောပေါ့။ ဒါကို ကျမတို့ကိုယ်တိုင် လျစ်လျူပြုထားခြင်းဟာ ကိုယ့်သေတွင်းကိုယ်တူးနေတာ ဖြစ်တယ်။ ကျမတို့ဆီမှာ ကျန်ခဲ့တာဆိုလို့ အင်တာနက်ပဲ ရှိတယ်။ အင်တာနက်ထဲမှာ တော့ သတင်းတွေ လွတ်လွတ်လပ်လပ် ရရှိနေဆဲဖြစ်ပါတယ်။ ပူတင်အစိုးရခေတ်မှာ သတင်းထောက်အလုပ်လုပ်မယ် ဆိုရင် သူ့ကို မြှောက်ပင့် ဖားယားပြီးရေးမှ အသက်ရှင်လိမ့်မယ်။ ဒါမှမဟုတ် သတင်းအမှန်ရေးရင်တော့ အဲဒါ သေရမယ့် လမ်းကို ရွေးတာပဲ။ ကျည်ဆံလား၊ အဆိပ်လား၊ တရားစီရင်ခံခြင်းလား။ ဘာကိုပဲ ကျမတို့အနေနဲ့ ကြိုးစား လုပ်သည် ဖြစ်စေ၊ ပူတင်ရဲ့ အစောင့်ခွေးတွေက သူတို့သင့်တော်တယ်ထင်သလို စီရင်ကြမှာပဲ။” လို့ ‘အန်နာ’က သူ့စာအုပ်ထဲမှာ ရေးသားဖေါ်ပြခဲ့တယ်။

“ကျမကို အဆိုးမြင်သမားလို့ လူတွေက မကြာခန ပြောကြတယ်။ ရုရှားပြည်သူတွေရဲ့အင်အားကို ကျမက ယုံကြည်မှု မရှိဘူးလို့ ဆိုကြတယ်။ ကျမကို ပူတင်အပေါ် အဆိုးမြင်အစွဲအလမ်းတွေရှိနေသူလို့ပြောကြပြီး၊ အဲဒီထက် ဘာမှမပိုဘူး လို့ ဝေဖန်ကြတယ်။ ကျမကို ကြောက်သွားမယ်လို့ ထင်နေတာလား။ ပူတင်ကို ဝေဖန်ပြောဆိုတာတွေ …အခု စာအုပ်ရေး သားနေတာတွေကို ကျမ အဆုံးအထိ ဆောင်ရွက်မှာပါ။ ဘယ်သူပဲဖြစ်ဖြစ် အကောင်းမြင်ရှုထောင့် မျှော်မှန်ချက်တွေကနေ သူတို့ကိုယ်သူတို့ နှစ်သိမ့်ချင်ကြတယ်ဆိုရင် အဲဒီအတိုင်း လုပ်ကြည့်ကြပါစေ။ အဲဒီလိုလုပ်ဖို့က လွယ်ကူပါတယ်။ ဒါပေမယ့် အဲဒီလုပ်ရပ်ဟာ ကျမတို့ရဲ့နောင်လာနောက်သားမျိုးဆက်တွေအတွက် သေဒဏ်ပေးခြင်းခံရတာဖြစ်ပါလိမ့် မယ်။” လို့ ‘အန်နာ’က ဆိုပါတယ်။

၂၀၀၇ ခုနှစ် မေလမှာ ရုရှားနိုင်ငံသားတစ်ဦးရဲ့ နေ့စဉ်မှတ်တမ်း(A Russian Diary) ဆိုတဲ့ ‘အန်နာ’ ရဲ့ စာအုပ်ကို Random House စာအုပ်တိုက်က ထုတ်ဝေခဲ့တယ်။ စာအုပ်မှာ သူမရဲ့ နေစဉ်မှတ်တမ်းထဲက မှတ်စုတွေနဲ့ တခြား သတင်းဆောင်ပါးတွေထဲက အချက်အလက်တွေ ထုတ်နှုတ်ရေးသားထားတယ်။ စာအုပ်ရဲ့ အနှစ်ချုပ် ခေါင်းစဉ် ငယ်က  “သတင်းထောက်တစ်ဦးရဲ့ နောက်ဆုံးဘဝမှတမ်း၊ အကျင့်ပျက်လာဘ်စားမှုနှင့် ပူတင်၏ ရုရှားနိုင်ငံ၌ သေဆုံးရခြင်း” (A Journalist's Final Account of Life, Corruption, and Death in Putin's Russia) ဖေါ်ပြထားတယ်။ ဒီစာအုပ်ထဲမှာ ၂၀၀၃ ဒီဇင်ဘာကနေ ၂၀၀၅ သြဂုတ်လအတွင်း ဖြစ်စဉ်တွေကို အဓိကဖေါ်ပြထားတယ်။ ဒီစာအုပ်မှာ ‘အန်နာ’ ရဲ့ “ရုရှားနိုင်ငံ၏ ပါလီမန်ဒီမိုကရေစီ ကျဆုံးခြင်း” ဆိုတဲ့ ဝေဖန်သုံးသပ်ချက်ကိုလည်း အကျယ်တဝင့်ထည့်သွင်း ဖေါ်ပြ ထားတယ်။

‘အန်နာ ပိုလစ်ကော့ဗ်စကာယာ’ ဟာ ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ မော်စကိုမြို့လယ်က သူမနေထိုင်ရာ ရပ်ကွက်အတွင်းက အဆောက်အအုံတစ်ခုရဲ့ ဓါတ်လှေကားထဲမှာ သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်။ သေနတ် သမားက ‘အန်နာ’ ရဲ့ ရင်ဘတ်ကို ၂ ချက်၊ ပုခုံးကို ၁ ချက်၊ ဦးခေါင်းကို ၁ ချက်ပစ်ခဲ့တယ်လို့ဆိုတယ်။ ထူခြားမှုက ‘အန်နာ’ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အောက်တိုဘာလ ၇ ရက်နေ့ဟာ ပူတင်ရဲ့ မွေးနေ့လို့ဆိုပါတယ်။ ‘အန်နာ’ ကို သတ်ရ တဲ့ အဓိက အကြောင်းက ပူတင်ကြိုးကိုင်ခဲ့တဲ့ ချေချန်ညာစစ်ပွဲရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖွင့်ချမှု၊ ပူတင်သြဇာခံ ချေချန်အစိုးရတို့ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုနဲ့ အကျင့်ပျက်လာဘ်စားမှုတွေ ဖေါ်ထုတ်ရေးသားမှုတွေကြောင့်ဖြစ်တယ် လို့ သတင်းတွေက ဆိုတယ်။ လုပ်ကြံသတ်ဖြတ်ခံရစဉ်က ‘အန်နာ ပိုလစ်ကော့ဗ်စကာယာ’ ဟာ အသက် ၄၈ နှစ်သာ ရှိသေးတယ်။

ဗြိတိန်နိုင်ငံရဲ့ Channel 4 ရုပ်သံလွှင့်ဌာနက အဓိက သတင်းဝေဖန်သုံးသပ်တင်ပြသူ ဂျွန်စနိုး (Jon Snow) က ဗြိတိန်နိုင်ငံ မှာထုတ်ဝေတဲ့ ‘အန်နာ’ ရဲ့ “ရုရှားနိုင်ငံသားတစ်ဦးရဲ့ နေ့စဉ်မှတ်တမ်း” စာအုပ်အမှာစာရေးခဲ့တယ်။

“အန်နာ ပိုလစ်ကော့ဗ် စကာယာ လုပ်ကြံခံရခြင်းဟာ သတင်းရယူပိုင်ခွင့်အတွက် ကျွန်တော်တို့ သတင်းထောက် အမြောက်အမြားအတွက် အရေးကြီးတဲ့ သတင်းရင်းမြစ်တွေ အဆက်အသွယ်တွေ ဆုံးရှုံးလိုက်ရတာဖြစ်တယ်။”

 “အန်နာကို လုပ်ကြံသတ်ဖြတ်သူဟာ ဘယ်သူလဲ၊ လူသတ်သမားရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ သူဟာ ဘယ်သူလဲဆိုတာ အခုထိ မသိရသေးပါဘူး။”

“သို့သော်လည်း နောက်ဆုံးမှာ အင်နာရဲ့စာအုပ်က အနည်းဆုံးတော့ ရုရှားနိုင်ငံဗဟိုချက်မမှာ ရှိနေတဲ့ လက်မည်းကြီး အင်အားစုရဲ့ မျက်နှာဖုံးကို ခွာချနိုင်မယ့် နည်းလမ်းအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့အခွင့်အလမ်းကို ပေးခဲ့ပါတယ်။ A Russian Diary စာအုပ်ကို ကျွန်တော် ဖတ်ပြီးပါပြီ။ ဒီစာအုပ် အကြောင်း အမိရုရှားနိုင်ငံတော်တစ်ဝှန်းမှာ အဖန်တလဲလဲ ကျယ်ကျယ်ပြန့်ပြန့် လေလှိုင်းကနေ ဖြန့်ကြဲချဖို့ဆောင်ရွက်ကြရပါလိမ့်မယ်။ ရုရှားပြည်သူတွေအားလုံး အင်နာရဲ့ စာအုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။” စသဖြင့် ဂျွန်စနိုးက အမှာစာရေးခဲ့ပါတယ်။

မော်စကိုမြီုကတော်မှာ သတင်းစာရှင်းလင်းပွဲတွေ လုပ်တိုင်း အခမ်းအနားတွေ ကျင်းပတိုင်း ‘အန်နာ ပိုလစ်ကော့ဗ်စကာ ယာ’ ဟာ ဖိတ်ကြားခြင်း မခံရဘူး။ အခမ်းအနားကျင်းပသူတွေကိုယ်တိုင်က အန်နာကို ဖိတ်ဖို့ ဝန်လေးကြတယ်။ အစိုးရ ရဲ့ ကရင်မလင်အာဏာပိုင်တွေက အခမ်းအနားမှာ အန်နာကို မြင်တွေ့သွားခဲ့ရင် ပွဲစီစဉ်သူတွေဟာ အန်နာကို ထောက်ခံ သူတွေလားလို့ ထင်မြင်သွားမှာ ကြောက်လို့ ဖြစ်ပါတယ်။ ဒါပေမယ့် အန်နာရဲ့ သတင်းဆောင်းပါးတချို့မှာ အစိုးရ အရာရှိကြီးတွေက သူနဲ့စကားပြောလိုသူတွေ ရှိခဲ့ကြောင်း အန်နာက ရေးခဲ့ဖူးတယ်။ ဒါပေမယ့် အန်နာနဲ့တွေ့တာကို သူတို့က လူသိမခံရဲတဲ့အတွက် လျှို့ဝှက် စီစဉ်ပြီးတွေ့ခဲ့တာမျိုးရှိခဲ့တယ်လို့ အန်နာ ကဆိုတယ်။ ဒါပေမယ့် ကရင်မလင် အာဏာပိုင်တွေက အန်နာရဲ့ သတင်းရယူပိုင်ခွင့်ကို ပိတ်ပင်ဟန့်တားမှုတွေ ရှိခဲ့တယ်လို့ဆိုတယ်။ ခွဲခြား ဆက်ဆံပြီး သိက္ခာကျအောင်လုပ်ခဲ့တာတွေ ရှိကြောင်း အန်နာက ဝေဖန်ပြောဆိုခဲ့ဖူးတယ်။

အန်နာ ဟာ သူရေးခဲ့တဲ့သတင်းတွေအတွက် ခြိမ်းခြောက်တာကို နေ့စဉ်နဲ့အမျှ ခံခဲ့ရတယ်။ စာနဲ့ခြိမ်းခြောက်တယ်။ အွန်လိုင်းကနေခြမ်းခြောက်တယ်။ တယ်လီဖုန်းနဲ့ခြိမ်းခြောက်တယ်။ ဒီ့အပြင် သူ့သတင်းဖေါ်ပြတဲ့ သတင်းစာတိုက်ကို လည်း တရားစွဲဆိုရေးဥပဒေချုပ်ရုံးက အမြဲဆင့်ခေါ်လေ့ရှိတယ်။ အန်နာရေးတဲ့ သတင်းနဲ့ပတ်သက်လို့သတင်းတစ်ပုဒ် ချင်းစီအတွက် တာဝန်ယူကြောင်း လက်မှတ်ထိုးပေးရတယ်။ ပြီးရင် အခြားသတင်းစာတွေကနေ အန်နာကို ‘မော်စကိုက အရူးမ’ လို့ လှောင်ပြောင်ရေးသား အပုတ်ချတာတွေလည်း ရှိခဲ့တယ်လို့ အန်နာက ဆိုတယ်။

‘အန်နာ ပိုလစ်ကော့ဗ်စကာယာ’ လုပ်ကြံခံရပြီးနောက် ‘နိုဗာယာဂဇက်တာ’ (Novaya Gazeta) သတင်းစာမှာ အတူအလုပ် လုပ်ခဲ့ဖူးတဲ့ ဗျတ်ချေဆလဗ် အစ္စမေလော့ဗ် (Vyacheslav Izmailov) ဆိုသူက သူသိသလောက် ‘အန်နာ’ အသတ်ခံရမယ့် အခြေအနေမျိုး ကြုံခဲ့တာ ၉ ကြိမ်ထက်မနည်း ရှိတယ်လို့ဆိုတယ်။ ‘အန်နာ ပိုလစ်ကော့ဗ်စကာယာ’ ကိုယ်တိုင်ကတော့ သူ့အနေနဲ့ ကြောက်ရွံ့မိတယ်ဆိုတာကို ဝန်ခံခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ သတင်းရင်းမြစ်လူပုဂ္ဂိုလ်တွေအတွက် သူ့မှာ တာဝန်ရှိတယ်လို့ခံစားရတဲ့အတွက် လုပ်သင့်တာကို လုပ်ခဲ့တယ်လို့ဆိုတယ်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလမှာ နယ်စည်းမခြား သတင်းသမားများအဖွဲ့(Reporters Without Borders)က ပြုလုပ်တဲ့ သတင်းစာညီလာခံမှာ အန်နာ က အခုလို ပြောဖူး တယ်။  “လူတွေဟာ တခါတရံ သူတို့ထင်မြင်ချက်ကို အသက်နဲ့ရင်းပြီး ကျယ်ကျယ်လောင်လောင် ပြောတတ်ကြတယ်။ တကယ်တော့ ကျမကို သတင်းပေးလိုက်တဲ့အတွက် သူအသတ်ခံရနိုင်တယ်။ ဒါကြောင့် ကျမတယောက်ထဲ အသက် အန္တရာယ်ရှိတာမဟုတ်ဘူး။ အဲဒီလို ကိစ္စမျိုးကို သက်သေပြစရာတွေ ကျမမှာ ရှိတယ်။”

သူ့ရဲ့ သတင်းထောက်အလုပ်ကြောင့် မကြာခန ‘သတ်ပစ်မယ်’ လို့ ခြိမ်းခြောက်ခံခဲ့ရတယ်။ ဒီမျှမက မုဒိန်းကျင့်ခံရမယ့် အခြေအနေမျိုးလည်း ကြုံရတယ်။ သတ်ပစ်လုနီးနီး ကြောက်လန့်အောင် ခြိမ်းခြောက်မှုတွေလည်း ‘အန်နာ’ ကြုံခဲ့ဖူးတယ် လို့ ဆိုတယ်။ ၂၀၀၁ ခုနှစ်ဦးပိုင်းက ‘အန်နာ’ ဟာ ရုရှားတောင်ပိုင်း ခတ်တွန်နီ (Khattuni)ဆိုတဲ့ ချေချန်တောင်ပေါ် ရွာ ကလေးမှာ စစ်တပ်က ဖမ်းဆီးစစ် ဆေးတာ ခံခဲ့ရဖူးတယ်။ အဲဒီတုံးက ‘အန်နာ’ ဟာ ချေချန်မိသားစု ၉၀ လောက်ရဲ့ ဖက်ဒရယ်တပ်ဖွဲ့အပေါ် မကျေနပ်မှုတွေကို သွားရောက် မေးမြန်းစုံစမ်းခဲ့တာဖြစ်တယ်။ မတရားရိုက်နှက်ညှင်းပမ်းမှုတွေ၊ မုဒိန်းမှုတွေ၊ ပြန်ပေးဆွဲမှုတွေ ဖြစ်ပွားခဲ့တာတွေ သိခဲ့ရတယ်။ ကျူးလွန်သူတွေဟာ  ရုရှား ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့ (FSB)က လူတွေလို့ဆိုတယ်။ အဲဒီရွာက အပြန်မှာ ‘အန်နာ’ အဖမ်းခံခဲ့ရတယ်။ ရုရှားတပ်သားတွေ  ရိုက်နှက် စစ်မေးတာ ခံရတယ်။ အရှက်ရအောင် ပြောဆိုပြုမူဆက်ဆံတာ ခံခဲ့ရတယ်။ သတ်ပစ်တော့မယ့် ပုံစံမျိုး ခြိမ်းခြောက်ညှင်းပမ်းတာ ခံရ တယ်။ လက်ဘက်ရေထဲမှာ အဆိပ်ခတ် တိုက်ခဲ့လို့ ‘အန်နာ’ အော့အံမူးဝေဖြစ်ခဲ့တယ်လို့ ပြန်ပြောပြခဲ့တယ်။

‘အန်နာ’ ဟာ ၂၀၀၄ ခုနှစ်မှာ အဲဒီတုံးက ချေချန်ဝန်ကြီးချုပ် ‘ရမ်ဇန် ခတ်ဒီရော့ဗ်’ (Ramzan Kadyrov) နဲ့ စကားအခြေ အတင် ပြောခဲ့ဖူး တယ်။ ‘ရမ်ဇန် ခတ်ဒီရော့ဗ်’ က  “မင်းဟာ ဒို့ပစ်မှတ်ထားရမယ့် ရန်သူပဲ” လို့ပြောခဲ့တယ်။ သူ့ ရဲ့ လက်ထောက် အရာရှိတစ်ဦးက ‘အန်နာ’ ကို “မင်း မော်စကိုပြန်ရောက်ရင် လူတစ်ယောက်က မင်းကို နောက်ကျောကနေ သေနတ်နဲ့ ပစ်လိမ့်မယ်”  လို့ခြိမ်းခြောက်ခဲ့တယ်။ ‘အန်နာ’ ရဲ့ နောက်ဆုံးအင်တာဗျူးမှာ ချေချန်သမ္မတဖြစ်လာခဲ့တဲ့ ‘ရမ်ဇန် ခတ်ဒီရော့ဗ်’ ကို   “ကျမတို့ခေတ် ချေချန်ရဲ့ စတာလင် ဖြစ်တယ်”   လို့ဝေဖန်ပြောဆိုခဲ့တယ်။

လေ့လာသုံးသပ်သူအချို့က ချေချန်ခေါင်းဆောင် ‘ရမ်ဇန် ခတ်ဒီရော့ဗ်’ (Ramzan Kadyrov) နဲ့ သူနောက်လိုက်တွေဟာ ‘အန်နာ’လုပ်ကြံခံရမှုနောက်ကွယ်က ပါဝင်ပတ်သက်သူတွေ ဖြစ်နိုင်တယ်လို့ ယူဆပြောဆိုကြတယ်။ ၂၀၀၆ ခုနှစ် အောက် တိုဘာ ၁၀ ရက်နေ့မှာ ‘အန်နာ’ ရဲ့ဈာပနအခမ်းအနားကို မော်စကို ဆင်ခြေဖုံးမှာရှိတဲ့ Troyekurovskoye သုဿန်မှာ ကျင်းပခဲ့တယ်။ သူ့လုပ်ဖေါ်ကိုင်ဖက်တွေ၊ သူ့စာဖတ်ပရိသတ်တွေ၊ သူ့ကိုချစ်ခင်လေးစားသူတွေအပါအဝင် လူတစ်ထောင်ကျော် ဈာပနပွဲမှာ လာရောက်စုဝေးခဲ့ကြတယ်။ ရုရှားအစိုးရဘက်က အဆင့်မြင့်အရာရှိတစ်ဦးတစ်ယောက်မှ ဈာပနပွဲ တက်ရောက်ခဲ့တာ မရှိလို့ဆိုတယ်။ ‘အန်နာ ပိုလစ်ကော့ဗ်စကာယာ’ ကို သူ့ဖခင်ရဲ့အုတ်ဂူအနီးမှာ မြှုပ်နှံခဲ့တယ်။

၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှာ ‘အန်နာ’ ကို လုပ်ကြံဖို့ နောက်ကွယ်က အမိန့်ပေးသူဟာ ရုရှားပြည်တွင်းက နိုင်ငံရေးသမားတစ်ဦးဖြစ်တယ်လို့ တရားခံတွေဘက်က ရှေ့နေတစ်ဦးဖြစ်သူ ‘မူရတ်မူဆာယက်ဗ်’ (Murad Musayev) က တရားခွင်ထွက်ဆိုချက်မှတ်တမ်းများကို ကိုးကားပြီး သတင်းထောက်တွေကို ပြောကြားခဲ့ဖူးတယ်။ ၂၀၁၂ ခုနှစ် ဒီဇင် ဘာမှာ ဒီမစ်ထရီ ပက်ဗ်လျုချန်ကော့ဗ် (Dmitry Pavliutchenkov) ဆိုသူ ရဲတပ်ဖွဲ့ဝင်ဟောင်းကို ‘အန်နာ’ လုပ်ကြံမှု အတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့တယ်။ ၂၀၁၄ ခုနှစ် မေလမှာ ချေချန်လူမျိုးညီအစ်ကို သုံးယောက်အပါအဝင် နောက်ထပ်တရားခံ ၅ ဦးကို ပစ်ဒဏ်စီရင်ခဲ့တယ်။ ချေချန်သုံးယောက်အနက်က တစ်ယောက်ဟာ ‘အန်နာ’ ကို သေနတ်နဲ့ပစ်ခြ့သူလို့ဆိုတယ်။ နောက် လုမ်အလီ ဂေတူကာယက်ဗ (Lom-Ali Gaitukayev နဲ့ သူ့တူ ရပ်စတမ် မက္ကမူဒေါ့ဗ်(Rustam Makhmudov) တို့ကို ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့တယ်။ ဒါပေမယ့် အခုလို ကြေးစား လူသတ်ခိုင်းမှုရဲ့နောက်ကွယ်က ငွေပေးခိုင်းစေသူဟာ ဘယ်သူလဲဆိုတာ ယခုထက်တိုင် မပေါ်သေးဘူးလို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ စုံးစစ်ဆေးရေးကော်မတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗလာဒီမီယာ မာကင် (Vladimir Markin) က ‘အန်နာ’ လုပ်ကြံခံရတဲ့ အမှုကို ဖြေရှင်းပြီးပြီလို့ ပြောကြားခဲ့တယ်။ ဒါပေမယ့် နိုဗာယာဂဇက်တာ သတင်းစာတိုက်က ‘အန်နာ’ ရဲ့လုပ်ဖေါ်ကိုင်ဖက်သတင်းထောက်တွေကတော့ သူ့ပြောကြားချက်ကို ကန့်ကွက်ခဲ့ကြတယ်။ နောက်ကွယ်က အမိန့်ပေးစေခိုင်းသူကို ဖေါ်ထုတ်ဖမ်းဆီးအပြစ်ပေးခြင်း မလုပ်သရွေ့ အမှုကို ပိတ်ပစ်မှာမဟုတ်ဘူးလို့ နိုဗာယာဂဇက်တာ သတင်းထောက်များက ဆိုပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ နိုဗာယာဂဇက်တာ သတင်းစာက ဗီဒီယိုမှတ်တမ်းတစ်ခုကို ထုတ်လုပ်ဖြန့်ဝေခဲ့ တယ်။ နိုဗာယာဂဇက်တာရဲ့ အယ်ဒီတာတွေ၊ သတင်းထောက်တွေ၊ ဓါတ်ပုံသတင်းထောက်တွေ၊ အင်တာနက်နည်းပညာ ရှင်တွေနဲ့ သတင်းစာစီမံခန့်ခွဲရေးဝန်ထမ်းတွေ စုပေါင်းပြီး ‘အန်နာ’ လုပ်ကြံခံရမှုနဲ့ပတ်သက်တဲ့ သတင်းအသေးစိပ် တွေ့ရှိချက်တွေကို တင်ပြထားတဲ့ ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်။ မှတ်တမ်းအမည်က "အန်နာကို သတ်ဖြတ်မှု နောက်ကွယ် က အဓိက ကြိုးကိုင်သူ ယခုတိုင် လွတ်မြောက်နေသည်" လို့ဆိုပါတယ်။ သတင်းထောက် ‘အန်နာ ပိုလစ်ကော့ဗ်စကာ ယာ’ လုပ်ကြံသတ်ဖြတ်ခံရမှု အကြောင်း မှတ်တမ်းတင်ရုပ်/သံ ဗီဒီယိုများ အများအပြား ထွက်ရှိခဲ့ပြီး၊ ယင်းတို့အနက် ရုရှား-ဆွီဒင်-အမေရိကန် ပူးတွဲထုတ်လုပ်တဲ့ “လွတ်လပ်ရေးရဲ့ခါးသည်းတဲ့အရသာ” (A Bitter Taste of Freedom) မှတ်တမ်းရုပ်ရှင်မှာ အထူးထင်ရှားတယ်လို့ ဆိုပါတယ်။

‘အန်နာ ပိုလစ်ကော့ဗ်စကာ ယာ’ ချီးမြှင့်ခံခဲ့ရတဲ့ ဆုတွေကတော့ ၂၀၀၁ ခုနှစ်မှာ ရုရှားသတင်းထောက်များသမဂ္ဂ က ချီးမြှင့်တဲ့ ရွှေကလောင်ဆု၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကချီးမြှင့်တဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး သတင်း စာပညာဆု၊ ၂၀၀၂ ခုနှစ်မှာ နော်ဝေစာရေးဆရာများသမဂ္ဂက ချီးမြှင့်တဲ့ လွတ်လပ်စွာဖွင့်ဟထုတ်ဖေါ်ပြောဆိုခွင့်ဆု၊ Index on Censorship အဖွဲ့က ချီးမြှင့်တဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် ကာကွယ်ခြင်းဆု၊ PEN American Center ရဲ့ လွတ်လပ်စွာ ရေးသားတင်ပြခွင့်ဆု၊ International Women's Media Foundation အဖွဲ့ရဲ့ သတင်းစာသူရသတ္တိဆု၊ ၂၀၀၃ ခုနှစ်မှာ Lettre Ulysses Award for the Art of Reportage သတင်းတင်ပြမှုဆိုင်ရာ အနုပညာဆု၊ Hermann Kesten Medal ဆု၊ ၂၀၀၄ ခုနှစ်မှာ Olof Palme Prize ဆု (ပူးတွဲ)၊ Vázquez Montalbán နိုင်ငံတကာသတင်းစာ ပညာ ဆု၊ ၂၀၀၅ ခုနှစ်မှာ လူ့အဖွဲအစည်းဆိုင်ရာ သူရသတ္တိဆု Civil Courage Prize (with Min Ko Naing and Munir Said Thalib)၊ သတင်းမီဒီယာလွတ်လပ်ရေးနှင့် အနာဂတ်ဆု၊ ၂၀၀၆ ခုနှစ်မှာ Tiziano Terzani နိုင်ငံတကာသတင်းစာပညာဆု၊ International Press Institute က ချီးမြှင့်တဲ့ ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့် သူရဲကောင်းဆု၊ ၂၀၀၇ ခုနှစ်မှာ UNESCO/Guillermo Cano World Press Freedom Prize၊  National Endowment for Democracy က ချီးမြှင့်တဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဒီမိုကရေစီဆု၊ Geschwister-Scholl-Preis ဆု၊ National Press Club က ချီးမြှင့်တဲ့ သတင်းစာလွတ်လပ်ခွင့် အထိမ်းအမှတ် John Aubuchon ဆု စသဖြင့် ဖြစ်ပါတယ်။ ဥရောပကောလိပ် ကိုလည်း ‘အန်နာ ပိုလစ်ကော့ဗ်စကာယာ ကောလိပ်’ လို့ အမည်ပေးခဲ့တယ်။

RAW in WAR (Reach All Women in War) အဖွဲ့က စစ်ပွဲပဋိပက္ခဇုံတွေမှာ လူ့အခွင့်အရေးကာကွယ်စောင့်ရှေက်သူ အမျိုးသမီးတွေကို ၂၀၀၆ ခုနှစ်က စတင်ပြီး ‘အန်နာ’ကို ဂုဏ်ပြုတဲ့အနေနဲ့ ‘အန်နာ ပိုလစ်ကော့ဗ်စကာယာ ဂုဏ်ထူးဆောင်ဆု’ ချီးမြှင့်ခဲ့တယ်။။။။။။


Ref:
Anna Politkovskaya: From Wikipedia, the free encyclopedia.
A Russian Diary by Anna Politkovskaya - With a Foreword by Jon Snow –

အတွေးအမြင် အမှတ် ၃၂၄၊ စက်အင်ဘာလ၊ ၂၀၁၉ ၌ ဖေါ်ပြသည့် ဆောင်းပါး။