Breaking News

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၅)

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၅)
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၂၁

တရုတ်တို့၏အပြောင်းအလဲ ဒုတိယအဆင့် 
အစောပိုင်းကာလက တရုတ်တို့သည် ဆင်းရဲသည်။ ၁၉၉၆ ခုနှစ်ဝန်းကျင်ထိ ဂျပန်ကားအဟောင်းများကိုပင် မြန်မာပြည်ကိုဖြတ်၍ တင်သွင်းခဲ့ရသည်။ သို့သော် ၂၀၀၀ ခုနှစ်မှစ၍ တရုတ်တို့သည် လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ၁၉၈၀ ခန့်မှစတင်ခဲ့သော တံခါးဖွင့်ဝါဒ၊ ဈေးကွက်စီးပွါးရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့၏ အကျိုးရလဒ်များကို ခံစားလာရပြီဖြစ်သည်။ ရာရှင်နှင့်သတ်မှတ်ပြီး ရိက္ခာ၊ လောင်စာ၊ ချည်ထည်တို့သတ်မှတ် ခွဲဝေ ရောင်းချရသောအခြေအနေမှနှိုင်းယှဥ်လျင် များစွာပြောင်းလဲခဲ့ပြီဖြစ်သည်။ အထည်အလိပ်များ၊ စက်မှုထွက်ကုန်များ ပြည်ပသို့ပြန်လည်တင်ပို့နိုင်မည်ဖြစ် သည်။ လုပ်အားခသက်သာသော တရုတ်ပြည်၌ အနောက်တိုင်းမှ စက်ရုံအလုပ်ရုံမြောက်များစွာ လာရောက်ဖွင့်လှစ်ရာ တရုတ်တို့ အလုပ်အကိုင်ပေါများလာသကဲ့သို့ နည်းပညာသစ်များအား အလျင်အမြန်ထိတွေ့ခွင့်ရခဲ့သည်။ ဤအခြေအနေသို့ရောက်အောင်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုများကာကွယ်ပေးသည့် လုံလောက်သည့် ဥပဒေများပြဌာန်းပေးခဲ့သည်။ ဘဏ်ငွေကြေးစနစ်ကို အပြောင်းအလဲများပြုလုပ်ခဲ့သည်။ ပြည်ပသို့ ပညာတော်သင် အမြောက်အများစေလွှတ်ခဲ့သည်။ ထိုစေလွှတ်သောပညာတော်သင်များ အစောပိုင်းကာလများတွင် တရုတ်ပြည်သို့ပြန်မလာကြဘဲ ပြည်ပတွင်သာနေထိုင်လုပ်ကိုင်မှုများရှိသော်လည်း တချိန်တွင် ပညာအတွေ့အကြုံအပြင်အရင်းအနှီးများသယ်ဆောင်၍ ပြန်လာကြလိမ့်မည်ဆိုသည့် ရေရှည်အမြင်ထားခါ နှစ်စဉ်ဆက်၍ဆက်စေလွှတ်သည်။ သူတို့မျှော်လင့်သည့်အတိုင်း ရေရှည်အကျိုးခံစားရသည်။ 

၂၀၀၅/၂၀၁၀ ကာလမှစ၍ တရုတ်ပြည်အနေနှင့်လည်း ချမ်းသာကြွယ်ဝမှု အစပြုလာခဲ့သည်။ တရုတ်တို့သည် ချမ်းသာကြွယ်ဝလာသည်နှင့်အမျှ အရင်းအနှီးရှိလာသည်နှင့်အမျှ ကမ္ဘာလုံးဆိုင်ရာစီးပွါးချဲ့ထွင်ရန် ကြိုးစားလာတော့သည်။ တရုတ်အမျိုးသားအကျိုးစီးပွါးအခြေခံပေါ်မှ ကမ္ဘာလုံးဆိုင်ရာ သေနင်္ဂဗျူဟာများ ချမှတ်လာခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ သေနင်္ဂဗျူဟာများနှင့်အတူ မြန်မာပြည်နှင့်ပတ်သက်သည့် သူ၏သေနင်္ဂဗျူဟာအမြင်အား အကောင်အထည်ဖေါ်ရန်ပြင်ဆင်လာခဲ့သည်ကို ၂၀၁၀ ဝန်းကျင်တွင် စတင်တွေ့ရသည်။ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလမ်းကြောင်းများရေးဆွဲလာခဲ့သည်။ ပထမအပြောင်းအလဲကာလက နိုင်ငံတကာနှင့်ကုန်သွယ်မှုနှင့် ပြည်ပအရင်းအနှီးများဖိတ်ခေါ်၍ ပြည်တွင်းဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးခဲ့သော တရုတ်တို့သည် နိုင်ငံရေးရပ်ခြားတွင် ရင်းနှီးမြှုပ်နှံရေးနှင့် ‌ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ချဲ့ထွင်ရေးကို ပြောင်းလဲလာသည်။ အ များက အာရုံစိုက်ရသည့် ပိုးလမ်းခါးပတ်စီမံကိန်းကို ဖေါ်ထုတ်လာသည်။ ထိုစီမံကိန်းတွင်ပါဝင်ရန် နိုင်ငံများကို စည်းရုံးသိမ်းသွင်းလာခဲ့သည်။ ကုန်သွယ်မှုအပြင် နိုင်ငံရပ်ခြား၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာခဲ့သည်။ တံခါးဖွင့်ပြီး အနှစ် ၄၀ အကြာတွင် တရုတ်တို့သည် ချမ်းသာကြွယ်ဝမှုအပြင် နယ်ပယ်စုံ၌ နည်းပညာလည်းမြင့်တက်လာသည်။ သို့နှင့် တရုတ်တို့သည် ခြေလှမ်းပို၍ကျဲလာတော့သည်။ 

တချိန်တည်းတွင် တောင်တရုတ်ပင်လယ်တွင်း ပိုင်ဆိုင်မှုကို တိုးချဲ့ကြေညာသည်။ လူလုပ်ကျွန်းတုများဖန်တီး၍ စစ်အခြေစိုက်စခန်းများချထားလာသည်။ ပစိဖိတ်သမုဒ္ဒရာနှင့် တောင်တရုတ်ပင်လယ်တို့ကိုသာမက အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကိုပါ နိုင်ငံရေး၊စစ်ရေး၊စီးပွါးရေးအရ စဥ်းစားလာခဲ့သည်။ စောစီးစွာကပင် အနုမြူလက်နက်ပိုင်ဆိုင်သော တရုတ်တို့သည် လေယဉ်တင်သင်္ဘောဆောက်လုပ်လာနိုင်ပြီဖြစ်ရာ တကမ္ဘာလုံးရှိ သမုဒ္ဒရာများအား ဖြန့်ကျက်ရန် အနာဂါတ်စီမံကိန်းများ ရေးဆွဲလာပြီဖြစ်သည်။ ထို့ပြင် တရုတ်ပြည်သည် လက်ရှိကာလတွင် တိုင်းပြည် GDP အရ ကမ္ဘာတွင် ဒုတိယနေရာသို့ရောက်လာသော်လည်း လူဦးရေသန်း ၁၄၀၀ ခန့်ရှိသောတရုတ်ပြည်တွင် တဦးချင်းဝင်ငွေကတော့ တပြည်လုံးပျမ်းမျှအ‌နေအထားရဆိုလျင်နိမ့် ကျနေဆဲဖြစ်သည်။ အပြောင်းအလဲအစပိုင်းတွင် တိန့်ရှောက်ဖင်က လူအချို့အား အရင်ပေး၍ ချမ်းသာခိုင်းလိုက်ပါဆိုသည့်အတိုင်း တရုတ်ပြည်တွင် ဘီလျံနာများပေါ်လာသည်။ တဖက်တွင်လည်းတရုတ်ပြည်တွင်း၌ ဆင်းရဲချမ်းသာ ကွာခြားမှု ကြီးမားလာသည့်ပြသနာကို ကြုံနေရသည်။ ၂၀၂၀ မှစ၍ ထိုပြသနာကို ဖြေရှင်းရန် တရုတ်တို့ ပြင်ဆင်နေရသည်။ ထိုဆင်းရဲချမ်းသာ ကွာခြားသည့်ပြသနာအား နိုင်ငံရေးအရ၊ လူမှုရေးအရဖြေရှင်းရန် ကြိုးပမ်းနေသည့်တချိန်တည်းတွင် စီးပွါးရေးအရ ဖြေရှင်းရန်လည်း စဉ်းစားလာသည်။ ‌တရုတ်တို့ကြုံနေရသည့်ပြသနာတခုမှာ တရုတ်ပြည်အရှေ့ဖက် ပင်လယ်ကမ်းရိုး တန်းဒေသရှိ ပြည်နယ်များ၏ တဦးချင်းဝင်ငွေနှင့် တရုတ်ပြည် အနောက်ပိုင်းနှင့်တောင်ပိုင်း ကုန်းတွင်းပိတ်ပြည်နယ်များ၏တဦးချင်းဝင်ငွေ သုံးဆခန့်ကွာခြားနေခြင်းဖြစ်သည်။ အရှေ့ဖက်ပင်လယ်ကမ်းရိုးတန်းရှိပြည်နယ်များက ပစီးဖိတ်သမုဒ္ဒရာကို ဖြတ်သန်းသည့် နိုင်ငံရပ်ခြား ကုန်သွယ်မှုများနှင့် ကြွယ်ဝသလောက် အနောက်ဖက်နှင့်တောင်ဖက်ရှိကုန်းတွင်းပိတ်ပြည်နယ်များက ဆင်းရဲနေသည်။
 သို့ဖြစ်ရာနိုင်ငံရပ်ခြား၌ ရင်းနှီးမြှုပ်နှံမှုများ ကြီးမားစွာပြုလုပ်နေသော တရုတ်တို့သည် ဆင်းရဲ၍ ဝင်ငွေနိမ့်ပါးနေသော တရုတ်လူထုအတွက် ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စဉ်းစားစီစဉ်လာသည်။ 

ဤပြသနာကို ဖြေရှင်းနိုင်ရန်အတွက် ကုန်းတွင်းပိတ်ပြည်နယ်များအတွက် အိန္ဒိယသမုဒ္ဒရာသို့ပင်လယ်လမ်းဖွင့်ရန်ရည်ရွယ်လာသည်။ နိုင်ငံရေး၊စစ်ရေး၊စီးပွါးရေးအရ မြန်မာပြည်အားဖြတ်၍ အိန္ဒိယသမုဒ္ဒ ရာသို့ လမ်းဖေါက်ရေးသည် တရုတ်တို့အတွက် သေနင်္ဂဗျူဟာစဉ်းစားမှုဖြစ်လာသည်။ ဦးစွာအားဖြင့် တရုတ်ပြည်တောင်ပိုင်းနှင့်အနောက်ပိုင်းပြည်နယ်များအတွက် လောင်စာထောက်ပံ့ရန် မြန်မာပြည်ကို ဖြတ်၍ သဘာဝဓါတ်ငွေ့နှင့်ရေနံပိုက်လိုင်းသွယ်တန်းသည်။ ဒုတိယအဆင့်၌ မြန်မာပြည်ကို ဖြတ်၍ ကုန်သွယ်ရေးလမ်းကြောင်းဖေါက်လုပ်ရန် ပြင်ဆင်လာသည်။ စီးပွါးရေးအရ ဘီလျံပေါင်းများစွာကုန်ကျမည့် စီးပွါးရေးစီမံကိန်းများ ရာထားလာသည်။ သို့ဖြစ်ရာ တရုတ်ပြည်၏ ပထမအပြောင်းအလဲကာလက မြန်မာနိုင်ငံနှင့်ပတ်သက်လျင် နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းအဓိကထားခဲ့သော တရုတ်တို့သည် ၂၀၁၀ ခန့်မှစ၍ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို မျှော်ရည်သည့် စီးပွါးကုန်သွယ်မှုလမ်းကြောင်းကို တည်ဆောက်ရန် မြန်မာပြည်၌ ဘီလီလျံနှင့်ချီ၍တန်ကြေးရှိသည့် စီးပွါးရေးလုပ်ငန်းများရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးလာသည်။ 

တရုတ်တို့သည် ပစီးဖိတ်သမုဒ္ဒရာရော အိန္ဒိယသမုဒ္ဒရာပါ ကုန်သွယ်လမ်းကြောင်းဖွင့်နိုင်ရန် သမုဒ္ဒရာနှစ်စင်းပေါ်လစီအား ကျင့်သုံးလာသည်။ ထိုသမုဒ္ဒရာများအတွင်းရှိ တ ရုတ် အကျိုးစီးပွါးများကို ကာကွယ်ရန် စစ်အင်အားကိုလည်း တိုးချဲ့တည်ဆောက်လာခဲ့သည်။၂၀၄၉ ခုနှစ်တွင် တရုတ်ပြည်အား ခေတ်မှီဖွံ့ဖြိုးတိုးတက်သောဆိုရှယ်လစ်နိုင်ငံကြီးအဖြစ်တည်ဆောက်ရန် ရည်ရွယ်သည်ဟု တရုတ်တို့ သေနင်္ဂဗျူဟာမျှော်လင့်ချက်ထားသည်ဟု အတိအလင်းကြေညာသည်။ ကျယ်ပြန့်လာသည့် တရုတ်တို့၏ အကျိုးစီးပွါးကို ကာကွယ်ရန်၊ ကမ္ဘာ့သမုဒ္ဒရာများအားလုံးတွင် ဖြန့်ကျက်ရန် ရေတပ်အားတိုးချဲ့လာသည်။ ယခုအချိန်တွင် လေယဉ်တင်သင်္ဘော ၃ စီးတည်ဆောက်ပြီးစီးလုဖြစ်သော တရုတ်တို့သည် နောင် အနှစ် ၃၀ အတွင်း အနည်းဆုံးလေယဉ်တင်သ‌င်္ဘော ၁၀ စီးခန့် တည်ဆောက်ရန် ရာထားပုံရသည်။ တရုတ်တို့သည် အရှိန်အဟုန်ဖြင့် ကမ္ဘာနံပါတ်တစ်နေရာအား ရယူရန် ကြံရွယ်လာခဲ့ပြီဖြစ်သည်။ သို့နှင့် ကမ္ဘာနံပါတ်တစ်နေရာတွင် အချိန်ကြာမြင့်စွာရှိနေသည့် အမေရိကန်တို့၏ သတိထားစောင့်ကြည့်မှုနှင့်တုန့်ပြန်မှုကို စတင်ကြုံရတော့သည်။ ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှုအသစ်ကို တွေ့မြင်ရသည်။ မြန်မာပြည်သည် ထိုပြိုင်ဆိုင်ကြားထဲတွင် ရောက်နေပေတော့သည်။ 

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar