Breaking News

အောင်မှိုင်း - ကျနော် ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၁၃ (နိဂုံးပိုင်း-၄)

ကိုအောင်မှိုင်း - ကျနော် ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၁၃ (နိဂုံးပိုင်း-၄)

(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၂


နိဂုံးပိုင်း

(အင်္ဂလိပ်ကိုလိုနီခေတ်က အင်္ဂလိပ်အလိုတော်ရိတွေ ရှိခဲ့ကြပါတယ်။ ဒီလိုပဲ၊ ဂျပန်ခေတ်ရောက်တဲ့အခါ ဂျပန်အလိုတော်ရိတော် ဆိုတာ ရှိခဲ့ကြပြန်ပါတယ်။ နောက် စစ်ကျွန်ခေတ် ရောက်ပြန်တော့ စစ်ကျွန်အလိုတော်ရိတွေဆိုတာ ပေါ်လာပြန်ပါတယ်။ ကျနော် ပြောချင်တာက အလိုတော်ရိ ဆိုတာ လူ မျိူး ဘာသာ လိင် ပညာ အသက်အပိုင်းအခြားတွေနဲ့ လုံးဝမပတ်သက်ဘဲ ​ ကိုယ်ကျိူးစီးပွားတွေပေါ် အခြေပြု ဖြစ်ပေါ်လာတာကြောင့် တကိုယ်ကောင်းသမားတွေသာ ဖြစ်ကြလေ့ရှိပါတယ်။ )                                                                                                                                                                           ကိုအောင်မှိုင်း



အပိုင်း (  ၄  )

ပင်လုံစာချုပ်ဆိုတာ အောင်ဆန်း အက်တလီစာချုပ်အဆက် ဆိုရင် မှားမယ်မထင်ဘူး။ ပင်လုံစာ ချုပ် ၁၀ ချက်မှာ အမှတ် ၆ က " မြန်မာ ပြည်မနှင့် တောင်တန်းဒေသများကို တပေါင်းတည်း လွတ် လပ်ရေးပေးရန်အတွက် တောင်တန်းဒေသများ၏ ဆန္ဒယူရန် သဘောတူကြသည်"  လို့  ပါရှိခဲ့တဲ့ အတွက် ဒီသဘောတူညီမှုကို ရရှိဖို့ တောင်တန်းဒေသများရဲ့ ဆန္ဒသဘောထားရယူဖို့ရန်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိဖို့အတွက် အလွန်အရေးကြီးခဲ့တာလည်း ဖြစ်ပါတယ်။

ကနေ့  တိုင်းရင်းသားအရေး ဆောင်ရွက်ရန်  မြန်မာ့သမိုင်း ချဥ်းကပ်သူအများစုမှာ ပင်လုံစာချုပ်က အစချီပြီ ပင်လုံစာချုပ်မှာတင် အဆုံးသတ်လေ့ရှိတာ တွေ့ရပါတယ်။ အမှန်တကယ်က မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးကတည်းက တောင်တန်းဒေသတွေမှာ ဥပဒေများ ပြဋ္ဌာန်းခဲ့ပါတယ်။ အနှစ်သာရကတော့ ဗြိတိသျှတို့အနေနဲ့ စနစ်တကျ သွေးခွဲအုပ်ချုပ်ရေးလမ်းစဥ်ကို  ကျင့်သုံးကာ  နှစ်ပေါင်းများစွာ ကျွန်ပြုအုပ်ချုပ်နိုင်ဖို့ ဖြစ်တာကိုတော့ အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။

ကချင်တောင်တန်းဒေသလူမျိုးစုဆိုင်ရာ စည်းမျဥ်းများ ( ၁၈၉၅ )

ဗြိတိသျှတို့ မန္တလေးနေပြည်တော်ကို သိမ်းယူပြီးနောက် ကချင်တောင်တန်းဒေသများသို့ ဆက်လက် ၍ ထိုးစစ်ဆင်သည်။ထို့နောက် ကချင်တောင်တန်းဒေသများကို သိမ်းယူလွှမ်းမိုးနိုင်သောအခါ ( The  Kachin Hill Tribes Regulation ) ကို ၁၈၉၅ ခုနှစ်ကို ပြဌာန်းသည်။ထိုဥပဒေသည် ကချင်တောင်တန်း ဒေသ၌ နေထိုင်ကြသော ကချင်လူမျိူးများနှင့်သာ သက်ဆိုင်ပြီး ကချင်လူမျိူးမဟုတ်သူများနှင့်  မ သက်ဆိုင်ပေ။၄င်းဥပဒေနှင့် အကျူံးဝင် ဒေသများမှာ ( ၁ ) ဗန်းမော်စီရင်စုအတွင်းရှိ ကချင်လူမျိူး များနေထိုင်ရာ တောင်တန်းဒေသများ ( ၂ ) မြစ်ကြီးနားစီရင်စုအတွင်းရှိ ဆဒုန်၊ဆမားနှင့် မြစ်ကြီးနား ကချင်တောင်တန်းဒေသများ( ၃ )မိုးကောင်းကချင်တောင်တန်းဒေသများ ( ၄ ) ကာမိုင်းနှင့်ထော်ဂေါ ကချင်တောင်တန်းဒေသများ ( ၅ )ကသာစီရင်စုအတွင်းရှိ  ကချင်တောင်တန်းဒေသများ ( ၆ ) ပူတာ အိုစီရင်စု ( ၇ )မိုးမိတ်ဆပ်ဒီဝီဇံနယ်အတွင်းရှိ ကချင်လူမျိူးများနေထိုင်ရာဒေသများဖြစ်ကြပါတယ်။ 

(ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်  မြဟန် )

ချင်းတောင်တန်းများစည်းမျဥ်းဥပဒေ ( ၁၈၉၆ )

ဗြိတိသျှတို့ မန္တလေးနေပြည်တော်ကို သိမ်းယူပြီးနောက် ကချင်တောင်တန်းဒေသများကို သိမ်းယူ လွှမ်းမိုးနိုင်သောအခါ ( The  Kachin Hill Tribes Regulation ) ကို ၁၈၉၅ ခုနှစ်ကို ပြဌာန်းသကဲ့သို့  ချင်းတောင်တန်းဒေသများကို သိမ်းယူရရှိပြီးသောအခါ ( The Chin Hills Regulation ) ကို ၁၈၉၆ ခုနှစ်တွက် ပြဋ္ဌာန်းခဲ့သည်။ ဆိုလိုသည်မှာ ချင်းတောင်နှင့် ပြည်မကို အုပ်ချုပ်ရေးအရ ခွဲခြားလိုက်ခြင်းပင် ဖြစ်ပါသည်။ ဤသည်မှာ အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချူပ်ရေး သာဓကတခုပင်ဖြစ်ပါတယ်။

( ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်  မြဟန် )

ကျနော် ဆိုလိုချင်တာက နှစ်ပေါင်းများစွာ သွေးခွဲအုပ်ချုပ်မှုကြောင့် ဖြစ်ပေါ်နေတဲ့ သွေးကွဲမှုများ အပေါ် ကျနော်တို့တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေရဲ့ အမြော်အမြင်ကြီးစွာ ဆောင်ရွက်နိုင်ခဲ့မှုများအပေါ် တန်ဖိုးထား ထောက်ပြခြင်းလည်း ဖြစ်ပါတယ်။ ပင်လုံစာချုပ်မချုပ်ဆိုမီ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့အခင်းအကျင်းကလည်း ကမ္ဘာ့ကိုလိုနီနယ်ချဲ့စနစ်ဆန့်ကျင်ရေး အမျိူးသားလွတ်မြောက်ရေးနဲ့ ဖက်ဆစ်ဝါဒဆန့်ကျင်ရေး ဆိုတဲ့ အနာဂတ်ကမ္ဘာကြီးကို စီမံခန့်ခွဲလိုတဲ့ လူသားထုရဲ့ စူးစူးရှရှ တိုက်ပွဲဝင် တောင်းဆိုမှုတွေကလည်း ပင်လုံညီလာခံကို တွန်းအားတခုဖြစ်စေခဲ့တာကတော့ အမှန်ပဲ ဖြစ်ပါတယ်။

ကျနော်တို့အနေနဲ့ သမိုင်းဝင်ပင်လုံစာချုပ်ကြီး ပေါ်ပေါက်လာပုံကို ပြောကြမည်ဆိုလျှင် ၁၉၄၆ ခုနှစ် မတ်လ ၁ရက်နေ့က ၁၂ ရက်နေ့ထိ ကျင်းပခဲ့တဲ့ ပထမပင်လုံအစည်းအဝေးနဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လ ၃ရက်က ၁၃ ရက်ထိ ကျင်းပခဲ့တဲ့ ဒုတိယပင်လုံအစည်းအဝေးတွေကိုတော့ ထည့်သွင်းပြောကြဖို့ လိုမည် ထင်ပါတယ်။ ဆရာဦးဖေခင်ရဲ့ ကိုယ်တွေ့ပင်လုံမှာ အခုလို ဖော်ပြတာ တွေ့ရပါတယ်။

(ပထမပင်လုံအစည်းအဝေး ကျင်းပရန် အကြံရလာပုံမှာ ၁၉၄၅ ခုနှစ်အလယ်လောက်တွင် အာဇာနည်   မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၏  မဟာဒေဝီအသုဘအခမ်းအနားသို့  တက်ရောက်လာကြသော အနယ်နယ်အရပ်မှ စော်ဘွားကြီးများ စုဝေး၍ အာလာပသလ္လာပ ပြောရင်း စတင်ခဲ့သည်ဆိုလျှင် အံ့သြကြလိမ့်ဟု ထင်ပါသည်။ 

ထိုအချိန်ကာလမှာ ဒုတိယကမ္ဘာစစ်ကြီးပြီးစဖြစ်၍ ကမ္ဘာပေါ်ရှိ ကိုလိုနီနိုင်ငံများက လွတ်လပ်ရေး အတွက်  အရေးဆိုကြသလို မြန်မာနိုင်ငံကလည်း လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသည့် အခါ သမယ ဖြစ်ပါသည်။

၄င်းစော်ဘွားများက ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေများကို ဆွေးနွေးကြရင်း မိမိတို့အနာဂတ်အတွက် မည်သို့ ဆောင်ရွက်ကြမည်ကို ထည့်သွင်းစဥ်းစားရန်  အချိန်ရောက်နေပြီဖြစ်ကြောင်း သဘောပေါက်လာကြသည်။ 

စော်ဘွားများ၏ စကားဝိုင်းတွင် နိုင်ငံရေးအမြင်နှင့် တက်တက်ကြွကြွ ဦးဆောင်ဆွေးနွေးကြသူများမှာ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် သထုံမြို့စားကြီးစဝ်ခွန်ကြည်နှင့် မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်းတို့ ဖြစ်ကြသည်။

စော်ဘွားအားလုံးက မိုင်းပွန်စော်ဘွားကြီးအား နည်းလမ်းရှာကြံရန် တာဝန်ပေးလိုက်ပါသည်။ မိုင်းပွန်စော်ဘွားကြီးသည် ၄င်း၏မဟာဒေဝီ အသုဘကိစ္စများ ပြီးဆုံးသွားပြီးနောက် ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ အလယ်လောက်တွင် ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့သို့ စော်ဘွားကြီးများအား အစည်းအဝေးတရပ် ကျင်းပရန် ဖိတ်ခေါ်လိုက်ပါသည်။

ယင်းအစည်းအဝေးပွဲကြီးတွင် နည်းလမ်းရှာဆွေးနွေးကြရာမှ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် "ရှမ်းပြည် လက်မှုပညာပြပွဲ" တစ်ရပ် ကျင်းပရန် ဆုံးဖြတ်လိုက်ကြသည်။ "ရှမ်းပြည်လက်မှုပညာ ပြပွဲ" ဟု အချိန်အခါ အခြေအနေအရ အမည်တပ်ထားသော်လည်း ယင်းပြပွဲသို့  မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအားလည်းကောင်း ဂဠုန်ဦးစော အပါအဝင် အခြားနိုင်ငံရေးခေါင်းဆောင်များနှင့် တောင်တန်းဒေသမှ ကချင် ချင် ကရင်နီ ( ကယား )တို့အားလည်းကောင်း ဖိတ်ကြား ခဲ့သဖြင့် ယင်းပြပွဲမှာ နိုင်ငံရေးအသွင်လက္ခဏာဆောင်လျှက်ရှိကြောင်း သိသာပေသည်။

ယင်းပြပွဲသို့ ဗိုလ်ချုပ်အောင်ဆန်းမတက်ရောက်နိုင်ခဲ့ကြောင်း၊ ၄င်းကိုယ်စား သခင်နု ဦးဆောင်သော အဖွဲ့ တက်ရောက်ခဲ့ပါသည်။ ပြပွဲတွင် ရှမ်းပြည်ဒေသအသီးသီးမှ လက်မှုပညာနှင့်ထုတ်ကုန်များ၊ ပုံစံအားဖြင့် အင်းလေးမှ ပိုးထည်ချည်ထည်များ၊ မိုးနဲမှ ငွေဓားများ၊ ကျိူင်းတုံမှ ရွှေချယွန်းထည်များ၊ မိုင်းပွန်မှ နာမည်ကြီးရေတကောင်းနှင့် မြေထည်များ၊ လင်းခေးမှ ဗာဂျီးနီးယား ဆေးတံသောက်ဆေးများ စသည်တို့ကို တဲများထိုး၍ ပြသထားပါသည်။

သခင်နုက ရှမ်း ဗမာချစ်ကြည်ရေးသမိုင်းကို လည်ကောင်း၊ ဂဠုန်ဦးစောက ဒိုမီနီယံအကြောင်းကို လည်းကောင်း၊ လင်းခေး ဦးထွန်းမြင့် ဗာဂျီးနီးယားဆေးရွက်ကြီးအကြောင်းကို လည်းကောင်း၊ ဦးတင်ဧက ပညာရေးနဲ့ပတ်သက်၍ လည်းကောင်း အသီးသီးဟောပြောကြပါသည်။

ဤသည်မှာ ပထမအကြိမ် ပင်လုံညီလာခံကြီး ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး တစ်ဦးနှင့်တစ်ဦးရင်းနှီး နား လည်မှုများ ရတန်သရွေ့ ရခဲ့သဖြင့် အကျိုးရှိသောကြောင့် နောင်နှစ်တွင်လည်း အလားတူ တွေ့ဆုံ ဆွေးနွေးကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။)

 ဤသို့ဖြင့် ပထမအကြိမ် ပင်လုံညီလာခံကြီး ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ကျနော်တို့ လူအများသိခဲ့ကြ သော "ပင်လုံညီလာခံကြီး" ဖြစ်ပေါ်လာစေသည့် ပကတိအခြေအနေတရပ် တွန်းအားတရပ်ပင် ဖြစ်ပေတော့သည်။

ကိုအောင်မှိုင်း           







Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar