Breaking News

မိုက်ခဲစိန် - နောက်ဆုံးတော့ သမ္မတကြီးထရန့်ကို ဖြုတ်ချဖို့ လွှတ်တော်က တောင်းဆိုပြီ


မိုက်ခဲစိန် - နောက်ဆုံးတော့ သမ္မတကြီးထရန့်ကို ဖြုတ်ချဖို့ လွှတ်တော်က တောင်းဆိုပြီ

(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၉

ဒီဇင်ဘာ ၁၈၊ အမေရိကန်စံတော်ချိန် ၆ နာရီ (ပစိဖိတ်ကမ်းခြေအချိန်) မှာ အမေရိကန်အောက်လွှတ်တော်က ပထမပုဒ်မ - မဲ (၂၃၀ - ၁၉၇) နဲ့ သမ္မတသည် အာဏာကို အလွဲသုံးစားလုပ်သည်ဟု စွဲချက်တင်လိုက်ပါတယ်။ ဒုတိယပုဒ်မ - နောက်ထပ် မဲ (၂၂၉ - ၁၉၈) နဲ့ သမ္မတသည် လွှတ်တော်ကို ပိတ်ဆို့တားဆီးနေသည်ဟုလည်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ သည် ပုဒ်မ ၂ ခုကို အောက်လွှတ်တော်က မဲအများစုနဲ့ သမ္မတကို imperach  (ဖြုတ်ချရန်) ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။

အတိုက်အခံဒီမိုကရက်တွေ ကြီးစိုးတဲ့ အောက်လွှတ်တော်က ဒီမိုကရက်အများစုထောက်ခံမဲနဲ့ သမ္မတကို အရေးယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်အမတ်တွေ အားလုံးက သူတို့သမ္မတကြီးဘက်က ရပ်တည်ပြီး စွဲချက်တင်မှုကို ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။

ဒေါ်နယ်ထရန့်က ဇူလိုင်လတုန်းက ယူကရိန်းသမ္မတနဲ့ ဆက်ဆံရာမှာ သူ့၏ပြိုင်ဘက် ဂျိူးဘိုင်ဒင်၏သားကို လာဘ်စားမှုနဲ့ စုံစမ်းအရေးယူဖို့ အာဏာသုံးပြီး တောင်းဆိုမှုတွေ လုပ်ခဲ့တယ်လို့ တိုင်ကြားခံရတာက သည်အမှုက စတင်ပါတယ်။ အမေရိကန်သမ္မတတဦးက ပြည်ပနိုင်ငံတခုကို အမေရိကန်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စွက်ဖက်လာအောင် အကူတောင်းရသည်အထိ အာဏာအလွဲသုံးခွင့် မရှိပါဘူး။ သည်အမှုကို လွှတ်တော်က စုံစမ်းရာမှာ သမ္မတရုံးက လွှတ်တော်ကို အာဏာဖီဆန်ပြီး ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး။ သည်အမှုမှာ အစိုးရနိုင်ငံခြားရေးရုံးက သံအရာရှိကြီးများ၊ အစိုးရလုံခြုံရေးရုံးက အရာရှိကြီးများက လွှတ်တော်ကို လာရောက်ပြီး အစစ်ခံခဲ့ကြတာ ဖြစ်ပါတယ်။ အစိုးရဝန်ထမ်းများ၏ ထုတ်ဖော်ဝန်ခံမှုကြောင့်သာ ဒေါ်နယ်ထရန့် အာဏာအလွဲသုံးမှု ပေါ်ပေါက်တာဖြစ်ပြီး သမ္မတရုံးကတော့ လုံး၀ ပိတ်ဆို့ငြင်းဆန်သည့်အပြင် အာဏာရရီပတ်ဘလစ်ကန်အမတ်တွေ အားလုံးကလည်း သမ္မတကြီးမှာ အပြစ်မရှိဘူးလို့ မျက်စိပိတ်ငြင်းဆန်ခဲ့ကြပါတယ်။

စက်တင်ဘာမှာ စတင် ကြားနာစစ်ဆေးပြီးနောက် အခု ဒီဇင်ဘာ တတိယပတ်မှာ အောက်လွှတ်တော်က သမ္မတကို အရေးယူဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အခု စွဲချက် ပုဒ်မ ၂ ခုကို အတည်ပြုပြီးနောက်မှာတော့ အထက်လွှတ်တော် (ဆီးနိတ်) ကို တင်ပြပြီး အထက်လွှတ််တော်အမတ်များက ဗဟိုတရားရုံးတော်က တရားသူကြီးချုပ်နဲ့ အဖွဲ့နဲ့ ပူးတွဲပြီး ထပ်မံ စစ်ဆေး တရားစီရင်ရမှာ ဖြစ်ပါတယ်။ သို့သော် အထက်လွှတ်တော်မှာက ထရန့်၏ ရီပတ်ဘလစ်ကန် အမတ်တွေ က ၅၄ ဦး နဲ့ အသာရထားတာကြောင့် ဒီမိုကရက်တွေ တဖက်သတ်မျော်လင့်သလို သမ္မတကို ဖြုတ်ချမိန့် လွယ်လွယ်နဲ့ ချမှတ်နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဒီမိုကရက်အထက်လွှတ်တော်အမတ်က ၄၅ ဦး၊ ကြားနေအမတ် ၁ ဦး ရှိနေတဲ့အတွက် သမ္မတကို ဖြုတ်ချဖို့ မဲခွဲရင်တောင်မှ မဲ ၃ပုံ၂ပုံ (၆၇ဦး) လိုအပ်တာကြောင့် ဖြစ်နိုင်ဖို့လည်း ခဲယဉ်းပါတယ်။

အထက်လွှတ်တော်အမတ်ချုပ်် ရီပတ်ဘလစ်ကန် မစ်ချ်မက်ကော်နယ်ကလည်း ဝါရင့် သက်တော်ရှည် အမတ်ကြီး ဖြစ်တာကြောင့် အောက်လွှတ်တော်အမတ်ချုပ် ဒီမိုကရက် နန်စီပလိုစီကဲ့သို့ မာယာကြွယ်သူ ဖြစ်ပါတယ်။ သူ့ဘက်က ဒီကိစ္စကို မဲ၃ပုံ၂ပုံ အကြပ်အတည်းကို အခွင့်ကောင်းယူပြီး ပယ်ချလိုက်ဖို့ ပြင်ဆင်နေပုံရပါတယ်။ သည်တော့ အောက်လွှတ်တော် အမတ်ချုပ် ဒီမိုကရက် နန်စီပလိုစီက အထက်ပါ ပုဒ်မ ၂ ရပ်ကို အထက်လွှတ်တော်ကို တင်ဆက်တဲ့အခါ အချက်အလက် ထောင့်စုံအောင် ပြင်ဆင်မှာ ဖြစ်တဲ့အကြောင်း သည်အတွက် အချိန်ထပ်ယူဦးမှာ ဖြစ်ကြောင်း တုန့်ပြန်သတိပေးထားပါတယ်။

အမေရိကန်၏ ၂၅၀ နှစ် နိုင်ငံသက်တမ်းမှာ အခုလို impeach အလုပ်ခံရတာ ထရန့်အပြင် အခြား ၂ ဦး ပဲ ရှိပါတယ်။ ပထမဦးဆုံးတဦးကတော့ ၁၇ ဦးမြောက် သမ္မတ ဂျွန်ဆန် (၁၈၆၈ ခုနှစ်) နဲ့ ဒုတိယကတော့ ၄၂ဦးမြောက် သမ္မတ ကလန်တန် (၁၉၉၈ ခုနှစ်) တို့ဖြစ်ပါတယ်။ သမိုင်းမှာ တတိယမြောက် ဖြုတ်ချရန် အဆိုသွင်းခံရတဲ့သမ္မတအဖြစ် ၄၅ဦးမြောက် သမ္မတ ထရန့် (၂၀၁၉ ခုနှစ်) ဖြစ်သွားပါပြီ။

ဒေါ်နယ်ထရန့်ကတော့ ၂၀၂၀ သမ္မတရွေးကောက်ပွဲအတွက် ကင်ပိန်းခရီးထွက်နေပါတယ်။ သူကတော့ မမှုရေးချ မမှုလို့ ထုတ်ပြန်လိုက်ပါတယ်။ လွှတ်တော်အမတ်ချုပ် အမျိုးသမီးခေါင်းဆောင် နန်စီပလိုစီကို ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ နန်စီပလိုစီကတော့ နိုင်ငံတော်က အဓိက၊ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ၊ သမ္နတဖောက်ပြန်မှုတွေကို ငုံခံနေကြရင် သမိုင်းမှာ တရားခံဖြစ်ကြလိမ့်မယ်၊ ဒါကို နိုင်ငံရေးသမားကောင်းတွေက ထုတ်ဖော် တွန်းလှန်ကြဖို့ တာဝန်ရှိတယ်လို့ သတိပေးလိုက်ပါတယ်။