Breaking News

မောင်သာနိုး - ပို့စ်မော်ဒန်ကဗျာအကြောင်း






မောင်သာနိုး - ပို့စ်မော်ဒန်ကဗျာအကြောင်း

(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၉
(စာရေးသူ၏ ဖေ့စ်ဘွတ်ကနေ ယူပါတယ်)
ဖက်ရှင်ရဲ့သင်္ခါရသဘော

ဖက်ရှင်ရဲ့မူလအင်္ဂလိပ်စကား Fashion ရဲ့အဓိပ္ပာယ်က ဝတ်ပုံစားပုံ ၊ ဆံပင်ဆင်ယင်ထုံးဖွဲ့ပုံစသည်တို့ရဲ့ လောလာဆယ်ဆယ် တွင်ကျယ်လူကြိုက်များနေတဲ့ ဟန်ပန်ပုံစံဆိုတဲ့ မူရင်းအဓိပ္ပာယ်အပြင် ၊ မပြတ်ပြောင်းလဲနေတဲ့သဘော ၊ အနိစ္စသဘောကိုပါ တွဲဖက်အဓိပ္ပာယ်ဆောင်နေတယ်။ အဝတ်အစားဖက်ရှင်တွေ၊ ဆံပင်ပုံစံဖက်ရှင်တွေ ပြောင်းနေပုံကို သတိထားကြည့်တတ်သူများ သိမြင်လွယ်ပေမဲ့ တော်ရုံလူကတော့ အမှုမဲ့အမှတ်မဲ့ပဲ။ လွန်ခဲ့တဲ့အနှစ်သုံးလေးဆယ်က ရုပ်ရှင်ကားပြန်ပြတာကိုကြည့်လိုက်မှ ပြောင်းလဲသွားလိုက်ပုံကို ထင်ထင်ရှားရှားသိမြင်နိုင်တာ ဖြစ်တယ်။

ပို့စ်မော်ဒန်အမေရိကန်ကဗျာ “Postmodern American Poetry”စာအုပ်ကို တည်းဖြတ်ထုတ်ဝေတဲ့ ပေါလ်ဟူဗာ Paul Hoover က …... “၁၉၅၀ ကစခဲ့တဲ့ခေတ်ပိုင်းကို အမေရိကန်ပြည်ထောင်စုဟာ ယဉ်ကျေးမှု လောကနဲ့ ကမ္ဘာ့အသိဉာဏ်ဝေစု အပြည့်အစုံရရှိခဲ့ ၊ ဒီလိုနဲ့ အရဲရင့်ဆုံးကဗျာကို ရရှိခဲ့တဲ့အချိန်ပိုင်းလို့ မြင်ရပါလိမ့်မယ်”
လို့ ဆိုခဲ့ပါတယ်။ သူပြောနေတဲ့ခေတ်ပိုင်းဆိုတာ ပို့စ်မော်ဒန်ကဗျာပေါ်ထွန်းခဲ့တဲ့အချိန်ပိုင်းကို ပြောတာပါ။ အခု ဆိုရင် ပို့စ်မော်ဒန်နောက် After Postmodernism ဘယ်လိုကဗျာတွေ၊ ဝတ္ထုတွေရေးနေကြသလဲဆိုတာကိုပဲ စာ တမ်းတွေ ဖတ်နေကြပါပြီ။ ဒီလိုဆိုလိုက်တဲ့အတွက် ပို့စ်မော်ဒန် လုံးဝမရေးကြတော့ဘူး ၊ ခေတ်ကုန်သွားပြီလို့ ပြောတာမဟုတ်ဘူး ။ ပို့စ်မော်ဒန်ကို ရေးတဲ့သူကရေးတုန်း။ ပို့စ်မော်ဒန်မဟုတ် ၊ သူ့အရင် မော်ဒန်ကိုတောင် ၂၀၁၅ ထိ ရေးသူက ရေးကြတုန်းပါ။

ပို့စ်မော်ဒန်စကားလုံးကို ၁၉၅၁ လောက်ဆီကပဲ ချားလ်ဇ်အော်ဆန် Charles Olson စသုံးခဲ့တာပါ။ ဒုတိ ယကမ္ဘာစစ်နောက် စမ်းသပ်လာကြတဲ့နည်း၊ အရင်ခေတ်စားခဲ့တဲ့ ယဉ်ကျေးမှု အနုပညာတို့က ခွဲခွာလာတဲ့နည်း ကို ပို့စ်မော်ဒန် ခေါ်လာကြတာပါပဲ။ တနည်း ၊ နှစ်ဆယ်ရာစုအစကနေ ပထမကမ္ဘာစစ်အရင်နဲ့ နောက် ပေါ်ထွန်း ခဲ့တာ မော်ဒန်၊ ဒုတိယကမ္ဘာစစ်နောက် ပေါ်ထွန်းခဲ့တာ ပို့စ်မော်ဒန်၊ အဲသလို မှတ်ယူနိုင်တယ်။ ဘိထ် Beat ကဗျာကနေ နောက်ပိုင်းမှာ ပါဖောမန့်စ် Performance ကဗျာ၊ စာပေဆန်တဲ့ ဘာသာစကားကဗျာ Language poetry တို့အထိ ပါဝင်တယ်။

ပို့စ်မော်ဒန်ကို ၁၉ ရာစုရောမန္တိက Romantic poetry နဲ့ နှစ်ဆယ်ရာစုအစဦး မော်ဒန်က လမ်းခွဲလာတာလို့ ဆိုနိုင်သလို ၊ ဒီ နှစ်ခုရဲ့အဆက်လို့လည်း ဆိုကြတယ်။ နှစ်ခုစလုံးမှန်တယ်။ ဥပမာ-ကနေ့ အမေရိကန်မှာ အကြီးကျယ်ဆုံးကဗျာ ဆရာ ဂျွန်အဲရှဘရီ John Ashbery ဟာ ပို့စ်မော်ဒန်သမားဖြစ်တယ်။ သူဟာ (Modernist-romantic မော်ဒန် ရောမန္တိက ဝေါလေ့စ် စတီဗန်စ် Wallace Stevens နဲ့မော်ဒန်ဩဂတ် စတန် Modernist Augustan ကဗျာသမား ဝ-ဟ အော်ဒင် W.H.Auden တို့ရဲ့ဩဇာညောင်းနေတယ်။ အလားတူ တခြား ပို့စ်မော်ဒန်ကဗျာတွေ ၊ အယူအဆတွေကို ရောမန္တိကတွေမှာ ရှာတွေ့နိုင်တယ်။
နောက်မှ ပို့စ်မော်ဒန်သမားတွေထဲ ပြည်သူကိုဖျော်ဖြေမှုဆိုတဲ့ ကဗျာရဲ့မူလဆီပြန်သွားရင်း ၊ ပါဖောမန့်စ်ကဗျာဆီ ရောက်သူက ရောက်၊ အပြောစကားကိုဆန့်ကျင် စာပေဆန်လွန်းကာ၊ ဘာသာစကား ကဗျာဆီကို ရောက်သူက ရောက်သွားတယ်။ ကနေ့အထိ အဲဒီနှစ်မျိုးကို တွေ့နေရသေးတယ်။

ပို့စ်မော်ဒန်နောက် After Postmodernism လို့အော်စပြုနေတဲ့ လောလောဆယ်ကာလမှာ ၁၉၅၀ ဆီက ဘိထ်အနုပညာကို မေ့နေကြပြီလို့ ထင်စရာပဲ။ ကိုယ်တိုင်အမေရိကန်ရောက်၊ စိန့်လူးဝစ်မြို့မှာ ကျင်းပ တဲ့အနုပညာပွဲတော် သွားတက်ဖြစ်မှပဲ ဂျဇ်ဂီတကို တမက်တမောလေ့လာလိုက်စားကြ ၊ တီးမှုတ်ကြ၊ ဘိထ် ခေါင်းဆောင် ဂျက်ကဲရုအက် Jack Kerouac ကဗျာတွေ ၊ လမ်းပေါ်မှာ On the Road လိုဝတ္ထုတွေ၊ ဖတ်ကြလေ့လာကြတုန်းပဲဆိုတာ သိရတော့တယ်။ ပွဲကို စီစဉ်ကျင်းပသူတွေထဲမှာ အိုက်အိုဝါက ခရစ်စတိုဖာ မဲရီးလ်လို ပို့စ်မော်ဒန်ကဗျာဆရာတွေပါသလို ၊ ဘိထ်ခေတ်ကုန်ပြီလို့ ယူဆသမို့ ၊ “ဂျပ်ဇ်အကြောင်း ကဗျာဖွဲ့ရ တယ်လို့ဗျာ” ဆိုပြီး မကျေမချမ်း နှာခေါင်းရှုံ့သူပါတာလည်း တွေ့ခဲ့ရတယ်။ ကနေ့ ပါဖောမန့်စ်ကဗျာခေတ်စား နေတာ ဘိထ်ကို စိတ်ဝင်စားမှုရဲ့ လက်တွေ့သာဓကပါပဲ။

ဂျွန်အဲရှဘရီ၊ ဖရန့်က် အိုဟာရာ Frank Ohara ၊ ကဲနက်သ်ကော့ချ် Kenneth Koch ၊ ဂျိမ်းဇ် ရှုယလာ James Schuyaler တို့ခေါင်းဆောင်တဲ့ကဗျာဆရာစုကို ညူးယောက်ဂိုဏ်း New York School လို့ခေါ်ကြ တယ်။ ညူးယောက်မန်ဟတ္တန်မှာ နေကြသူတွေမို့ ဒီလိုခေါ်တာပါ။ ကော့ချ်ကလွဲလို့ အားလုံး မိန်းမလျာ(ဂေး) တွေဖြစ်ကြတယ်။ ခေတ်ပေါ်ပန်းချီနဲ့ပတ်သက်နေသူများ(ပန်းချီအကြောင်းရေးသူ၊ ဝေဖန်သူ၊ ပန်းချီပြတိုက်မှူး စသည်ဖြင့် )လည်း ဖြစ်ကြတယ်။
ခြောက်ဆယ်နှစ်များနောက်ပိုင်း ညူးယောက်ဂိုဏ်းမျိုးဆက်သစ်တခု ပေါ်လာတယ်။ တက်ဘာရီဂန် Ted Barrigan ၊ ရွန်ပဲဂျတ် Ron Paget ၊ အန်းဝါလ်ဒမန် Anne Waldman၊ တွမ်ကလက် Tom Clark ၊ ဘား နဒက် မေယာ Bernadeete Meyer၊ ၊ မောရီးန်အိုဝင် Maureen Owen တို့ပါဝင်ပါတယ်။ ပိုတိုဟေမီယန်ဆန် တဲ့ လေတွေ ညူူးယောက်ဂိုဏ်းနေပုံထိုင်ပုံနဲ့ စာပေထဲ ထည့်လာကြတယ်။

မြောက်ကဲရလိုင်းနား တောင်နက်ကောလိပ် Black Mountain မှာ ချားလ်အော်ဆန် ခေါင်းဆောင် မှုနဲ့ ပရိုဂျက်တိဗစ် ၊ဒါမှမဟုတ် တောင်နက်ကဗျာ Projectivist or Black Mountain Poetry ထွက်ပေါ်လာတယ်။

တောင်နက်ကဗျာရဲ့နည်းက ဘိထ်တို့ ၊ ညူးယောက်ဂိုဏ်းတို့ထက် ပိုအစီအစဉ်ကျ၊ ပိုလွတ်လပ်တယ်။ ကဗျာဆရာဟာ ဣယမ္ဗပဥ္စမ မတြာ Iambic Pentameter ဘာတွေ လုပ်မနေတော့။ မိမိကိုယ်မိမိ ဟာလာ ဟင်းလင်းထဲ ထားကာ ၊ ပါဒ အက္ခရာတွေကို လက်တန်းစပ်တော့တာပဲ။ ရောဘတ်ကရီလည် Robert Creeley ၊ အက်ဒေါင်းန် Ad Dom ၊ ဟီလ်ဒါ မောလီ Hilda Morley၊ ဂျွန်ဝိုင်းနာစ် John Wieners ၊ရောဘတ် ဒန်ကန် Robert Duncan တို့ပါဝင်ပါတယ်။ ပုံသဏ္ဍန်ဆိုတာ အတွင်းသားကို ချဲ့ထွင်ထားတာထက် မပိုပါ ဘူး။Form is never more than an extension of the content လို့ ကရီလည်က ဆိုတယ်။

၁၉၅၀-၅၇ အချိန်ပိုင်းအတွင်း အရေးပါတဲ့ဖြစ်ရပ်တွေထဲမှာ ဂျရုမ်း ရိုထင်ဘာ့ဂ် Jerome Rotenberg၊ ရဲ့ဇနကဗျူပဒေသ/Ethnopoetics လေ့လာမှု ၊ စောစောကပဲ ပါဖောမန့်စ်ကဗျာကို စိတ်ဝင်စားနေမှု၊ နက်ရှိုင်း နိမိတ်ပုံ/Deep Image ဝေါဟာရတီထွင်မှုတို့ ပါဝင်တယ်။ ဇနကဗျုပဒေသဟာ ဗဟုယဉ်ကျေးမှုဝါဒကို ကြိုတင် နိမိတ်ပြနေတယ်။ နက်ရှိုင်းနိမိတ်ပုံကတော့ စပိန်ကဗျာဆရာကြီး လော်ရကာရဲ့ ကဗျာနဲ့စာက ဩဇာညောင်းခဲ့ တာဖြစ်တယ်။ ဈင်ဗုဒ္ဓဘာသာနဲ့ ဒါဒါ Dadaism ဩဇာအညောင်းခံရသမို့ ၊ ဂျွန်ကိတ်ချ် John Cage ၊ ဂျက်ဆင်မက်ကလို Jackson Maclow တို့ရဲ့ကဗျာဟာ မတော်တဆဖြစ်မှု Aleatory or Change ဖစ်မှု သုံးတာကို စိတ်ဝင်စားပုံ ရောင်ပြန်ဟပ်နေတယ်။ အာ့ဗန့်ဂါ့ဒ် Avant-garde မျိုးဆက်တွေက ဂျွန်ကိတ်ချ်နဲ့ ဂျက်ဆင်မက်ကလိုတို့နောက် လိုက်ရေးတာ တယ်မရှိလှဘူး။ ဒါပေမဲ့ မရေရာမှုနဲ့ မတော်တဆမှုကို အလေး ပေးတာ ၊ ကျပန်းသဘောဆောင်အောင် တင်းကျပ်အဆောက်အအုံနဲ့နည်းကို အားပေးတာ၊ ယူသုံးတာ ၊ တွေ့တဲ့ဟာ သုံးတာ ၊ ပါဖောမန့်စ်ကဗျာရော ဘာသာစကားကဗျာနဲ့ပါ လိုက်လျောညီထွေ ရှိတာတွေမှာ ပို့စ်မော်ဒန်ရဲ့ အနှစ်သာရဖြစ်တယ်။ ကိတ်ဂျ်ရဲ့အရေးအသားဟာ အစောပိုင်းဥရောပ အာ့ဗန့်ဂါဒ် ၊ ဒါဒါနဲ့ ပညတ်အနုပညာ Conceptual Art လို မကြာမီကမှ ပေါ်လာတဲ့အမေရိကန်အယူအဆ တွေကို ပေါင်းကူးပေးပါတယ်။

၁၉၇၅ မှာ မျိုးဆက်သစ်တခု ပေါ်လာပြန်တယ်။ အဒ္နြေကောဒဲစကူး Andre Codescu ၊ရာဆဲလ် အက်ဒဆန် Russel Edson ၊ မာက်ဆန် ချားနာ့ဖ် Maxine Chernoff နဲ့ အခြားလူများက အမှန်လွန်နည်းတွေ သုံးလာတယ်။ ၁၈၄၂ ခုနှစ်လောက်ကထဲက ပြင်သစ်ကဗျာဆရာ အလွာဆူး ဘာတရွန် Aloysius Bertrand တီထွင်ခဲ့တဲ့ စကားပြေကဗျာခေတ်စားလာတဲ့အချိန်ပိုင်းလည်း ဖြစ်တယ်။ စကားပြေ ကဗျာနှစ်မျိုးကွဲသွားတယ်။ တမျိုးက ဇာတ်လမ်းပြောတွေ ၊ ပုံပြင်တွေ ၊ မဲတာထိုးဇာတ်/Metafiction ရေးကြတယ်။ တမျိုးက ဘာသာစကားကဗျာနဲ့စပ်နွယ်မိကာ ပါဒကနေ ဝါကျ ၊ ဝါကျအစိတ်အပိုင်း၊ စာပိုဒ်ပြောင်းဖို့ စကားပြေကဗျာသဏ္ဍန်သုံးကြတယ်။ အတ္တအတ္ထုပ္ပတ္တိ ၊ အက်ဆေး ၊ ထိုးဇာတ်လို စကားပြေပုံသဏ္ဍန်တွေ စမ်းသပ်ဖို့ စကားပြေကဗျာကို သုံးလာကြတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာ ခုနှစ်ဆယ်ခုနှစ်တွေရဲ့ မဖြစ်စလောက်ဩဇာဖြစ်တဲ့ ဘာသာစကားကဗျာနဲ့ ပါဖောမန့်စ်ကဗျာတို့ဟာ ခေတ်စားတဲ့ပို့စ်မော်ဒန်ဟန် ဖြစ်လာနေတယ်။ ဘာသာစကားကဗျာက စာပေဆန်မှုကို ဦးစားပေးတော့ အခက်အခဲရှိတယ်။ သဘောတရားကို အကြီးအကျယ်အခြေခံသမို့ တ၊ ဆ၊ အဲလိယတ် T.S. Eliotနဲ့အက်ဇရာပေါင်းဒ် Ezr Pound တို့ရဲ့အဆင့်မြင့်မော်ဒန် High-modernism ကို သတိရစေတယ်။

ဒါပေမဲ့ ဘာသာစကားကဗျာက သဘောတရားအရ မာ့က်စ်ဝါဒ ၊ ဣတ္ထိယဝါဒဖြစ်လေတော့ အဲလိယတ်တို့ ပေါင်းဒ်တို့က နိုင်ငံရေးမှာကွန်ဆားဗတစ်တွေမို့ အထင်သေးကြတယ်။ ပါဖောမန့်စ်ကဗျာ ကတော့ ကဗျာဆူဆူညံညံဝေဖန်သံတွေကြားထဲက ပေါ်ထွန်းလာတာဖြစ်လေတော့ လူထုပရိသတ်အကြိုက် တွေ့နေကြတယ်။ ပါဖောမန့်စ်ကဗျာက ‘ကဗျာကို ကဗျာအနေနဲ့’ စိတ်ဝင်စားတာ မဟုတ်ဘူး။ အပြောစကား လုံးနဲ့တင်ဆက်ကပြရာမှာ spoken word performance စကားလုံးတွေကို ဇာတ်ညွှန်းအဖြစ်သုံးရေးကိုပဲ စိတ်ဝင်စားတာဖြစ်ပါတယ်။ စကားလုံးအားကောင်းပုံမှာ ၁၉၅၀ နှစ်များက ဘိထ် ကော်ဖီဆိုင်ကဗျာဖတ်ပွဲ တွေကို သတိရစေတယ်။

၁၉၇၀ နှစ်များအစောပိုင်းမှာ ဒေးဗစ်အန်တင် David Antin က အပြောကဗျာ Talk poem ဆိုတာ ကိုထွင်ပါတယ်။ အပြောကဗျာဆိုတာကတော့ ကြိုတင်ဇာတ်တိုက်ထားတာ မရှိဘဲ ပရိသတ်ရှေ့ကဗျာဆရာ လျှောက်ပြောသွားတာတွေကို စက်နဲ့အသံသွင်းလိုက်ပြီး နောက်မှ စက်ကိုပြန်ဖွင့်ကာ ကူးရေးချတာဖြစ်တယ်။ အပြောသဘောအပြည့်ဆောင်တဲ့အတွက် ထပ်ထပ်နေတာတွေ ၊ ထစ်နေတာတွေ ပါဝင်နေပါတယ်။ ဒါကိုက စိတ်ဝင်စားစရာလည်း ဖြစ်ရတယ်။ နောက်ကဗျာဆရာတချို့ကတော့ စာရေးပြီးအလွတ်ကျက်ထား၊ ပြီးမှ အလွတ်ရွတ်ကြတာတွေ ရှိလာပါတယ်။

ကျနော် အမေရိကန်ကို ရောက်ခဲ့တော့၊ ဂျွန်အဲရှ်ဘရီရဲ့ ဝက်ဝက်ကွဲကဗျာဖတ်ပွဲကို တက်ခဲ့ရသလို၊ စိန့်လူးဝစ်ညီညွတ်တဲ့အနုပညာပွဲတော်မှာ ဂျက်ကဲရုအက်နဲ့ တခြားဆရာတွေရဲ့ကဗျာတွေကို ဂျဇ်တီးဝိုင်းနဲ့ တွဲပြီး နာမည်ကြီးခေတ်ပေါ်ပရိုဂရမ်က အင်္ဂလိပ်အမေရိကန်နဲ့ တခြားကဗျာဆရာတွေ ကဗျာဖတ်ကြတာကို ကြုံခဲ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာအရေးအသားပရိုဂရမ်ဒါရိုက်တာက အမေရိကန်ကဗျာဆရာ ခရစ်စတိုဖာ မဲရီးလ် Christopher Maerill ၊ တက်ရောက်လာသူတွေထဲမှာ တရုတ်ပြည်က ကဗျာဆရာ ပေတောက်၊ ဂျပန်က ဂိုဇိုယို ရှိမဆု၊ ရုရှက ဒမိတရီ ဗလာဒိမိရောဗစ်ချ် ၊ ကုဇ်မန် ၊ အလက်ဆန်ဒမိ ဟိုက်လောဗစ် အူလျာနောဖ် ၊ ဥဇဘဲကစ္စတန်က အာဇန် အာဘီဒေါဖ် ၊ ဆဘ်ထ် မဒါလျတ် ၊ ပိုလန်က အာဒမ် ဗီဒဲမန် ၊ ဂျော်ဂျီယက ဆုလ်ခန် ဂျော်ဒါနိယ၊ ကဲမရွန်းက ဆမ်ဆုံ အိုကဲ အာကောမ်ဘီ ၊ နိုက်ဂျီးရိယက ဟဲလွန် ဟာဗီလာ ၊ အိုင်ယာလန်က ခရစ္စတိုဖာ မက်သရူးဇ် ၊ တူရကီက မာဟီး ဩဇ်တုရှ်၊ ချီလီက ကုရ်တ် ဖောလ်ခ် ၊ ဩစတေးလျက ဗီးဗယန်ပလမ်၊ ဂရိက အလက်ဇစ် စတာမာတစ်၊ အိန္ဒိယက ရာဂျီဗန် ထချွမ်ပိုယိလ်တို့အပြင် အိုမန်၊ ဂါနာ ၊ နီပေါလ်တို့က ကဗျာဆရာများလည်း ပါတယ်။

သူတို့အားလုံးထဲမှာ ပို့စ်မော်ဒန်သမား အနည်းငယ်ပဲ( အမေရိကန် ၊ ရုရှ ၊ ချီလီ) တို့ပါပြီး ၊ ကျန်လူများက မော်ဒန် ပို့စ်မော်ဒန်မရွေး ၊ ကဗျာကောင်းရေးပဲ အားသွန်ကြသူတွေများတယ်။ တချို့ကဆိုရှေးဟောင်းတောင် ဆန်တယ်။ (ဥဇဘဲကစ္စတန် ၊ ဂျော်ဂျိယ၊ အိန္ဒိယ)
ဒါ( ကဗျာကောင်းရေးပဲ အားသွန်တာ) ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စပါပဲ ။ ဒီဆောင်းပါးအစနားမှာ ဆိုခဲ့သလို ဖက်ရှင်ဆိုတာကတော့ အဝတ်အစားဖက်ရှင်၊ ဆံပင်ဖက်ရှင် ၊ စကားအသုံးအနှုန်းဖက်ရှင် နေ့စဉ်နဲ့အမျှ ပြောင်းလဲနေသလို ၊ ကဗျာဖက်ရှင်လည်း ပြောင်းလဲနေတာကိုး။ အသံကို နိမ့်မြင့်စီစဉ်ကာ အော်ကြ ၊ ကာရန်သုံးကြ၊ ပုံပြောကြ၊ ဩဝါဒပေးကြ၊ ချစ်ကြလွမ်းကြ ၊ စစ်တိုက်ကြ၊ တရားရကြ ။ ရောမန္တိက ၊ မော်ဒန် ၊ ပို့စ်မော်ဒန် ၊ဟော .…..အခု ပို့စ်မော်ဒန်နောက်.…...။
ကျနော်ဝယ်ခဲ့တဲ့ကဗျာစာအုပ်တွေထဲမှာလည်း ၂၀၀၅ ခုထုတ်ဖြစ်ပေမဲ့ ပို့စ်မော်ဒန်မဟုတ်တာတွေ ပါဝင်တယ်။ ဥပမာ- အင်္ဂလန်က ဘလက်ဒ်အိက်စ် Bloodaxe Books စာအုပ်တိုက်က ၂၀၀၄ ခုနှစ်ထုတ်တဲ့ ရိုမာနိယ ကဗျာဆရာကြီး မာရင်ဆောရက်စကူး ကဗျာစာအုပ်အမှာထဲမှာဆိုရင် သူ့ကဗျာဟာ အိပ်မက် ဆန်ပေမဲ့အမှန်လွန်ဝါဒ Surrealism ကနေ ခွဲထွက်ထားတယ်။ ဓါတ်ပုံဆန်တဲ့သရုပ်မှန်ဝါဒက ခွာပြီး စိတ်ကူးယဉ်နဲ့ ဣရောန irony အပြန်အလှန်သက်ရောက်နေတယ်ဆိုပါတယ်။ ဗီယက်နမ်ကဗျာဆရာ ဟူသင်းစာအုပ်ကို Curbstone Press က ၂၀၀၃ ခုနှစ်က ထုတ်ဝေရာမှာလည်း သူ့ကဗျာဟာ ရှေးဂန္ထဝင် ဗီယက်နမ်ကဗျာအစဉ်အလာနဲ့ ခေတ်ပေါ်ကဗျာ နှောထားတယ်။ ဘယ်မှာရှေး ၊ ဘယ်မှာ ခေတ် ၊ ခွဲခြားစရာနယ်စပ် မှုန်ဝါးနေတယ်လို့ မှတ်ချက်ချထားတယ်။

ဒါ အလွန်သတိချပ်သင့်တဲ့အချက်ဖြစ်ပါတယ်။ ကဗျာကောင်းပြီဆိုရင် ဘယ်နေရာရှေးဂန္ထဝင်ဟန်လဲ၊ ဘယ်နေရာ ပို့စ်မော်ဒန်လဲ နယ်ခြားကို ထောက်ပြစရာ ဝိုးဝါးနေတတ်ပါတယ်။ ၂၁ရာစုမှာ ရေးတဲ့ကဗျာမှ မဟုတ်။ လူထုကဗျာဆိုတဲ့ လူမျိုးတမျိုးမှာအလွန်ရှေးကျလေ့ရှိကြတဲ့ ကဗျာမျိုးမှာတောင် ဒီအတိုင်း တွေ့ရတတ်တယ် ။

ဒီတော့ ကနေ့ ကဗျာရေးနေကြတဲ့ လူငယ်ကဗျာဆရာလေးတွေကို ၁၉၆၈ က ကျနော် “ထင်းရှူးပင်ရိပ်” စာအုပ်မှာ ရေးခဲ့တာကလေးကိုပဲ ပြန်လည်ကိုးကား ထပ်မံတင်ပြလိုတယ်။

“ကျနော်တို့ ဆိုလိုတာ အဓိပ္ပာယ်ကောက်မမှားလိုက်ကြဖို့ ပြောကြားလိုပါတယ်။ ကျနော်တို့
သူများလုပ်တဲ့အတိုင်း လိုက်လုပ်ရမယ်၊ အတုခိုးရမယ်လို့ ချောက်တွန်းနေတာ မဟုတ်ဘူး။
သူများရောက်နေတဲ့အဆင့်ကို သိရမယ်။ သူများသုံးနေတဲ့ နည်းနာတွေကို သိရမယ်။ သူ့
နည်းထဲက ကိုယ်လက်ခံနိုင်တာကို ယူသုံး၊ ကိုယ့်ဟာကိုယ် တီထွင်သင့်တာ တီထွင်၊ ဒီလိုလုပ်
ခြင်းဖြင့် သူ့ထက် မကျော်ရင်သာရှိစေ ၊ နောက်တော့ မကျစေရဘူး၊ ရင်ပေါင်တန်းရှိနေစေရမယ်
လို့ ကျနော်တို့ ဆိုချင်ပါတယ် ”

မူလပါဝင်ခဲ့ရာ-
အလယ်ရိုးမကဗျာဆရာများ(စီစဉ်) ၊ မြစ်-ကဗျာ/အနုပညာ မဂ္ဂဇင်း ၊
အမှတ် ၂ ၊ မတ် ၊ ၂၀၁၉ ။ နေပြည်တော်။