Breaking News

အောင်သူငြိမ်း - ဗီယက်နမ်စစ်ပွဲ (၉)

အောင်သူငြိမ်း - ဗီယက်နမ်စစ်ပွဲ (၉)
(မိုးမခ) သြဂုတ် ၁၂၊ ၂၀၂၂

ဗီယက်နမ်စစ်ပွဲကာလ ကွန်မြူနစ်ပါတီမဟုတ်တဲ့ မြန်မာပြည်က ကျန် လက်ျာအင်အားစုများ၊ ထင်ရှားတဲ့ပုဂ္ဂိုလ်များက ဘယ်လိုရပ်တည်ခဲ့ကြပါသလဲ။  

ပါလီမန် ဒီမိုကရေစီပါတီ
ဦးနုက ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးခါစမှာ အကျယ်ချုပ် ထိန်းသိမ်းခံရတယ်။ နောက်တော့ ၁၉၆၈ ခုနှစ်မှာ အာဏာသိမ်း တော်လှန်ရေးစစ်ကောင်စီက ယခင်နိုင်ငံရေးသမား ၃၃ ဦးနဲ့ ပြည်တွင်းညီညွတ်ရေး အကြံပေးကော်မီတီကိုဖွဲ့တော့ တဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။ နောက်တော့ သူတယောက်တည်း ကြားဖြတ်အစီရင်ခံစာတင်တယ်။ အဓိကအားဖြင့် သူ့ကို အာဏာပြန်အပ်ဖို့ တောင်းဆိုထားပါတယ်။ အစီရင်ခံစာတင်ပြီး သိပ်မကြာဘူး။ ၁၉၆၈ ခုနှစ်၊ ဧပြီလမှာ ဗုဒ္ဓဂါယာ ဘုရားဖူးအကြောင်းပြချက်နဲ့ အိန္ဒိယကို ထွက်လာတယ်။ အိန္ဒိယကနေ လန်ဒန်ကို ဆက်သွားတယ်။
 
၁၉၆၉ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့ လန်ဒန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူသာလျှင် “တရားဝင် ဝန်ကြီးချုပ်” ဖြစ်ကြောင်း ကြေညာတယ်။ မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် လက်လျှော့မှာမဟုတ်ကြောင်း ပြောတယ်။ အဲဒီနောက် ပါလီမန်ဒီမိုကရေစီပါတီ (PDP) ကို ထူထောင်လိုက်ကြောင်းနဲ့ အစိုးရကို လက်နက်ကိုင်ဖြုတ်ချမယ်လို့ ကြေညာခဲ့ပါတယ်။ ဦးနုက ထိုင်းနိုင်ငံမှာ ဆက်နေထိုင်ပြီး ရဲဘော်သုံးကျပ်ဝင် ၄ ဦး၊ ဗိုလ်မှူးချုပ်ဟောင်း စောကြာဒိုး၊ လေတပ် ဗိုလ်ချုပ် တီကလစ်ဖ်တို့၊ သတင်းစာ အယ်ဒီတာ နေရှင်း အက်ဒ်ဝပ် လောရုံတို့နဲ့ အတူ တော်လှန်ရေးလုပ်ဖို့ ပြင်ဆင်ပါတယ်။ PDP ရဲ့ လက်နက်ကိုင်တပ် ပြည်ချစ် လွတ် မြောက်ရေးတပ်မတော်ကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံ နယ်စပ်ဒေသကို အခြေပြုလို့ သူပုန်ထဖို့ ကြံစည်ကြပါတယ်။ အဲဒီအချိန်က ဗီယက်နမ်စစ်ပွဲအတွက် အမေရိကန်တပ်တွေ ထိုင်းနိုင်ငံထဲ အခြေချနေကြချိန်။ စီအိုင်အေတွေနဲ့ ဆွေးနွေးမှုတွေ လည်း ရှိနိုင်တယ်လို့ ယူဆပါတယ်။ ကိုသန့်မြင့်ဦးစာအုပ်မှာတော့ “အမေရိကန်နဲ့ အခြားမည်သူ့ထံကမျှ တကယ်တမ်း အကူအညီမရခဲ့ပါ။ ကနေဒါ ရေနံကုမ္ပဏီတခုဆီက အနာဂတ် ရေနံတူးခွင့် အထူး သီးသန့်အခွင့်အရေးအတွက် ငွေအနည်းငယ်ရတယ်” လို့ ဖော်ပြပါတယ်။ ဦးနေဝင်းက ဝါရှင်တန်နဲ့ ပရောပရီလုပ်ထားတာက အကျိုးဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။ ဦးနုကိုအားပေးရင် ရန်ကုန်ကို မတည်မငြိမ် ဖြစ်စေပြီး ပီကင်းလက်ကို တွန်းပို့ရာ ရောက်မယ်လို့ အမေရိကန်ဖက်က မြင်ကြပါတယ်။ မာတင်စမစ်ရဲ့ Burma in Revolt စာအုပ်မှာ တော့ Asamera Oil Corporation Ltd. လို့ နာမည်ဖော်ပြထားတာ ဖတ်ရပါတယ်။ 

ဦးနုက စစ်ကြေညာခဲ့ပေမယ့်၊ ဉာဏ်ထက်မြက်တဲ့ ဦးလောရုံက တကယ့်သူပုန်ထမှုတွေကို စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ သူက တချိန် ဒုတိယကမ္ဘာစစ်အတွင်းက စီအိုင်အေဖြစ်လာမယ့် အဖွဲ့အစည်း OSS အဆက်အသွယ်တွေ ရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆက်အသွယ်ဟောင်းတွေက အနားယူနေကြပြီဖြစ်ပေမယ့် ကြိုးစား ပြန်ဆက်သွယ်ပါတယ်။ ဒါပေမယ့် သူတို့က အမေရိကန်အစိုးရအပေါ် ဩဇာလွှမ်းမိုးမှု အနည်းငယ်ပဲ ရှိကြပါတော့တယ်။ ဦးနုရဲ့ ပြည်ပရောက်အစိုးရကို ဘယ်နိုင်ငံကမှ မထောက်ခံခဲ့ကြပါဘူး။ စီအိုင်အေကလည်း ထိုင်းနိုင်ငံမှာရှိတဲ့ အဖွဲ့ဝင်တွေကတဆင့် ဦးလောရုံတို့အုပ်စုကို ထိတွေ့ထားပေမယ့် ဘာအထောက်အပံ့မှ မကူညီခဲ့ဘူးလို့ မာတင်စမစ်စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဦးတင်မောင်ဝင်းစာအုပ်မှာတော့ ပထမအရစ် နိုင်ငံခြားက ထောက်ပံ့ငွေ ဒေါ်လာ ၂ သန်း၊ ဒုတိယအသုတ် ၁ သန်းရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ (တင်။ နှာ-၄၆၀)

ဦးနုက ၁၉၆၉ အောက်တိုဘာလမှာ လန်ဒန်ကနေ လေယာဉ်ပျံနဲ့ ပြန်လာပြီး ထိုင်းမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းပါတယ်။ ဦးနုက ထိုင်းအစိုးရမှာ တရားဝင်နိုင်ငံရေးခိုလှုံခွင့်တောင်းထားတော့ ဘန်ကောက်မြို့ Sukhumvit 31 Road မှာ အိမ်၊ ကား၊ အစောင့်အရှောက်တွေနဲ့ ဧည့်သည်ဝန်ကြီးချုပ်တဦးလို လေးလေးစားစား နေရာပေးထားတယ်လို့ ဦးတင်မောင်ဝင်းက သူ့ စာအုပ်မှာ ရေးထားပါတယ်။ အဲသည်အတွက်ကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေး လုပ်ချင်ရင်တောင် စိတ်သွားတိုင်း ကိုယ်မပါ မလုပ်နိုင်တော့ပါ။ (တင်။ နှာ-၄၀၇) 

ဦးလောရုံကလည်း ထိုင်းပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးအမိန့်ပေးဌာန (ISOC) နဲ့ နီးစပ်ဖို့ ကြိုးစားပါတယ်။ ဦးနုက ပြည်တွင်းကို လေယာဉ်ပျံနဲ့ စာကျဲတာတွေ ဝါဒဖြန့်ချိရေး ဆောင်ရွက်ခဲ့သလို၊ ရွှေဒင်္ဂါး ၃ မျိုး (မူးစေ့၊ မတ်စေ့၊ ပဲစေ့) လည်း ရိုက်နှိပ်ပြီး စစ်ဆင်ရေး ရှေ့တန်းမှာ သုံးစေခဲ့ပါသေးတယ်။ (တင်။ နှာ- ၄၇၃)

 ခေတ်ကောင်း ချိန်မှာ ပြည်ချစ် လွတ်မြောက်ရေး တပ်မတော်မှာ တောင်၊ အလယ်၊ မြောက်ပိုင်းတိုင်း တိုင်းကြီး ၃ တိုင်းနဲ့ အထူးတပ်ရင်း ၂ ခု အင်အား ၂,၈၀၀ လောက် ရှိတယ်လို့ ဦးတင်မောင်ဝင်းက ဖော်ပြပါတယ်။ (တင်။ နှာ- ၄၆၀)။ 

ရေဒီယို ထုတ်လွှင့်တာတွေလည်း သူတို့လုပ်ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာတော့ PDP အဖွဲ့က ကေအဲန်ယူ၊ မွန်ပြည်သစ်ပါတီ၊ ချင်းလက်နက်ကိုင်တပ်ဖွဲ့ တွေနဲ့ အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) ကို ဖွဲ့စည်းခဲ့ပါသေးတယ်။ (မြ။ နှာ-၃၃၁-၃၃၂) 

နောက်ပိုင်း PDP ပါတီတွင်းမှာ အုပ်စုဖွဲ့အားပြိုင်မှုတွေ ဖြစ်ပွားခဲ့သလို၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက လည်း ဝန်ကြီးချုပ်ဟောင်း၊ (စင်ပြိုင်အစိုးရ) ခေါင်းဆောင် ဦးနုဆီက ခွဲထွက်ခွင့်ကို သဘောတူဖို့ တောင်းဆိုကြပါတယ်။ ၁၉၇၃ ခုနှစ်မှာ ဦးနုက PDP က နုတ်ထွက်ပြီး အိန္ဒိယကို ပြောင်းသွားခဲ့ပါတယ်။ မာတင်စမစ်စာအုပ်ထဲမှာ ဦးလောရုံကလည်း အနောက်နိုင်ငံတွေက မစို့မပို့ ထောက်ပံ့မှုလောက်ပဲ လုပ်ပြီး၊ အကြီးအကျယ်ထောက်ပံ့မှု ဆက်မရနိုင်တဲ့ အနေအထားကြောင့် အမေရိကန်ကို ထွက်သွားပြီး ဟိုမှာပဲ အခြေချနေထိုင်ပါတယ်။ PDP အထွေထွေအတွင်းရေးမှူး အဖြစ်က နှုတ်ထွက် ခဲ့ပြီး သူ့ဘဝဇာတ်ကြောင်း စာအုပ်ရေးပေမယ့်လည်း ထုတ်ဝေသူ ရှာမရခဲ့ဘူးလို့ ရေးထားပါတယ်။ (စည်။ နှာ- ၃၄၉) နောက်ပိုင်း PDP လူငယ်ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်မောင်ဝင်း၊ ဦးရဲကျော်သူတို့ကိုလည်း ထိုင်းက ပြည်ပကို နှင်ထုတ်ခဲ့ပါတယ်။ PDP ကို ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လကျ်ာက ဆက်ဦးဆောင်ပါတယ်။ နောက်ပိုင်းမှာ စည်းလုံးညီညွတ်မှု ပိုမို ပြိုကွဲလာသလို၊ ဘဏ္ဍာငွေလည်း ကျပ်တည်းလာပါတယ်။ ကရင်လက်နက်ကိုင်တွေနဲ့ အချင်းချင်း ဖြစ်ပွားခဲ့ရတဲ့ တိုက်ပွဲ တခုမှာ ဗိုလ်လကျ်ာ ကျဆုံးသွားခဲ့ပါတယ်။ 

ပြည်ချစ်လွတ်မြောက်ရေး တပ်မတော် အထူးတပ်ရင်း (၁) တပ်ရင်းမှူးဖြစ်ခဲ့ပြီး၊ PDP ပျက်သုဉ်းတဲ့ အထိ တာဝန်ယူခဲ့တဲ့သူ [နောက်ပိုင်း ကျနော်တို့ခေတ်မှာတော့ CRDB ကို ဦးဆောင်သူ] ဦးတင်မောင်ဝင်းက သူ့ရဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် “နိုင်ငံရေးသမားနှင့် နိုင်ငံရေး” မှာ ရေးပါတယ်။ 

“ပါလီမန်ဒီမိုကရေစီပါတီ သန္ဓေစတင်တည်လာပုံကို ဥပမာပြု၍ပြောရမည်ဆိုလျှင် တဦးချင်းကောင်းသော ဘောလုံးသမားများကို အဖွဲ့အသီးသီးမှ ခေါ်ယူ၍ စုပေါင်းဖွဲ့စည်းထားသော ဘောလုံးအသင်းတသင်းနှင့် တူလှပါသည်။ ထိုလူတော် ဘောလုံး သမားများသည် ကိုယ်စီကိုယ်င ကိုယ့်ဘဝင်နှင့်ကိုယ်မြင့်နေကြသဖြင့် အပေးအယူမရှိဘဲ တဦးတည်း ဂိုးသွင်းချင်သောကြောင့် နောက်ဆုံး အရှုံးကြီးရှုံးရသည့် အဖြစ်ဆိုးနှင့် ကြုံရသည်ဟု သုံးသပ်ချင်ပါသည်။” ခြုံသုံးသပ်ရရင်တော့ ဗီယက်နမ် စစ်မီးတောက်လောင်နေစဉ်မှာ PDP လည်း ကိုယ့်အရှုပ်နဲ့ကိုယ်၊ အမေရိကန်ဆီကလည်း ထိရောက်တဲ့ထောက်ပံ့မှုတွေ မရရှိ ခဲ့ပါဘူး။   

ကျန်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ
အဲဒီအချိန်မှာ မြန်မာစစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင် သူပုန်အဖွဲ့တွေကို ခွဲထွက်မယ်လို့ စွပ်စွဲလေ့ရှိပါတယ်။ သူတို့က “ဆီးတိုး” အဖွဲ့ကို ထောက်ပြကြပါတယ်။ ဆီးတိုးဆိုတာက အရှေ့တောင်အာရှ ကာကွယ်ရေးစာချုပ်အဖွဲ့ [The Southeast Asia Treaty Organization (SEATO)] ပါ။ ၁၉၅၄ ခုနှစ်၊ မနီလာမှာ လက်မှတ်ရေးထိုးလို့ မနီလာစာချုပ် (Manila Pact) လို့လည်း သိကြပါတယ်။ အဓိကအားဖြင့်တော့ ကွန်မြူနစ်ပြန့်ပွားမှု အန္တရာယ်ကို ဟန့်တားဖို့ဖြစ်ပြီး၊ ဘန်ကောက်မှာ ဌာနချုပ် အခြေစိုက်ပါတယ်။ အဖွဲ့ဝင် ၈ နိုင်ငံရှိခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်၊ ဇွန်မှာတော့ ‘ဆီးတိုး’ ကို ဖျက်သိမ်းခဲ့ပါတယ်။ မပြေးသော် ကန်ရာရှိ ဆိုသလို၊ မြန်မာနိုင်ငံမှာ ကူမင်တန်တရုပ်ဖြူတပ်တွေ ကျူးကျော်မှုနဲ့အတူ သူတို့ကို စီအိုင်အေက ထောက်ပံ့မှုတွေကလည်း မြန်မာအတွက် စိုးရိမ်ဖွယ်သမိုင်း ရှိခဲ့ပါတယ်။ 

အဲဒီအချိန်မှာ ထိုင်းအစိုးရခေါင်းဆောင်နဲ့ ဖီးမာရှယ် စစ်ဗိုလ်ချုပ်ကြီး ဆာရစ် ထနာရတ်က ၁၉၅၇ မှာ အာဏာ သိမ်းပြီး၊ “၎င်း နိုင်ငံအား အရှေ့အာရှတွင် ကွန်မြူနစ်စနစ် ပြန့်ပွားလာမှုကို ရပ်တန့်စေရန် US ၏ လိုအပ်ချက်ကို ပံ့ပိုးနိုင်မည့် အကာအကွယ် တံတိုင်းအဖြစ် ပြောင်းလဲယူမည်” ဆိုပြီး အမေရိကန်သမ္မတ အိုင်ဆင်ဟောင်းဝါးကို ကတိပေးခဲ့ပါတယ်။ “မြန်မာသူပုန်များကိုလည်းကောင်း၊ မူးယစ်ဆေး ကုန်သွယ်ရေးကို လွယ်ကူစေရန်လည်းကောင်း၊ ထိုင်း၏လုပ်ဆောင်ချက် မှန်သမျှသည် ဝါရှင်တန်နှင့် ဟန်ကျပန်ကျ ဖြစ်မည်” ဆိုပြီး ကိုသန့်မြင့်ဦးစာအုပ်မှာ ရေးခဲ့ပါတယ်။ (မြ။ နှာ- ၅၃၀) ထိုင်းက မြန်မာနဲ့သမိုင်းကြောင်း အရ စိုးရိမ်ပူပန်မှုလည်း ရှိနေတော့ နယ်စပ်က တိုင်းရင်းသားသူပုန်တွေကို ကြားခံဇုန် (Buffer policy) မူဝါဒ စတင်ကျင့်သုံးလာခဲ့ပါတယ်။ ထိုင်းအစိုးရရဲ့ ကွန်မြူနစ်နှိမ်နင်းရေးအတွက် မြန်မာနယ်စပ်တလျှောက်က ကရင်များနဲ့ အခြားသူပုန်များကို ကွန်မြူနစ်မဟုတ်သရွေ့ အကူအညီပေးဖို့ ဝန်မလေးခဲ့ဘူးလို့ ဆိုပါတယ်။ ထိုင်းက ဗိုလ်ချုပ် ဆွဒ်စိုင်း ဟာစဒင် (Major-General Sudsai Hasadin) ရဲ့ “ကျွဲနီ” (ကရထင်းဒဲန် Red Guars) တရားဝင်တပ်မဟုတ်တဲ့၊ စင်ပြိုင်လက်နက်ကိုင်တပ်ဖွဲ့က ထိုင်းနယ်စပ်ရဲတွေနဲ့အတူ ဆယ်စုနှစ်များစွာ မြန်မာသူပုန် ပံ့ပိုးရေးမူဝါဒကို ကျင့်သုံးခဲ့တယ်လို့ ကိုသန့်မြင့်ဦးစာအုပ်မှာ ဖော်ပြထားပါတယ်။ (မြ။ နှာ- ၅၅၁) ကျနော်တို့ ကိုယ်တွေ့လည်း တချိန်တုန်းက ထိုင်းကွန်မြူနစ်သူပုန် ချေမှုန်းရေးမှာ မြန်မာဖက်က တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ပါဝင်ကူညီပေးခဲ့ကြတဲ့ သတင်းတွေ ကြားခဲ့ရဖူးပါတယ်။ 

၁၉၇၀ ခုနှစ်များမှာတော့ နယ်စပ်မှောင်ခိုကုန်သွယ်ရေးတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ ဝင်ငွေ ရပေါက်ရလမ်းတွေ ဖြစ်လာကြပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် 
ကိုသန့်မြင့်ဦးက သူ့ရဲ့ The River of Lost Footsteps မှာ ရေးထားတာ ဖတ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အိမ်ထောင်မကျခင်မှာ နယူးယောက်မှာ ရောက်နေပါတယ်။ အကြောင်းကတော့ သူက ကုလအုပ်ချုပ်ရေးနဲ့ ဘတ်ဂျက်ဆိုင်ရာ မေးခွန်းများ အကြံပေးကော်မီတီ (UN’s Advisory Committee on Administrative and Budgetary Questions) မှာ လုပ်နေခဲ့တယ်။ [နာမည်ဖော်ပြထားသလို၊ အဲဒီကော်မီတီက ကြောက်စရာတော့ သိပ်မကောင်းလှပါဘူးလို့လည်း ကိုသန့် မြင့်ဦးက ရေးထားပါသေးတယ်]။ ကာလက ၁၉၆၉ ခုနှစ်ပါ။ ဒါပေမယ့် သူသတိပြုမိတာက ဒေါ်အောင်ဆန်းစုကြည်က၁၉၆၀ ခုနှစ်များ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေအပေါ် သိပ်ပြီး စိတ်ထဲမထား၊ ဆွဲဆောင်မှု မရှိလှသလိုပါပဲ။ အဲဒီကာလက အမေရိကန်မှာ တကယ့်ကို ရုန်းရင်း ဆန်ခတ်ကာလပါ။ သူက ဝုဒ်စတော့ ဂီတဖျော်ဖြေပွဲ (Woodstock Rock Festival) ကိုလည်း မရောက်ခဲ့ဘူး။ [ဝုဒ်စတော့ဆိုတာကတော့ နယူးယောက်နဲ့ မိုင် ၄၀ လောက်ဝေးတဲ့ ဘီသဲလ်အရပ်က နေရာတခု၊ ၁၉၆၉ ခုနှစ် ဩဂုတ်လမှာ ရော့ခ်ဂီတဖျော်ဖြေပွဲ အကြီးအကျယ်ဖြစ်တယ်။ အဲဒီခေတ်က နာမည်ကျော် အနုပညာရှင်အများ ဖျော်ဖြေကြပြီး လူ ၄ သိန်းလောက် စုဝေးမိတယ်။ ဂီတသမိုင်းမှာ နာမည်ကျော်သလို၊ တန်ပြန်ယဉ်ကျေးမှု လှုပ်ရှားမှုတခုလို့လည်း ဆိုနိုင်တယ်။ ဗီယက်နမ်စစ်ဆန့်ကျင်ရေးသဘောတွေလည်းပါတယ်။] ဗီယက်နမ် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကိုလည်း မရောက်ဘူး။ ဘယ်လိုကိစ္စ အသစ်မျိုးကိုမှ စူးစမ်းစမ်းသပ်တာလည်း မတွေ့ရဘူးလို့ ရေးထားပါတယ်။ အဲဒီအစား ရုံးတက်တယ်၊ ရုံးဆင်းတယ်။ တယောက်တည်းမနေချင်လို့ အဒေါ်လို သဘောဖြစ်နေသူ ၁၉၃၀-၄၀ ခုနှစ်များက မြန်မာနိုင်ငံက အဆိုကျော် ဒေါ်သန်းဧ (ဒိုရာသန်းအေး) နဲ့ အပတ်မင့်တခု အတူငှားနေတယ်။ ရက်သတ္တပတ် ပိတ်ရက်များတော့ ဒေသဆေးရုံတခုမှာ စေတနာ့ဝန်ထမ်းလုပ်တယ်၊ တခါတလေတော့ ရေဗာဒေးလ်မှာရှိတဲ့ သူတို့ (ဦးသန့်) အိမ်ကို လာလည်တတ်တယ်လို့ ဖော်ပြထားတာ ဖတ်ရပါတယ်။ ကြည့်ရတာ သိုသိုသိပ်သိပ် မြန်မာအမျိုးသမီးငယ်တဦးလိုပါပဲ။  

အကိုးအကား
မြနှင်းဆီ (မြန်မာပြန်)။ (၂၀၁၂ ဇူလိုင်)။ ခြေရာပျောက်မြစ်- ကိုယ်တိုင်ရေး မြန်မာ့သမိုင်း။ The River of Lost Footsteps: A Personal History of Burma. Myanmar Book Centre။ ဒု-ကြိမ်
တင်မောင်ဝင်း။ (၂၀၁၄ ဩဂုတ်)။ နိုင်ငံရေးသမားနှင့် နိုင်ငံရေး။ တကောင်းစာအုပ်တိုက်။ ပကြိမ်။ 
စည်သူကျော် (ဘာသာပြန်)။ (၂၀၁၇ မတ်လ)။ တော်လှန်မှုများထဲက ဗမာပြည်။ (Bertil Lintner. Burma in Revolt: Opium and Insurgency since 1948). ရန်ကုန်လမ်းများစာပေ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar