Breaking News

ဖိုးသံ(လူထု) - နှစ်သက်မိတဲ့ တရုတ်ရှေးဟောင်းကဗျာလေးတပုဒ်



ဖိုးသံ(လူထု) - နှစ်သက်မိတဲ့ တရုတ်ရှေးဟောင်းကဗျာလေးတပုဒ်

(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၉

ကျွန်တော်တရုတ်ပြည်ထဲကိုရောက်ပြီးတဲ့နောက်မှာ အခုနေတဲ့မိသားစုနဲ့နေတာဟာ အနှစ် နှစ်ဆယ်ကျော်လို့၊ သုံးဆယ်နီးပါရှိပါ ပြီ။ အခန်းလေးတခန်းငှားနေတယ်၊ ထမင်းလခလည်းပေးစားတယ်၊ မိသားစုဝင်လိုတောင်ဖြစ်နေပါပြီ။ 

သူတို့က ကျွန်တော့်ကိုပေးထားတဲ့အခန်းလေးရဲ့ ရှေ့ကအခန်းနံရံမှာ ပြတင်းပေါက်ကြီးတပေါက်ရှိပါတယ်။ ကျနော်ကစာရေးစားပွဲကို အဲဒီပြတင်းပေါက်ကအလင်းရောင် ရအောင် ပြတင်းပေါက်အရှေ့မှာချထားပါတယ်။ ဒီပြတင်းပေါက်ကနေအပြင်ကိုလှမ်းမျှော်လိုက်ရင် မျက်နှာချင်းဆိုင်ကအိမ်နဲ့ အဲဒီအိမ်အမိုးပေါ်မှာမိုးနေတဲ့ တောင်ကြီးတလုံးကိုတွေ့ရပါတယ်။ တောင်က သိပ်မမြင့်ပါဘူး၊ ဒါပေမဲ့ ကျနော်နေတဲ့နေရာနဲ့ဆိုရင် နှစ်ပြ လောက်သာလှမ်းတာမို့ သူ့တည်ရှိမှုဟာ ကိုယ့်နေ့စဉ်ဘဝမှာ သိပ်သိသာထင်ရှားနေပါတယ်။

 ဒါ့အပြင် "နေဝင်လျှင်ဘုတ်တွေရောပါလို့၊ ဥရွှေသြ ရယ်ကတွန်သံချီ၊ ဌာနီနှင့်ကွာဝေး"ဆိုတဲ့ ဦးကြင်ဥရဲ့ ကဗျာလေးထဲကလိုပဲ မနက်စောစောနဲ့ညနေ စောင်းမှာ ဘုတ်အီသံ၊ ဂျီဟောက်သံလေးတွေကြားရတတ်ပါတယ်။ 

အဲဒီတောင်ကြီးရဲ့နာမည်က တရုတ် လိုတော့ လိုင်ဖုန့်ဆန်းပါတဲ့။ ဗမာလိုဆိုရင် ဇာမဏီငှက်နားတဲ့တောင်ပေါ့။ သစ်ပင်တွေဖုံးအုပ်ထားလို့ ဘယ်ဘက်ကနေ၊ ဘယ်အချိန်ကြည့်ကြည့် စိမ်းစိုနေတဲ့ တောင်ကြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒုတိယ ကမ္ဘာစစ်တုန်းကတော့ ဗမာပြည်ကနေဆုတ်လာတဲ့ ဂျပန်တပ်တွေနဲ့ တရုတ်ကူမင်တန်အစိုးရတပ်တွေ ဒီတောင်ကုန်းပေါ်မှာ တိုက်တဲ့တိုက်ပွဲတွေဟာအင်မတန်ပြင်းထန်တယ်လို့ဆိုကြပါတယ်။ ဟုတ်တာပေါ့၊ ဒီတောင်က ဒီမြို့တမြို့လုံးကို မိုးထားတာကိုး။ နောက်ပြီး ဒီတောင်ထိပ် ကို ရ'ထားရင် ပေါက်ဆန်း၊ ခွင်းမင် ကိုသွားတဲ့လမ်းကြီးကိုလည်း စိုးမိထားတယ်လေ။

အဲဒီလိုတောင်ကြီးတတောင်နဲ့ ရေစက်ပါသလိုနှစ်လတာရှည်နေ့စဉ်မျက်နှာချင်းဆိုင်နေရစဉ်မှာပဲ တရုတ်ကဗျာလေးတပုဒ်နဲ့တိုးမိပါတယ်။ ၁၂ရာစုနှစ်က ယဲ့ယင်(叶茵) ရေးခဲ့တဲ့ ရှေးဟောင်းကဗျာလေး တပုဒ်ပါ။ အင်မတန်ကိုရိုးစင်းတဲ့ ကဗျာကလေးဖြစ်ပါတယ်။ ဒါပေမဲ့ဘာလို့လဲမသိဘူး ဖတ်လိုက်တာနဲ့ သိပ်နှစ်သက်သွားမိပါတယ်။ ရိုးစင်းလွန်းလို့နှစ်သက်မိတာလားလဲ မပြောတတ်ပါဘူး။ ခေတ်လူငယ် စကားနဲ့ဆိုရင် ဟတ်ထိသွားတယ်ပေါ့။ သူများတွေရော ဘယ်လိုခံစားကြမလဲသိချင်လို့မျှလိုက်ပါတယ်။


山行
青山不识我姓字
我亦不识青山名
飞来白鸟似相识
对我对山三两声

တောင်ကြော

ငါ့နာမည်ကို တောင်ကြီးက မသိ
ငါကလည်း တောင်ကြီးရဲ့နာမည်ကို မသိ
ပျံလာတဲ့ ငှက်ဖြူတကောင်က တို့နှစ်ဦးကို သိ
တောင်ကို တခွန်း၊ ငါ့ကို တခွန်း နှုတ်ဆက်၏

ဖိုးသံ(လူထု)