Breaking News

ပညာကိုဓ - စစ်အတွင်းခရီးသည် ကျောင်းဆရာ

Art - Than Htay Maung


ပညာကိုဓ - စစ်အတွင်းခရီးသည် ကျောင်းဆရာ

(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၀

ဒုက္ခသည်စခန်းတွေကို စစ်တွေမြို့ ဘုန်းကြီးကျောင်းတွေမှာ ဖွင့်ထားတာ စစ်တွေသူ စစ်တွေသား တွေအားလုံးအသိပါ။ ဝိုင်းဝန်းကူညီကြရပါတယ်။ တတ်သည့် ပညာမနေသာ ပညာဒါန စာပြဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားလေးတွေက ရှစ်တန်းအောင်ပြီး ကိုးတန်းစနစ်သစ်နဲ့ သင်ရမည့်သူတွေပါ။ သူတို့ ကိုသင်ဖို့ သုခမိန်စာအုပ်ဆိုင်မှာ စာအုပ်တစုံလုံးကို ငွေတသောင်းပေးရပါတယ်။ ရှိစုမဲ့စုငွေလေးနဲ့ ဒါနပြု မလို့ပါ။ ဒုက္ခသည်စခန်း ကူညီနေတဲ့ မြို့မိမြို့ဖများက အကူအညီတောင်းလို့ သွားကူတာပါ။ ရွှေစေတီ ဘုန်းတော်ကြီး ကျောင်းဝင်းထဲမှာပါ။ ကျောင်းသူကျောင်းသား ၃၀ -ယောက်လောက်ပါ။ လူငယ်တွေက တရွယ်တည်း ၁၅ နှစ် - ၁၆ နှစ် အရွယ်လေးတွေပါ။ အခင်ကြီး ဦးလေးကြီး လို့ ကျနော်ကို စတွေ့ချင်း ရင်းရင်းနှီးနှီးခေါ်တာကို ကျနော်အလွန်ကျေနပ် သဘောကျမိပါတယ်။ ကိုယ့်သားသမီးအရင်းတမျှ ချစ်ခင်မိ ပါတယ်။

ကျောင်းခန်းထဲဝင်လိုက်တာနဲ့ "မင်္ဂလာပါ ဆရာကြီး" "သာလီစွပါ ဆရာကြီး" "ကျေးဇူးတင်ပါတယ် ဆရာကြီး"။ ပြိုင်တူတသံတည်း ညီညီညာညာအော်လိုက်တော့၊ ကျနော့်နထင်သွေး ဖြန်းကနဲ လန်းဆန်း သွားတယ်။ ခေါင်းလဲရှင်းသွားသလို ခံစားလိုက်ရတယ်။ ကျနော် မြန်မာစာ၊ အင်္ဂလိပ်စာ နဲ့ ဘောဂဗေဒ သုံးဘာသာ ပြပါတယ်။ ပြမယ့်ဘာသာတွေအတွက် ဆရာကိုင်စာအုပ်ကို မြောက်ဦးက သူငယ်ချင်း ကဗျာဆရာက ရွှေပြည်တန်သင်္ဘောနဲ့ ပို့ပေးလို့ အဆင်သိပ်ပြေပါတယ်။ သင်ရိုးက ပြောင်းသွားပြီကိုး။ ကျနော် သင်ခန်းစာမှတ်စုတွေ သီးသန့်မထုတ်တော့ပါ။ ပိုက်ဆံကုန်ခံပြီး ကျူရှင်စာအုပ်တွေလဲ ကျောင်းသားလေး တွေဖတ်ဖို့ ဝယ်ပေးပါတယ်။ ပညာဒါနကိုး။ နံနက်စောစာ ၈ နာရီကို အချိန်တိတိကျကျ လာပေးတာကို လည်း ကျေးဇူးတင်မိပါတယ်။ ပညာကို တကယ့်တကယ်လိုချင်နေကြတာပါ။ တလကျော်လောက်ပဲ သင်လိုက်ရပါတယ်။ ကျန်းမာရေးအရ ကျောင်းတွေ အားလုံးပိတ်လိုက်ရပါတယ်။ စိတ်မကောင်းစွာ ခွဲခွါခဲ့ရ ပါတယ် ။ ဒုက္ခသည်စခန်းကို ပြန်သွားကြပြီလေ။ အဲဒီမှာ စာမသင်ရတော့ပါ။

ကျနော်မိသားစုတွင် ကျနော့်မေမေမှာ ဂျပန်ခေတ်က စာမသင်ခဲ့ရပါ။ နှစ်တန်းလောက်ပဲ တတ်ခဲ့ တာပါ။ သတ်ပုံ ဘယ်နားနေမှန်းမသိပါ။ အသံထွက်အတိုင်းတော့ သားနားလည်အောင် စာရေးတတ်ပါ တယ်။ နားလည်ဖို့က အဓိကပါ။ အော် ခုလဲ ဂျပန်ခေတ်ပြန်ရောက်နေပြီလို့ လူထုတွေပြောသံကို ဈေးမှာ ရော၊ ဘုန်းကြီးကျောင်းမှာရော အရပ်ထဲမှာပြောကြတာ လွန်ရာမကျပါ။ နေ့တိုင်း လေယဉ်ပျံသံ ဗုံးကြဲတဲ့ သတင်း။ စစ်ဖြစ်နေတဲ့သတင်း။ လူထုတွေ ရွာတွေ မီးရှို့ခံရတဲ့သတင်း။ နေ့စဉ်ရက်ဆက်ကြားသိနေရပါ တယ်။ စစ်တွေနဲ့ဝေ။ ကျနော်စစ်တွေမှာ နေပါတယ်။ စာမသင်ဖြစ်သော်လည်း နေ့စဉ်သတင်းစာတော့ ဖတ်ဖြစ်ပါတယ်။ စစ်အတွင်း စစ်တွေရောက်နေတာ ပြည်သူ့ဘဝကို အနီးကပ်လေ့လာရပါတယ်။ ဈေး သွားတာကအစ၊ ဥပုသ်စောင့်တာအထိ၊ ဘုရားသွားကျောင်းတက် ဆုံဖြစ်ကြပါတယ်။ မိတ်ဆွေတွေလဲ အများကြီးရပါတယ်။

သတင်းစာထဲမှာ ရခိုင်နဲ့ပတ်သက်ပြီး ထူးထူးထွေထွေတွေ့ရင် မှတ်ထားပါတယ်။ တခါတလေ စာလေးဘာလေး ရေးမလို့ပါ။ နောက်ဆုံး သတင်းစာများကပြောတဲ့ ရခိုင်ပြည် ဆိုတဲ့ ဆောင်းပါးပေါင်းချုပ် တအုပ်လောက်တော့ ထွက်နိုင်မလားတော့ မသိပါ။ ခုစရေးဖြစ်ပါတယ်။ ဒီနေ့ (၂၇-၁၀-၂၀၂၀) မြန်မာ့ အလင်းသတင်းစာ စာမျက်နှာ အချပ်ပို (စ) မှာ ရခိုင်ပြည်နယ် ဂွမြို့နယ် မကျေးငူ -ကျောက်ချွန်လမ်းရှိ ကျောက်ချွန်တံတားပုံကို တွေ့လိုက်ရပါတယ်။ ဒီတံတားကိုမြင်လိုက်ရတော့ ကျောက်ချွန်ကို လက်တန်းမြင် ယောင်မိပါတယ်။ စာရေးဆရာကြီးသိန်းဖေမြင့်ရဲ့ စစ်အတွင်းခရီးသည် ထဲက ကျောက်ချွန် - မကျေးငူလေ။ အိန္ဒိယကိုလမ်းဖောက်တာ မပေါက်လို့ နောက်ဆုံး ဒီလမ်းကိုတွေ့ပြီး ဂွမြို့ကို ရောက်တာလေ။ အဘိုးလေး ဦးသန်းဖေကြီးတို့အုန်းခြံထဲမှာ နေသွားတယ်တဲ့။ အဲဒီကမှ သံတွဲ။ ပြီးတော့ စစ်တွေ။ ပြီးတော့ အိန္ဒိယကို ရောက်တာလေ။ ရခိုင်သူရခိုင်သားတွေ တော်လှန်ရေးအတွက် ထမ်းရွက်ပေးခဲ့တယ်လေ။ အဘိုး ဦးကြာလှ အောင် ရန်ကုန်ရောက်ရင် ဆရာဦးခင်အောင် (ကျောင်းသားညီညွတ်ရေးတပ်ဦး အထွေထွေအတွင်းရေးမှူး) ရှေ့နေဦးခင်အောင် (တောင်ကုတ်) ဆီမှာ တည်းတာလေ။ အဲဒီသမိုင်းတွေကို ပြေးမြင်မိပါတယ်။ သတင်း စာဖတ်ရင်း အတွေးအမျှှင်တန်းသွားပါတယ်။ ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်တွေက အများသားလား။

တလောက အခင်ကြီး ဦးခိုင်စိုးလဲဆုံးသွားပြီ။ အဘိုး ဦးကြာလှအောင်ကို လွမ်းမိတယ်။ အဝေ ခင်အောင် မတ်တို့ ရန်ကုန်မှာ ငါမပျော်ရာဝေး။ ငါ့မှာ ပလက်ဝက ယူလာခရေ ဦးရေလည်း ပြတ်သွားပြီ။ ရမ်းဗြဲဆေးလိပ်လည်း ကုန်ပြီ။ ငါပြန်ဖို့ရာ။ ဆရာဦးခင်အောင်ရဲ့ ပန်းဆိုးတန်းကရုံးခန်းမှာ အဘိုး ရန်ကုန် လာတိုင်း ဆုံဖြစ်ပါတယ်။ ဖက်ဆစ်ကိုတော်လှန်တာ ရခိုင်ကစတယ် ဆိုရင် ခုလူငယ်တွေက ငြင်းကြမလား မသိပါ။ ပြည်မမှာ မတ်လ ၂၇ မှာစတယ် ။ ရခိုင်မှာက ဗိုလ်ကြာလှအောင် ဦးစီးလို့ ဖေဖေါ်ဝါရီကပဲ စနေပြီ။ ချင်းအမျိုးသားတွေနဲ့အတူ ဒူးလေးကိုင်ပြီး စတိုက်ခဲ့ပါတယ်။ နယ်မြေဒေသ ကိုယ့်ဖက်က အသာစီးရနေလို့ ပွဲတိုင်းနိုင်ပါတယ်။ ခုလူများ အားကျစရာပါ။ တနေ့က ရမ်းဗြဲသား လူငယ်တဦးက စကားဝိုင်းမှာ ရမ်းဗြဲ သားတွေက ဂျပန်ကို မိကျောင်းစာကျွေးတဲ့အကြောင်း ပြောသွားတယ်။ အားကျစရာပါ။ တော်လှန်ရေးဆို တာ သိပ်ရက်စက်လာရင် အဲဒီလိုပဲ ပြန်လုပ်ရတာ ဓမ္မတာပါ။ ခုလဲ ရခိုင်ပြည်သူတွေက ဂျပန်ခေတ်နဲ့ဘာမှ မခြားနားဘူးလို့ပြောကုန်ကြပါပြီ။ အရပ်ကတို့ စဉ်းစားသာ ကြည့်ကြပါတော့။ နေ့စဉ်ရက်ဆက် ဗုံးသံတွေ လေယဉ်သံတွေ သေကြကျေကြ ဒါဏ်ရာတွေဗလပွနဲ့ ဆေးရုံတွေမှာ မြင်မကောင်း ရှုမကောင်း။ ဒုက္ခသည် စခန်းမှာကိုက လူဦးရေသုံးသိန်းကျော်သွားပြီ။ နှစ်ဖက် သေကြေ ဒဏ်ရာရစာရင်း အတိအကျကို ဘယ်ဖက် ကမှ မကြေညာသေးပါ။ ဒါပေမဲ့ ပြည်သူ့မျက်ကွယ်ဆိုတာမရှိပါ။ ပြည်သူ့စာရင်း ပြည်သူတွေဆီမှာ အတိ အကျရှိပါတယ်။ ဘယ်အဖွဲ့ကမှ ညာလို့မရပါ။ မှတ်တမ်းတွေရှိပါတယ်။ ဒါဏ်ရာဒါဏ်ချက်တွေက အပြည့်ပါ။ သွေးသန်ရဲရဲ ။

 ဆက်ရေးပါအုံးမယ်။ နုလုံးစိတ်ဝမ်း ငြိမ်းချမ်းနိုင်ကြပါစေ။
ပညာကိုဓ