Breaking News

လှကျော်ဇော - အနောက်က နိုင်နေတယ် တဲ့



လှကျော်ဇော - အနောက်က နိုင်နေတယ် တဲ့

(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၂၀

(၁၅-၂-၂၀၂၀) ဂျာမနီမြူးနစ်မှာမှ ာကျင်းပပြုလုပ်နေတဲ့ မြူးနစ်လုံခြုံရေးဆိုင်ရာကွန်ဖရင့်မှာအမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီရိုပြောလိုက်တဲ့စကားပါ။

The West is winning တဲ့။
သူကဆက်ပြီးပြောရာမှာ ...ထရန့်အစိုးရဟာ ကမ္ဘာကြီး သို့မဟုတ် ၊ မိမိမဟာမိတ်များ ကို ကျောခိုင်း သွားတာ မဟုတ်ဘဲ၊ တခုလုံးကို ခေါင်းဆောင်နေတာပါ ... တဲ့။ ပြဿနာကအမေရိကန်မဟာမိတ်များက အီရန်နဲ့ရင်ဆိုင်ရာမှာ၊ ပူးပေါင်းကာကွယ်ရေးအတွက် ပိုမိုထည့်ဝင်ရေးတွေမှာ အမေရိကန်နဲ့ပူးပေါင်းဖို့ မတက်မကြွဖြစ်နေတာပါ ... တဲ့။

ဒါ့အပြင်- သူအများဆုံးပြောသွားတဲ့အကြောင်းအရာကတော့ သူသွားလေရာ ပြည်တွင်းပြည်ပခရီးများမှာပြောလေ့ပြောထရှိတဲ့ တရုတ်အန္တရာယ်နဲ့တရုတ်ခြိမ်းခြောက်မှု (China threat) အကြောင်းတွေပါပဲ။

သူ နောက်က ဆက်ပြောတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပိုဗြောင်ကျပါတယ်။

တကယ်လို့များ အမေရိကန်နဲ့  ဥရောပဟာ စစ်မျက်နှာပေါင်းစုံက တရုတ်ကို ထိန်းချုပ်ဖို့ ပူးပေါင်းလုပ်ဆောင်မှုမရှိရင် အနာဂတ်ဟာ မှေးမှိန်နေပါလိမ့်မယ် တဲ့။
တရုတ်ရဲ့သတင်းဆက်သွယ်ရေးကုမွဏီဟွာဝေးကို ပဉ္စမမျိုးဆက် သတင်းဆက်သွယ်ရေးကွန်ရက်(5G) တည်ဆောက်ရေးအတွက် ခွင့်ပြုလိုက်မယ်ဆိုရင် အမေရိကန်နဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလျှော့ကျသွားနိုင်တာကို သတိပြုပါ ... တဲ့။

တကယ်တော့ အမေရိကန်ခေါင်းဆောင်များက ဥရောပနိုင်ငံများ အနေနဲ့ မိမိနဲ့ တညီတညွှတ်တည်းပူးပေါင်းပြီး အင်အားကြီးထွားလာနေတဲ့ တရုတ်နဲ့ရုရှားကို ရင်ဆိုင်ဖို့  ဥရောပနိုင်ငံများကို စည်းရုံးနေတာပါ။

ဒါပေမဲ့

တရုတ်နဲ့ပတ်သက်လို့ကတော့ ဂျာမနီရော ပြင်သစ်ရော အင်္ဂလိပ်တွေကရော တခြားဥရောပနိုင်ငံများကရော ဘာမှ ဟက်ဟက်ပက်ပက် လိုက် ပြောဆိုတာမရှိပါဘူး။

ဗြိတိသျှဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဆိုရင် ထရန့်နဲ့တောင် ဖုန်းနဲ့စကားပြောနေရင်းက (ဟွာဝေးကိစ္စ) အခြေအတင်ပြောကြရင်း ထရန့်က ဖုန်းချပြစ်လိုက်လို့ အခု ဂျွန်ဆင်ရဲ့ အမေရိကန်ခရိးစဉ် ပယ်ဖျက်လိုက်ပြီလို့တောင် ပြောလိုက်ပါပြီ။

အခု မြူးနစ်ကွန်ဖရင့်အကြောင်းဆက်ရအောင်ပါ။

သူတို့နောက်မှာတော့ ပြင်သစ်သမ္မတမက်ခရိုမ်က ဒီလိုပြောသွားပါတယ်။

တကယ်အဖြစ်မှန်က အနောက်တိုင်းနိုင်ငံများ အင်အားချည့်နဲ့လာနေပါပြီ။ လွန်ခဲ့တဲ့ (၁၅)နှစ်က ကျွန်တော်တို့ကကျွန်တော်တို့ရဲ့တန်ဖိုးတွေဟာ တကမ္ဘာလုံးဆိုင်ရာတန်ဖိုးများ လို့ ထင်ခဲ့ပါတယ်။ ကမ္ဘာကြီးကိုအမြဲလွှမ်းမိုးထားနိုင်မယ်လို့လည်း ထင်ခဲ့တယ်။ စစ်ရေးဆိုင်ရာ နည်းပညာများနဲ့ အခြားဘက်များမှာလည်း အမြဲအပေါ်စီးရခဲ့တာပါပဲ။
ဒါပေမဲ့ ဒီနေ့ကမ္ဘာကြီးမှာ တန်ဖိုးထားမှုတွေ ပြောင်းသွားပါပြီ။ အင်အားကြီးနိုင်ငံသစ်တွေ (ဥပမာ တရုတ်-ရုရှား) ပေါ်ပေါက်လာနေပါပြီ။ ဥရောပအနေနဲ့ အမေရိကန်ရဲ့ လုပ်ဖော်ကိုင်ဖက်အငယ်စားဘ၀ (junior-partner ) အဖြစ်ထားတာကို ရပ်ပစ်သင့်နေပါပြီ။ နေတိုးကိစ္စ မှာဖြစ်ဖြစ်၊ ရုရှားနဲ့ဆိုင်တဲ့ ပေါ်လစီများမှာပဲဖြစ်ဖြစ် အချုပ်အချာအာဏာပိုင်နိုင်ငံများအဖြစ်၊ ကိုယ်ဆုံးဖြတ်ချက် ကိုယ်ချပြီး ဒါတွေနဲ့အညီသာလုပ်ဆောင်သင့်ပါတယ်။
ဥရောပဟာ အနာဂတ်ကိုမယုံကြည်တဲ့ တိုက်ကြီးတတိုက်ဖြစ်လာနေပါပြီ ... တဲ့။

ဒါတွေကတော့ အနောက်တိုင်းသတင်းမီဒီယာတွေမှာ အကျယ်တဝင့်ဖော်ပြရေးသားထားချက်များထဲက ကောက်နုတ်တင်ပြလိုက်တာပါ။

ဒီသတင်းများနီးနီး စိတ်ဝင်စားဖွယ်သတင်းတပုဒ်လည် းရှိပါသေးတယ်။

၁၆-၂-၂၀၂၀ က( CGTN World Today) ထုတ်လွှင့်သွားတဲ့သတင်းပါ။

တကယ်တော့ ဒီမြူးနစ်ပွဲဟာ ၁၉၆၃ခုနှစ်ကစတင်ပြီး ကျင်းပလာတာ ဒီနှစ်က (၅၆)ကြိမ်မြောက်ပါ။ ဥရောပ-အမေရိကန် (အတ္တလန္တိတ်ကမ်း ၂ ဖက်နိုင်ငံများ)ရဲ့ လုံခြုံရေးနဲ့ နိုင်ငံခြားရေးဆိုင်ရာ ပြသနာတွေကိုစုပေါင်းဆွေးနွေးကြအဖြေရှာကြ ပေါ်လစီအသစ်တွေရေးဆွဲတဲ့ စင်မြင့်ပါ။ နောက်ပိုင်း တကမ္ဘာလုံးဆိုင်ရာစင်မြင့်အဖြစ် ပြောင်းလဲလာတဲ့အတွက် တခြားအင်အားကြီးနိုင်ငံများ (တရုတ်-ဂျပန်စသဖြင့်) ပါ လာပါတယ်။

ဒီပွဲကိုအမေရိကန်ကအကျော်အမော်တွေတပ်ချီလာပါတယ်။

အခုတရုတ်သတင်းကလွှင့်သွားတဲ့သတင်းအကြောင်းရေးပါဦးမယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပလိုစီကလည်းဟောပြောမှုတွေလုပ်ပါ သေးတယ်။ထုံးစံအတိုင်းတရုတ်ကို လူ့အခွင့်အရေးချိုးဖောက်မှုပုဒ်မ အမျိုးမျိုးတပ်ပြီး( ဟောင်ကောင်၊ တိဘက်၊ရှင်ကျန်းကိစ္စများ)ပြောသွားပါတယ်။

အဆုံးသတ်မှာတော့ ...

အခု ဟွာဝေးကုမွဏီဟာ ပုဂ္ဂလိကပိုင်ကုမွဏီတခုဆိုပေမယ့် တရုတ်အစိုးရရဲ့ လွှမ်းမိုးမှုများလည်း ရှိနိုင်တာကြောင့် သူတို့တီထွင် ထုတ်လုပ်တဲ့ (၅ ဂျီ) 5G နည်းပညာဟာ အလွန်အန္တရာယ်ရှိပါတယ်။ ဆိုင်ဘာစနစ်လုံခြုံရေးအတွက်ပြောတာပါ။ ဒီစနစ်ကို သုံးဖို့ပြင်နေတဲ့ နိုင်ငံများကို သတိပေးချင်ပါတယ်။ ဒီနည်းပညာကိုသုံးခြင်းအားဖြင့် တရုတ်ထောက်လှမ်းရေးများရဲ့အန္တရာယ်ရှိလာနိုင်ပြီး ကျွန်မတို့ရဲ့ နိုင်ငံရေးစနစ်ဖြစ်တဲ့ ဒီမိုကရေစီစနစ်နဲ့ တန်ဖိုးများကို ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် သတိကြီးကြီးထားကြပါလို့ ပြောချင်ပါတယ် ...တဲ့။

သူဟောပြောချက်အပြီးမှာ အမေး-အဖြေ ကဏ္ဍပါ။

တရားနာပရိသတ်ထဲက အမျိုးသမီးတဦး ထလာပါတယ်။

ကျွန်မက တရုတ်အမျိုးသားကွန်ဂရက်က ဖြစ်ပါတယ် ... လို့ စမိတ်ဆက်ပါတယ်။

(အဲဒီတရုတ်အမျိုးသမီးကြီးဖူရင် ဟာ သြစတျေးလျ-အင်္ဂလန်တို့မှာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဘူးပါတယ်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်ခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ အမျိုးသားကွန်ဂရက်ရဲ့ နိုင်ငံခြားရေးရာကော်တီရဲ့ ဒုဥက္ကဋ္ဌပါ။)

သူက ဒီလိုဆက်ပြောပါတယ်။

ကျွန်မတို့နိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီကို ကျင့်သုံးလာတာ အနှစ်(၄၀) ကျော်ပါပြီ။ဒီကာလတလျှောက် ကျွန်မတို့ဟာ (1G 2G 3G 4G) နည်းပညာများကို အနောက်နိုင်ငံကုမွဏီများ (မက်ခရိုဆောဖ် အိုင်ဘီအမ် အမေဇုံ)က ဝယ်ယူသုံးစွဲခဲ့ရပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများကပေါ့။ ဒါတွေကို သုံးစွဲပြီး ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးတွေကို တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်မတိုနိုင်ငံရဲ့ နိုင်ငံရေးစနစ်ဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရအပေါ်ပြည်သူတွေရဲ့ထောက် ခံမှုရရှိပြီး ဒီစနစ်တွေဟာ အတော်ခိုင်မာအားကောင်းလာခဲ့ပါတယ်။
အခု နည်းပညာကုမွဏီတခုသာဖြစ်တဲ့ ဟွာဝေးရဲ့(5G ) အတတ်ပညာကြောင့် ဒီမိုကရေစီစနစ်တွေတန်ဖိုးတွေ အန္တရာယ်ရှိနိုင်တယ်ဆိုတော့ ရှင်တို့ရဲ့ စနစ်တွေဟာ ဒီလောက် အားပျော့( fragile) ရသလား ... တဲ့။

ထရန့်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောအပြီး လွှတ်တော်ဥက္ကဌနေရာစင်မြင့်ပေါ်ကနေပြီး တမ္ဘာလုံးရဲ့မျက်မှောက်မှ ာမိန့်ခွန်းစာရွက်တွေကို ဆုတ်ဖြဲ ပြခဲ့တဲ့ ရဲရဲတောက်အမေရိကန် အမျိုးသမီးကြီးဟာ ဒီပွဲမှာတော့ နှပ်ပစ်ခံလိုက်ရပါတယ်။

ဒီတော့ အနောက်က နိုင်နေတယ် ဆိုတာမှန်သလား။

စဉ်းစားကြရအောင်ပါ။

လှကျော်ဇော