ကျောက်မဲဆရာတော်ရဲ့ အနှစ်ချုပ်တရား၊ ဘာသာရေးနဲ့ နိုင်ငံရေး
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၃ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၄၊ ၂၀၂၃
ကျောက်မဲဆရာတော်ရဲ့ အနှစ်ချုပ်တရား၊ ဘာသာရေးနဲ့ နိုင်ငံရေး
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တည်တဲ့ မာရဝိဇယ ဗုဒ္ဓဆင်းတုတော် အနေကဇာတင်ပွဲကို ပြီးခဲ့တဲ့ ဝါဆိုလပြည့်နေ့မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ နိုင်ငံတော် သံဃနာယက အဖွဲ့ရဲ့ ဒုဥက္ကဌဖြစ်တဲ့ ကျောက်မဲဆရာတော်ရဲ့ အနှစ်ချုပ်တရားက မြန်မာဆိုရှယ်မီဒီယာ သုံးစွဲသူတွေအကြား အပြောများဆုံး အကြောင်းအရာတခုဖြစ်လာခဲ့ပါတယ်။ ကျောက်မဲ မြို့ သီဟိုဠ် ပရိယတ္တိစာသင်တိုက်ရဲ့ ဆရာတော်ဖြစ်ပြီး ဘွဲ့နာမည်ထက် သီတင်းသုံးရာ မြို့နာမည်ကို အစွဲပြုပြီး ကျောက်မဲဆရာတော်လို့ ခေါ်ဆိုကြတဲ့ ဆရာတော်က မကောင်းတဲ့အလုပ်မလုပ်ဖို့၊ ကောင်းတဲ့ အလုပ်လုပ်ဖို့နဲ့ စိတ်ကိုဖြူစင်အောင် ထားဖို့ ဘုရားဟောတွေရဲ့ အနှစ်ချုပ်သဘောနဲ့ ၁ မိနစ် ၂ မိနစ်အတွင်း အနှစ်ချုပ်ဟောကြားခဲ့ရာမှာ မကောင်းတဲ့ အလုပ်မလုပ်ဖို့ ဆိုတဲ့ စကားလုံးက စစ်ခေါင်းဆောင် လုပ်ဆောင်နေတဲ့ အရာတွေကို ရည်ညွှန်းပြောဆိုတာလို့ အများပရိသတ်က အဓိပ္ပာယ်ကောက်ယူကြပြီး လက်ရှိတိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ သတ်ဖြတ်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ နေအိမ်မီးရှို့ဖျက်ဆီးမှုနဲ့ ဖမ်းဆီး အကျဥ်းချမှုတွေကို ရည်ညွှန်းပြောဆိုတာလို့ အများက ယူဆကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီခေါင်းဆောင် အနေနဲ့ အခုလို အခမ်းအနားမှာ အများပရိသတ်ရှေ့ ဘာသာရေး ခေါင်းဆောင် ဆရာတော်တပါးက ဆုံးမစကားပြောဆိုခြင်းကို ခံရတာဟာ အချို့သော ဆရာတော်တွေ ဟောကြားတဲ့ မြှောက်ပင့်ချီးမွမ်းတဲ့ တရားတော်မျိုးနဲ့ သိသိသာသာကြီးခြားနားပြီး တိုင်းပြည်အုပ်ချုပ်သူကို အများရှေ့မှာ ဘယ်လုပ်ရပ်ရယ်လို့ တိုက်ရိုက်ရည်ညွှန်းတာ မရှိသော်လည်း ယေဘုယျသဘောဆန်ဆန် မကောင်းတဲ့ လုပ်ရပ် မလုပ်ဖို့ ဆုံးမရဲတဲ့ ဘာသာရေးခေါင်းဆောင်ကို လူထုက လက်ခုပ်သြဘာပေးနေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ဟာ လက်ရှိ စစ်ခေါင်းဆောင်ကို မြှောက်ပင့်ချီးမွမ်းလေ့ရှိတဲ့ သီတဂူဆရာတော် ၁၉၉၀ ခုနှစ်ကာလတွေတုန်းက ဟောကြားခဲ့တဲ့ မင်းကျင့်တရား ၁၀ ပါးတရားတော်ကို ပြန်အမှတ်ရစရာ နှိုင်းယှဥ်စရာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလက အင်တာနက်တွေ ဆိုရှယ်မီဒီယာတွေ ပေါ်ထွန်းခြင်းမရှိသေးပဲ ကက်ဆက်ခွေနဲ့ ဖြန့်ချိကြတဲ့ကာလ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေတဲ့ အဲဒီအချိန်ကာလမျိုးမှာ အုပ်ချုပ်သူကို ဘယ်သူမှ ပေါ်ပေါ်ထင်ထင် မပြောရဲ မဆိုရဲတဲ့ အကြောက်တရားကြီးစိုးနေချိန် အခုလို ရည်ညွှန်းဟောကြားတဲ့ မင်းကျင့်တရား ဆယ်ပါးတရားတော်ဟာ လူထုပရိသတ်အတွက် လက်ခုပ်သြဘာပေးစရာ ဟောပြောမှုတခုဖြစ်ခဲ့ပါတယ်။
ထိုစဥ်တုန်းက စစ်အာဏာရှင်တွေကို ရည်ညွှန်းဆုံးမခဲ့တဲ့ သီတဂူဆရာတော်ဟာ အခုနောက်ပိုင်းတော့ စစ်ခေါင်းဆောင်တွေကို အားပေးအားမြှောက်ပြုသူ၊ စစ်ခေါင်းဆောင်ရဲ့ အယုံကြည်ရဆုံး ဆရာတော်တပါးအဖြစ် ပြောင်းလဲသွားတာ တွေ့ရမှာလည်း ဖြစ်ပါတယ်။
သီတဂူဆရာတော်ဟာ ၂၀၁၀ နောက်ပိုင်း ပေါ်ထွက်လာတဲ့ ဗုဒ္ဓဘာသာကို အခြားသော ဘာသာတရား အထူးသဖြင့် အစ္စလာမ်ဘာသာရဲ့ ခြိမ်းခြောက်မှုကို လက်ညှိုးထိုးပြီး အစွန်းရောက်တဲ့ လူမျိုးခွဲခြားမှု၊ ဘာသာခွဲခြားမှုတွေကို လှုံ့ဆော်လေ့ရှိတဲ့ မဘသ အဖွဲ့ကြီးကို ဦးဆောင်တဲ့ ဆရာတော်တွေအနက် တပါးအဖြစ် ပါဝင်ခဲ့ပြီး အန်အယ်လ်ဒီ ထောက်ခံသူ လူထုပရိသတ်ရဲ့ ငြင်းပယ်ခံရတာ၊ ဝေဖန်ခံရတာတွေ ဖြစ်လာခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေး နဲ့ ရက်စက်စွာ နှိပ်ကွပ်၊ ဖိနှိပ်အုပ်ချုပ်နေတဲ့ အခုလိုကာလမှာ ကျောက်မဲဆရာတော်၏ ပြောဆိုချက်ဟာ နိုင်ငံရေး ပါတီတရပ်၊ လက်နက်ကိုင် အဖွဲ့အစည်းတရပ်ရဲ့ လှုပ်ရှားမှုမျိုးနဲ့ နှိုင်းယှဥ်ပြောဆိုစရာမဟုတ်ပေမယ့် လူထုအဖို့တော့ မိမိတို့ဘက်က ရပ်တည်ပြောဆိုပေးတယ်လို့ ယူဆပြီး စိတ်ခွန်အားရစရာ အဖြစ်အပျက်တရပ်အဖြစ် မှတ်ယူကြတာမျိးဖြစ်ပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိတ်သုဥ်းချိန်မှာ လူထုအနေနဲ့ လူထုကိုယ်စား ပြောဆိုပေးမယ့် ဘာသာရေးခေါင်းဆောင်တွေကို အားပေးထောက်ခံကြတာဟာ သဘာဝလည်း ဖြစ်ပါတယ်။ အခု ဟောပြောမှုနဲ့ ပတ်သက်လို့ ဆရာတော်က အမှန်တကယ်ပဲ စစ်ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေကို ရည်ညွှန်းပြောဆိုခဲ့တာလား၊ ယေဘုယျ သဘောဟောပြောခဲ့တာလား ဆိုတာတော့ ဘယ်သူမှ အတည်မပြုနိုင်ပါဘူး။ ဆရာတော် အနေနဲ့ အခုလို စစ်ခေါင်းဆောင်ရဲ့ လုပ်ရပ် စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကို ရည်ညွှန်းတာမဟုတ်ဘဲ လူထုပရိသတ်က မိမိသဘောနဲ့ လိုသလို အဓိပ္ပာယ်ဖွင့်ဆိုခြင်းကြောင့် စစ်ကောင်စီခေါင်းဆောင်က ဆရာတော်ကို အရေးယူမှုတွေ လုပ်တာမျိုး ဖြစ်မလားဆိုတဲ့ စိုးရိမ်သူ တချို့လည်း ရှိနေကြတာ တွေ့ရပါတယ်။
ဒီအဖြစ်အပျက်ကို သုံးသပ်ကြည့်ရင် လူထုအနေနဲ့ ရင်ထဲ စိတ်ထဲရှိတဲ့ မတရားမှုကို လက်မခံ၊ မနှစ်သက်မှု ဆန့်ကျင်မှုတွေကို လူမှုအသိုင်းအဝိုင်းရဲ့ ဘယ်လိုနယ်ပယ်က ဖြစ်စေ၊ လောကီနယ်ပယ်နဲ့ စည်းခြားထားတဲ့ ဘာသာရေးနယ်ပယ်က ခေါင်းဆောင်တဦးဦးက လူထုရဲ့ ခံစားချက်ကို ကိုယ်စားပြု ပြောဆိုပေးတဲ့အခါ လှိုက်လှိုက်လှဲလှဲ သြဘာပေးကြပြီး အနုနည်းနဲ့ အာခံမှုကို ပြသချင်ကြတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar