Breaking News

ကိုသန်းလွင် ● ချီလီနိုင်ငံမှ ဆန္ဒပြမှုများ

  
ကိုသန်းလွင် ● ချီလီနိုင်ငံမှ ဆန္ဒပြမှုများ
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၉

(၁)
ချမ်းသာကြွယ်ဝမှုနှင့် တည်ငြိမ် အေးချမ်းမှု ကင်းမဲ့သော နိုင်ငံများအကြားတွင် ထီးထီးတည်ရှိနေသည့်အတွက် ကြောင့် ချီလီနိုင်ငံကို “အရင်းရှင်နိုင်ငံများ၏ အိုအေစစ်” ဟု တင်စားခေါ်ဝေါ်ခဲ့ကြပါသည်။ သို့ပါသော် လည်း ထို ချမ်းသာကြွယ်ဝမှုသည်ကံကောင်းထောက်မသည့်လူ အနည်းအကျင်းလက်ထဲမှာသာရှိပြီးကျန်ပြည်သူပြည်သား များမှာ မချမ်းသာကြပါ။ ချီလီနိုင်ငံသည် တိုးတက်သောနိုင်ငံများအကြားတွင် ဆင်းရဲချမ်းသာ ကွာခြားမှု ကြီးမား သော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။

ထိုဆင်းရဲချမ်းသာကွာဟမှုသည်ယခုအခါနိုင်ငံ၏ တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေပါသည်။ မြို့တော် စန်တီယာဂို မှာ အောက်တိုဘာ ၆ ရက်နေ့ကမြေအောက်ရထားစီးခ ၄ဆင့်မျှ မြှင့်တင်မှုကြောင့် ဆန္ဒပြမှုများနှင့် ရှုတ်ထွေးနေ ပါသည်။ ရထားစီးခတိုးမြှင့်ခြင်းမှာအများထဲမှအကြောင်းအရာတစ်ခုမျှသာဖြစ်ပြီး များသောအားဖြင့် ပြည်သူအ များ၏အထွေထွေ မကျေနပ်မှု များကို ကိုယ်စားပြုပါသည်။ ပြည်သူအများ၏ ကျန်းမားရေးစောင့်ရှောက်မှု ညံ့ဖျင်း ခြင်း၊ ပညာရေးကိုဂရုစိုက်မှု နည်းပါး ခြင်း၊ လုပ်အားခနိမ့်ကျခြင်း၊ လူနေမှုစားရိတ်ကြီးမြင့်ခြင်း၊ ပင်စင်လစာလျော့ နည်းနေခြင်းစသည့် အကြောင်းချင်းရာမျိုးစုံပါဝင်ပါသည်။

(၂)
သမ္မတ ပါနီးယား (Mr. Sebastian Panera) မှာ ၂၀၁၈ ခုနှစ်က ရွေးချယ်တင်မြှောက်ခြင်းခံရသော ကြွယ်ဝချမ်း သာသော ဘီလီယံနာသူဌေးဖြစ်ပါသည်။ အောက်တိုဘာလ ၁၈ ရက်ကစတင်ခဲ့သောဆန္ဒပြမှုများကို သမ္မတက ပြည်သူများနှင့်စစ်ဖြစ်နေပြီဟုဆိုခဲ့ပါသည်။ ဆန္ဒပြသူများကို အသင်းအဖွဲ့နှင့်ဆူပူသောင်းကြမ်းခြင်း (Organized Crime) ဖြစ်သည်ဟု စွတ်စွဲလိုက်ပြီး ပို၍ဆိုးသည်မှာ ၎င်းတို့သည် နိုင်ငံတော်၏ ရန်သူများဟုဆိုလိုက်ပါသည်။ မြို့ တော်စန်တီယာဂို တွင်အရေးပေါ်အခြေအနေကြေညာထားသော်လည်း ဆန္ဒပြမှု အရှိန်မှာသေမသွားဘဲ ပို၍များ ပြားသော လူအုပ်ကြီးများနေ့စဉ်နှင့်အမျှထွက်ပေါ်လာနေကြပါသည်။


ဆန္ဒပြသူများသည် အဆောက်အဦးများကို မီးရှို့ခြင်း၊ မြေအောက်ဘူတာရုံများကို ဖျက်ဆီးခြင်း၊ ပစ္စည်းများကို လုယူခြင်း စသည့် မဖွယ်မရာဖြစ်သော ပြစ်မှုများကို ကျူးလွန်ကြပါသည်။ သို့သော် ထိုအပြုအမူများကြောင့် ဆန္ဒပြသူများ၏ မကျေနပ် မှုများကို လစ်လျူရှုမည်ဆိုလျှင် မှားယွင်းပါသည်။ ဆန္ဒပြသူအများစုမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြခြင်းဖြစ်ပြီး သူတို့၏ ဒီမိုက ရေစီ ဆိုင်ရာအခွင့်အရေးများဘောင်အတွင်းမှာ ရှိနေကြပါသည်။

အုပ်စုဖွဲ့၍ ရမ်းကားခြင်းလက္ခဏာများကို မတွေ့ရပါ။ တညီတညွတ်တည်းစုပေါင်းကျူးလွန်သူဟူ၍မရှိပါ။ ဆန္ဒပြ သူများ၏ မကျေနပ်မှုများမှာနေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည့်အခက်အခဲများကြောင့်ဆန္ဒပြရခြင်းဖြစ်ပါသည်။ သည်။ လူ၁၇ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိကြသည်။လူ၇၀၀၀ခန့်အဖမ်းခံရသည်ဟုသတင်းများကဆို၏။

ချီလီပြည်သူများမှာ ဆင်းရဲချမ်းသာအလွန်ကွာခြားသော လူနေမှုစနစ်ကြားမှာ နေကြရခြင်းဖြစ်သည်။ ပြည်သူ များမှာ အစိုးရကို အခွန်မပေးဆောင်ရမှီ ရရှိသောလခမှာ များစွာကွာခြားပါသည်။ တိုးတက်စနိုင်ငံများတွင် အခြားနိုင်ငံများနှင့် ယှဉ်သော် ကွာခြားမှု မှာ သိသာလှပါသည်။ ချီလီနိုင်ငံသည် တိုးတက်ပြီးနိုင်ငံ (OECD Organization Of Economic Cooperation and Development) အဖွဲ့ဝင်နိုင်ငံ ၃၆ နိုင်ငံများ အကြားတွင် အလယ်အလတ်တန်းစားနိုင်ငံ ဖြစ်ပါသည်။ ထိုနိုင်ငံများတွင် ချီလီတစ်နိုင်ငံသာ ဆင်းရဲချမ်းသာ ညီမျှစေရန် အကောက်အခွန်ကောက်ခြင်းနှင့် ချမ်းသာသူမှ ဆင်းရဲသူကို ကူညီရေး၊ အခြားလုပ်ငန်းများကို မလုပ်ဆောင် ခြင်းဖြစ်ပါသည်။

မြီု့တော် စန်တီယာဂိုမြို့တွင် ချမ်းသာသူပေါများခြင်း မှာသိသာလှပါသည်။ တောင်အမေရိကတွင် အမြင့်မားဆုံး အဆောက်အဦးရှိသည်။ ၎င်းသည်စန်တီယာဂိုမြို့လယ်ဘဏ္ဍာရေးရပ်ကွက်အလယ်ခေါင်မှာရှိသည်။ စင်ဟတ် တန် (Sanhattan) ရပ်ကွက်ဟုခေါ်သည်။ ထိုရပ်ကွက်တွင်ဇိမ်ခံ အဆောက်အဦးများ၊ ကိုယ်ပိုင်ဆေးရုံများ၊  ကိုယ်ပိုင် ကျောင်းများမှာမျက်စေ့တဆုံးတွေ့နေရပါသည်။

သို့ပါသော်လည်း စန်တီယာဂို၏ ဆင်းရဲမွဲတေမှုမှာ မမြင်ချင်အဆုံးဖြစ်နေသည်။ အများသုံးဆေးရုံများမှာ ဆေး မရှိ၊ ဆရာဝန်မရှိ၊ ဖြစ်ချင်တိုင်းဖြစ်နေသည်။ ကျောင်းသားများပြည့်သိပ်နေသည့် ကျောင်းများရှိသည်။ မြို့တော် ပြင်ပတွင် လူဆင်းရဲတို့နေထိုင်ရာ ရပ်ကွက်များရှိသည်။ မြို့တော်မှဝေးလေလေ မြို့တော်ကြီး၏ ချမ်းသာမှု က မရောက်ဘဲရှိလေလေဖြစ်သည်။


တိုင်းပြည်ကိုအုပ်ချုပ်နေကြသော လူတန်းစားသည် ပြည်သူလူထုနှင့် ကင်းကွာပြီး တသီးတခြား ရှိနေကြသည်။ မီးရထားဘူတာရုံ၏ အပြင်ဘက်မှ အိုးများကို ဗုံသဘွယ် ကိုင်ဆောင်သံပုံးတီးနေကြသော လူအုပ်ကြီးှမှာ စန်တီ ယာဂို မြို့တော်ကြီးမှ ဆင်းရဲသားများဖြစ်ကြပါသည်။ ဗိုလ်ချုပ်ကြီး ပီနိုရှေး (Augusto Pinochet) လက်ထက်က လည်းအလားတူဆန္ဒပြခဲ့ကြရာထိုရက်များကို ပြန်လည်သတိရစေပါသည်။ လူတစ်သန်းကျော်မျှ ချီတက်ခဲ့ကြရာ တစ်ပြည်လုံး၏ ၅ ရာခိုင်နှုန်းခန့်ရှိပါသည်။ တိုင်းပြည်ကိုဒီမိုကရေစီနည်းဖြင့် ၁၉၉၀ ခုနှစ်မှ စတင်၍ ချီတက်ခဲ့ရာ နှစ် ၃၀ အတွင်းယခုအကြိမ်သည် လူအများဆုံးဆန္ဒပြကြခြင်းဖြစ်ပါသည်။ တစ်ပြည်လုံးအခြားမြို့ကြီးများ တွင် လည်း အလားတူဆန္ဒပြကြပါသည်။

မြို့တော်ကြီးဆူပူနေရခြင်းမှာ သယံဇာတနည်းပါးခြင်းကြောင့် မဟုတ်ဘဲ၊ တိုင်းသူပြည်သားအများအပြား၏ အကျိုးကျေးဇူး ကို မဆောင်ရွက်တတ်သော အစိုးရ၏ သဘောကြောင့်ဟုသာ ယူဆရပါသည်။ တိုင်းပြည်ကို ၁၉၇၃ မှ ၁၉၉၀ အထိ အုပ်ချုပ်သွားကြသော စစ်တပ်အစိုးရက တိုင်းပြည်တွင် လွတ်လပ်သော ဈေးကွက်စီး ပွားရေးစနစ်အရ အပြိုင်အဆိုင်များ ထွက်ပေါ်လာစေရေး၊ ပြည်သူတို့၏ လူမှုရေးရာ ကိစ္စအများအပြားတွင် အစိုးရ၏ ပါဝင်မှုလျှော့ချ ရေးတို့ကို ရည်ရွယ်၍ တိုင်းပြည်၏ ဥပဒေနှင့်စီးပွားရေး ပေါ်လစီများကို ရေးသား ခဲ့ကြပါသည်။ ရည်ရွယ်ချက်မှာ တိုင်းပြည်၏ ခိုင်ခံ့သောစီးပွားရေးဆိုင်ရာ အဆောက်အဦးများပေါ်ထွက်စေရန် ဖြစ်ပါသည်။

စီးပွားရေးဆိုင်ရာထုတ်ကုန်များတိုးတက်လာခဲ့သော်လည်း အစိုးရကပြည်သူများအတွက်အသုံးပြုရန် ပျက်ကွက်  ခဲ့ပါသည်။ အိုအီးစီဒီ နိုင်ငံများတွင် ချီလီနိုင်ငံသည် ပြည်သူများအတွက်သုံးငွေမှာ အနည်းဆုံးဖြစ်ပါသည်။

ထို့ကြောင့် လွန်စွာသိသာသော အချက်တစ်ခုမှာ အစိုးရကပြည်သူများအတွက်အသုံးစားရိတ်ကို ပိုမို၍ များများ စားစားချပေးရန်လိုပါသည်။ သို့မှသာပြည်သူများ၏ လူမှုရေးအဆင့်အတန်းသည် မြင့်မားလာရမည် ဖြစ်ပါသည်။ ပြည်သူအများစုမှာ တိုင်းပြည်၏ဈေးကွက်စီးပွားရေးစနစ်၏ အကျိုးသက်ရောက်မှုများကို မခံစားရဘဲ ဈေးကွက်  အတက်အကျကိုလိုက်၍ ဆင်းရဲဒုက္ခများကိုသာ တွေ့ကြုံခံစားနေရပါသည်။ အခြေအနေမှာ အမေရိကန်နိုင်ငံ ကဲ့သို့ အခြားတိုးတက်ဖွံ့ဖြိုးဆဲ နိုင်ငံအများအပြားတွင် ကြုံတွေ့နေရသည့်အတိုင်း အခက်အခဲများအဖြစ်ဆုံး အတွေ့ကြုံရဆုံး အခြေအနေဖြစ်ပါသည်။

(၃)
ရက်ကြာလာသည်နှင့်အမျှ သမ္မတ၏လေသံမှာပြောင်းလဲလာပါသည်။ တိုင်းပြည်သို့ တောင်းပန်ပြီး ထုတ်ပြန် ထားသည့် ကာဖျူးအမိန့်ကိုရုတ်သိမ်းပေးသည်။ အင်္ဂါနေ့က သူလုပ်ရန် ရည်ရွယ်သည့် လုပ်ငန်းများကို ထုတ် ပြန်ကြေညာပါသည်။ ပင်စင်လစာများကို ၂၀ ရာခိုင်နှုန်းတိုးပေးမည်။ ဆေးများအတွက် ထောက်ပံ့ငွေကို ထား ပေးပြီး အနိမ့်ဆုံးလစာကို ဒေါ်လာ ၄၈၃ သတ်မှတ်ပေးရန်ကတိပြုသည်။ ရထားခ တိုးမြှင့်ကောက်ခံခြင်းကို ပယ်ဖျက်ပေးသည်။ လျှပ်စစ်ကို ၉.၂ ရာခိုင်နှုနးတေိုးကောက်ရန်ပြင်ဆင်ထားခြင်းကိုဖျက်သိမ်းမည်။ လခ ၁၁,၀၀၀ ထက်ပိုသူများကို ၄၀ ရာခိုင်နှုန်း အကောက်ခွန်ပေးရမည်။ ကက်ဘိနက် ဝန်ကြီးနှင့် လခများသူများကို လစာလျှော့ပေးမည်။ သူ၏ ကက်ဘိနက်တစ်ခုလုံးကို စနေနေ့ ကထုတ်ပယ်ခဲ့ပါသည်။ လူသစ်များဖြင့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်း များကို လုပ်မည်ဟုရည်ရွယ်ပါသည်။

ချီလီနိုင်ငံ၏ အချို့ကုန်သည်ကြီးများက ဤပုံစံဖြင့် သွားနေလျှင် တစ်နေ့တွင် အခက်အခဲကို ရင်ဆိုင်ရမည်ဟု သိကြပါသည်။ ကုန်သည်အချို့က ပို၍မြင့်မားသော အခွန်များကိုပေးဆောင်ရန် အသင့်ရှိကြသည်ဟု တွစ်တာ အကောင့်များမှာရေးနေကြပါသည်။ ချီလီအစိုးရ အနေဖြင့်လည်း ထိုသို့လုပ်ဆောင်ရန်အချိန်တန်နေပါပြီ။
တိုင်းပြည်တစ်ပြည် ၏ဝင်ငွေမှာ သယံဇာတရောင်းရငွေ၊ လူတို့၏ အကောက်အခွန်များ၊ ဆားဗစ်နှင့် ကုန်ထုတ် ပစ္စည်းများ အပေါ်မှအကောက်ခွန်ငွေတို့ဖြစ်ကြပါသည်။ ထိုရငွေများပေါ်တွင်မူတည်ပြီးမှ ပြည်သူတို့အတွက် လူမှုရေး ကိစ္စ အဖြာဖြာတို့ကို ဆောင်ရွက်ရပါသည်။ Infra Structure ခေါ်လူတို့၏အခြေခံ လိုအပ်ချက်များကို ဖြည်ူဆည်းပေးရပါသည်။ ဤနည်းဖြင့် လူမှုရေးအဆင့်အတန်းသည်လည်းမြင့်တက်လာရမည်ဖြစ်ပါသည်။

ဝင်ငွေကိုတညီတညွတ်တည်းဖြစ်အောင်ဆောင်ရွက်ရန်မှာအစိုးရတစ်ခု၏အခြေခံ လုပ်ငန်းများဖြစ်ရာဤတာဝန် ကိုကျေပြွန်အောင်ဆောင်ရွက်ပေးရပါသည်။

သို့မှသာ လူတိုင်းအလုပ်လုပ်ပြီးအခွန်ပေးသောတာဝန်ကျေဝန်ထမ်း ကောင်းများဖြစ်နိုင်ကြပါသည်။

ကိုသန်းလွင်
Ref: Chile and Economic Inequality, New York Times Editorial October 24 2019.