Breaking News

ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ ၄၅



ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ ၄၅

(မိုးမခ) ဇွန် ၅၊ ၂၀၂၀

ပြီးခဲ့တဲ့ ၈ရက်အတွင်းမှာ ကိုဗစ်ကြောင့် အသေအပျောက် လုံးဝ မရှိခဲ့တဲ့ အာဆီယံ ၅ နိုင်ငံ က ဗီယက်နမ်၊ မလေးရှား၊ကမ္ဘောဒီးယား၊လာအို နဲ့ မြန်မာ တို့ ဖြစ်ပါတယ်။ စင်္ကာပူ၊ ထိုင်းနဲ့ ဘရူနိုင်း တို့မှာတော့ တယောက်စီ ဖိတ်စင်ခဲ့တယ်။ အင်ဒိုနီးရှား မှာ ၂၈၀ ။ ဖိလစ်ပိုင် မှာ ၈၈ ယောက် အထိ ထပ်မံ ဖိတ်စင်ခဲ့ပါတယ်။အိမ်နီးခြင်း အိန္ဒိယ မှာ ၆၂,၂၃၅ ထပ်မံ ကူးစက်တာ ခံရ ပြီး ၁၆၄၈ ယောက် ထပ်မံ သေဆုံးတယ်။ ဘင်္ဂလားဒေ့ရှ် မှာ ၁၉၅၅၅ ထပ်မံ ကူးစက် ခံရပြီး ၂၄၅ ယောက် ထပ်မံ သေဆုံးပါတယ်။ အာဖဂန် နစ္စတန် နဲ့ ပါကစ္စတန် တို့မှာလဲ ကူးစက်မှု နှုန်းတွေ မြင့်လာနေတာ တွေ့ရ ပြီး အာဖဂန် နစ်စတန်မှာ ကူးစက် တာ ၁၇၂၆၇ ၊ ပါကစ္စတန် မှာ ကူးစက်တာ ၈၀၄၆၃ ဖြစ်ပါတယ် ။
ထိန်းချုပ်ထားနိုင်ပြီးသား- တောင်ကိုရီးယား မှာလဲ ပြီးခဲ့တဲ့ ၈ ရက်က ကူးစက်မှု အသစ် ၃၆၅ ယောက်တွေ့ရ တဲ့ အတွက် အထူး သတိထား ကြပ်မတ်ဆောင်ရွက် နေကြပါတယ်။

တရုတ်ကို အမေရိကန်တွေ နာကျည်း- ဒေါသထွက်စရာကောင်းလောက် အောင် ဖြစ်နေရတာက တရုတ်မှာ အသစ်ထပ်မံ ကူးစက်တာ ၂၉ ယောက် နဲ့ သေဆုံးတာ လုံးဝ မရှိဘူး ဆိုတဲ့ ဒီ ၈ ရက် တာ ကာလတခု ကို အေးအေးဆေးဆေး ဖြတ်ကျော်နေကြချိန် ။ အမေရိကန် မှာ အသစ် ကူးစက်တာ ၂သိန်းနီးပါး အထိ ၊ သေဆုံးနေကြတဲ့ နှုန်းကလဲ တရက် ကို လူ တစ်ထောင်ကျော်နဲ့ ဖရိုဖရဲ ဆက် ဖြစ်နေကြပုံ က အတော် အရုပ်ဆိုးပါတယ် ။ ။ဗရမ်းဗဒါနိုင်လွန်း - လစ်ဘရယ် ကျလွန်း ကြတဲ့ ဝါဒဖက် ကို အပြစ်ဖွဲ့ရ မလား ။ ခေါင်းဆောင်သမတ ရဲ့ ကိုဗစ်ကို အထင်သေးချဥ်းကပ်ဆောင်ရွက် ခဲ့ခြင်း ဗျူဟာ ခင်း အမှားကို ပဲ ပုံ ချရ မလား ။ သူ့ရဲ့ တိုင်းပြည်စီးပွါးရေး အပေါ် အလေးဂရုထား- အာရုံပြု ဆောင်ရွက်မှုကို အကြောင်းရှာ ကြ မလား။ ထရမ့် အဖို့ တော့ နိုင်ငံရေးအရ လဲ အကြီးအကျယ်အကွက်နိမ့်နေရှာတဲ့ ကာလကြီးပါ ။

နှိုင်းယှဥ်မှု အရ ကမ္ဘာမှာ လွတ်လပ်မှု စံနှုန်း အများဆုံး နဲ့ နေခွင့် ရလာကြပြီး - လော့ဒေါင်းပိတ်ဆို့ တာကိုလဲ ကြာကြာ မခံချင်ကြဘူး ဆိုတဲ့ လူထုကြီး မှာ အကြောင်းပြစရာ ကိစ္စတခု တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာ ခဲ့တယ်။ ဂျော့ဖလွိုက် ဆိုတဲ့ လူမဲတယောက် ဟာ မတရား ပြုမူတဲ့ ရဲလက်ချက်ကြောင့် သေဆုံးရပြီးတဲ့နောက် သူ နဲ့ ပတ်သက်ပြီး လူထုတွေ ဆန္ဒအပြလွန်ကြတာမို့ မြို့ ၄၀ လောက် ကို ကာဖျူး ထုတ်ထိန်းချုပ်ထားရတဲ့အထိ ဖြစ်နေတယ်။ အမေရိကန်မှာ
ပြီးခဲ့တဲ့ ၁၆ ရက် ကာလကို အပိုင်း ၂ပိုင်း ချ - နှိုင်းဆကြည့်လိုက်ရင် ၊
( မေ ၁၉-မေ ၂၆ ၊ ပထမ ၈ ရက်မှာ ) အသစ် ကူးစက်မှု ၁၇၉,၃၃၉။ သေဆုံး ၉,၄၇၅
( မေ၂၇-ဇွန်၃၊ ဒုတိယ ၈ရက် မှာ ) အသစ် ကူးစက်မှု ၁၈၀,၇၇၉ ။ သေဆုံး ၈,၇၁၀ ဆိုတော့ ဂရဖ် မျဥ်း ၂ခုလုံး အမြင့်မှာ ပြနေတယ်။ မျဥ်းကြောင်း ခေါင်းစိုက် ကျမလာသေးတဲ့ အခြေအနေ ။

အမေရိကန်ရဲ့ အင်အားကြီးမှု ၊ တိုးတက်ဖြစ်ထွန်းမှု ၊ ငွေကြေးတောင့်တင်းမှု စတဲ့ ..... ထိပ်တန်းကျမှုတိုင်းကို အမှီလိုက်နေတဲ့ ယနေ့ တရုတ်ပြည် ဟာ ကိုဗစ်ကိစ္စ ကြောင့် အမေရိကန်ဘက်က ဆက်ဆံရေးတွေ ပိုပိုပြီး တင်းမာကျဲတောက် ။ စွပ်စွဲ ပြောဆိုမှုတွေလဲ ပိုများလာနေ ပါတယ်။ အမေရိကန် နဲ့ တရုတ် တို့ စစ်အေးတိုက်ပွဲ ထဲကို ပိုနက်နက်ရှိုင်းရှိုင်း ဝင်လာနေတယ်လို့ တချို့ ဝေဖန်နေပါတယ်။

တကမ္ဘာလုံး စာရင်းမှာတော့ ကိုဗစ် ကူးစက်ခံရသူ ၆သန်းကျော်သွားပြီ ။ သေဆုံးသူလဲ ၃သိန်း၈သောင်း နီးပါး ဖြစ်သွားပြီမို့ မကြာခင် လူပေါင်း သန်း တဝက် ဖိတ်စင်မယ့် သဘော ကို တွက်လို့ ရပါတယ်။ ပြီးခဲ့တဲ့ ၈ ရက်အတွင်း တကမ္ဘာလုံး ကူးစက်နှုန်းမှာ ၄သောင်းလောက် ကျတယ်ဆိုပေမယ့် သေနှုန်းမကျပဲ ၅၄၆ ယောက် တောင် ပိုနေပါသေးတယ်။

( မေ၁၉-မေ၂၆ ) အတွင်း အသစ် ကူးစက်သူ ၇၈၄,၅၀၂ ။ထပ်မံ သေဆုံး ၃၁,၅၅၉ ကို
(မေ၂၇ - ဇွန်၃ ) အတွင်း ထပ်မံ ကူးစက်သူ ၇၄၄,၃၃၂။ ထပ်မံ သေဆုံး ၃၂,၁၀၅ နဲ့ နှိုင်းယှဥ်ကြည့်ကြပါ ။

ဥရောပ မှာတော့ နိုင်ငံတိုင်းလိုလို စီးပွါးရေးကို နောက်တန်းပို့လိုက်ပြီး ကိုဗစ်ကို တလေးတစား ဂရုဓမ္မ ထား ရင်ဆိုင်ကြတဲ့ အတွက် ( လော့ဒေါင်း မချတဲ့ ဆွီဒင် နိုင်ငံ ကလွဲ ရင် ) နိုင်ငံတိုင်း သေနှုန်း ကူးစက်နှုန်းတွေ ပြန်ကျလာနေကြတဲ့ အချိန်ပိုင်း ကို ရောက်လာပါတယ် ။

ဆွီဒင်က ကိုဗစ်စစ်ပွဲ ဗျူဟာမှူး - ပြည်သူ့ကျန်းမာရေးအေဂျင်စီ၊ကပ်ရောဂါဗေဒပညာရှင်အဖွဲ့ခေါင်းဆောင်- အင်ဒါတက်နဲလ်'က သူတို့ စတော့ဟုမ်းမြို့တော်ကြီး ဟာဇွန်လလယ်လောက်ကျရင်ဖြင့် အုပ်စုလိုက် ရောဂါပြီးမှု ( Herd Imminity ) ရသွား မယ်လို့ခန့်မှန်းထားခဲ့သူပါ ။
ခုလက်တွေ့မှာ ဆွီဒင် ဗျူဟာ က အသေများကြောင်း မနေ့က ဝန်ခံပါတယ်။အစပထမပိုင်း သူတို့ဗျူဟာ က ဒိန်းမတ် နော်ဝေဖင်လန် ထက် အသေ နဲနဲ များ ပေမယ့် စီးပွါးရေး ကျုံ့ဝင်တာ သိတ် မဖြစ်ခဲ့ လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကြီးကတောင် အနာဂတ်မှာ ဆွီဒင် ဗျူဟာက နိုင်ငံတိုင်း ရေရှည် တောင့်ခံနိုင်မယ့် -စံနမူနာ ဗျူဟာ ဖြစ်မယ် လို့ထင်ထားခဲ့ပါတယ်။

အင်ဒါတဂ်နဲလ် အမြင် က အင်္ဂလန် ပြင်သစ် ဂျာမဏီ အီတလီ တို့ ရဲ့ လုံးဝ ပိတ်ဆို့တဲ့ ဗျူဟာ မျိုး တွေ ကတိုင်းပြည်အတွက် မကောင်းဘူး ၊ ရေရှည် မခံနိုင်ဘူး ။သူ့ဗျူဟာ ဖြစ်တဲ့ အစိုးရက အမိန့်ပေး လော့ဒေါင်းချတာမျိုး မလုပ်ဖူး ။ လူထုကသာ ကိုယ့်အသိစိတ်နဲ့ ကိုယ် ခပ်ခွါခွါနေပေး ကြ ။ ကျန်းမာရေး အသိ-သတိနဲ့ - နေထိုင်သွားလာ စားသောက် ကြ ။ ကျောင်းတွေ မပိတ်ဘူး။ စီးပွါးရေးလုပ်ငန်းတွေ မပိတ်ဘူး ။ စားသောက်ဆိုင်တွေ မပိတ်ဘူး ဆိုတဲ့ ဗျူဟာမျိုးက မှန်ကန် တယ် လို့ တွက်ခဲ့ ပါ တယ်။ ပထမပိုင်းမှာ ဆွီဒင် လူသေနှုန်းက အနီး အနားဖင်လန် ဒိန်းမတ်၊နော်ဝေတို့ထက် အတော်မြင့်ခဲ့ပေမယ် အင်္ဂလန် စပိန် အီတလီ ဘယ်လ်ဂျီယံ ပြင်သစ်တို့ထက် အသေနဲ တာမို့ ဟုတ်သလိုလိုပဲ ။ ဇွန်လ ၂ ရက်ရောက်လာတဲ့ အခါကျတော့ လူ အချိုးအစား တသန်း အပေါ် တွက်ကြည့်ကြတဲ့ အခါ ကမ္ဘာပေါ်မှာ သေနှုန်း အမြင့်ဆုံးတိုင်းပြည် ဆိုတာ သိရ ပါတယ် ။

ပြီးခဲ့တဲ့ တပတ်အတွင်း နေ့စဥ် လူတသန်းအပေါ် တွက်ချက်မှု မှာ ဆွီဒင် က သေနှုန်း နံပါတ်တစ် ။ အင်္ဂလန်က ဒုတိယ။ သူတို့ ၂ နိုင်ငံနောက် မှာ ရှိတဲ့ သေနှုန်းမြင့် နိုင်ငံများ ကတော့ ပီရူး ။ ဘရာဇီးလ်။ စပိန်။ အမေရိကန် ။ ကနေဒါ ။ မက္ကဆီကို ။ ချီလီ ။ အာမေးနီးယား တို့ အစဥ်အလိုက် အတိုင်း ရှိနေကြပါတယ်။
( Source from- European Centre for Disease Prevention and Control )

ဆွီဒင်က ၄၅၄၂ ယောက်သေပြီးချိန် သူနဲ့ အလားတူ နောဒစ် ၃ နိုင်ငံဖြစ်တဲ့ နော်ဝေ မှာ ( ၂၃၇ ) ။ ဒိန်းမတ် မှာ ( ၅၈၀) ။ ဖင်လန်မှာ ( ၃၂၀ ) သေဆုံးကြတာနဲ့ နှိုင်းယှဥ်ရင်း ဆွီဒင် ရဲ့ ဗျူဟာမှူးတက်နဲလ် က လုံးဝ ပိတ်ဆို့မှု နဲ့ လုံးဝ မပိတ်ဆို့တဲ့ ကြားမှာ တခြား နည်းလမ်းကောင်းတခု ရှိဦး မယ်လို့ ပြင်ဆင်ပြောဆိုလာတာ ဖြစ်ပါတယ်။ ဒါကတော့ အကန့်အသတ်နဲ့ ပိတ်ခြင်းဖွင့်ခြင်း ဖြစ်မယ် ထင်ပါ တယ်။

ပြီးခဲ့တဲ့ ၈ ရက် အတွင်း အကြီးအကျယ် ကူးစက်မှု များ ပြီး ကပ်ဆိုက် လာ နေတဲ့ တိုင်းပြည်တွေက ဘရာဇီးလ် - ကူးစက်မှု ၁၈၃၀၂၆ ။ ရုရှား -ကူးစက်မှု ၆၉၉၃၅ ။ သူတို့နောက်မှာ မက္ကဆီကို -ပီရူး တူရကီ -ချီလီတို့ လိုက်လာနေပါတယ်။

ခွန်ဆိုင်း ( ၄-၀၆-၂၀၂၀ )