Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၄ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၄ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၁

• နိုင်ငံတကာသံတမန်ရေးနဲ့ အဓိက၊ သာမည
ခုရက်ပိုင်းမှာ အာဆီယံရဲ့ ကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်မယ့်ခရီးစဥ်ကိစ္စ ရွှေ့ဆိုင်းလိုက်သလား၊ ဖျက်သိမ်းလိုက်သလား၊ အာဆီယံက မြန်မာ့အရေးမှာ ဘယ်လောက်အရေးပါသလဲ။ စစ်ကောင်စီတွေကို သံတမန်ရေးနဲ့ ဖိအားပေးနိုင်မလား၊ နိုင်ငံတကာက ထောက်ခံအားပေးထားတဲ့ အာဆီယံရဲ့ သဘောတူညီချက် မူ ၅ ချက်က အသက်ဝင်နိုင်ခြေ ရှိ /မရှိ၊ မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းရာမှာ အာဆီယံသည် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုထောက်ခံထားတဲ့ တခုထည်းသော သံတမန်ရေးအရ အဖွဲ့အစည်းဖြစ်နေတဲ့ အခြေအနေ စတာတွေက မြန်မာ့နွေဦးတော်လှန်ရေးမှာ ဘယ်လောက်ရာခိုင်နှုန်း အရေးကြီးသလဲ စတဲ့ မေးခွန်းတွေက စောစောပိုင်းကတည်းက ထွက်ပေါ်နေခဲ့တာ ဖြစ်ပြီး ခုချိန်ထိတော့ ကျေနပ်လောက်တဲ့အဖြေကို  ဘယ်သူမှ မပေးနိုင်သေးဘူးလို့ ထင်ပါတယ်။ 

စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း အန်အယ်လ်ဒီအစိုးရအနေနဲ့ ရှေ့ဆက်ဘယ်လို သွားကြမလဲဆိုတာ ဘယ်သူဦးဆောင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း သတ်သတ်မှတ်မှတ် မရှိသေးပဲ ထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှု စတာတွေကို စောင့်လင့်နေခဲ့ကြတဲ့ လက္ခဏာတွေ့ရပါတယ်။ ရက်အနည်းငယ်အကြာမှာ အကျယ်ချုပ်သဖွယ်ထိန်းသိမ်းထားတဲ့ စည်ပင်ရိပ်သာ ထဲမှာ CRPH ကို ဖွဲ့စည်းခဲ့ကြပြီးနောက် စည်ပင်ရိပ်သာကနေ ပြန်ဖို့နှင်လိုက်ကြတဲ့အချိန်မှာ လူစုခွဲပြီး တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေကို သွားရောက်ကာ CRPH အနေနဲ့ စတင်လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။ 
ဒီအဖြစ်အပျက်တွေကို အများသိရှိပြီးဖြစ်ပါတယ်။ ဒီနေရာမှာ ဆိုလိုချင်တာကတော့ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်၊ လွှတ်တော်ကိုယ်စားလှယ် အများစုပါဝင်ဦးဆောင်တဲ့ NUG အစိုးရ ထွက်ပေါ်လာပြီးနောက်မှာ နိုင်ငံတကာသံတမန်ရေးနဲ့ ပြည်တွင်းလက်နက်ကိုင် တိုက်ပွဲနှစ်ခုမှာ ဘယ်ဟာကအဓိကလည်း ဘယ်ဟာက သာမညလဲဆိုတာကို ဆုံးဖြတ်သတ်မှတ်ထားဖို့ လိုအပ်တဲ့အချက်ကို အလေးထားဆိုချင်တာဖြစ်ပါတယ်။ 

နိုင်ငံတကာ သံတမန်ရေးရာမှာ အသိအမှတ်ပြုမှုရဖို့ အောင်မြင်မှုရဖို့လည်း အရေးကြီးတာမှန်ပေမယ့် ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ နေ့စဥ်အခြေအနေတွေ အပေါ် မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်ဖို့လည်း အဓိက လုပ်ငန်းတာဝန်အနေနဲ့ ထားသင့်တယ်လို့မြင်မိပါတယ်။ နိုင်ငံတကာသံတမန်ရေး၊ အာဆီယံက ဖိအားပေးရေး၊ ကုလသမဂ္ဂက ဖိအားပေးဖို့၊ စီးပွားရေးအရ ပိတ်ဆို့ဖို့ စတဲ့ အရေးကိစ္စတွေလည်း အရေးပါပါတယ်။ သို့ပေမယ့် ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ အခြေအနေ၊ အားကောင်းအောင် ညှိနှိုင်းမှု၊ စုစည်းမှု၊ လူသားချင်းစာနာမှု အကူအညီ၊ တိုက်ပွဲမဖြစ်တဲ့ဒေသတွေရဲ့ စီးပွားရေးအခြေအနေ စတဲ့ကိစ္စရပ်တွေကို အဓိကတာဝန်တရပ်အနေနဲ့ အာရုံစိုက် လုပ်ဆောင်သင့်တယ်လို့မြင်ပါတယ်။ 

ဒေသအလိုက် PDF တပ်ဖွဲ့တွေ၊ နေ့စဥ်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေ၊ ဖောက်ခွဲမှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ ဖမ်းဆီးခံရမှုတွေ ဥပဒေမဲ့ညှင်းဆဲ သတ်ဖြတ်ခံရမှုတွေနဲ့ပတ်သက်လို့ NUG အနေနဲ့ ဘာတွေ ဗျူဟာချမှတ်ထားလဲ ဘာတွေ သဘောထားပေးနိုင်လဲ၊ ဘာတွေဆောင်ရွက်နိုင်လဲ ဆောင်ရွက်နေလဲစတာတွေက လူအများသိချင်ကြတဲ့ မေးခွန်းတွေ ဖြစ်နေမယ်လို့ ထင်ပါတယ်။ 

ဒီလို အရေးကိစ္စတွေက နိုင်ငံတကာမှာ ရုံးခွဲဖွင့်လှစ်ရေး၊ ကုလသမဂ္ဂမှာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေးထက်မလျော့ပဲ ပိုလိုတောင် အရေးကြီးတယ်လို့ဆိုချင်တာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar