Breaking News

မောင်စွမ်းရည် - သော်တာဆွေ ရာပြည့်



မောင်စွမ်းရည် - သော်တာဆွေ ရာပြည့်

(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၉

ပြည်ပကနေပြီး ကျွန်တော် သိသမျှ ပြောရရင် ၂၀၁၉ ခုနှစ်အတွင်း ရာပြည့်ပွဲ ဆင်နွှဲကြတဲ့ မြန်မာလူမျိုး နိုင်ငံကျော်ပုဂ္ဂိုလ်ကြီး သုံးဦး ရှိပါတယ်။ ကဗျာဆရာကြီး ဒဂုန်တာရာ၊ ၂၀၁၉ မေ ၁၀ မှာပါ။ စာရေးဆရာကြီး သော်တာဆွေ၊ ၂၀၁၉ မေ ၂၆။ ဗိုလ်ချုပ်ကျော်ဇော၊ ၂၀၁၉ ဒီဇင်ဘာ ၁၃ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ် သုံးဦးထဲမှာ ကဗျာဆရာကြီး ဒဂုန်တာရာနဲ့ ကျွန်တော် အရင်းနှီးဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ပမှာ ဒီနှစ်အတွင်း ရာပြည့်ပွဲ စီစဉ်တဲ့ ဗိုလ်ချုပ်ကျော်ဇော ရာပြည့်ပွဲ စီစဉ်သူများနဲ့ပဲ ကျွန်တော် အဆက်အသွယ်ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကျော်ဇောရဲ့သမီး ဒေါက်တာလှကျော်ဇောက ဗိုလ်ချုပ်ကျော်ဇောရဲ့ စာအုပ်တွေ ထုတ်ဝေတိုင်း ကျွန်တော်နဲ့ ဆက်သွယ်ပေးပို့လို့ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကျော်ဇောက သူ့အတ္ထုပ္ပတ္တိ ရေးရာမှာ ဆရာသော်တာဆွေအကြောင်း ထည့်သွင်းရေးသားပါ တယ်။ ဆရာသော်တာဆွေက သူ စာတွေ ရေးကောင်းနေချိန်က စစ်အစိုးရခေတ် ဖြစ်နေတော့ ဗိုလ်ချုပ်ကျော်ဇော နာမည်ကို ထည့်ရေးခွင့်မရှိခဲ့ပါ။ ဗိုလ်ချုပ်ကျော်ဇောကတော့ ဆရာသော်တာဆွေနဲ့ သူဟာ သူတို့ အသက်နှစ်ဆယ်လောက်က ကြည့်မြင်တိုင် ဆရာအတတ်သင်ကျောင်းမှာ အမှတ်တရ နေခဲ့ကြောင်း ရေးပါတယ်။ နှစ်ယောက်စလုံး ဆရာအတတ်သင်ကျောင်းက ဆရာဖြစ်လက်မှတ် ရခဲ့ကြပေမယ့် သူတို့ကံကြမ္မာက စာသင်ခွင့် မပေးခဲ့ပါ။ တစ်ယောက်က စစ်တိုက်ရသူ၊ သေနတ်ကိုင်ရ သူ။ တစ်ယောက်က စာရေးသူ၊ ကလောင်ကိုင်ရသူ။

အဲဒီကာလက ဗိုလ်အောင်ကျော် ကျဆုံးတဲ့နှစ် ဆိုတော့ ၁၃၀၀ ပြည့် အရေးတော်ပုံနှစ်ပေါ့။ ၁၉၃၈ ခုနှစ်ပါ။ အဲဒီနှစ်မှာ ဗိုလ်ချုပ်ကျော်ဇောက ၁၉ နှစ်ပဲ ရှိပါသေးတယ်။ သူက နိုင်ငံရေး စိတ်ထက်သန်ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့၊ အာဇာနည်အဖြစ် ကျဆုံးသူ သခင်မြတို့ ဦးဆောင်တဲ့ တို့ဗမာ အစည်းအရုံးဝင် သခင် ဖြစ်နေပါပြီ။ ‘သခင်ရွှေ’တဲ့။ သခင်ရွှေက ကိုကြင်မောင်(သော်တာဆွေ ဖြစ်လာသူ)ကို “သခင်ထဲ ဝင်ဖို့၊ နိုင်ငံရေးထဲ ဝင်ဖို့ စည်းရုံးခဲ့ပေမယ့် မရဘူး။ နောက်တခု ဗိုလ်ချုပ်ကျော်ဇောရဲ့ မှတ်ချက်က “သော်တာဆွေဟာ ရုပ်ချောသူ၊ မြာစွံသူ”တဲ့။

‘ဆရာသော်တာဆွေ ရာပြည့်အမှတ်တရ’ အမည်နဲ့ ၁၉၁၉ မတ်လထဲမှာ စာအုပ်တအုပ် ထွက်လာခဲ့ပါ တယ်။ စီစဉ်သူက သုဝဏ္ဏကျော်စိန်တဲ့။ သုဝဏ္ဏ‌ကျော်စိန်ဟာ ဆရာသော်တာဆွေ ၁၉၆၂ က တည်းဖြတ် ထုတ်ဝေခဲ့တဲ့ ‘အဟိ’ဟာသစာစောင် မွေးထုတ်ခဲ့သူ ကလောင်ရှင်တဦးဖြစ်ပြီး အခု သု စုဆောင်း ထုတ်ဝေရာမှာ ပါဝင်သူ အများစုကလည်း အဟိစာစောင် ဝိုင်းတော်သားတွေ များပါတယ်။ ပါဝင်တဲ့ ကလောင်ရှင်ပေါင်းကတော့ ၃၀ ကျော်ပါတယ်။ ၃၂ ယောက်ပါ။ စာမျက်နှာ ၁၇၀ ကျော်ပါ။ ဆရာသော်တာဆွေနဲ့ ခေတ်ပြိုင်လို့ ဆိုနိုင်သူ လူကြီးတွေထဲမှာတော့ ဆရာသာဂဒိုး၊ ကာတွန်းဖေသိန်း၊ ကာတွန်းအောင်ရှိန်၊ ဆင်ဖြူကျွန်းအောင်သိန်း စသဖြင့် လေး ငါးယောက်လည်း ပါဝင်ပါတယ်။ အများအားဖြင့်တော့ ဆရာသော်တာဆွေနဲ့ ခေတ်ပြိုင်တွေမှာ အသက် ၁၀၀ တန်းတွေ ဖြစ်လို့ ကွယ်လွန် ကုန်ကြပါပြီ။ ကျွန်တော့်ကို ဆရာသော်တာဆွေ ရာပြည့်အမှတ်တရစာအုပ် ပေးလာသူကတော့ အဟိ ကလောင်ရှင်တွေထဲက ဇလွန်မောင်ပီတိ(အမည်ရင်း ဦးကံထွန်းတင်) ဖြစ်ပါတယ်။ သူကတော့ အမေရိကနဲ့ မြန်မာပြည်တို့မှာ တလှည့်စီ နေထိုင်သူ ဖြစ်ပါတယ်။ သူ ယူလာလို့ ကျွန်တော် ဖတ်ရတာပါ။ ကျေးဇူးတင်ပါတယ်။

အမှတ်ရ စာမူတွေထဲမှ မောင်စွမ်းရည်ရဲ့ စာတပုဒ်လည်း ပါရှိပါတယ်။ ကျွန်တော် မြန်မာပြည်ကို အလည်ပြန်စဉ်။ ၁၉၁၇ ခုနှစ်က ရေးခဲ့တဲ့ စာမူပါ။ သူဟာ ရယ်စရာသက်သက် ရေးတဲ့ ဟာသအပြောင် စာရေးဆရာမျှသာ မဟုတ်ဘဲ အဆင့်မြင့်တဲ့ ဘဝသရုပ်ဖော်စာပေများကိုလည်း ဖန်တီး ရေးသားသူ ဖြစ်ကြောင်း ရေးထားတာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ လူချင်း သိကျွမ်းရင်းနှီးလာတဲ့အခါမှာလည်း ဆရာ သော်တာဆွေကိုယ်တိုင်က ကျွန်တော်နဲ့အတူ ခရီးသွားချင်လို့ဆိုပြီး စာပေဟောပြောပွဲတွေကို အတူ သွားဖို့ စီစဉ်ပါတယ်။ ခရီးသွားရင်း မီးရထားပေါ်မှာ နှစ်ဦးတည်း ဆွေးနွေးကြတာတွေကလည်း အများအားဖြင့် ဘာသာရေး တရားများသာ ဖြစ်ကြောင်းကိုလည်း ကျွန်တော် ရေးသားခဲ့ပါတယ်။

ကျန်ပုဂ္ဂိုလ်တွေက ရန်ကုန်မှာ အတူနေထိုင်ရင်း စာနယ်ဇင်းတွေမှာ အတူရေးသားခဲ့ကြတဲ့ ရေးဖော် ရေးဖက်များနဲ့ ဆရာသော်တာဆွေရဲ့ လက်ရင်းတပည့်တွေ များကြပါတယ်။ သူတို့က အများအားဖြင့် ကျွန်တော့်ထက် ဆရာသော်တာဆွေနဲ့ ပိုမိုရင်းနှီးကျွမ်းဝင်သူတွေ ဖြစ်ကြတဲ့အတွက် ဆရာသော်တာဆွေ ရဲ့ ပုဂ္ဂိုလ်ရေးရာ၊ အလေ့အထုံ၊ အတွေ့အကြုံတွေကို ပိုမိုရေးသားနိုင်ကြပါတယ်။ ဆရာသော်တာဆွေ ဟာ သူနဲ့အတူ အရက်သောက်ရင် မူးပြီး ဂျီကျတတ်ကြောင်း၊ ရန်ဖြစ်တတ်ကြောင်း၊ မမူးရင် မိတ်ဆွေကောင်း၊ ဆရာကောင်းတယောက် ဖြစ်ပြီး ရိုးသားဖြောင့်မတ်သူ ဖြစ်ကြောင်း ရေးသားထားကြ ပါတယ်။

တခြား အဟိ တပည့်များ ရေးကြတဲ့စာတွေမှာ မပါဘဲ မောင်ပီတိရဲ့ ဆောင်းပါးမှာ ပါရှိလို့ ဆရာ သော်တာဆွေရဲ့ လူမှုရေးအမြင်အပြင် နိုင်ငံရေးအမြင်ကိုပါ သတိထားမိလာပါတယ်။ သူက စာပေ တပည့်တေွကို ဆုံးမဩဝါဒပေးရာမှာ “မင်းတို့လူငယ်တွေ နိုင်ငံရေးကို မျက်ခြည်မပြတ်စေနဲ့”တဲ့။ ဒါဟာ ဟာသစာရေးဆရာလို့ လူအများ သိထားတဲ့ စာရေးဆရာကြီးရဲ့ လူငယ်များအတွက် ဩဝါဒပါ။ အံ့ဩစရာ၊ ဝမ်းသာစရာပါ။ ဇလွန်မောင်ပီတိက ဆရာဆွေကို သွားရောက်တွေ့ဆုံတဲ့ ကာလက ၁၉၆၃ တဲ့။ စစ်တပ်က အာဏာသိမ်းပြီးနေပါပြီ။ ‘နိုင်ငံရေး’လို့ ပြောရင် စစ်အာဏာရှင်ခေတ်ကို သတိပြုဖို့ သတိပေးတာဖြစ်လို့ သူ့ခေတ် သူ့အခါအရ ဒီဩဝါဒဟာ အရေးကြီးတဲ့ ဩဝါဒပါပဲ။ ဆရာဆွေဆီက ကျွန်တော်တို့ မျှော်လင့်မထားတဲ့ ဩဝါဒလည်း ဖြစ်ပါတယ်။ ဇလွန်မောင်ပီတိက သူ ကြုံတွေ့ခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဗကသဥက္ကဋ္ဌ ဦးဇော်ဝင်းရဲ့ ဩဝါဒနဲ့ နှိုင်းယှဉ်ဆက်စပ် ရေးသားထားတာ ဖတ်ရပါတယ်။ တကယ် ပြန်စဉ်းစားကြည့်တော့ စစ်အစိုးရခေတ်မှာ နိုင်ငံကျော်စာရေးဆရာကြီးအချို့နဲ့ နိုင်ငံရေးသမားအချို့ဟာ ‘မြန်မာ့ဆိုရှယ်လစ်’လို့ ဗိုလ်နေဝင်းက ဟန်ပြကြွေးကြော်လိုက်တာနဲ့ မျက်စိလည်သွားကြတာ တွေ့ရပါတယ်။ တချို့ကလည်း သူတို့ကိုယ်တိုင် မူလကပဲ အခွင့်အရေးသမား၊ ကိုယ်ကျိုးရှာသမားတွေ ဖြစ်လို့ အခွင့်အရေးနောက် လိုက်ပြီး ပြည်သူတွေ ဘာဖြစ်နေသလဲ၊ ဘယ်လို ခံစားကြရမလဲ ဆိုတာ လှည့်မကြည့်မိကြတာ ဖြစ်ပါတယ်။

ဆရာသော်တာဆွေဟာ ဟာသစာ‌တွေ ရေးရင်းက ဩဇာကြီးလာတဲ့ စာရေးဆရာကြီး ဖြစ်ပါတယ်။ သောက်သောက်စားစား ပျော်ပျော်ပါးပါး နေတတ်ပေမယ့် အာဏာရှင်တွေ၊ မျက်နှာကြီးတွေ၊ ငွေရှင်ကြေးရှင်တွေကို ဘယ်တော့မှ ခယအောက်ကျို့တာ မလုပ်ခဲ့ကြောင်း အများ သိကြပါတယ်။ အစိုးရက နိုင်ငံခြားလေ့လာရေးခရီးသွားဖို့ ရွေးချယ်ခံရတာဟာ စာရေးဆရာတယောက်အဖို့ အခွင့်အရေးကြီးတခု၊ ဆုလာဘ်ကြီးတခုပါ။ ဒါပေမဲ့ ဆရာသော်တာဆွေကတော့ အူယားဖားယား မလုပ်ပါ။ အောက်ကျို့ခယတာ မဟုတ်ပါ။ ပေါင်းတည်သား ဖြစ်လို့ ပေါင်းတည်သား အာဏာရှင်ကို သွားတွေ့ပြီး အောက်ကျို့တာမျိုးလည်း လုပ်တယ်လို့ မကြားရဖူးပါ။ လူတယောက်ရဲ့ဘဝ ပြီးဆုံးသွားလို့ သူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်က ပြန်လည်သုံးသပ်ကြရာမှာ ‘ရိုးသားတယ်’၊ ‘မဖားတတ်ဘူး’ ဆိုတာ လူ့ဘဝအတွက် အလွန်ဂုဏ်ရှိတဲ့ စကားပါလို့ မှတ်ယူပါတယ်။

ဆရာသော်တာဆွေဟာ ဆရာဖြစ်သင်ကျောင်း တတ်ခဲ့သူ ဖြစ်လို့လား မသိ။ ဆရာ့မှာ တပည့်တွေ၊ တော်တော်များပါတယ်။ သူ့ရဲ့ စာပေတပည့်တွေနဲ့ ဆက်ဆံရေးမှာ ကျောင်းဆရာတဦးရဲ့ ဆရာ တပည့် ဆက်ဆံရေးနဲ့ တူညီတာကို တွေ့ရပါတယ်။ ခုစာအုပ်ကို စီစဉ်သူ သုဝဏ္ဏကျော်စိန်ဟာ ဆရာ သော်တာဆွေရဲ့ တပည့်တယောက်အနေနဲ့ ဆရာဆွေ မကွယ်လွန်ခင်ကတည်းက ဆရာကန်တော့ပွဲကို ဦးဆောင်စီစဉ်ခဲ့တဲ့အပြင် ဆရာ ကွယ်လွန်တော့လည်း ၁၉၉၅ ခုနှစ်ကစပြီး နှစ်စဉ်မပြတ် အမှတ်တရ ဂါရဝ ဒါနပွဲများ ဦးဆောင်စီစဉ်ခဲ့ကြောင်း သိရလို့ သာဓုခေါ်ရပါတယ်။ ပိုပြီးထူးခြားတာက ဆရာသော်တာဆွေ အထိမ်းအမှတ် စာကြည့်တိုက်တခုကိုလည်း တည်ထောင်နိုင်ခြင်းပါပဲ။ ဆရာပါရဂူ ကွယ်လွန်တော့ ပါရဂူ စာကြည့်တိုက်ရယ်လို့ ဆရာ့ကိုယ်ပိုင်စာအုပ်တွေနဲ့ မတည်ထူထောင်ခဲ့တာကို နမူနာယူစရာကောင်းပါတယ်။ ဆက်လက်ပြီး အရှည်သဖြင့် တည်တံ့အောင် စီစဉ်လုပ်ဆောင်နိုင်ကြ ပါစေလို့ ဆန္ဒပြုပါတယ်။

စာရေးဆရာ တော်တော်များများဟာ ကိုယ်ပိုင်စာကြည့်တိုက် ရှိကြပါတယ်။ ကြီးတာနဲ့ ငယ်တာ၊ များတာနဲ့ နည်းတာပဲ ကွာခြားပါတယ်။ ဆရာသော်တာဆွေဟာ စာဖတ်များသူ ဖြစ်ပါတယ်။ ဘာစာအုပ်တွေ စုဆောင်းထားတယ်၊ ဘာစာတွေကို ဘယ်လို၊ ဘယ်လောက် စုဆောင်းထားခဲ့တယ် ဆိုတာတော့ မသိရပါ။ ပုဂ္ဂလိကစာကြည့်တိုက်တွေထဲမှာတော့ မန္တလေးက လူထုကြီးပွားရေး စာအုပ်တိုက်ဟာ အကြီးဆုံး ဖြစ်မယ် ထင်ပါတယ်။ ဒေါက်တာသန်းထွန်း၊ လူထုစိန်ဝင်းနဲ့ မောင်စွမ်းရည်တို့ရဲ့ စာအုပ်များလည်း လူထုကြီးပွားရေး စာကြည့်တိုက်ကို ပေးလှူဖြည့်ဆည်းခဲ့ကြောင်း သိရပါတယ်။ ကိုယ်ပိုင်စာကြည့်တိုက် မထူထောင်နိုင်ရင် (စက္ကူဈေးနဲ့ ရောင်းဈေး မဆစ်ကြဘဲ) စာကြည့်တိုက်ကြီးတွေကို လှူကြတဲ့ အလေ့အထ ဖြစ်လာတာဟာ ဝမ်းသာစရာပါ။ မကြာခင်ကပဲ မောင်သာနိုးကလည်း သူ့စာအုပ်တွေကို တက္ကသိုလ်စာကြည့်တိုက်ကို လှူလိုက်ကြောင်း သတင်းတွေ့ရလို့ ဝမ်းသာရပါတယ်။ စာကြည့်တိုက်ကတခု ဖွင့်လိုက်ခြင်းသည် ထောင်တံခါးတခု ပိတ်လိုက်ခြင်းနဲ့ ညီတာပါပဲ။

သဗ္ဗဒါနံ၊ စာပေဒါနံ၊ ဇိနာတိ။

စာပေအလှူဟာ အမြတ်ဆုံးအလှူဒါန မဟုတ်လား။

ဆရာသော်တာဆွေ အမှတ်တရစာအုပ်။ ဆရာသော်တာဆွေ စာကြည့်တိုက် ထုတ်ဖော်လုပ်ဆောင်နိုင်မှု အတွက် သာဓုခေါ်လိုက်ရပါကြောင်း။

မောင်စွမ်းရည်
၂၀၁၉၊ အောက်တိုဘာ ၅။