Breaking News

ဧရာ(မန္တလေး) - ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၂)



ဧရာ(မန္တလေး) - ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၂)

ဗုဒ္ဓဝင်ကျမ်းစာများ

(မိုးမခ) မေ ၁၂၊ ၂၀၂၀

ဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်စဉ်ကို ရေးသားသည့် ကျမ်းစာများကို အကြမ်းအား နှစ်မျိုး ခွဲနိုင်ပါသည်။


ပထမ အမျိုးအစားမှာ ဗုဒ္ဓမြတ်စွာ၏ အကြောင်းကို အံ့ချီးဖွယ်ရာ တန်ခိုးပြဋိဟာများဖြင့် တခမ်းတနား ချီးမွမ်း၍ (hagiographical approach ဖြင့်) ရေးသားထားသည့် စာအုပ်မျိုး ဖြစ်သည်။ ထိုအမျိုးအစား စာအုပ်များက ဗုဒ္ဓဝင်ပါဠိတော်, မဓုရတ္ထဝိလာသိနီ ခေါ် ဗုဒ္ဓဝင်အဋ္ဌကထာနှင့် ဇာတကအဋ္ဌကထာ နိဒါန်းတို့ကို အဓိက မှီငြမ်းပြု၍ ရေးသားကြသည်။ မြန်မာပြည်တွင် ထင်ရှားခဲ့သည့် တထာဂတုပ္ပတ္တိ၊ မာလာလင်္ကာရ၊ ဇိနတ္ထပကာသနီ၊ တထာဂတဥဒါနဒီပနီနှင့် မင်းကွန်းဆရာတော်ဘုရား ရေးသားသည့် မဟာဗုဒ္ဓဝင်တို့သည် ဤအမျိုးအစားတွင် ပါဝင်ပါသည်။

ဒုတိယအမျိုးအစားမှာ အံ့ချီးဖွယ်ရာ တန်ခိုးပြဋိဟာများကို အလေး မပေးတော့ဘဲ၊ ဗုဒ္ဓမြတ်စွာအား သမိုင်းထဲမှ မဟာလူသား တစ်ဦးအဖြစ် (historical-realistic approach ဖြင့်) ပုံဖော်ရေးသားသည့် ကျမ်းစာမျိုး ဖြစ်သည်။ H.W. Schumann ရေးသားသည့် The Historical Buddha, ဦးအေးမောင်၏ “ပိဋကတ်မှ ဗုဒ္ဓနှင့် ဓမ္မ”, ရာဟုလာသံကိစ္စည်း ရေးသားပြီး ဆရာပါရဂူ မြန်မာပြန်ခဲ့သည့် “မဟာလူသားဗုဒ္ဓ” တို့က ဤအမျိုးအစားတွင် ပါဝင်သည်။

စင်စစ် ကျမ်းရင်း ပါဠိတော်များတွင် တွေ့ရသည့် ဗုဒ္ဓ၏ ဘဝ အစိတ်အပိုင်းများမှာ နတ်ဗြဟ္မာများ, တန်ခိုးပြဋိဟာများ ပါဝင်နေသည့်တိုင် သမိုင်းဝင် မဟာလူသားတဦး၏ ပုံရိပ်နှင့် ပို၍ နီးစပ်သည်။ ဘိက္ခုဉာဏမောဠိ၏ The Life of the Buddha – According to the Pali Canon သည် (ဗုဒ္ဓဝင်ပါဠိတော်မှအပ) ကျမ်းရင်း ပါဠိတော်များတွင် တွေ့ရသည့် ဗုဒ္ဓ၏ ဘဝ အစိတ်အပိုင်းများကို ထုတ်နှုတ်ဖော်ပြထားသည့် ကျမ်းစာ ဖြစ်သည်။

ဝဏ္ဏသီရိ ရေးသားသည့် “ညီတော်တော် အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း” စာအုပ်မှာ ပါဠိတော်အပြင် အဋ္ဌကထာ, ဋီကာများကိုပါ ကိုးကားထားသော်လည်း တန်ခိုးပြဋိဟာများ အတတ်နိုင်ဆုံးလျော့ချကာ မဟာလူသား တစ်ဦး၏ ပုံရိပ်ကို ဝတ္ထုဆန်ဆန် ရေးသားထားသည်။

Hagiographical approach ဖြင့် ရေးသည့် ဗုဒ္ဓဝင်ကျမ်းများတွင် အလောင်းတော်သည် သုမေဓာရှင် ရသေ့ဘဝဖြင့် ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်ရင်းတွင် ဗျာဒိတ်ခံယူကာ၊ ပါရမီတော် ဆယ်ပါး, အပြားသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါး၊ ဉာတ္ထစရိယ, လောကတ္ထစရိယ, ဗုဒ္ဓတ္ထစရိယ ဟူသည့် အကျင့်သုံးပါးတို့ကို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပတ်လုံး ကျင့်ကြံပြီးနောက်၊ တုသိတာနတ်ပြည်မှ မယ်တော်မာယာ၏ ဝမ်းတိုက်သို့ နောက်ဆုံးဘဝ အဖြစ် သက်ဝင်သည့် အကြောင်းအရာများမှ စ၍ ရေးလေ့ရှိကြသည်။

Historical approach ဖြင့် ရေးသည့် ကျမ်းစာ အများစုတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀-ကျော်ကာလ ယနေ့ခေတ် နီပေါလ်နိုင်ငံ လုမ္ဗိနီဥယျာဉ်တွင် သိဒ္ဓတ္ထမင်းသား မွေးဖွားလာခဲ့သည်မှ စ၍ ရေးလေ့ရှိကြသည်။

“#ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း” ဟူသည့် ခေါင်းစည်းအောက်တွင် ရေးသွားမည့် ဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်စဉ်နှင့် ဓမ္မအတွေးအမြင်စာစုကို “သမိုင်းဝင် မဟာလူသားဗုဒ္ဓ” ရှုထောင့်မှ ရေးသားရန် ရည်ရွယ်ထားသည်။ သို့သော်လည်း နောက်ဆုံးဘဝမှ မစဘဲ အလောင်းတော် သုမေဓာ ရှင်ရသေ့ ဗျာဒိတ်ခံယူကာ ပါရမီတော် ဆင်ခြင်သည့် အကြောင်းမှ စချင်ပါသည်။ ပါရမီတော်ခန်းသည် မဟာယာနနှင့် ထေရဝါဒ ဗုဒ္ဓဘာသာတို့၏ လမ်းခွဲ သို့မဟုတ် လမ်းဆုံ ဖြစ်နေသည်ဟု ယူဆမိသောကြောင့် ဖြစ်သည်။