Breaking News

ကျော်လွင်အောင် - ကော့သောင်း ၊ သုံးဆူနဲ့ ဟွေ့မလိုင်း နေ့ရက်များ (၇)



ကျော်လွင်အောင် - ကော့သောင်း ၊ သုံးဆူနဲ့ ဟွေ့မလိုင်း နေ့ရက်များ (၇)

(မိုးမခ) စကိတင်ဘာ ၆၊ ၂၀၂၀

(13) 8888 - ဟွေးမလိုင်းရွာ၊ မြှစ်စက်ရုံ၊ စံခလဘူရီမြို့

ရုတ်တရက် ရွာထဲဝင်လာတဲ့ ကျောင်းသားအုပ်စု နှစ်ရာနီးပါးကို ရွာထဲမှာ နေရာမရှိလို့ ချက်ချင်းပဲ မြှစ်စက်ရုံရှိတဲ့နေရာကို ရွှေ့ကြတဲ့အချိန် ကိုယ်တွေ အုပ်စုလေးကတော့ ရွာထဲက အိမ်တစ်အိမ်မှာ ကျန်ရစ်ခဲ့ပါတယ်။ မော်လမြိုင် သားတချို့တလေလည်း လိုက်သွားကြ၊ နောက်တစ်နေ့မှာ ကျန်ရစ်တဲ့လူ ငါးဆယ်ကျော်လောက် ရွာထဲက အိမ်တွေမှာ အဆင်ပြေသလို တည်းခိုနေကြ တာပါ။ အိမ်သားနည်းပါးတဲ့ အိမ်ရှင်တွေကတော့ လက်ခံကြတာများပါတယ်။

သူများအိမ်မှာ မနေချင်တဲ့ကိုယ်တို့အဖွဲ့ ရှစ်ယောက်သား နေစရာရှာတော့ ရွာ ရဲ့ အရှေ့ဘက်တောင်ကုန်းပေါ်က လယ်တဲလေးတစ်ခု သွားတွေ့တယ်၊ တောင်ကုန်း ဆင်ခြေလျှောလေးမှာ မြေစိုက်တဲလေး မီးဖိုခနောက် ဆိုင် မည်းတူးတူးလေးကလည်း ချက်ပြုတ်ဖို့အဆင်သင့်၊ ဝါးသဲ့ပေါက်ကြမ်းခင်း အဆင့်ကလည်း လူဆယ်ယောက်လောက် ချောင်ချောင်လေး အိပ်လို့ရ။ အိုကေ ဒါ ကိုယ်တို့ဘူမိနက်သန်ပဲ၊ ဟိုမှာသည်မှာ ဝါးတစ်ရုံ နှစ်ရုံနဲ့၊ အပေါ့ အလေးသွားဖို့ ချောက်ကမ်းပါးစွန်းမှာ အုတ်ခဲ နှစ်ခဲချထားလိုက်ရင် ပြီးပြီ၊ သန့်စင်ဖို့ ဒုတ်ခညောင်းကလည်း ပေါမှပေါ။ တောင်ကုန်းပေါ်က ပြေးဆင်း၊ ပြေးတက်အကွာအဝေးမှာ ရွာကလူ အားလုံး ဘုံသုံးလို့ရတဲ့ ရေတံလျှောက် က လည်း ဘုံဘိုင်ခေါင်းဖွင့်စရာမလိုလောက်အောင် အမြဲ 'တဗျောဗျော' စီးကျ နေသံကို တောင်ကုန်းပေါ်က ကိုယ်တို့ တဲကလေးကတောင် ကြားနေရ၊ အဆင် ပြေလိုက် တာ၊ ခုထိတောင် မျက်လုံးထဲ မြင်ယောင်နေဆဲ။ 

ဟုတ်တယ်လား ဟေ့ ... 'သားသား'ရေ၊ 'သန်းဗိုလ်" 'မင်းနောင်၊ ဝင်းဆန်းမှူး'တို့ရေ ... ။ ညဘက်ဆို ဖယောင်းတိုင်အလင်းရောင် လက်လက်နဲ့ တဲလေးကို အပေါ့အလေးသွားတဲ့နေရာက ကြည့်နေရင်းနဲ့ကို ချစ်ရာကောင်းနေတာ၊ ညအိပ်ရင် ဖြုတ်ကိုက်တာလောက်တော့ ကိုယ်တွေ က အပျော့၊ ကိုမန်းငြိမ်းမောင် ပေးလိုက်တဲ့ ခြုံစောင်ကို အားလုံးမဟုတ်တောင် မှီတဲ့သူ ဆွဲခြုံ၊ သူပေးလိုက်တဲ့ ခြင်ထောင်လေးထဲ ခေါင်းလေးပဲ ဝင်ရရင် ကျေနပ်နေကြတာကိုး။ 

အိမ်လေးကို ပြောင်းတဲ့နေ့ကစပြီး ချက်ပြုတ်စရာ ထမင်းအိုးတစ်လုံး၊ ဒယ်ပိုင်း တစ်ခု၊ ထမင်းစားပန်းကန် ဆယ်ချပ်၊ လာပြီးဝေတဲ့ ကိုယ်တို့ရဲ့ စပွန်ဆာ အဖွဲ့ ဆီက ရထားလို့။ 

ဪ ဒါနဲ့ပြောရဦးမယ်၊ မနက်မိုးစင်စင်လင်းလို့ ညကကျန်တဲ့ ထမင်းကြမ်း ကြော် စားပြီး ကိုးနာရီလောက်မှာ တောင်ကုန်းပေါ်ကနေ ကိုယ်တို့ထဲက သုံးလေး ယောက် ဆန်အိတ်တစ်လုံး၊ ထည့်စရာ ဇလုံပက်ပက်တစ်ခုကိုင်ပြီး ဆင်းပြေး ကြ ရွာလယ်လမ်း တစ်လျှောက် အိမ်တန်းလေးအဆုံး ဟိုဘက်(ထိုင်း)နိုင်ငံနဲ့ ခြားထားတဲ့ စမ်း ချောင်းလေးအနားမှာ သစ်ပင်တန်းက ကိုယ်တို့ ရွာမှာနေကြတဲ့ ကျောင်းသား/ သူ တွေအတွက် ဈေးတန်းလေးပေါ့၊ သစ်ပင်အောက်မှာ ဟိုင်းလက်ပစ်ကပ် တစ်စင်းရပ်ထားရင် ရပြီ၊ ဈေးဖွင့်ပြီမှတ်၊ ပထမဆုံး ကား ဆန်၊ ဆီ ပေးဝေတဲ့ နေရာ ရှိတာမှာ ရှစ်ယောက် တစ်ခါတစ်လေ ကိုယ်လူတွေ ခြေရှည်ပြီး မြှစ်စက် ရုံသွားနေရင် ခြောက်ယောက်လောက်ပဲရှိပေမယ့် ဆန်၊ ဆီဗူးဝေတဲ့နေရာမှာ စါရင်းကို နှုတ်နဲ့ပေးထားတာက ဆယ့်သုံးယောက်စာ။

ဆန် အိတ်ကလေးဖွင့်ပေးရုံ၊ တစ်‌ေယာက်ကို နို့ဆီဗူးနှစ်ဗူးကျ၊ ဆီဗူး ခွဲတမ်း၊ငါး၊ တစ်ခါတစ်လေ ငါးသေတ္တာ၊ ဆား၊ ငရုတ်သီး၊ ကြက်သွန် အကုန် "ဆယ့်သုံးယောက်စာဗျ" ဒါပဲပြောရုံ၊ ဘူးသီး၊ ခရမ်းသီး၊ ချဥ◌်ပေါင် ရွက်ဈေးတန်းလေး၊ ပိုက်ဆံပေး စရာမလို၊ ပေးစရာလည်း တကယ်ကို တပြားမဘတ်မှမရှိတာကိုး။ 

တစ်ပါတ်မှာ နှစ်ရက်လောက်တော့ ကြက် ရပါတယ်၊ နှစ်‌ယောက် တစ်ကောင် နှုန်း အဲဒီကြက်က သိပ်ထူးဆန်းတာ၊ အသားမပါ ကလီစာကင်းမဲ့ အရိုး စကယ်လီတန် chicken skeleton အကောင်မပျက် အရိုးချည်းကျန်အောင် လုပ်ထားတဲ့ ကြက်၊ အရိုးနုလေးတွေ ချည်းဗျ၊ အသား၊ကလီစာတွေ ဘယ်မှာ ပြုတ်ကျကျန်ခဲ့လဲမသိ၊ ကိုယ့်သက်တော်စောင့် ကုလား 'ကိုမောင်ငယ်'ကတော့ အဲဒီကြက်ကို နုတ်နုတ်စင်းလို့ ကြက်ခါးပတ် ဟင်းချက်စားလို့သိပ်ကောင်း၊ အသီးအရွက် အရည်သောက်ဟင်းကတော့ ကိုယ့်ရဲ့ လက်စွမ်းပြဟင်း ပေါ့။ ဒီလိုနဲ့ တစ်နေ့ပြီး တစ်နေ့ ဖြတ်သန်း ကုန်ဆုံးခဲ့ ။ 

အားရင် လမ်းလျှောက်မပျင်း ရင် လေးဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရင်ရောက်တဲ့ မြှစ်စက်ရုံဘက် သွားလည်ကြတယ်၊ 'ကိုပြောင်ကြီး'တို့ အဖွဲ့ဆီပေါ့။ အဲဒီမှာ ထားဝယ်သားတွေ အင်အားကလည်း မနည်းပေဘူး၊ ကိုယ်တို့ မော်ရွှေမြိုင်သားတွေက လူစွာတွေ၊ စတို စာရင်းကိုင်ရတာနဲ့၊ ဆန် ဆီဝေခြမ်းရေး၊ သူတို့ဘက်မှာတော့ ထမင်းစား ရုံနဲ့ပါ။ တစ်ဖွဲ့စီအလှည့်ကျ ချက်ကြပြုတ်ကြ၊ စားကြ၊ ထင်ပါရဲ့ ။အတိအကျ တော့ မမှတ်မိတော့။ အဖော်ကောင်းရင် ထိုင်းနိုင်ငံဘက်ကမ်း အနီးဆုံး မြို့ဖြစ် တဲ့ 'စံခလဘူရီ'ကို ကားကြုံလိုက်စီးရင်း လည်ပတ်ရောက်ခဲ့ပါရဲ့။ 

တစ်ပတ်ပြီးတစ်ပတ်၊ တစ်လပြီးတစ်လကြာလာတော့ ကျောင်းသားတွေ စိတ်တွေ ထွေပြား၊ 'ငါတို့ ဘာလာလုပ်ကြာတာလဲ၊ ဒီမှာ မသေရုံတမယ်၊ စား နေရရုံနဲ့ပဲ ပြီးကြတော့မှာလား? စိတ်ထဲမှာ ဆူးချောင်းလေးတွေ ခေါင်းထောင် လာကြတယ်။ တစ်နေ့မှာတော့ မြှစ်စက်ရုံဘက်ရောက်နေတဲ့ 'သန်းဗိုလ်' ထင်တယ် တောင်ကုန်းပေါ်ပြေးတက်လာတယ် . . . . ။

"ကိုလေးရေ လိုက်ခဲ့ပါဦး ဟို(မြှစ်စက်ရုံ)ဘက်မှာ ဒီနေ့ ဘန်ကောက်ကရောက် လာမယ့် လူကြီးတွေနဲ့ ကျောင်းသားတွေ တွေ့ဆုံပွဲလုပ်မလို့တဲ့။ ထားဝယ်သားတွေက အကြီးအကျယ်ပေါက်ကွဲကြလိမ့်မယ်၊ လာထိန်းပေး၊ ပြောပေးပါဦး" ဆိုတာနဲ့ ကိုယ်နဲ့ နောက်တစ်ယောက်လာခေါ်တဲ့ သူနဲ့ လိုက်သွားတယ် စိတ်စောနေလို့ ခဏပဲလျှောက်လိုက်ရတယ် မြှစ်စက်ရုံမှာ လူစုံနေကြပြီ၊ ကားသုံးလေးစင်းလည်း ရပ်ထား၊ 

"ဦးအောင်နု ခေါင်းဆောင်ဖွဲ့ထားတဲ့ ကျုပ်တို့ရဲ့ ဒီမိုကရက်တစ် ဆောလစ်ဒါးရတီး . . . . . အဖွဲ့က ခင်ဗျားတို့ ကျောင်းသားတွေစားဖို့၊ ကျန်းမာရေးအတွက် ဆေးဝါးကုသဖို့နဲ့ တပ်စခန်းဖွဲ့ လေ့ကျင့်ပေး . . . . . . ." 

"ဘာတွေလာပြောနေတာလဲဗျ၊ ခုရောက်နေတာပဲ နှစ်လပြည့်တော့မယ်၊ ဟိုးအရင်က ပြောနေကျဟာတွေပဲ လာလာပြောနေကြတာ၊ ကျုပ်တို့ကို မသေရုံတမယ် . . . " 

အဲဒီအချိန် ကိုယ် ရောက်သွားတော့ "ဟိုမှာ ဟွေးမလိုင်းက ခေါင်းဆောင်တစ်ယောက်လာပြီ သူ့လည်း ပေးပြောပါဦး" တစ်ယောက်က အစထောင်ပေးလိုက်တယ်၊ 

" နေကြပါဦး ကိုကျောင်းသားတို့၊ သည်းခံကြပါ၊ အချိန်တစ်ခုကို စောင့်ရမယ် ဆိုတာတော့ လက်ခံပါတယ်၊ ဒါပေမယ် ဒီလောက်ကြာဖို့တော့ မကောင်းဘူး ဆရာတို့ ကျနော်တို့ကို ပြတ်ပြတ်သားသားပြောပါ။ ဘယ်လပိုင်းလောက်မှာ ဘာတွေ လုပ်ပေးဖို့ရှိတယ်၊ ဘယ်ဦးတည်ချက်၊ ဘယ်သူတွေက ဘယ်အပိုင်း ကို တာဝန်ယူထားတယ်၊ အတိအကျ ကျနော်တို့ ကျောင်းသားတွေဘက်က သိချင်တယ်၊ ဒါကို ကြေညာပေးပါ၊ ကျနော်တို့ စားဖို့၊ အိပ်ဖို့၊ ဆေးကုဖို့ ဒီကို ထွက်လာကြတာမဟုတ်ဘူး ဆိုတာ အားလုံးအသိပါ" . . . .

သည်ကိစ္စက ဒီလိုလို ဟိုလိုလိုနဲ့ လွယ်လွယ်ကူကူ ကိုယ်တွေဖြစ်စေချင်သလို ဖြစ်လာမှာတော့ မဟုတ်ချေဘူးဆိုတာ သိလိုက်ရတာနဲ့ တစ်ခုခုတော့ ဆုံးဖြတ် ရတော့မယ်၊ ရွာထဲက ကျောင်းသားတစ်ချို့ကလည်း ဘုရားသုံးဆူဘက် ပြန် ပြောင်းတဲ့လူကပြောင်း၊ 'စန်ခလဘူရီ'မြို့ထဲ အလုပ်သွားရှာလုပ်တဲ့သူကလုပ် ဖြစ်ကုန်ကြပြီ။

တောင်ကုန်းပေါ်က တဲလေးမှာ ကိုယ်တို့ မော်လမြိုင်အဖွဲ့သားတွေ ဆုံကြ တိုင်ပင်ကြပြီး နောက်ဆုံး အားလုံးက
"ကဲ ကိုလေးနဲ့ မြှစ်စက်ရုံက နောက်တစ်ယောက်အတွက် ရန်ပုံငွေရှာကြမယ်၊ ခင်ဗျားတို့ ဘန်ကောက်တက်ပြီး မေးကြမြန်းကြပါဦးဗျာ၊ ပြတ်ပြတ်သားသား သိရအောင်" 

အုပ်စုထဲက အကောင်းအသန့်ဆုံး အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ်တွေရှာတဲ့လူရှာ ငွေ ရအောင် ရိက္ခာပိုတောင်းလို့ ရထားတဲ့ ဆန်၊ ဆီတွေ ထိုင်းနိုင်ငံဘက်ခြမ်း ရွာက ဆိုင်မှာ သွားသွင်းတဲ့သူက သွင်းရင်း၊ လော့ခေါင် နှစ်ပုလင်းပါလို့ ရှိတဲ့ လူ ရသလောက်ဝေပြီး သောက်ကြစားဖြစ်ကြသေး၊ အမြည်းကတော့ ခွေးသားခြောက်ကင် နဲ့လေ။ 

ပြောရဦးမယ်၊ ဖြစ်ချင်တော့ လွန်ခဲ့တဲ့ နှစ်ရက် လောက်က နေ့ဖို့ ညစာ ငါးသေတ္တာ ဟင်း ချက် ထားတဲ့ ဟင်းအိုးကို တဲမှာ ကပ် နေတဲ့ ရွာထဲက အမဲလိုက်ခွေးတစ်ကောင်က အိုးပါပြောင်အောင် စားပစ်လို့ စိတ်တိုနေတဲ့ 'ဝင်းဆန်းမှူး' က မပြောမဆို ဝါးဆစ်ပိုင်း တောင့်တောင့်နဲ့ ဗိုက်ပြည့်လို့ တဲအနားမှာ မှိန်းနေတဲ့ ခွေးကို ကစ်ထည့်လိုက်တာ ပွဲချင်းပြီး၊ သန်းဗိုလ်က ရွာထဲက မှော်ဘီသား 'ကိုပြုံးကို ပြေးခေါ် ၊ သူကလည်း ခါးကြားထဲက ထက်နေအောင် သွေးထားတဲ့ ဓားမြှောင်တိုလေးနဲ့ ခွေးသေ ကို လက်နှစ်ဘက်ပူးချည် ဝါးရုံကိုင်းမှာ တွဲလောင်းဆွဲလို့ ကလီစာ၊ အသား၊ အရိုးတစ်စီဖျက်၊ အသားတွေကို အခြောက်လှမ်းဖို့ ပြင်သင့်တာပြင်၊ အို အဲဒီနေ့ ကတော့ ခွေးသားဟင်းနဲ့ မြိန်မှမြိန်။ 

ညဦးပိုင်းမှာ ခွေးနံရိုးနှစ်ဘက်ကို ဝါးစိမ်းနဲ့ ညှပ်လို့ မီးကင်နေတုန်း ရွာထဲက "ဗျိုး" ဟစ်သံကြားရ "ဒီနေ့ ရှမ်းပြည်နယ်နေ့ မို့လို့ ရှမ်းကျောင်းသားကျောင်းသူများက ကောက်ညှင်းဒါနလုပ်ပါတယ်၊ ကြား ကြားသမျှ ကျောင်းသားများ ကြွကြပါဗျိုး" ဆိုပဲ၊ မကျက်တကျက် ခွေးနံရိုးကင် ဆွဲဖဲ့တဲ့ပြီး ကိုယ်တွေ ရွာထဲပြေးဆင်း၊ ကောက်ညှင်းအဆုပ်ကြီးကြီးနဲ့ ခွေးနံကင် လိုက်မှလိုက်ဗျာ၊ စားပြီးတော့ ထိုင်းဘက်ခြမ်းရွာမှာ ထိုင်းလူမှုဆက်ဆံရေးတပ် က လယ်ကွင်းထဲမှာ ပိတ်ကားထောင်ပြီး ပြမယ်တဲ့၊ ကိုယ်တို့တတွေလည်း ကြား ကြားချင်းဆိုသလို တန်းစီလို့ သွားလိုက်ကြတာ လမ်းတစ်လျှောက်ဗျာ ခွေးတွေ "အူး ဝါး ၊ ဝါး အူ ဝူ ဝူ" အူလိုက်ကြသကောဆို သူတို့ဇာတ်တူသား ကို စားထားတဲ့ သူတွေရဲ့ အနံ့ ခံမိထင်ပါရဲ့။ 

(14) 8888 ဟွေးမလိုင်းမှ ဘန်ကောက် ခရီး ထွက်ရပြန်ပြီ တစ်ခါ

ရှစ်လေးလုံး အရေးအခင်းမှာ အသံဝင်အောင် အော်ဟစ်ခဲ့ပြီး ဒီလို ရနောင်းက ဟပ်စွန်ဖန်ကမ့် လို စခန်းထဲ၊ အဲဒီကနေ ဘုရားသုံးဆူ၊ ဟွေးမလိုင်း၊ မြှစ်စက်ရုံတို့လို လူသူကင်းရာ တောထဲတောင်ထဲရောက်လာတော့ နေ့စဥ် စားလိုက် အိပ်လိုက်၊ ရည်ရွယ်တဲ့ အတိုင်း တစ်ခုခုလုပ်ချင်စိတ်တွေ ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတာကြာတော့လည်း ကျောင်းသားတွေရဲ့ စိတ် အလိုမကျမှု၊ မကျေနပ်မှု၊ တင်းကျပ်မှုတွေကနေ တစ်ခုခု အော်ဟစ်ပစ်လိုက်ရင် စိတ်ထဲ တင်းကျပ်တာများပေါ့သွားမလားပါ၊ ။ အဲဒီကိစ္စက 'ကိုပြောင်ကြီး' တို့ ရနောင်း ဟတ်စွန်ဖန်ကမ့် ကတည်းက ပေါ်လာခဲ့ကြတာ၊ ကိုသန်းထွန်းစိုး ဆိုတဲ့ သူက တီထွင်အစပြုတယ်လို့ သိရတယ်၊ ဒါက ပုံပြင်လေး တစ်ပုဒ်ကို အခြေခံပါတယ်။ 

‘တောကျောင်းတစ်ကျောင်းမှာ တရားဟောကောင်းတဲ့ ကိုယ်တော် တစ်ပါးရှိခဲ့ဖူးတယ်။ တစ်ပွဲပြီးတစ်ပွဲ တစ်နယ်ပြီးတစ်နယ် ဆက်ဟောနေရတာ ပရိသတ်ကလည်းများ၊ လာဘ်လာဘတွေတွေလည်းပေါ၊ အဲဒီ ကိုယ်တော်ကို အားကျနေ တဲ့ ရဟန်းတစ်ပါးက “ကိုယ်တော် တရားဟောတယ်ဆိုတာ ဘယ်လိုစီစဥ်ဟောကြားပါသလဲဘုရား” လို့ အမေး “အိုဗျာ ဟောမယ့်နေ့ ကိုယ်တွေ့ရာမြင်ရာ ကို မှတ်ထားပြီး ဟောထည့်လိုက်တာပါပဲ” လို့ ဖြေသတဲ့။ 

ဒါနဲ့ပဲ အဲဒီလို မေးတဲ့ ကိုယ်တော်ကို ညဦးပိုင်း တရားဟောပေးဖို့ ရွာ တစ်ရွာက လာပင့်တဲ့အခါ သည်ရဟန်းက “အင်း ငါဒီနေ့ တွေ့တာ မြင်တာကို မှတ်ထားမှပဲ”လို့တွေးပြီး နံနက်စောစော ကုဋီတက်တော့ တောကျောင်းမို့ လယ်ကွင်းအစပ်က သစ်ပင်အောက်မှာရှိတဲ့ ဝါးတိုင်ထူ၊ သက်ကယ်မိုး ကုဋီမှာ ကိစ္စရှင်းနေတုန်း ငှက်ကလေး တွေက စိုးစီ စိုးစီနဲ့ ဆူညံနေသတဲ့၊ အင်းမှတ်ထားဦးမှ၊ ဝါးတိုင်မှာလည်း ပုရွက်ဆိတ် တွေကလည်း တက်လိုက် ဆင်းလိုက်၊ အင်း ဟုတ်ပြီ။ နောက်ဘက် လယ်ကွင်းထဲက အသံကြားရ၊ ‘ဟေ့ ငသာလှ နွားတွေ့ပြီလား’ ‘တွေ့သေးဘူး အဘရေ’ ‘နင့်မေရိုးကွာ’ လို့ ဆဲလိုက်သံကို မှတ်ထားသတဲ့။ (အမှန် ကတော့ ပြစ်ပြစ်နစ်နစ် ဆဲလိုက်တာ ရေးမကောင်းလို့ပါ။) အဲဒီနေ့ ညဦးပိုင်းရောက်တော့ အခု တရားဟော ကိုယ်တော်အသစ်က ဟန်နဲ့ပန်နဲ့ ဒီလို စပြီးဟောသတဲ့ ...

“ငှက်ကလေးတွေကလည်း စိုးစီ စိုးစီ၊ ပုရွက်ကလေးတွေကလည်း တက်လိုက် ဆင်းလိုက်၊ ဟေ့ ငသာလှ နွားတွေ့ပြီလား၊ မတွေ့သေးဘူး အဘရေ၊ နင့်အမေရိုးကြလေကုန်သတည်း” လို့ ဟောချလိုက်ပါလေရော . . . တဲ့။ 

ဒါကို တစ်ဖန်ပြောင်းပြီး “ကျောင်းသားတွေကလည်း ကြွက်စီ၊ ကြွက်စီ၊ ခေါင်းဆောင်တွေလည်း (ဘန်ကောက်ကို) တက်လိုက် ဆင်းလိုက်၊ ‌ပြောင်ကြီး ရေ သေနတ်ရပြီလား၊ မရသေးဘူး ဟေ၊ နင့်မေရိုးကြလေကုန်သတည်း” လို့ ကျောင်းသားတွေက ပြင်ဆို အော်ဟစ်ကြပါတယ်။ နောက်ပိုင်းမှာတော့ အစ အဆုံး ဆိုကြတာတော့မဟုတ်။ အစပိုင်းကို တစ်ယောက်က တိုင်ပေးလိုက်ရင် အဆုံးကို ဝိုင်းအော်ကြတာပါ။

.....မြှစ်စက်ရုံမှာ တွေ့ဆုံပွဲပြီးလို့ ဟွေးမလိုင်းရွာ ပြန်ရောက်တဲ့အခါ ကျောင်းသားတွေ ဟိုတစ်စု ဒီတစ်စုနဲ့၊ ခဏနေတော့ ဘန်ကောက်ကနေ မြှစ်စက်ရုံကကျောင်းသားတွေကို လာတွေ့တဲ့ (ဦးအောင်နုရဲ့ ဒီမိုကရက်တစ် ‌ဆောလစ်ဒါးရတီး. . . . အဖွဲ့က ပုဂ္ဂိုလ် တစ်ဦး (မမှားဘူး ဆိုရင်တော့  ကျိုက္မရောဒေါက်တာ မြင့်ဆွေထင်ပါရဲ့) ရွာထဲကို ကားနဲ့ရောက်လာတယ်။

ကျောင်းသားတစ်ယောက်က စပြီး တိုင်ပေးလိုက်တယ်၊ “ကျောင်းသားတွေကလည်း ကြွက်စီ ကြွက်စီ” အဲဒီမှာ အနားမှာရှိတဲ့ ကျောင်းသားတိုင်းက “မင်းမေရိုးကြ လေကုန်သတည်း” အသံကုန်ဝိုင်းအော်လိုက်ကြတာ ဟိန်းထွက်နေရော။ အဲဒီပုဂ္ဂိုလ်ကတော့ ဘာမှမဖြစ် မခံစားရတဲ့ပုံစံနဲ့ ရွာထဲက သူတွေ့စရာရှိတဲ့ သူတွေနဲ့ တွေ့ပြီး ပြန်ထွက်သွားလေရဲ့။ ဒါက သတိရလို့ ကြားဖြတ်ရေးလိုက်တာပါ။

ကဲ ဆက်ပါဦးမယ် . . . . ကိုယ်တွေ အချင်းချင်း တိုင်ပင်ဆုံးဖြတ်ကြပြီး ကိုယ်နဲ့ မြှစ်စက်ရုံက တစ်ယောက်(နာမည်မမှတ်မိ) သူက အတော်နှံ့နှံ့စပ်စပ်ရှိပါတယ်။ မောင်မောင်ကျော်တို့ ဘန်ကောက်မှာ စခန်းချတဲ့နေရာကိုပဲ ဦးတည်သွား ရအောင်တဲ့။ ဘန်ကောက်တက်ရဦးမယ်ဆိုတော့ ဟိုအရင် မဲဆောက်ကနေ ဘန်ကောက်ကို အတက် အဖမ်းခံရတာ သတိရမိပေမယ့် ခုလည်း အဖမ်းခံရ လေမလား လို့ စိုးရိမ်ပူပန်မှုမတော့ မထားဖြစ်ခဲ့၊ အဖမ်းခံရလည်း တစ်လပေါ့လို့ တွေးထားလိုက်ပါတယ်။ 

အခု ဘန်ကောက်ခရီးအတွက် စုထား ရှာထားတဲ့ လမ်းစရိတ် ကလည်း စံခလဘူရီ- ဘန်ကောက် ခရီး တစ်ကြောင်းစာပဲရှိပါတယ်။ အပြန်ကိုတော့ အဆင်ပြေသလိုပေါ့လေ။ ဒါနဲ့ ကိုယ့်လူတွေကလွဲရင် ဘယ်သူမှ အသိမပေးဘဲ နေ့လည်စာ စားပြီး ရွာကနေ နှစ်ယောက်သားထွက်လာလိုက်တာ၊ နေပူကြီးထဲမှာ ကားလမ်းမအရောက် လမ်းလျှောက်၊ ကားလမ်းက အမိုးနဲ့ ဇရပ်လေးမှာ ကားစောင့်ပြီး စံခလ ဘူရီဘက်ထွက်ခဲ့ကြတယ်။ 

ကိုယ်နဲ့ အတူပါတဲ့သူကပဲ ဦးဆောင်ပြီး မြို့ကလေး ထဲက ကျောင်းသားတွေစုလေ့ရှိတဲ့ ရုံးခန်းလိုလို နေရာကို ခေါ်သွား၊ အဲဒီမှာပဲ ဖြစ်သလို တစ်ညအိပ်၊ နောက်နေ့ မနက်စောစော ဘန်ကောက်ကို ထွက်ခဲ့ကြတယ်၊ သာမန် အရပ်သုံး ဘတ်စ် ကားနဲ့ပါပဲ၊ အဲကွန်းမပါ ပြတင်းပေါက်ဖွင့်ပြီး ဘေးဘီ လွတ်လွတ်လပ်လပ်ကြည့်ခွင့်ရခဲ့။ မြို့ကအထွက် လယ်ကွင်းတွေ အဆုံး တောင်တန်းတွေ၊ ဘယ်ဘက် ကြည့်ကြည့် တောင်ကုန်း တောင်တန်း စိမ်းစိမ်းတွေမြင်နေရတာကိုက အရသာ၊ မျက်စိညောင်းလို့ အိပ်ငိုက်လိုက်၊ ပါလာတဲ့ ရေဘူး သောက်လိုက်နဲ့၊ ကားရပ်နားတဲ့နေရာတစ်ခုမှာ အပေါ့အပါး သွားဖို့ဆင်းလိုက်တော့ ‘အိုး မော့ကြည့်ရတာတောင် မဆုံးတော့ဘူး' ထင်ရတဲ့ ဆည်ကြီးတစ်ခုရဲ့ အုတ်ရိုးမြင့်မြင့်ကြီး၊ ကိုယ်တွေ့ဖူးခဲ့သမျှထဲ အမြင့်ဆုံး လို့ ထင်တာပဲ၊ နီးစပ်ရာ ဆိုင်တစ်ဆိုင်ထဲဝင် သန့်စင်ခန်းသွား၊ အအေးတစ်ဘူး ဝယ်သောက်ပြီး ဆိုင်ရှေ့ ခပ်လှမ်းလှမ်းက သစ်ပင်အောက်က နတ်ကွန်းလို့ ထင်ရတဲ့ အုတ်တံတိုင်း အနိမ့်ကာရံထားတဲ့နား သွားကြည့်မိတော့ ‘အလိုလေး ယောက်ကျား တန်ဆာကြီး တစ်ခု’ ခမ်းခမ်းနားနား မတ်မတ်ထောင်ထားတဲ့ပုံ အင်္ဂတေရုပ်တု တစ်ခု တအံ့တသြတွေ့ခဲ့ရ။ 

ကားဟွန်းသံကြားမှ ကားပေါ်ပြန်တက်၊ လမ်းတလျှောက် ကိုယ်ကတော့ လမ်းအမှတ် အသား၊ ဆိုင်းဘုတ်တွေ လိုက်ဖတ်ကြည့်၊ ထိုင်းလို ရေးထားတာတော့ မဖတ်တတ် ပေမယ့် အင်္ဂလိပ်လို ရေးထားတာတော့ ‘ကန်ချနဘူရီမြို့’ထဲ ဝင်လာပြီ၊ စာအုပ်ထဲဖတ်ဖူးတဲ့ ကွေးမြစ်ဖြတ် ကွန်ကရစ်တံတားကို ကျော်ခဲ့ပြီ။ အမှန်တော့ ကိုယ်တွေဖြတ်ခဲ့တဲ့ တံတားဟာ သမိုင်း ထဲက သေမင်းတမန်ရထားလမ်းပေါ်က တံတားတော့ မဟုတ်နိုင်မှန်း သိပေမယ်၊ စိမ်းပြာပြီး တညိမ့်ညိမ့်စီးနေတဲ့ မြစ်နေရပြင်က သန့်ရှင်းလှပလို့။ ညနေစောင်းမှာ ဘန်ကောက်မြို့ထဲဝင်လာခဲ့ကြပြီ။ 

ကိုယ့်အဖော်ကတော့ ဘန်ကောက်နဲ့ ရင်းနှီးနေပုံပါ။ ကားဂိတ်ထဲကထွက် ‘ဘတ်စ်ကားတစ်စင်းပေါ်တက်လို့ စီးလာလိုက်တာ ဘန်ကောက်မြို့ အစွန် ‘ဘန်ပူး’ က စစ်တပ် နလံထလူမမာအပန်းဖြေစခန်း ‘Bang Pu Recreation Center’ ဝင်ပေါက်ဝမှာ ကိုယ်တွေကို တားပြီး စစ်တော့ ကိုယ့်အဖော်က “နစူစာ ဝဏ္ဏ ဖမာ (ဗမာ ကျောင်းသားခေါင်းဆောင်)” လို့ပြောလိုက်တာနဲ့တင်ပဲ ဝင်ခွင့်ပေးပါတယ်။ ကျယ်ပြန့် သပ်ရပ်သန့်ရှင်းတဲ့ ပရဝုဏ်၊ သစ်ပင်အရိပ် အာဝါသ အောက်က အဆောက်အဦတွေနဲ့ တစ်ထပ် ဘားတိုက်တွေထဲက တစ်ခုထဲ ဝင်သွားလိုက်တော့ ဝင်ဝင်ချင်းခြင်လုံဇကာ တံခါးနဲ့ ဘားတိုက်ထဲ ဝင်တဲ့ တံခါးပေါက်ကြားမှာ အခန်းငယ်လေးတစ်ခုကို ပန်ကာလေ တဝူးဝူး ကြားထဲက ဖြတ်ဝင်ရပါတယ်။ ဘားတိုက်သစ်သားတံခါးကို ဖွင့်လိုက်တာနဲ့ ဗမာကျောင်းသားတွေ အုပ်စု ကိုယ့်အခန်းကိုယ် နားနေကြ၊ ဧည့်ခန်းထဲ တီဗီ ကြည့်သူ၊ ဂစ်တာတီးနေသူ၊ သူ့အုပ်စုနဲ့ သူ သာသာယာယာ ပျော်ပျော် ရွှင်ရွှင် ပါ။ “ဒါ မောင်မောင်ကျော်တို့ အုပ်စု စခန်းချတဲ့နေရာပဲ” တဲ့၊ 

ကိုယ်တို့နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး မကြာခင် ပထမဆုံးအသိအမှတ် ပြုတဲ့ ထိုင်းနိုင်ငံ က စစ်ခေါင်းဆောင် “ချာဗလစ်ယောင်ချိုင်ယု”ကို မောင်မောင်ကျော်တို့ အုပ်စု သွားပြီး ဆန္ဒပြကြတော့ “ချာဗလစ်”က ခေါ်တွေ့ပြီး ဘုရင့်ကိုယ်ရံတော်တပ် အီလဲဗင်း ဘက်တေးလီးယန်း တပ်ဖွဲ့ဝင်အဖြစ် ယာယီအသိအမှတ် ပြုကတ်တွေ ထုတ်ပေး၊ ဒီနေရာမှာ စခန်းချခွင့် တရားဝင်ပေးထားတဲ့ နေရာ ပါ။ ထိုင်း ထောက်လှမ်းရေးတပ် က ဗိုလ်မှူးတစ်ယောက်ကို ခန့်ထားပြီး ဗမာ ကျောင်းသားတွေအရေး ကိုင်တွယ်ဆောင်ရွက်ပေးစေပါတယ်။ နယ်စပ်တောထဲကနေ ခေါ်ယူတွေ့ ဆုံချင်သူတွေကို သွားခေါ်ပေးတယ်၊ ပြန်ချင်တဲ့ ကျောင်းသားခေါင်းဆောင်တွေကို နယ်စပ်ကို ပြန်ပို့ပေးရုံအပြင် ကားပေါ်က အဆင်းမှာ “ဘတ်ငွေ ငါးရာ” သုံးဖို့ ပေးခဲ့သေးတယ်လို့ အဆိုရှိပါတယ်။ 

အဲဒီမှာ တစ်ညအိပ်တော့ ညဦးပိုင်းမှာ ဟိုဒီလျှောက်ကြည့်မိမှ ဒီစခန်းဟာ ထိုင်းပင်လယ်ကွေ့ကို မျက်နှာပြုထားတာတွေ့ရ၊ လတ်ဆတ်သန့်ရှင်းတဲ့ ပင်လယ်လေက အတိုင်းအဆမရှိ တိုက်ခတ်နေ၊ ကမ်းစပ်က ဒီရေရောက်တော အောက်က ရေစပ်စပ်၊ အတွင်းဘက်က ရေအိုင်တစ်ချို့က ခြင်ပေါက်ဖွားဖို့ အကောင်းဆုံးပါ။ ဒါကြောင့်လည်း ဘားတိုက်တိုင်းမှာ ခြင်လုံဇကာ၊ အပြင်ကနေ အတွင်းဘက်ဝင်ရင် ခြင်မောင်းထုတ်တဲ့ အခန်းငယ်တစ်ခု သီးသန့်ထားတဲ့ စနစ်ကောင်းကောင်းနဲ့ တည်ဆောက်ထားတာ။ အံ့

ဩရတာက မော်လမြိုင်က ‘အီးတီ (ခ) ပါပ’ကို အဲဒီစခန်းမှာ ပြန်တွေ့ရတာပါပဲ။ ကိုယ့်လူက ‘ဟာ ကိုလေး’ဆိုပြီး နှုတ်ဆက် စကားစမြည်ပြောပြီး ပျောက်သွားပြန်ရော၊ ‘အဲဒါ သူ့ ကောင်မလေးနဲ့ သွားတွေ့တာ’ တဲ့ သိတဲ့လူက ဖောက်သည်ချပါတယ်။ ကိုယ့်နဲ့ပါလာတဲ့အဖော်က ရောက်နေကျ၊ သိနေကျလူတွေနဲ့ ပျော်နေချိန်မှာ ကိုယ်ကတော့ တောထဲတောင်ထဲက ကိုယ့်လူတွေကို ခြင်ကိုက်၊ ဖြုတ်ဆွဲ နဲ့ ဖြစ်သလို အိပ်နေ စားနေကြရတာ သတိရစိတ်မောနေမိတယ်။ 

“မနက် ဘရိတ်ဖတ်ကို အနောက်တိုင်းစတိုင် မက်စ်(စားသောက်ခန်း)မှာ ကော်ဖီ/လက်ဖက်ရည် ပေါင်မုန့် ထောပတ်ကိတ်မုန့်တွေ နဲ့ ကျကျနန သပ်သပ်ရပ်ရပ် သောက်ကြ စားကြ၊ ဘားတိုက်ပြန်လာပြီး၊ ဟေးလေးဝါးလေး၊ ပျော်ကြ၊ စကားတွေပြော ရယ်လိုက်ဟားလိုက်နဲ့ တီဗီ၊ ဗီဒီယိုအောက်စက်နဲ့ အက်ရှင်ကားတွေ ကြည့်၊ နေ့လည်စာ ကျွေးတဲ့အခါ အစားကောင်း၊ အသားကောင်း၊ အသီးအရွက်ကြော်၊ ထိုင်းဟင်းချို (မှတ်မှတ် ရရ ခရမ်းကြွပ်သီး တွေကို အုန်းနို့နဲ့ ခပ်ချိုအီအီ ချက်ထားပြီး အချဥ်စပ်ရည်ကောင်းကောင်းနဲ့ အသားပြုတ်၊ အသားကင်တွေကို ကျကျနန စားခဲ့ရ၊ ညစာမစားခင် ညနေပိုင်းမှာ လက်ဖက်ရည်နဲ့ မုန့် တစ်ကြိမ် ကျွေးသေးတယ် ပြောပေမယ့် သွားမစားဖြစ်ခဲ့။ ညစာကိုလည်း နေ့လည်စာနဲ့ မတူတဲ့ အသား၊ ငါးဟင်းတွေ နဲ့ ကျွေးမွေးဧည့်ခံပါတယ်။ ဒါ သူတို့’မောင်မောင်ကျော်’တို့ အဖွဲ့ရဲ့  နေ့စဥ် ဖြတ်သန်းမှုပါ။ ကိုယ်တွေ တောထဲကနဲ့တော့ ဘယ်တူပါ့မလဲလေ။

နောက်တစ်နေ့မှာ ဘန်ကောက်မြို့လယ်ခေါင်က ဆူကမ်ဗစ် လမ်းသွယ် ၂၀ Sukhumvit Soi 20 က ‘ဦးအောင်နု’တို့ အဖွဲ့ နေတဲ့ နေအိမ်ကို သွားတွေ့ကြဖို့ ပါ။ 

ဆက်ရန် . . . To be Continued . .
(15) 8888 ဒီမိုကရက်တစ် ဆော်လစ်ဒါးရတီး . . . . အဖွဲ့ခေါင်းဆောင် “ဦးအောင်နု” နှင့် တွေ့ဆုံ