Breaking News

ကျော်လွင်အောင် - ကော့သောင်း ၊ သုံးဆူနဲ့ ဟွေ့မလိုင်း နေ့ရက်များ (၈)



ကျော်လွင်အောင် - ကော့သောင်း ၊ သုံးဆူနဲ့ ဟွေ့မလိုင်း နေ့ရက်များ (၈)

(မိုးမခ) စကိတင်ဘာ ၂၃၊ ၂၀၂၀

(15) ဒီမိုကရက်တစ် ဆော်လစ်ဒါးရတီး အဖွဲ့ခေါင်းဆောင် “ဦးအောင်နု” နှင့် တွေ့ဆုံ

ဆူကမ်ဗစ် လမ်းသွယ် ၂၀ က အိမ်ခြံဝင်းတစ်ခု၊ နှစ်ထပ် အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းမကို အဝင်။

“ကျွန်တော်တို့ ဟွေးမလိုင်းကပါ၊ ကျောင်းသားတွေပါ ခင်ဗျ” ။ ရိုရိုသေသေခွင့်တောင်းပြီး လှမ်းဝင်လိုက်တော့ လူငယ် (အသက် ၃၀ နီးပါး) လူတစ်ယောက်က “ဝင်ပါ၊ ထိုင်ပါဗျ။” တဲ့ ...

“အေးဗျာ၊ ကျနော်တို့ဆီမှာ ကျောင်းသားတွေ ရွာထဲ၊ မြှစ်စက်ရုံထဲမှာ စားလိုက်၊ အိပ်လိုက်နဲ့ အချိန်တွေကုန်၊ ဘာကြောင့် ?၊ ဘာလုပ်ဖို့ ကျနော်တို့စောင့်နေကြတာလဲ?၊ ဘာဆက်လုပ်ကြမှာလဲလို့ အောက်ခြေက ကျောင်းသားတွေက မေးနေကြပါတယ်၊ အခု အကိုတို့ အဖွဲ့အနေနဲ့ ကျွန်တော်တို့ အဖွဲ့သားတွေ ဘယ်လို ဦးဆောင်ဖို့ ရည်ရွယ်ထားသလဲ သိချင်လို့၊ အထက်အဖွဲ့အစည်းရဲ့ ဦးဆောင်မှု အောက်မှာ . . . . . .”

“ဟေ့ . . . အောက်တွေ အထက်တွေ ဘာမှပြောမနေနဲ့  “ငါ ဦးနုရဲ့သား ‘အောင်နု’ကွ” ...

ဟုတ်ကဲ့ပါဗျား၊ ခုမှ မင်းသားက ထွက်လာ၊ 

“မင်းတို့တွေ စားဖို့ နေဖို့ . . . . . အလျဥ်မီအောင် လုပ်ပေးနေရာတာ၊ ဒီထက်ပို အဆင်ပြေရင် နောက် တစ်လ , , ,အင်း . . . . .နှစ်လ . . အတွင်း ... စစ်သင်တန်းတွေ ... ” 

သူ့စကားသံတွေအောက်မှာ စီးမျော နစ်မြုပ်ရင်းနဲ့ပဲ တစ်နာရီလောက်ကုန်ဆုံးလို့ အိမ်ဝင်းထဲက ထွက်လာတော့ ကိုယ်တို့ရင်ထဲ ဘာမှ မယ်မယ်ရရ မရှိခဲ့။ မထင်ခဲ့၊ မကျန်ရစ်ခဲ့။ သူတို့ကလည်း ဘာမှ တိတိကျကျ ဂတိကဝတ် မပြုခဲ့ကြ၊ ဘာကြောင့်လဲ ? ။ ဘောင်းဘီ အိတ်ထဲက သူတို့ ကမ်းပေး လိုက်တဲ့ မုန့်ဘိုး(ထောက်ပံ့ကြေး? လမ်းစရိတ်?) ငွေစလေးတွေ ပွတ်သပ်ထိတွေ့ရင်း ကိုယ့်ကိုယ်ကို သိမ်ငယ်နေခဲ့။

ကိုယ်နဲ့ အတူ ပါလာတဲ့ အဖော်က “ဦး….နဲ့ သွားတွေ့ရအောင်၊ သူကလည်း ကျောင်းသားတွေနဲ့ တွေ့ချင်တယ်လို့ ပြောတယ်” ဆိုလို့ ဘန်ကောက်ရဲ့ အထင်ကရ ဟိုတယ်တစ်ခုကို ရောက်သွားတယ်။ သူက UN ထိပေါက်ရောက်တယ် . . တဲ့။ ဟိုတယ် ရီဆက်ပ်ရှင်းကို တွေ့လိုကြောင်းပြောတော့ အလွယ်တကူ အခန်းဖုန်း ဆက်လို့ရပါတယ်။ 

“ညီလေးတို့  ... စက္ကန်းဖလော က ဒိုင်းနင်း ရွမ်းကိုသွား စားချင်တာမှာစားထားနှင့် ကိုယ်ဆင်းလာခဲ့မယ်” ဆိုလို့ အမေရိကန် ထမင်းကြော်မှာစားမိတယ်၊ ခဏလေးပါ တွေ့ချင် တဲ့သူ ဆင်းလာတယ်၊ စားရင်းသောက်ရင်း ပြောဖြစ်တာက ...

 “တို့ဆီမှာ ဖြစ်သွားတဲ့ ရှစ်လေးလုံးအရေးအခင်းဟာ ကမ္ဘာမှာ ဟော့ အဖြစ်ဆုံး အပ်ရိုက်စင်း Uprising တစ်ခုကွ၊ နိုင်ငံတကာ ကျောင်းသားသမဂ္ဂတွေက တို့တတွေကို ကူညီချင် စိတ်အများကြီးရှိတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်ကျောင်းသား သမဂ္ဂက အတက်ကြွဆုံးပေါ့” စားရင်းသောက်ရင်း သူက ပေါ့ပေါ့ပါးပါးပဲ တစ်ခွန်း တည်း ထပ်ပြောတယ် “အကောင်းဆုံး ဖစ်ဂါကတော့ မင်းတို့ပဲ၊ ကိုယ့်ညီတို့၊ နိုင်ငံတကာအကူအညီတွေဆက်တိုက်ရလာဖို့ မင်းတို့တတွေ အသုံးချခံတော့ မဖြစ်စေနဲ့၊ ဆိုလိုတာက “ဆန်တောင်းဖို့ စုထားတဲ့ မျောက်ကလေးတွေ မဖြစ်ကြပါစေနဲ့”

သူပေးလိုက်တဲ့ မုန့်ဖိုးလေးတွေ အိတ်ထဲထည့်လို့ ဟိုတယ်က ထွက်လာလိုက်တာ မအူမလည်နဲ့ လမ်းသိတဲ့လူတွေနောက် လျှောက်လိုက်ခဲ့တယ်။ လမ်းတွေလည်း မမှတ်မိ၊ လမ်းမကြီးကနေ လမ်းသွယ်တစ်ခုထဲ ချိုးဝင်လိုက်တော့ ထိုင်းဗိုလ်ချုပ်ဟောင်း တစ်ယောက် (ဗိုလ်ချုပ်ဆွန်ဆိုင်း)ရဲ့ အိမ်ခြံဝင်းထဲ ဝင်ခဲ့ကြတယ်။ ခြံကျယ်ဝန်းကျယ်မှာ ခမ်းခမ်းနားနား အိမ်ကြီးရဲ့ ဘေးဘက်က ဖြတ်သွားတော့ အိမ်အရှည်အတိုင်း လုပ်ထားတဲ့ရေကန်တစ်ခုကို ငုံ့ကြည့်မိ၊ ရေကန်ရဲ့ အိမ်ဘက်ခြမ်းဟာ မှန်ချပ်ကြီးဖြစ်ပြီး အထဲမှာ ငါးတွေ၊ ရေသတ္တဝါတွေ ကူးခပ်လို့။

ဆက်သွားလိုက်တော့ သစ်ရိပ်ဝါးရိပ်တွေညို့နေတဲ့ အနောက်ဖက် အိမ်တန်းလျားတွေဆီက ထွက်လာတဲ့ လူနှစ်ယောက် မြင်ဖူးပါတယ်ကြည့်မိတော့ မဲဆောက်က ဗိုလ်မှူးစိုးစိုးရဲ့ တပည့် ကိုယ်တို့ ကျေးဇူးရှင်ဖြစ်ခဲ့ဖူး တည်းခို စားသောက်ခဲ့ဖူးပြီး ထူးအိမ်သင်တို့နဲ့ ဆုံခဲ့၊ ကိုသက်လွင်(အန်ကယ်) စတည်းချတဲ့ မဲဆောက်က နာမည်ကျော် “ဗိုလ်ကျောက်ခဲ” ကိုးဗျ။

ဗိုလ်ကျောက်က (၈၃/မော်လမြိုင်ထောင်မှာ ကိုယ့်ကို ခေါ်လေ့ရှိတဲ့နာမည်) ...
 ‘ဟေ့ ကုလား ၊ မြင့်ကျော် ဖုန်းဆက်လာတယ် မင်းတို့ အမေ နေမကောင်းဘူးတဲ့၊ (ညီကို) နှစ်ယောက်လုံးမဟုတ်တောင် တစ်ယောက်ယောက်ပြန်လာပါ” လို့မှာတယ်။ ကိုယ့်စိတ်ထဲ ထင့်သွား တင်းသွား ပူလောင်သွားခဲ့။ 

“တကယ်ကြီးလား ? ? ? အတောင်ပံပါရင် အခုပဲ ပျဥ်းမနားကို ပျံ သွားလိုက်ချင်မိတယ်။

(စကားချပ်။ ဗိုလ်ကျောက်ခဲ - ကော်သူးလေလွတ်မြောက်နယ်မြေထုတ် “သနူးထူး” စာစောင် အယ်ဒီတာ၊ စာရေးသူ ၊ ကလောင် အမည် “ဖားလီးကလိုး (Par Lee Klo it means naughty boy.)” ကျောက်ခဲနီ(ခ) ဦးသာထွေး၊ (1997-2004 နိုင်/ကျဥ်းဟောင်း (မော်လမြိုင်ထောင်၊ အင်းစိန်ထောင်၊ သရက်ထောင်)၊ ကျောက်ခဲ (ခ) နေဝင်း (ဘ)စောဇံထွေး(ဘားအံထောင်) အသက် 63နှစ်- 15.8.2020 နေ့လည် 11:15 နောင်လုံ နေအိမ်၌ ကွယ်လွန်သွားပါကြောင်း ဝမ်းနည်းစွာ မှတ်တမ်းတင်ပါ၏။)

ဘန်ပူကို ပြန်ရောက်တဲ့ အဲဒီညနေကတော့ အမှန်တကယ် ခံစားခဲ့ရတာပါ။ အဖော်ကောင်းလို့ လမ်းလျှောက် ။လှပသပ်ရပ်တဲ့ ပန်းခြံကြီးတစ်ခု၊ ကမ်းစပ်ကနေ ရေထဲထိုးဆောက် ထားတဲ့ ကွန်ကရစ်တံတားရှည်ကြီးပေါ် ဖြတ်၊ အဆုံးမှာ စတုဂံပုံ ပတ်လည် ပလက်ဖောင်း ‌စားသောက်ဆိုင်တွေမှာ ထိုင် ကြည်‌့ငေးမောခဲ့၊ ပင်လယ်စာ တချို့ မှာစားကြည့်၊ အရသာရှိ။ တောထဲ တောင်ထဲမှာ ကြက်ရိုးကိုက်၊ ငါးသေတ္တာဘူးတွေနဲ့ ကိုယ်တို့လို ကျောင်းသားတွေမျက်နှာပြေးမြင်မိတယ်။ 

ကျောင်းသား ခေါင်းဆောင်လုပ်သူတွေ(အားလုံးကို မဆိုလိုပါ)က ဘန်ကောက်တက်၊ ဆရာကြီးတွေနဲ့တွေ့ မုန့်ဘိုးလေး(ထောက်ပံ့ကြေး)တွေ ပေးတာယူ၊ ပြောတာ နားထောင်ခဲ့ကြ၊ ဒါပဲလား ? 

မြို့ကြီးပြကြီး အဆက်အသွယ်ကောင်းကောင်းတွေနဲ့ မွေ့လျော် ပျော်မွေ့နေ ကြတာလား၊ ဒါပဲလား ?။ 

နယ်စပ်ရောက် ကျောင်းသားအရေး ပူပင်ပြင်းပြ၊ ဒီမိုတော်လှန်ရေး အတွက် တစိုက်မတ်မတ် အားသွန်ကြိုးပမ်းနေကြတဲ့ ခေါင်းဆောင်ကြီးတွေနဲ့ တွေ့ချင်မိပါဘိ။ သူတို့ ဘယ်ရောက်နေသလဲ ? ။ 

ကိုယ်တွေရဲ့ ဒီမိုကရေစီ တော်လှန်ရေးက အလှမ်းဝေး လွန်းနေပြီလား . . . . 

အိပ်လို့မရနဲ့ နာရီတွေနဲ့ နပမ်းလုံးရင်း စိတ်ထဲမှာတော့ ပျဥ်းမနားကို ခဏ ခဏ ပြန်ရောက်နေလေရဲ့။ 

(နောက်ပိုင်း စီအာဒီဘီ ဦးတင်မောင်ဝင်းရဲ့ စာတွေ ဖတ်ရတော့ အဲဒီအချိန်မှာ ကိုယ်တွေ မဲဆောက်ထောင် မကျခင် ပထမဆုံးဘန်ကောက်ရောက်ကတည်းက သူတို့ဆီမှာ တည်းခိုခဲ့ချိန်ကတည်းက သူတို့ မြန်မာကျောင်းသားတွေနဲ့အတူ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားနေပုံတွေ ဖတ်ရပါတယ်။)

နောက်တစ်နေ့ ခရီးကတော့ ‘ရမ်ကမ်ဟမ်း တက္ကသိုလ် Ramkhamhaeng University’ ပါ။ ကျောင်းဝင်းအနားရောက်ပြီလို့ ခံစားလိုက်မိချိန် မှာပဲ မုခ်ဦးရှေ့ကအဖြတ် ကျောင်းဝင်ပေါက်နဲ့ ထွက်ပေါက် နှစ်ခုကြား ကွက်လပ်မှာ စင်တစ်ခု ထိုးထားပါတယ်။ ခပ်နိမ့်နိမ့်ပါပဲ။ ဆောင်းဘောက်တွေ အသံစမ်းနေလေရဲ့။ ဒါဟာ ဒီမိုကရေစီကျောင်းသားတွေရဲ့ ဟစ်တိုင်လား ? ၊ ဖျော်ဖြေပွဲလား ? လွတ်လပ်ပေါ့ပါးနေတဲ့ ကျောင်းသူ ကျောင်းသားတွေ ဝင်ထွက်နေကြ။ ကျောင်းထဲက ခန့်ညားနေတဲ့ အ‌ဆောက်အဦကြီးတွေရဲ့ မြင်ကွင်းကွယ်ရာအပိုင်းမှာ သက်ကယ်မိုး၊ ဝါးကပ်ကာ (တချို့ သုံးထပ်သား) ထားတဲ့ တစ်ဖက်ရပ်အခန်းလေးတွေ၊ ပလပ်စတစ် စားပွဲနဲ့ကုလားထိုင်တချို့၊ ကျောင်းသားပါတီ ရုံးခန်းလေးတွေ ထင်ပါတယ်။ သူတို့ရဲ့ ကြွေးကြော်သံ၊ ခံယူချက်တွေ ကပ်ထား ပြထားကြ၊ (သင်္ဘော) ပဲ့ကိုင် ဘီးလုံးကြီးကို ဆွဲယူတွန်းရွှေ့နေပုံ အနက်နဲ့ အနီရောင် ပန်းချီကားက ကိုယ့်ကို အဆွဲဆောင်နိုင်ဆုံး။

 မစ္စတာ ကျရပ်၊ မစ္စတာ ပရပ် ဆိုတဲ့ အသင်းမှာ တက်ကြွတဲ့ ကျောင်းသားခေါင်းဆောင်တွေ နဲ့ မိတ်ဆက်သိကျွမ်းခဲ့ရတယ်။ အဏ္ဏဝါဇီဝဘာသာနဲ့ မာစတာတက်နေတဲ့ ပရပ်တို့က အင်မတန်ဖော်ရွေပါတယ်။ ကျောင်းထဲမှာ ရောက်သင့်တဲ့ အဆောက်အအုံတွေဆီ ခေါ်သွား လိုက်ပြကြတယ်၊ ကိုယ့်ကို အဆွဲဆောင်ဆုံးက စာကြည့်တိုက်ကြီးပါ။ မှန်ချပ်ကာထားတဲ့ လေးငါးထပ်လောက်ရှိမယ် ​ထင်ပါရဲ့၊ မြေညီထပ်ကနေ အပေါ်ဆုံးလွှာအထိ လှေကားနဲ့ လမ်း​လျှောက်တက်ကြည့်၊ အလွှာအထပ်တိုင်းမှာ ‌ပြောင်လက်တောက်ပသန့်ရှင်း၊ တိတ်ဆိတ်နေပေမယ့် ကျောင်းသား ကျောင်းသူတွေနဲ့ စည်ကားနေပုံပါ။ သူ့အာရုံနဲ့ သူတို့ ကြည့်နေတဲ့ စာအုပ်တွေထဲမှာ နစ်မျောနေကြ၊ မှတ်စု ထုတ်နေ၊ စာအုပ်စင်တွေကြားထဲမှာလည်း လူသွားလို့ရရုံ လမ်းဖယ်ပေးထားပြီး ကြမ်းပြင်ပေါ်ထိုင် စာမြည်းနေကြတဲ့ လူငယ်လေးတွေ အားကျလိုက်တာ၊ ကိုယ်တို့တွေ မော်လမြိုင်ကောလိပ်ကျောင်းဝင်းထဲက နှစ်ထပ် စာကြည့်တိုက်ထဲမှာ စာဖတ်ပျော်မွေ့ဖို့ထက် နှစ်ကိုယ်ကြား စကားပြောကောင်းရုံ ထိုင်ကြတဲ့ ဓလေ့လိုမျိုး ဒီမှာမဟုတ်၊ တကယ်အမှန်အကန်လေ့လာ မှတ်ယူနေကြတာ တွေ့ရ တော့ အားရလိုက်တာ။ 

ကိုယ့်တို့ဆီက ကျောင်းစာကြည့်တိုက်ကြီးမှာ တစ်ဒါဇင်မပြည့်တဲ့ စာအုပ်မှန်ဘီရိုတွေ၊ သော့ကြီးကြီး ခပ်ထား တဲ့ ဘီရိုလည်းရှိသဗျ၊ ဖွင့် ကြည့်ချင်တယ်လို့ ပြောတော့ စာကြည့်တိုက်မှူးနဲ့ ဝင်တွေ့ပါဆိုလို့ ဝင်တွေ့ တောင်းဆိုမှ ဖွင့်ပေးတာမျိုး၊ မကွာလားဟင်။ အဲဒီနေ့မှာတော့ ထိုင်းကျောင်းသားတွေနဲ့ ထမင်းစားလိုက်၊ လက်ဖက်ရည်သောက်လိုက်နဲ့ အချိန်ကုန် လို့ကုန်မှန်းမသိ။

 ကျောင်းဆင်းချိန်ရောက်တော့ သူတို့ အဆောင်ကို လိုက်လည်ဖို့ ဖိတ်တာနဲ့ နိုင်ငံနယ်နိမိတ်မရှိတဲ့ ကျောင်းသား အချင်းချင်းထားတဲ့ သူတို့ရဲ့စိတ်ဓာတ်ကို ခံစားရင်းနှီးမိခဲ့ပြီ။ သူတို့နဲ့ စကားပြောရင်း ညနေစာ လိုက်ကျွေးတော့ စျေးသက်သာ အရသာရှိတဲ့ ဆိုင်လေးတွေမှာ ထိုင်မိခဲ့ကြ၊ ကိုယ်တွေ အင်္ဂလိပ်စကား အပြောကောင်းတာကို သူတို့က အားကျ၊ သူတို့ နေထိုင် စားသောက်၊ စာသင်ရတဲ့ ဘဝတွေကို ကိုယ်တွေက ကျေနပ်အားရခဲ့ရတယ်။ 

ကြည့်လေ ကျောင်းနဲ့ မလှမ်းမကမ်း လမ်းကြား လမ်းသွယ်တွေထဲမှာ ကျောင်းသား အဆောင်တွေ တန်းစီလို့ ကျောင်းသားအဆောင်တစ်ခန်းမှာ ဝင်ဝင်ချင်း ဧည့်ခန်း ဆက်တီတစ်စုံ တီဗီ၊ ဗီဒီယိုအောက်စက် ပလေယာတစ်စုံနဲ့ အတွင်းမှာ အိပ်ခန်း၊ မီးဖိုထမင်းစားခန်းနဲ့ ရေချိုးခန်းအိမ်သာ တွဲလျက် ဇိမ်ကျချက်များ။ ကိုယ်တွေကျောင်းက မောရ၊ သံလွင်ဆောင်တွေနဲ့များ ကွာပါ့။ ထိုင်းကျောင်းသားတွေနဲ့ အထူးအထွေ စကား၊ ဆွေးနွေးတာတွေကို အခြားသူတွေ မကြားစေချင်လို့ အဆောက်အအုံ ခေါင်မိုးထပ် တက်ပြီး အဝတ်လှမ်းစင်တွေကြားထဲ တီးတိုး စကားတွေ ပြောဖြစ်ခဲ့၊ အဲဒီညကတော့ အဆောင်က ဧည့်ခန်းဆက်တီတွေပေါ်မှာပဲ နှစ်ခြိုက်အိပ်မောကျခဲ့ရတယ်။ မိုးလင်းတော့ လက်ဖက်ရည်ဆိုင်မှာ နှုတ်ဆက်စကားတွေပြောဆို ‘နောက်လည်း လာလည်နော့ အချိန်မရွေးပဲ အန်းနီးတိုင်း’ တဲ့ဗျာ၊ သူတို့ကို လက်ဆွဲနှုတ်ဆက်ခွဲခွာရင်း ရမ်ကမ်ဟမ်းကို ဂွတ်ဘိုင်လုပ်ခဲ့တယ်။

ဘန်ပူ​ပြန်ရောက်တော့ နေ့လည်စာ စားချိန်နဲ့ ကွက်တိ၊ ထမင်းစားဆောင်မှာ တို့ပြည်မှာ ငပိရည်နဲ့ တို့မြှုပ်စားလေ့ရှိတဲ့ ခရမ်းကြွပ်သီးကို ဝက်သားနဲ့ အုန်းနို့ဟင်းက အလည်တည်၊ အသားကြော်၊ ကိုက်လံရွက်ကြော်၊ ငရုပ်သီး ချဥ်စပ်ခွက် လေးတွေက တန်းစီလို့။ စိတ်ကူးထဲမှာတော့ တောပြန်ပြေးချင်လှပြီ။ အချိန်တွေကုန်လှပြီလို့ တွက်မိနေတယ်။ ဘားတိုက်ထဲ ဝင် ခဏအနားယူ ဧည့်ခန်းထွက်ထိုင်ကြည့်တော့ ဟိုတစ်စု ဒီတစ်စု စကားပြောနေကြ၊ ကိုယ့်ဘေးနားက အုပ်စုကတော့ ဟိုတစ်နေ့ ညနေမှာ ခွေးလေခွေးလွင့် သန့်ရှင်းရေးအဖွဲ့က ပိုက်ပြွန်ရှည်ရှည်နဲ့ ခွေးတွေကို မျိုးဆက်ဖြတ်ဆေး လိုက်ထိုးပေးနေတဲ့ အကြောင်း၊ ခွေးမလေးတွေကို သနားလို့ ဖွက်ထားပေးရသေးတဲ့ အကြောင်းတွေပြောနေကြ။ ညနေခင်း တီဗီကြည့်သူ၊ သတင်းနား ထောင်သူနဲ့ အပြင်ထွက် သစ်ပင်တွေအောက် ခုံတန်းတွေမှာ ဂီတာတီးကြပြန်၊ ပျော်စရာကြီး ဒီမို ပစ်ကနစ်ထွက်နေကြ ထင်ပါရဲ့။ ဒါကလည်း ကိုယ်တစ်ဦးတည်းရဲ့ ခပ်ရွဲ့ရွဲ့ အမြင်ထင်ပါရယ်ဗျာ၊ (ကိုယ့်ကိုဆဲမယ်ဆို ဆဲလို့ရပါတယ်) သူတို့မှာလဲ သူတို့ အလုပ်၊ သူတို့ တာဝန်ရှိ ပေမပေါ့။ 

တို့နိုင်ငံမှာ စစ်အာဏာသိမ်းပြီးပြီးချင်း ထိုင်းက ချာဗလစ်ယောင်ချိုင်ယုက ဗိုလ်စောမောင်နဲ့သွားတွေ့တာကို မောင်မောင်ကျော်တို့ အဖွဲ့က သူ့ရဲ့ အိမ်တော်ရှေ့ သွားပြီး ဆန္ဒပြရာကနေ ချာဗလစ်က ခေါ်ယူတွေ့ဆုံပြီး အမှတ် (၁၁) ဘက်တေးလီးယန်း တပ်ဖွဲ့ဝင်ကဒ်တွေ ထုတ်ပေး၊ ဒီဘန်ပူးမှာ နေစရာ၊ စားစရာပေးထား၊ ဗမာစကားမတတ်ချင်ယောင်ဆောင်နေတဲ့ ထိုင်းထောက်လှမ်းရေးဗိုလ်မှူးတစ်ယောက် ကို တာဝန်ခံခိုင်းထားတာဆိုပဲ။ 

မြွေပွေးကို ခါးပိုက်ပိုက်ထားတာလား၊ . . . . ဒီကျောင်းသားအဖွဲ့ လုပ်သမျှ တွေ့ဆုံသမျှ ချိတ်ဆက်သမျှ . . . .တွေကို သိအောင် အစောင့်ချထားတာလား မသဲကွဲ၊ အို . . . ဘာတွေဖြစ်ဖြစ် ကိုယ်တွေရဲ့ အမြင် ယူဆချက်က ဘာမှ မဟုတ်တာပဲ၊ အရေးမပါလှတာ။ ဒီဘားတိုက်ကို လာလည်တဲ့ ဧည့်သည် တစ်ယောက်လိုပဲ ခံစားမိပါတယ်။ အိမ်ရှင်ကို စော်ကားရာရောက်မိတဲ့အတွေးတွေကိုတော့ခွင့်လွှတ်ကြပါ။

နောက်ဆုံး ကိုယ်ကတော့ တောထဲပဲ ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပြီ။

(ဘန်ပူကို ရောက်နှင့်နေတဲ့ အီးတီ(ခ)ပါပ ပြောတာကတော့ ‘ကိုလေး’ ဘန်ပူကိုရောက်လာတာ ဘစောထွန်းနဲ့ အန့်တင်တို့က ခေါ်လာတယ်လို့ ပြောတယ်။ ဟုတ်မဟုတ် ဂျာမဏီက ကိုဘစောထွန်းရေ ပြောပါဦး၊ အန့်တင်ကတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆုံးသွားပြီ ပြောတယ်။ နောက်ပြီး အဲဒီတုန်းက ဘန်ကောက် အနှံ့လိုက်ပို့ခဲ့လို့ ကျေးဇူးအထူး တင်ပါတယ်ဗျာ။ ရောက်လာသူမှန်သမျှ မျက်နှာမငယ်ရအောင်၊ အထီးမကျန်ရအောင် နွေးထွေးကြိုဆိုနေရာချပေးကြတဲ့ ဘန်ပူး ဘားတိုက်က ကျောင်းသားတွေကိုလည်း ကျေးဇူးတင်ပါတယ်)

ဆက်ရန် . . . . To be continued . . .

(16) 8888 ဟွေးမလိုင်း တောတွင်းစခန်း၊ ဘုရားသုံးဆူနှင့် . . . . . . ?